အာဖရိကတိုက်၏ ပထဝီဝင်

ဝီကီပီးဒီးယား မှ

အာဖရိကတိုက် သည် လတ္တီတွဒ်မြောက် ၃၇ံ နှင့် တောင် ၃၅ံ အကြားနှင့် လောင်ဂျီတွဒ် အနောက် ၁၈ံ နှင့် အရှေ့ ၅၁ံ အကြားတွင် တည်ရှိ၍ လတ္တီတွဒ် မြောက် ၁၂ံ နေရာတစ်လျှောက်သည် အာဖရိကတိုက်၏ အကျယ်ဆုံးနေရာ ဖြစ်သည်။ မြောက်မှ တောင်သို့ အလျား မိုင်ပေါင်း ၄၉ဝဝ ရှည်၍ အရှေ့မှ အနောက်သို့ အနံ ၄၅ဝဝ မိုင် ကျယ်သည်။ အာဖရိကတိုက်သည် ဥရောပတိုက်၏ တောင်ဘက် တောင်အတ္တလန္တိတ် သမုဒ္ဒရာထဲတွင် တည်ရှိသည်။ အာဖရိကတိုက်၏ အနောက်ဘက်ကမ်းရိုးတန်း အစွန်ဆုံးတွင် တည်ရှိသော ဒကာမြို့သည် တောင်အမေရိကတိုက်မှ မိုင်ပေါင်း ၁၆၂ဝ သာ ဝေးသည်။ အာဖရိကတိုက် မြောက်ဘက်ကမ်းရိုး တန်း နေရာမှာမူ ဥရောပတိုက်မှ ကိုးမိုင်သာ ကွာဝေးသည်။ အာဖရိကတိုက်၏ ပုံသဏ္ဌာန်သည် တြိဂံပုံဖြစ်ပြီးလျှင် အနောက်ဘက်ကမ်းရိုးတန်းသည် အရှည်ဆုံးဖြစ်၍ အလယ်၌ ဂင်းနီပင်လယ်ကွေ့နေရာတွင် ချိုင့်ဝင်သွားသည်။ ပင်လယ်ကွေ့ ပင်လယ်အော် ဟူ၍ အနည်းငယ်သာရှိသဖြင့် သင်္ဘောကြီးများ ဆိုက်ကပ်ရန် ဆိပ်ကမ်းကောင်းများ မရှိချေ။ ကမ်းလွန် ပင်လယ်တွင် ကျွန်းဟူ၍ မက်ဒါဂက်စတာကျွန်း ရှိသည်။ အနည်းငယ်သာ ရှိသည်။ အရှေ့ဘက်ကမ်းမှ မိုင် ၂၅ဝ အကွာတွင်ကမ္ဘာ ပေါ်၌ စတုတ္ထအကြီးဆုံးဖြစ်သော မက်ဒါဂက်စကာကျွန်း အတ္တလန္တိတ် သမုဒ္ဒရာထဲ၌မူ ကနေရီကျွန်းစု၊ ကိပ်ဗတ်ကျွန်းများနှင့် မဒီးရကျွန်းများ ရှိကြသည်။

အာဖရိကတိုက်၌ ကမ္ဘာပေါ်တွင် ဒုတိယအရှည်ဆုံးဖြစ်သည့် နိုင်းမြစ်သည်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အကြီးဆုံးဖြစ်သည့် ဆဟာရသဲကန္တရသည်လည်းကောင်း၊ ကမ္ဘာပေါ်တွင် အရှည်ဆုံး ရေအိုင်ဖြစ်သော တန်ဂန်ယီးကအိုင်သည် လည်းကောင်း၊ ရှိသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ခုနစ်ဆယ်ခန့်ကပင် အာဖရိကတိုက် နေရာအတော်များများကို မစူးစမ်းရသေးသဖြင့် ထိုတိုက်ကြီးများကို 'မှောင်မိုက်သောတိုက်ကြီးဟု ခေါ်စမှတ် ပြုခဲ့ကြသည်။ ယခုအချိန်အထိလည်း ဆဟာရသဲကန္တာရ၏ အစိတ်အပိုင်း အချို့ကို မစူးစမ်းကြရသေးချေ။ ထိုမျှသာမဟုတ် အာဖရိကတိုက်၏ အပူပိုင်းဒေသကိုလည်း ပြည့်စုံစွာ မစူးစမ်း ကြရသေးချေ။ အီကွေတာမျဉ်းသည် အလယ်ပိုင်းတစ်လျှောက် ဖြတ်သန်း သွားခြင်းခံရသောတိုက်မှာ အာဖရိကတိုက်သာလျှင် ရှိသည်။ အာဖရိကတိုက်သည် မြောက်ဘက်၌ကျယ်၍ တောင်ဘက်သို့ ကျဉ်းလာသောကြောင့် အီကွေတာ၏ မြောက်ဘက်၌ ကျယ်ဝန်း ၍ တောင်ဘက်၌ ကျဉ်းမြောင်းသည်။ မြေမျက်နှာပြင်အာဖရိကတိုက် တစ်တိုက်လုံးလိုပင် ကုန်းမြင့်ဒေသကြီး ဖြစ်သည်။ တောင်ဘက်တွင် ပိုမြင့်၍ ပေ ၆ဝဝဝ ကျော်အထိ ရှိသည်။ တောင်တန်းကြီးများဟူ၍ များများစားစား မရှိချေ။ အနောက်မြောက်ဘက်ပိုင်းတွင် ဥရောပတိုက်ရှိ တွန့်ခေါက် တောင်တို့၏ အဆက်ဖြစ်သော အက်တလပ်တောင်တန်း ရှိသည်။ အက်တလပ် တောင်တန်းသည် မြေထဲပင်လယ် တစ်လျှောက် တျူနစ်ဇီးယားနိုင်ငံမှ မော်ရိုကိုနိုင်ငံအထိ ရောက်၍ အာဖရိကတိုက်တွင် အရှည်ဆုံးနှင့် အကြီးဆုံး တောင်တန်း ဖြစ်သည်။ အမြင့်ပေပေါင်း ၁၄,ဝဝဝ အထိ ရှိသည်။ အရှေ့ဘက်တွင် ပင်လယ်နီကမ်းရိုးတန်းတစ်လျှောက် အီသီအိုပီးယားနိုင်ငံဘက်၌ တောင်တန်းမြင့် ကြီးတစ်စု၊ ဆဟာရသဲကန္တရတွင် တောင်တန်းမြင့်ကြီးတစ်စု၊ ဂင်းနီ ပင်လယ်ကွေ့တစ်စု အသီးအသီး ရှိကြသည်။ ပင်လယ်နီအနီး အီသီအိုးပီးယား တောင်တန်းကြီးသည် တောင်ဘက်သို့ ဖြာထွက်လာပြီးလျှင် အာဖရိကတိုက် အရှေ့ပိုင်း ရေအိုင်ဒေသကိုဖြတ်၍ မြင့်မားမတ်စောက်သော ဒရက်ကင်စဗတ်တောင်တန်းနှင့် ဆက်သွားသည်။ ထိုတောင် တန်းသည် အက်တလပ်တောင်တန်းကဲ့သို့ တွန့်ခေါက်တောင် မဟုတ်ချေ။ မီးတောင်မှ ထွက်သော ချော်ရည်များ ကုန်းမြင့် ပေါ်သို့ စီးထွက်လာသောကြောင့် ဖြစ်ပေါ်လာသောတောင်များ ဖြစ်သည်။ အာဖရိက ကုန်းပြင်မြင့်ကြီး၏ အရှေ့ဘက်တွင် မြေလွှာကျွံ ချိုင်ဝှမ်းများရှိသည်။ ယင်းချိုင့်ဝှမ်းဒေသများကြား တွင် အိုင်ကြီးများလည်း ရှိသည်။ အာဖရိတိုက်၏ အမြင့်ဆုံး တောင်ထွတ်များလည်း ရှိသည်။ အိုင်ကြီးများမှာ အတန်းနှစ် တန်း ဖြစ်နေသည်။ အနောက်ဘက်တန်းတွင် အဲလဗတ်၊ အက်ဒွပ်၊ ကိ၊ တန်ဂန်းယီးက၊ မွေရူး၊ ဗန်ဂွေအူလူ၊ ကမ်ပိုလိုဗို စသော အိုင်ကြီးများရှိ၍ အရှေ့ဘက်တန်းတွင် ဇွေး၊ လန်ဂနာ၊ ရှာလ၊ အဗူးစ၊ အဗယ၊ ချန်မိုဂန်ဂျူးရူးဒေါ့၊ ဗရင်းဂို၊ မာဂက်ဒီ၊ နာတရွန်၊ အီယာစီ၊ မညာရာ၊ ညာဆာချီအူးတား စသော အိုင်များ ရှိသည်။ ယင်းအိုင်တန်းနှစ်တန်းကြားတွင် ဝိတိုရိယ အိုင်ကြီးရှိသည်။ ဝိတိုရိယအိုင်သည် စတုရန်းမိုင်ပေါင်း ၂၆,ဝဝဝ ကျယ်၍ အာဖရိတိုက်တွင် အကြီးဆုံးဖြစ်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးအိုင် ဖြစ်သည်။ တန်ဂန်ယီး ကအိုင်မူကား ကမ္ဘာပေါ်တွင် အရှည်ဆုံးအိုင်ဖြစ်သည်။

အာဖရိကတိုက်၏ အမြင့်ဆုံးတောင်ထွတ်များမှာ ကိလိမန်ဂျာရိုတောင် (ပေ ၁၉,၃၂ဝ) နှင့် ကင်ညာ တောင် (ပေ ၁၇,ဝဝဝ) တို့ ဖြစ်သည်။ အီကွေတာမျဉ်းအနီးတွင်လည်း တောင်များရှိသည်။ ယင်းတို့ သည် တောင်တန်းသဖွယ် မတည်ပဲ မြေပြင်မှ ရုတ်တစ်ရက် ပေါ်ထွက်လာကြသကဲ့သို့ သီးခြားတောင်များအဖြစ် တည်လျက် ရှိသည်။ ထိုတောင်များအကြားတွင် ကုန်းပြင်မြင့်များ တည်ရှိ ကြရာ ယင်းတို့ကို အာဖရိကတိုက် အလယ်ပိုင်းတွင် ဆဗားနား လွင်ပြင်ဟု ခေါ်၍ တေင်ဘက်ပိုင်းတွင်မူ ဗဲ့ဟုခေါ်သည်။ ထိုကုန်းပြင်မြင့်များသည် များသောအားဖြင့် ကျောက်ထူထပ် သည်။ အချို့နေရာတွင် ချုံနှင့် မြက်ရှည်များ ကွက်ကြားပေါက် နေတတ်သည်။ အာဖရိကတိုက်ရှိ မြစ်များသည် အခြားတိုက်ရှိ မြစ်များနှင့် မတူ တမူထူးခြားသည်။ များသောအားဖြင့် မြစ်ညာပိုင်းတွင် ကူးသန်းသွားလာရန် အသုံးဝင်၍ မြစ်ဝမှ အထက်သို့တိုင် တောက်လျှောက် အသုံးဝင်သော မြစ်ဟူ၍ အလွန်ရှားပါးသည်။ အဘယ့်ကြောင့်ဆိုသော် မြစ်တို့သည် ကုန်းပြင်မြင့် မြေမျက်နှာ ပြင်တွင် မြစ်ဖျားခံ၍ ကုန်းမြင့်ပေါ်၌ စီးဆင်းကာ ကုန်းမြင့်၏ အစွန်းပိုင်းသို့ ရောက်သောအခါ မြေမျက်နှာပြင် ရုတ် ခြည်းနိမ့် ကျသွားသဖြင့် မြစ်များလည်း အမြင့်မှအနိမ့်သို့ ရုတ်ခြည်း စီးဆင်းရသောကြောင့် ရေမော်များ၊ ရေတံခွန်များ ဖြစ်ပေါ်လာ ပြီးလျှင် ရေစီးလည်း အလွန်သန်သည်။ ထိုသို့ ရေတံခွန်များ ရှိခြင်းကြောင့် ရှေးအခါက မြစ်အတွင်း ကူးသန်းသွားလာရေး မလွယ်ကူရှိခဲ့သည်။ သို့ရာတွင် ဥရောပတိုက်သားများ ရောက် လာကြသောအခါ ယင်းတို့က ရေတံခွန်အချို့၏ ပတ်ဝန်းကျင် တွင် မီးရထားလမ်းများကို ဖောက်လုပ်လိုက်ရာ မြစ်ကြောင်းမှ သယ်လာသည့် ကုန်များကို ရေတံခွန်နေရာရောက်သည့်အခါ မီးရထားလမ်းဖြင့်ပြောင်း၍ သယ်ပေးနိုင်သည်။ အာဖရိကတိုက်တွင် မြစ်ကြီးငါးစင်းရှိသည်။ ယင်းတို့မှာ နိုင်းမြစ်၊ ကွန်ဂိုမြစ်၊ နိုင်ဂျာမြစ်၊ ဇမ်ဗီဇီမြစ်နှင့် ဩရိန်းမြစ်တို့ ဖြစ်ကြသည်။ နိုင်းမြစ်သည် အာဖရိကတိုက်တွင် အရှည်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအရှည် ဆုံးမြစ်ဖြစ်၍ ကွန်ဂိုမြစ်သည် အာဖရိကတိုက်၏ အကြီးဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယအကြီး ဆုံးမြစ် ဖြစ် သည်။

နိုင်ဂျာမြစ်သည် ဆီးယားရားလေအွန်းနိုင်ငံ အရှေ့မြောက်ပိုင်း၌ မြစ်ဖျားခံ၍ ဂင်းနီပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။ အရှည် ၂၆ဝဝ မိုင်ရှိသော်လည်း ကူသန်းသွားလာမှု အတွက် အသုံးမဝင်ချေ။

ဇမ်ဗီဇီမြစ်သည် မိုင် ၁၆ဝဝ ရှည်၍ အချို့ပိုင်းတွင်သာ ကူးသန်းသွားလာနိုင်သည်။ မြောက်ရိုဒီးဇီးယားနိုင်ငံသည် (ဇမ်ဗီယာနိုင်ငံ)၌ မြစ်ဖျားခံပြီး လျှင် အိန္ဒိယသမုဒ္ဒရာထဲသို့ စီးဝင်သည်။ ယင်းမြစ်ပေါ်ရှိ ဝိတိုရိယရေတံခွန်သည် အာဖရိကတိုက်၌ အကြီးဆုံးရေတံခွန် ဖြစ်သည်။ ဩရိန်းမြစ်မူကား ဗာဆူးတိုလန်နယ် (လီဆိုသိုနိုင်ငံ) မြောက်ဘက်ပိုင်း၌ မြစ်ဖျားခံပြီးလျှင် အတ္တလန္တိတ် သမုဒ္ဒရာ ထဲသို့ စီးဝင်သည်။ အရှည်မှာ မိုင် ၁၃ဝဝ ရှိသည်။ အာဖရိက တိုက်၏ မြစ်များအနက် သုံးပုံတစ်ပုံ သည် ပင်လယ်သမုဒ္ဒရာ ထဲသို့ စီးဝင်ခြင်းမပြုပဲ ကုန်းပြင်၌သာ အစပျောက်ကာ ကုန်းတွင်းရေအိုင်ကြီးများ ဖြစ်လာသည်။ အာဖရိကတိုက် အနောက်ပိုင်းရှိ ချဒ်အိုင်သည် ယင်းသို့ဖြစ်ပေါ်လာသော အိုင်မျိုးဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)