အိန္ဒိယနိုင်ငံ၏ စီးပွားရေး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

သယံဇာတပစ္စည်းများ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံသည် သယံဇာတပစ္စည်းများဖြင့် ကြွယ်ဝ သောနိုင်ငံဖြစ်ပေသည်။ စက်မှုလုပ်ငန်းအတွက် အသုံးဝင်သော ကျောက်မီးသွေး၊ ရေနံ၊ သံစသည်တို့အနက် ကျောက်မီးသွေး အထွက်တွင် အိန္ဒိယသည် ကမ္ဘာ၌ သတ္တမလိုက်နိုင်သည်။ စက် မှုနိုင်ငံအဖြစ် ချီတက်နေသော အချိန်ကာလ၌ပင် နိုင်ငံတွင်းသုံး အတွက်ဖူလုံသည့်ပြင် နိုင်ငံခြားသို့ပင် တင်ပို့နိုင်ပေသေးသည်။ ဒက္ခိဏကုန်းပြင်မြင့် အလယ်ပိုင်းဘင်္ဂလား၊ ဗီဟာ၊ ဩရိဿ စသော အရှေ့မြောက်ဘက်ဒေသများ၌ အမြောက်အမြားထွက်ရှိ နိုင်သော ကျောက်မီးသွေးတွင်းများရှိသည်။ ကျောက်မီးသွေးအနု စားမျိုးကို မဒရပ်၊ ရာဇဌာန်၊ သောရဋ္ဌ၊ ကတ်ချ၊ ကသ္မီရ ပြည်နယ်တို့၌ တွေ့ရှိရသည်။

အာသံပြည်နယ်အရှေ့ပိုင်းမှ ရေနံကို ထုတ်ယူအသုံးပြု လျက်ရှိရာ၊ နိုင်ငံသုံးအတွက် မလုံလောက်ချေ။ သို့သော် ရေနံ အထွက်ကောင်းရန် အလားအလာရှိသောဒေသများမှာ အနောက် ဘင်္ဂလား ပြည်နယ်၊ ပန်ဂျပ်၊ ဟိမာချာဒေသ၊ ဂျမ္မူနှင့် ကသ္မီရ၊ ရာဇဌာန်၊ ကမ်ဗေ-ကတ်ချ၊ ဂင်္ဂါမြစ်ဝှမ်း၊ မဒရပ်ကမ်းရိုးတန်း၊ အန္ဓရကမ်းရိုးတန်း၊ ကဲရာလာကမ်းရိုးတန်း၊ ကပ္ပလီကျွန်းနှင့် နီကိုဗာကျွန်းတို့ဖြစ်ကြသည်။

အိန္ဒိယနိုင်ငံမှ သံအကောင်းစား အမြောက်အမြားထွက် ရာ ကမ္ဘာတွင် စတုတ္ထထလိုက်သည်။ ဗီဟာ၊ ဩရိဿ၊ မဇ္ဈ ဒေသ၊ မိုင်ဆို(ကာနတက)၊ မဟာရဋ္ဌပြည်နယ်တို့မှ သံအများ အပြားထွက်သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ၌ မန်ဂနိသတ္တု တတိယအထွက်ဆုံးဖြစ်သည်။ မဟာရဋ္ဌ၊ မဇ္ဈဒေသ၊ဗီဟာနှင့် ဩရိဿနယ်စပ်၊ မဟာရဋ္ဌ၊ မဇ္ဈဒေသနှင့် ရာဇဌာန်နယ်စပ်၊ အန္ဓရကမ်းရိုးတန်း အလယ်ပိုင်းနှင့် ကာနတကပြည်နယ်တို့မှ ထွက်သည်။ ကရိုမိုက်သတ္တုမျိုးတို့သည် ဗီဟာ၊ ဩရိဿနှင့် ကာနတကပြည်နယ် တို့မှထွက်သည်။

ကာနတကပြည်နယ် အရှေ့တောင်ပိုင်း ကိုလာခရိုင်မှ ရွှေနှင့်ငွေအများဆုံးထွက်သည်။ ထိုဒေသရှိ ရွှေတွင်းများ၏ အနက်သည် နှစ်မိုင်ခန့်ရှိသည်ဟုဆိုကြသည်။ စိန်၊ မြအစရှိ သော ကျောက်မျက်ရတနာများလည်းထွက်ရှိရာ၊ စိန်ထွက်သော ဒေသမှာ မဇ္ဈပြည်နယ်အတွင်းရှိ ပန္နားခရိုင်ဖြစ်သည်။ကမ္ဘာတွင် အိန္ဒိယနိုင်ငံမှ လချေးအများဆုံးထွက်သည်။ လချေးအများအပြားထွက်သော ဗီဟာ၊ ရာဇဌာန်နှင့် အန္ဓရ ပြည်နယ်တို့အနက် ကမ္ဘာ၌ အကောင်းဆုံးလချေးအမျိုးအစား သည် ဗီဟာပြည်နယ်မှ ထွက်သည်။ ဗီဟာပြည်နယ်၌ပင် မိုင် ၈ဝ ခန့်ရှည်လျားသော ကြေးနီကြောကြီးရှိ၍ ရာဇဌာန်၌တွေ့ရှိ ထားသော ကြေးနီကြောကြီးကိုမူ စူးစမ်းလေ့လာနေဆဲဖြစ်သည်။ ရာဇဌာန်၊ မဟာရဋ္ဌပြည်နယ်တို့၌ ဆား အိုင်များရှိ၍ ဟိမာချာ ဒေသတွင် ဆားတွင်းများရှိသည်။ ပင်လယ်ကမ်းရိုးတန်းဒေသ အများအပြား၌ ပင်လယ်ရေကို ဆားချက်သော လုပ်ငန်းများ အများအပြားလုပ်ကိုင်ကြသည်။

စိုက်ပျိုးရေးနှင့်သစ်တော[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံ၏လူဦးရေ ၇ဝ ခန့်သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသည်။ နိုင်ငံ၏ဝင်ငွေ ထက်ဝက်ခန့်သည် လည်း စိုက်ပျိုးရေးမှ ရရှိသည်။ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း အများစုကို နိုင်ငံခြားသို့ကုန်ကြမ်းအဖြစ်တင်ပို့သည်။ တစ်နိုင်ငံ လုံး၏ အကျယ်အဝန်းကို ဧကဖွဲ့လျှင် ဧကပေါင်း ၈၀.၆၃ ကုဋေ ဖြစ်သည့်အနက် ၁၉၇ဝ-၇၁ ခုနှစ်အတွင်း ထွန်ယက် စိုက်ပျိုးသောဧကပေါင်း ၄၁.၃ ကုဋေဖြစ်သည်။ ယင်းအနက် ရေသွင်းစိုက်ပျိုးရသော ဒေသမှာ ၂၂.၂ ရာခိုင်နှုန်းခန့်ရှိသည်။ ၁၉၇ဝ-၇၁ ခုနှစ်တွင် အဆုံးသတ်သော ၁ဝ နှစ်မျှ ကာလ အတွင်း ရေသွင်းစိုက်ပျိုးရသော ဧကပေါင်း ၂၁ သိန်းတိုးလာခဲ့ သည်။

ဆန်စပါးကို အနောက်မြောက်ဘက်ပိုင်းမှလွဲလျှင် စိုက် ပျိုး၍ဖြစ်နိုင်သမျှသော မြေနေရာများ၌ စိုက်ပျိုးကြရာ၊ ၁၉၇ဝ-၇၁ ခုနှစ်အတွင်း ခန့်မှန်းခြေဧကပေါင်း ကိုးကုဋေကျော်မျှ စိုက်ပျိုးကြသည်။ သို့သော် ဒက္ခိဏကုန်းပြင်မြင့်၌ စိုက်ပျိုးကြ သော ဂျိုဝါခေါ် ကောက်စပါးတစ်မျိုး၊ အနောက်မြောက်ပိုင်း၌ စိုက်ပျိုးသောဂျုံနှင့် တောင်ပိုင်းဒေသများနှင့် ခြောက်သွေ့သော အနောက်ပိုင်းဒေသများ၌ စိုက်ပျိုးကြသော ဗာဂျရာ ခေါ် ကောက်စပါးတစ်မျိုးတို့ကို စိုက်ပျိုးသည့် စုစုပေါင်းဧကသည် စပါးစိုက်ဧကပေါင်းထက် ပိုမိုများပြားသည်။ အခြားစားသုံးကုန် စိုက်ပျိုးရေးပစ္စည်းများအနက် လက် ဖက်ခြောက်သည် နိုင်ငံခြားငွေ အရအများဆုံး ဖြစ်သည်။ အာသံနှင့် ဘင်္ဂလားမြောက်ပိုင်းတို့၌ အများဆုံးစိုက်ပျိုးကြ၍ ကဲရာလာ၊ မဒရပ်နှင့် ကာနတကပြည်နယ်တို့၌လည်း ဖြစ်ထွန်း သည်။ ကာဖီကို တမီနာဒူ၊ ကာနတက၊ ကဲရာလာပြည်နယ် တို့၌ စိုက်ပျိုးလုပ်ကိုင်ကြသည်။ ပဲအမျိုးမျိုးကိုလည်း စိုက်ပျိုး လုပ်ကိုင်ကြ၍ ကြံကိုလည်းအမြောက်အမြား စိုက်ပျိုးကြရာ၊ အိန္ဒိယသည် သကြားအထွက်များသော နိုင်ငံတစ်နိုင်ငံဖြစ်ပေ သည်။ မြေပဲအထွက်များသော နိုင်ငံလည်းဖြစ်၍ မုယောစပါး၊ ပြောင်း၊ အာလူး၊ နှမ်းချပ်၊ မုံညင်းစေ့ စသည်တို့ကိုလည်း အများအပြားပင် စိုက်ပျိုးကြလေသည်။ ရေ၊ မြေအဆင်ပြေသော ဒေသများတွင် သစ်သီးဝလံအမျိုးပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်း ၍ သရက်သီးသည် အိန္ဒိယ၏ အထင်ရှားဆုံးသစ်သီးဖြစ်သည်။ယင်းကဲ့သို့ ကောက်စပါးအမျိုးမျိုး၊ ပဲ၊ ပြောင်းနှင့် အသီးအနှံမျိုးစုံစွာ စိုက်ပျိုးထွက်ရှိနိုင်သော နိုင်ငံကြီးဖြစ်လင့် ကစား လူဦးရေကလည်း များပြားလှသဖြင့် နိုင်ငံထွက်ရိက္ခာနှင့် မလုံလောက်နိုင်ဘဲ မကြာခဏ ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့ရပေသေးသည်။ စားကုန်မဟုတ်သော စိုက်ပျိုးရေးထွက်ကုန်များအနက် ဝါဂွမ်း၊ ဂုံလျှော်၊ ကြက်ပေါင်စေး (ရော်ဘာ)၊ ဆေးရွက်တို့ သည်အရေးပါသော ထွက်ကုန်များဖြစ်ကြသည်။ ဝါဂွမ်းကိုပြည် နယ်များစွာ၌ စိုက်ပျိုးကြသည့်အနက် ဥတ္တရဒေသနှင့် ဒက္ခိဏ ကုန်းပြင်မြင့်တို့မှ အကောင်းစားဝါဂွမ်းများထွက်သည်။ ဂုံလျှော် သည် ဘင်္ဂလားပြည်နယ်၌ အများဆုံးဖြစ်ထွန်း၍ ကမ္ဘာတွင် အိန္ဒိယသည် ဂုံလျှော်အများဆုံးထွက်သော နိုင်ငံတစ်ခုဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ သစ်တောဧရိယာသည် စတုရန်းမိုင် ၂.၈၇ သိန်းရှိရာ နိုင်ငံ၏အကျယ်အဝန်းနှင့် နှိုင်းစာသော် ၂၂.၇ ရာခိုင်နှုန်းခန့်သာရှိသည်။ သို့သော် အိန္ဒိယအစိုးရသည် သစ် တောများကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ နိုင်ငံ အကျယ်အဝန်း၏ ၃၃.၃ ရာခိုင်နှုန်းကို သစ်တောများဖြင့် ဖုံးလွှမ်းနိုင်အောင်လည်း စီမံကိန်းများချထား၍ ဆောင်ရွက် လျက်ရှိသည်။ ဟိမဝန္တာတောင်တန်း၏ ခြေရင်းတောင်ကုန်း ဒေသ၊ ဒက္ခိဏကုန်းပြင်မြင့်၏ မြောက်ဘက်အစွန်း တောင် ကုန်းဒေသ၊ အနောက်ဃတ်တောင်တန်းနှင့် ကပ္ပလီကျွန်းတို့ သည် သစ်တောထွက်ပစ္စည်း အမြောက်အမြားထုတ်လုပ်နိုင်သော သစ်တောများဖြင့် ဖုံးလွှမ်းရာဒေသများ ဖြစ်ကြလေသည်။

စက်မှုလက်မှုလုပ်ငန်းများ[ပြင်ဆင်ရန်]

စိုက်ပျိုးရေးသည် နိုင်ငံ၏အဓိကလုပ်ငန်း ဖြစ်သော်လည်း များပြားသောလူဦးရေ၏ စားဝတ်နေရေးဖူလုံစေရန် အိန္ဒိယ နိုင်ငံသည် စက်မှုနိုင်ငံအဖြစ်သို့ အရှိန်ကောင်းကောင်းဖြင့် ချီတက်လျက်ရှိသည်။ ခရစ် ၁၈၇ဝ ပြည့်နှစ်ခန့်မှစ၍ အိန္ဒိယ တွင် စက်မှုလုပ်ငန်းများ အတော်အတန် အခြေစိုက်ပြီး ဖြစ်နေ သည်။ ကျောက်မီးသွေးနှင့် သံအထွက်ကောင်းခြင်းသည် စက်မှုလုပ်ငန်းများအတွက် များစွာအထောက်အပံ့ရစေသည်။ မြစ်ကြီး မြစ်ငယ်များ ပေါများသဖြင့် ရေအားလျှပ်စစ် အများအပြား ရရှိနိုင်သည်။ သို့သော် အိန္ဒိယသည် ရနိုင်သောရေအား လျှပ်စစ်၏ သုံးရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သေး၍ အမေရိကန်ပြည်ထောင်စုကမူ ၃၃ ရာခိုင်နှုန်းကို အသုံးချလျက်ရှိသည်။

စက်မှုလုပ်ငန်းသည် အိန္ဒိယနိုင်ငံ၌ တစ်စတစ်စတိုးတက်ဖွံဖြိုးလာခဲ့ရာ စက်မှုလုပ်ငန်းကြီးများသည်လည်း တိုတက်ထွန်းကားလျက်ရှိသည်။ မလွတ်လပ်မီခေတ်ကပင် ကလကတ္တားမြို့အနီးရှိ ဂျမ္မရှက်ဒပူမြို့ရှိ အမျိုးသားပိုင် တာတာသံနှင့် သံမဏိလုပ်ငန်းကြီးသည် ကမ္ဘာ့အကြီးဆုံးစက်မှုလုပ်ငန်းကြီးများတွင်ပါဝင်ခဲ့၍ ယခုအခါ သံမဏိစက်ရုံကြီးခြောက်ခုရှိသည်။ မလွတ်လပ်မီကပင်ရှိခဲ့သော အခြားစက်မှုလုပ်ငန်းကြီးတစ်ခုမှာ ဘုံဘိုင် ရေအားလျှပ်စစ်စီမံကိန်းအရ ပြုလုပ်ထားသော ရေအား လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းကြီးဖြစ်သည်။ ဘုံဘိုင်မြို့ပေါ်နှင့် ဆင်ခြေဖုံးရှိ ချည်စက်ရုံကြီးများစသော စက်မှုလုပ်ငန်းများသည် ထိုရေအားလျှပ်စစ်ကို အသုံးပြုကြရသည်။

အထည်အလိပ် စက်ရုံကြီးများသည် အမက်ဒဗတ်၊ မဒရပ်နှင့် တမီနာဒူပြည်နယ်အတွင်းရှိ မြို့ကြီးမြို့ငယ်တို့၌လည်း ရှိသည်။ အိန္ဒိယ၏ စက်မှုလက်မှုလုပ်ငန်းများတွင် အထည်အလိပ်ယက်လုပ်သော လုပ်ငန်းသည် အကြီးကျယ်ဆုံးဖြစ်သည်။၁၉၇၁ ခုနှစ်စာရင်းအရ ဂုံလျှော်စက်ကြီးပေါင်း ၁ဝ၆ ခုရှိရာ ဂုံလျှော်ထွက်ရှိသောဒေသအတွင်းရှိ ကာလကတ္တားမြို့နှင့် အနီးအနားတစ်ဝိုက်တွင် အများဆုံးဖြစ်သည်။ သကြား၊ သားရေ နှင့် ရော်ဘာ အထည်ပစ္စည်းများ၊ ဆေးလိပ်လုပ်ငန်း၊ ဟင်းသီး ဟင်းရွက်ဆီကြိတ်လုပ်ငန်း၊ လက်ဖက်ခြောက် လုပ် ငန်း၊ စက္ကူလုပ်ငန်းစသည်တို့ကို စက်ရုံများ၌လည်းကောင်း၊အိမ်တွင်းမှု လုပ်ငန်းအဖြစ်လည်းကောင်း လုပ်ကိုင်ကြသည်။အိန္ဒိယ၏စက်မှုလုပ်ငန်းသည် ဒုတိယကမ္ဘာစစ်အတွင်မှစ၍ သိသိသာသာတိုးတက်လာရာ လွတ်လပ်ရေးခေတ်နောက်ပိုင်းတွင် တိုးတက်မှုအရှိန်ပိုကောင်းလာခဲ့သည်။ ယခုအခါဝန်လေးစက်ပစ္စည်းများဖြစ်သော မီးရထားစက်ခေါင်းနှင့် တွဲများ ထုတ်လုပ်ခြင်း၊ လေယာဉ်ပျံ၊ မော်တော်ကား၊ စက်ဘီးစသည် တို့ကို နိုင်ငံတွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဓာတု ဗေဒပစ္စည်းများထုတ်လုပ်ခြင်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းစသည် တို့ကိုလည်း ဆောင်ရွက်လျက်ရှိ၍ လူသုံးပစ္စည်းနှင့် စား သောက်ကုန်အမျိုးမျိုးတို့ကို စက်မှုလုပ်ငန်းဖြင့် ပိုမိုထုတ်လုပ် လျက်ရှိလေသည်။ စက်မှုလုပ်ငန်းများတွင် အရှိန်ကောင်းနေစေကာမူ လက်ရက်အထည်အလိပ်လုပ်ငန်းကိုလည်း လူသန်းပေါင်းများစွာ သည် အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိနေကြ သေးသည်။ ထို့ပြင် ကော်ဇောအနုအကြမ်း၊ ကသ္မီရရှောစောင် များ၊ လှပနုနယ်သော ဇာများကိုလည်း လက်ဖြင့်ယက်လုပ် လျက် နေကြလျက်ပင်ရှိ၍ ယင်းတို့သည် အိန္ဒိယ၏ ကမ္ဘာ ကျော်လက်မှုပညာရပ်များ ဖြစ်ကြလေသည်။ ကြွကြွရွရွနှင့် လှပ သိမ်မွေ့သော ရွှေပန်းတိမ်၊ ငွေပန်းတိမ်လုပ်ငန်း၊ ကြေးထည် လုပ်ငန်း၊ သစ်နှင့် ဆင်စွယ်ပန်းပုလုပ်ငန်း စသော လက်မှုအနုပညာပစ္စည်းများ လုပ်ကိုင်ရာ၌လည်း အိန္ဒိယတိုင်းရင်းသား တို့၏ လက်ရာများသည် ကျော်ကြားလျက်ပင်ရှိပေသေးသည်။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံသည် အာရှတိုက်လမ်းမကြီးတွင် လမ်းပန်း ဆက်သွယ်ရေး အကောင်းဆုံးရှိသော နိုင်ငံဟု ဆိုနိုင်သည်။ မိုင် ၂ဝ ရှည်လျားသော ပထမဆုံး မီးရထားလမ်းကို ခရစ် ၁၈၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့၍၊ ၁၉၇ဝ-၇၁ ခုနှစ်အထိ အိန္ဒိယ မီးရထားလမ်း စုစုပေါင်းသည် မိုင်ပေါင်း ၃၇ဝ၆၃ ခန့်ရှိသည်။ အိန္ဒိယမီးရထားစနစ်သည် အာရှတိုက်၌ အကြီးကျယ်ဆုံးဖြစ်၍ ကမ္ဘာ၌ စတုတ္ထအရှည်ဆုံး ဖြစ်သည်။ မိုင်ပေါင်း သောင်းနှင့်ချီ၍ ရှည်လျားများပြားသော မီးရထားလမ်းများ ရှိနေသည့်တိုင်အောင် နိုင်ငံ၏ကြီးမား ကျယ်ဝန်းခြင်း၊ လူဦးရေများပြားခြင်းတို့ကြောင့် သယ်ယူပို့ ဆောင်ရေးနှင့် ကူးသန်းသွားလာရေးအတွက် လက်ရှိမီးရထား လမ်းနှင့် မလုံလောက်သေးပေ။ ထို့ကြောင့် လွတ်လပ်ရေးခေတ် နောက်ပိုင်းတွင် ပျက်စီးသော လမ်းများကိုပြုပြင်ခြင်း၊ သံလမ်း ကျဉ်းမှ သံလမ်းကျယ်ပြောင်းခြင်း၊ မီးရထားလမ်းသစ် ဆောက် လုပ်ခြင်းတို့ကို စီမံကိန်းများဖြင့် ဆောက်ရွက်နေဆဲဖြစ်သည်။ နိုင်ငံတွင်း၌ တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာသို့ သွယ်တန်းကူးယှက်ထားသော လမ်းကောင်းလမ်းကြမ်းစုစုပေါင်း မိုင် ၃၅၆၂၁၂ ရှိသည်။ ကျောက်ခင်းလမ်းများ၏ စုစုပေါင်း မိုင်သည် ၁၃၇ဝ၇၄ ဖြစ်၍ ၁၅ ရာခိုင်နှုန်းခန့်သည်သာ ကတ္တရာ ခင်းလမ်းများဖြစ်သည်။ လမ်းကြမ်းများ၏ စုစုပေါင်း မိုင်သည် ၂၁၉၁၃၈ ဖြစ်သည်။ ရေလမ်း သယ်ယူပို့ဆောင်ရေး အတွက် နိုင်ငံအတွင်း လှေသင်္ဘောဖြင့် သယ်ယူပို့ဆောင်နိုင် သော ရေကြောင်းခရီးသည် မိုင် ၅ဝဝဝ ကျော်ခန့်ရှိသည်။ အရေးပါသော ရေကြောင်းလမ်းမများမှာ ဂင်္ဂါ၊ ဗြဟ္မပုတ္တရနှင့် ယင်းတို့၏ မြစ်လက်တက်များ၊ ဂိုဒါဝရီ၊ ကစ္စနားနှင့် ယင်းတို့ ၏မြစ်ရိုးရှိ တူးမြောင်းများ၊ ကဲရာလာပြည်နယ်တွင်းရှိ တူး မြောင်းများ၊ မဒရပ်နှင့် အန္ဓရပြည်နယ်တို့ အတွင်းရှိ ဗတ်ကင် ဟမ်တူး မြောင်း၊ အနောက်ဘက်ကမ်းရိုးတန်းရှိ တူးမြောင်းများ၊ ဩရိ ဿပြည်နယ်မှ မဟာနဒီ တူးမြောင်းတို့ဖြစ်ကြသည်။နိုင်ငံခြားနှင့် ဆက်သွယ်ရာ၌အရေးပါသော သင်္ဘော ဆိပ်မြို့ကြီးဆယ်မြို့ရှိရာ ယင်းတို့မှာ ကာလကတ္တား၊ ဘုံဘိုင်၊ မဒရပ်၊ ကိုချင်၊ ဝိစက်ခါပတ္တနံ၊ ကန္ဒလ၊ မာမဂါအို၊ မန်ဂလို၊ တူတီကိုရင်နှင့် ပရာဒစ်တို့ ဖြစ်သည်။ ကမ်းရိုးတန်းတစ် လျှောက်၌ သင်္ဘောဆိပ်မြို့ကလေးပေါင်း ၂၂၅ မြို့ရှိ၍၊ ယင်းတို့ သည် ပြည်တွင်းပြည်ပ ကုန်စည်တင်သွင်း တင်ပို့ရေးအတွက် ထိုက်သည့်အားလျော်စွာ ဆောင်ရွက်ကြရသည်။ ယင်းတို့သို့ ကူးသန်းသွားလာရာ၌ ကမ်းရိုးတန်းသွားသင်္ဘောများကို အသုံး ပြုလေသည်။

နိုင်ငံတကာနှင့် ဆက်သွယ်သော လေဆိပ်ကြီးများမှာ စန်တာကရု (ဘုံဘိုင်မြို့)၊ ဒမ်ဒမ် (ကာလကတ္တားမြို့)၊ ပါလမ် (နယူးဒေလီမြို့)၊ မီးနံဗတ်ကမ် (မဒရပ်မြို့) တို့ဖြစ်ကြသည်။ နိုင်ငံတွင်း လေကြောင်းဆက်သွယ်ရေးအတွက် လေဆိပ်ရှိသော မြို့ပေါင်း ၈၅ မြို့ရှိလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)