အာဖရိကတိုက်၏ စီးပွားရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အာဖရိတိုက်ရှိ လူမျိုးများသည် များသောအားဖြင့် မိသားစု များ စားသောက်နိုင်ရန်အတွက်သာ ထွန်ယက် စိုက်ပျိုးလေ့ရှိ ကြသည်။ အချို့ကသာ အနီးရှိဈေးများသို့ ပိုလျှံသော ပစ္စည်း များကို သွား၍ ရောင်းချနိုင်ရန် အတွက် ပိုမို၍ စိုက်ပျိုးကြ လေသည်။ လယ်ယာပြုလုပ်ခြင်းမှာ သူတို့အဖို့ လွယ်ကူလေ သည်။ ရွာရှိ ယောက်ျား များက အနီးရှိချုံ သစ်တောတို့ကို လိုသလောက် ခုတ်ထွင်ရှင်းလင်းပြီးလျှင် မီးရှို့လိုက်ကြသည်။ ထိုနောက် မိန်းမများက လယ်ယာများဖြစ်လာအောင် ဖန်တီးယူ ကြလေသည်။ နှစ်ကြာညောင်း၍ ကောက်ပဲသီးနှံများ အထွက် နည်းလာသောအခါ ယောကျာ်းများက နေရာသစ်များကို ရှာဖွေ ရှင်းလင်းပေးပြန်သည်။

ဆဟာရသဲကန္တာရ၏ မြောက်ဘက်ပိုင်းတွင် ထွန်ယက်စိုက် ပျိုးခြင်းသည် ဥရောပတိုက်တောင်ပိုင်းတွင် ပြုလုပ်သည်နှင့် တူ၏။ ထိုနေရာ၏ အရေးကြီးသော အပင်များတွင် မုယော၊ ဂျုံ၊ သံလွင်၊ သဖန်းနှင့် စပျစ်ပင် များ ပါဝင်သည်။ နိုင်းမြစ်ဝ ကျွန်းပေါ်နှင့် နိုင်းမြစ်ဝှမ်းဒေသသည် အာဖရိတိုက်တွင် မြေဩ ဇာအကောင်းဆုံး ဒေသများဖြစ်သည်။ မြေဆီလွှာကောင်းသည့် အပြင် နိုင်းမြစ်မှရေကိုလည်း တူးမြောင်းများဖြင့် သွယ်ယူနိုင် လေသည်။ ထိုဒေသများတွင် အဓိကအားဖြင့် ဝါ၊ ပြောင်းဖူး၊ ဂျုံ၊ မုယော၊ ရိုင်းစပါးနှင့် ကြံများကို စိုက်ပျိုးကြသည်။

သဘာဝပေါက်ရောက်သောအပင်နှင့် တွေ့ရှိရသော သားကောင်အာဖရိတိုက်တွင် ဒေသအခြေအနေနှင့် ရာသီဥတုအလျောက် သစ်ပင်များ ပေါက်ရောက်လျက် ရှိသည်။ အက်တလပ် တောင် တန်း၏ မြောက်ဘက်တွင် ဥရောပတိုက် တောင်ပိုင်းဒေသ၌ တွေ့ရှိရသော ဖော့ပင်၊ ဝက်သစ်ချပင်နှင့် အပူပိုင်းဒေသဆံသော ဒေသများတွင် ပေါက်ရောက်သည့်အပင်များ တွေ့ရသည်။ သဲကန္တာရတွင် ရာသီအလျောက် ဖြစ်ပေါ်သော ချောင်းများရှိ သည့် နေရာများ၊ မျက်နှာပြင်စမ်းများရှိသော နေရာများနှင့် ရေများကို ရေတွင်းများမှ စုတ်ယူပြီးလျှင် အိုအေဆစ်များ ဖြစ်လာအောင် ဖန်တီးယူနိုင်သော နေရာများမှလွဲ၍ အခြား နေရာများ၌ အပင်များ ပေါက်လည်းမပေါက်၊ စိုက်ပျိုး၍လည်း မရချေ။ သဲကန္တာရအတွင်းရှိ အိုအေဆစ်များတွင် စိုက်ပျိုးသည့် စွန်ပလွံသီးသည် ထိုဒေသ၏ အရေးကြီးသောအစာ ဖြစ်သည်။ အပူပိုင်းဒေသသစ်တောများတွင်မူ အက်ဗနီပင်နှင့် မဟောဂနီပင် တို့ကဲ့သို့ အဖိုးတန်သစ်ပင်များလည်း ပေါက်ရောက်သည်။ အာဖရိတိုက်၏ မြောက်ဘက်စွန်းနှင့် တောင်ဘက်စွန်းဒေသ များ၌ ဂျုံ၊ ဗာလီနှင့် အခြားကောက်နှံများ စိုက်ပျိုးကြသည်။ သကြား၊ ဆေးနှင့် အရည်ရွှမ်းသော အသီးအနှံများလည်း ထွက်သည်။ ဥရောပတိုက်သားများ ရောက်လာသည့်အချိန်မှစ၍ ကကေးအိုပင်၊ ရော်ဗာပင်များကိုလည်း မိုးများသောအပူပိုင်း ဒေသများ၌ ရှင်းလင်း၍ စိုက်ခင်းများ အကြီးအကျယ်လုပ်ကာ စိုက်ပျိုးကြသည်။

အာဖရိကတိုက်တွင် စိန်နှင့်ရွှေ အများအပြား ထွက်သည်။ တောင်အာဖရိကနိုင်ငံ၌ စိန်တွင်း ရွှေတွင်းများ ရှိသည်။ ကင်ဗာလီမြို့သည် စိန်တွင်းတူးဖော်ရေး အချက်အချာမြို့ဖြစ်၍ ထရန်စဗားနယ်သည် ရွှေတွင်း တူးဖော်ရေး၏ အချက်အချာ ဒေသ ဖြစ်သည်။ ထိုဒေသတွင် ကျောက်မီးသွေးနှင့် သံကိုပါ ရရှိသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် မြောက်ရိုဒီးဇီးယားနိုင်ငံ (ဇမ်ဗီယာနိုင်ငံ)တို့တွင် ကြေးနီ အမြောက်အမြား ရရှိသည်။ ယူရေနီယံ အမြောက်အမြားကို ကွန်ဂိုဒေသတွင် ရရှိလေသည်။ အာဖရိတိုက်အတွင်း၌ ရေတံခွန် အမြောက်အမြား ရှိသော် လည်း ရေအားလျှပ်စစ်ထုတ်လုပ်မှု နည်းပါးသည်။ ရေတံခွန်ရှိ သည့်ဒေသ၌ စက်မှုလက်မှု လုပ်ငန်းဟူ၍ အကြီးအကျယ်လုပ် ကိုင်ရန် မလွယ်ကူသဖြင့် ရေ အားလျှပ်စစ်ထုတ်လုပ်ရန် မကြိုး စားကြခြင်း ဖြစ်ဟန်တူသည်။

ရှေးအခါက အာဖရိတိုက်တွင် စက်မှုလုပ်ငန်း အကြီး အကျယ် မလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ ရိုဒီးဇီးယား၊ ကွန်ဂို(ဇိုင်ယာ)၊ ကင်ညာ၊ အီဂျစ်၊ တောင်အာဖရိကနိုင်ငံ၊ အာဖရိတိုက် မြောက်ပိုင်းတို့တွင် စက်မှု လုပ်ငန်းများကို ထူထောင်ခဲ့ရာ လျင်မြန်စွာ တိုးတက်လျက်ရှိသည်။ ဘိလတ် မြေစက်၊ စားသောက်ကုန်ထုတ်လုပ်သောစက်၊ သစ်သားထည် လုပ်စက်၊ ဓာတ်ပစ္စည်းထုတ်လုပ်သောစက်၊ သံနှင့် သံမဏိ စက်ရုံတို့ ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)