အားဝင်း ရွမ်းမဲ

ဝီကီပီးဒီးယား မှ
အာဝင် ရွမ်းမဲ

မာရှယ်အားဝင်း ရွမ်းမဲသည် ဟစ်တလာ၏ လက်စွဲ စစ်သူကြီး တစ်ဦးဖြစ်၍ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် စစ်တပ်များကို ဦးစီးအုပ်ချုပ်ကာ မြောက်အာဖရိကနှင့် ဥရောပတိုက်တို့တွင် တိုက်ပွဲအမြောက်အမြားကို ဆင်နွဲခဲ့လေသည်။ ရွမ်းမဲသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၍ အသက်ဆံဖျား စွန့်စား တိုက်ခိုက်ရခြင်းကို နှစ်သက်သူ ဖြစ်ပေသည်။

ရွမ်းမဲသည် ၁၈၉၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဆွားဗီးယားပြည်နယ် ဟိုက်ဒင်ဟိုင်းမြို့၌ ဖွားမြင်ခဲ့လေသည်၊ ၁၉၁ဝ ပြည့်နှစ်တွင် စစ်ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့ပြီးလျှင် ပထမကမ္ဘာစစ်ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့ ပြီးလျှင် ပထမကမ္ဘာစစ်အတွင်းက ဒုဗိုလ်အဖြစ် စစ်မျက်နှာများစွာတို့တွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ စစ်အပြီးတွင် ဂျာမန် စစ်အမှုထမ်း အမြောက်အမြား အလုပ်လက်မဲ့ ဖြစ်သွားလေရာ ထိုအထဲတွင် ရွမ်းမဲလည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ ရွမ်းမဲသည် တူးဗင်းဂျင်တက္ကသိုလ်ကျောင်းတွင် ခေတ္တမျှ တက်ရောက် သင်ကြားပြီးနောက် ဟစ်တလာ တန်ခိုးကြီးလာ သောအခါ နေရှင်နယ်ဆိုရှယ်လစ်ပါတီ (နာဇီပါတီ)သို့ ဝင်လေသည်။ မကြာမီ မုန်တိုင်းတပ် ဗိုလ်မှူးအဖြစ်လည်းကောင်း၊ ဟစ်တလာ၏ သက်တော်စောင့်ဗိုလ်မှူးအဖြစ်လည်းကောင်း ခန့်ထားခြင်း ခံရလေသည်။

ဂျာမန်တို့သည် ၁၉၃၈ ခုနှစ်တွင် ဩစတြီးယားနိုင်ငံကို ချီတက် သိမ်းပိုက်စဉ်ကလည်းကောင်း၊ ၁၉၃၉ ခုနှစ်တွင် ချက်ကိုဆလိုဗားကီးယားနှင့် ပိုလန်နိုင်ငံတို့ကို သိမ်းပိုက်စဉ်ကလည်းကောင်း ရွမ်းမဲသည် ဟစ်တလာ၏ ဌာနချုပ်တွင် ရှိနေခဲ့၏။ ထိုအချိန်လောက်တွင် ရွမ်းမဲသည် တင့်ကားဖြင့် တိုက်စစ်ဆင်ရာတွင် အထူးကျွမ်းကျင်သူ ဖြစ်နေလေပြီ။

၁၉၄ဝ ပြည့်နှစ်တွင် ရွမ်းမဲသည် ပြင်သစ်တိုက်ပွဲ၌ သံချပ်ကာကားတပ်ကို ကွပ်ကဲ၍ အောင်မြင်စွာ တိုက်ခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဟစ်တလာက ရွမ်းမဲအား မြောက်အာဖရိကတိုက်သို့ ဂျာမန်အာဖရိကတပ်များ၏ သေနာပတိချုပ်အဖြစ် စေလွှတ်လိုက်သည်။ ရွမ်းမဲသည် သံချပ်ကာကားတိုက်ပွဲများတွင် အံ့ဩလောက်အောင် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ ၁၉၄၂ ခုနှစ် မေလတွင် အီဂျစ်ပြည်ရှိ ဗြိတိသျှတပ်များသည် ရွမ်းမဲ၏ ထိုးစစ်ဒဏ်ကို မခံနိုင်ဘဲ အားလမိန်းအထိထွက်ပြေးဆုတ်ခွာကြ ရလေသည်။ သို့သော် နောင်အခါတွင် ဗိုလ်ချုပ်ရွမ်းမဲသည် ဗိုလ်ချုပ်မောင်ဂိုမာရီ ကွပ်ကဲဦးစီးသော ဗြိတိသျှတပ်များက ထိုးစစ်ဆင်ကာ တိုက်ခိုက်ခြင်းကြောင့် သဲကန္တာရကြီးကို ဖြတ်ကျော်ကာ တျူနစ်ဇီးယားအထိ ဆုတ်ခွာခဲ့ရလေသည်။ ထိုသို့ သဲကန္တာရကြီးကို ဖြတ်ကျော်ကာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သောကြောင့်ပင် သူ့ကို သဲကန္တာရမြေခွေး ဟူ၍ အမည် တပ်ခေါ်ကြသည်။ သို့သော် နောင်အခါတွင် ရွမ်းမဲ၏တပ်များသည် တျူနစ်ဇီးယားတွင် လက်နက်ချ အညံ့ခံလိုက်ရလေသည်။ အာဖရိကမြောက်ပိုင်းတွင် အရေးမလှကြောင်း သိရှိရသောအခါ ဟစ်တလာသည် ရွမ်းမဲအား ဘာလင်သို့ ပြန်လည်ခေါ်ယူခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် ရွမ်းမဲသည် အီတလီရှိ ဝင်ရိုးတန်း တပ်များကို အုပ်ချုပ်ခဲ့ရသည်။ ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေသို့ မဟာမိတ်တပ်များ တက်ရောက်ပြီးနောက်တွင် ပြင်သစ်နိုင်ငံရှိ ဂျာမန်တပ်များကို ကွပ်ကဲဦးစီးခဲ့ရလေသည်၊ ၁၉၄၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ရွမ်းမဲသည် ကားတစ်စင်းဖြင့် ခရီးသွားခဲ့စဉ် မဟာမိတ်လေယာဉ်ပျံတစ်စင်းက တိုက်ခိုက်သဖြင့် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ထိုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားပြီဟု ကျေညာခဲ့လေသည်။ သို့သော် အချို့က ဟစ်တလာအား လုပ်ကြံမှုတွင် ပါဝင်သဖြင့် အဖမ်းခံခဲ့ရသည်တွင် သူ့ကိုသူ သတ်သေခဲ့သည်ဟုဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)