အာထန်

ဝီကီပီးဒီးယား မှ
အာထန်(သို့မဟုတ်)မသန်သော်လည်း စွမ်းတဲ့သူ

Spider man ဆို၍ ရုပ်ရှင်အကြောင်း၊ ပင့်ကူလူသား ထိုင်ဝမ်ရောက်သွားသည့်အကြောင်း ပြောမည်မဟုတ်ပါ။ သုံးနှစ်သားအရွယ်မှာ မကျန်းမမာဖြစ်သဖြင့်အောက်ပိုင်းချည့်နဲ့သွားခဲ့ရပြီး မြေပြင်မှာ တွားသွားခဲ့ရသော လူတစ်ယောက်အကြောင်း အားကျအတုယူဖွယ်ပြောပြမည် ဖြစ်သည်။

ထိုင်ဝမ်ကျွန်း Nantou မြို့နယ်ရဲ့ ရွာလေးတစ်ရွာမှာ အာထန်ဟုခေါ်‌ေသာ လူတစ်ယောက်ရှိခဲ့၏။ ပိုလီယို ရောဂါကြောင့် အာထန်သည် သုံးနှစ်အရွယ်မှစ၍ မတ်တပ် မရပ်နိုင်ခဲ့တော့ဘဲ တွားသွားသတ္တဝါကဲ့သို့ မြေပြင်ကို ရင်နဲ့ကပ်လျှက် တွားသွားခဲ့ရသည်။

အာထန် (၇)နှစ်အရွယ်ရောက်မှ ဖခင်သည် သူ့လက်မှာ ဖိနပ်ကိုင်ခိုင်းပြီး လက်ဖြင့် လမ်းလျှောက်တတ်အောင် သင်ပေးခဲ့သည်။ ဖိနပ်ကို လက်မှာစီးလျှက် လက်ဖြင့် လမ်းလျှောက်ရသော အာထန်အား လမ်းသွားလမ်းလာများမှ ထူးဆန်းအံ့ဩသော အကြည့်ဖြင့် ကြည့်တတ်ကြသော်လည်း အာထန်သည် သိမ်ငယ်စိတ်မဖြစ်ရုံမျှမက မိမိအားကြည့်သော သူများအား ခေါင်းညိတ်ပြုံးပြတတ် ခဲ့သည်။

(၇)နှစ်အရွယ်ဟူသည် ကျောင်းတတ်ရမည့် အရွယ်ဖြစ်သော်လည်း မိခင်ဖြစ်သူမှ သားကို တစ်ခြားကလေး များ၏ ကဲ့ရဲ့လှောင်ပြောင် အနိုင်ကျင့် ခြင်း ခံရမည် စိုးရိမ်သဖြင့် အာထန်အား ကျောင်းမတက်စေခဲ့ပေ။ အာထန် (၉)နှစ်အရွယ်ရောက်ချိန်တွင် စေတနာကောင်းသော ကျောင်းအုပ်ဆရာကြီးမှ ၎င်းအတွက် သုံးဘီးလက်တွန်းလှည်း တစ်စီးဝယ်ပေးခဲ့၏။ ကျောင်းဆင်းကျောင်းတက်ချိန်တွင် လှည်းကိုတွန်းဖို့ ရန်အတွက်လည်း ကျောင်းသားအချို့ကို အကူအညီ တောင်းပေးခဲ့သည်။ သို့သော် မိုးများရွာ‌ေသာ‌ေန့များ၌မူ ရွာ၏မညီမညာ ရွှံ့လမ်းမှာ လှည်းဘီးတွေနစ်ဝင်ခဲ့ရလေ၏။ ရှေ့မတိုးသာ နောက်မဆုတ်သာဖြင့် ကျောင်းသားများပြန်ကုန်ကြပြီ ဖြစ်သော်လည်း အာထန်မှာ ပါးပြင်ပေါ်၌ မျက်ရည်နှင့် မိုးရေအတူရောယှက် စီးဆင်းလျှက် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရမြဲ ဖြစ်သည်။

လောကကြီးက အာထန်ကို မျက်နှာသာပေးခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ (၆)နှစ်လွန်ပြီးနောက် မူလတန်းအဆင့်ကို အာထန်အဆင့်တစ်နဲ့ အောင်မြင်ခဲ့၏။ ရွာ၌ အလယ်တန်းကျေင်း မရှိခြင်းသည် အာထန်အတွက် အခက်ခဲတစ်ခုဖြစ်စေခဲ့ပြန်သည်။ ကျောင်းဆက်တက်ရန်အတွက် ဖခင်ကို အာထန်မေးခဲ့သည်။ ဖခင်ကလည်း တောသူတောင်သား လူရိုးလူအ တစ်ယောက်ဖြစ်သည်နှင့်အညီ တစ်ခြားလူများထံမှ အကြံဉာဏ်တောင်းခဲ့သည်။

လူအများမှ “သူ့ကို ဖိနပ်တိုက်တဲ့ အလုပ်လုပ်ခိုင်းလိုက်ပါ” “တစ်ခြား အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခုသင်ခိုင်းလိုက်ပါ” “သူက ဒုက္ခိတပဲ ကျောင်းဆက်နေလဲ အပိုပါပဲ။ ဘာပညာမှ သင်စရာမလိုဘူး။ ခွက်တစ်လုံးပေးပြီး ကားဂိတ်တွေမှာ တောင်းစားခိုင်းလိုက်” ဟူသော နှိမ့်ချစကားသာ အကြံဉာဏ် အဖြစ်ပေးခဲ့ကြလေသည်။ ထိုစကားများအား ကြာချိန်၌ အာထန်အလွန် ဝမ်းနည်းခဲ့ရပြီး လူမမြင်ရာ၌ ငိုခဲ့မိကြွေးခဲ့ရလေသည်။ ၎င်း၏စိတ် ၌မူ “ငါ ဒုက္ခိတမဟုတ်ဘူး။ ဒီလောကအတွက် ငါဟာ လူပိုတစ်ယောက်မဟုတ်ဘူး။ ငါ သူတောင်းစား မလုပ်ဘူး” ဟူ၍ ကြုံးဝါးခဲ့၏။

ကံကောင်းသည်ဟု ဆိုရမည့် အချက်မှာ မူလတန်းသာရှိခဲ့သည့် ၎င်းတို့ရွ၌ အလယ်တန်းကျောင်းဖွင့်ရန် အကြောင်းဖန်လာခဲ့သည်။ ဝမ်းသာလွန်း၍ အာထန်မျက်ရည်ကျမိခဲ့၏။ ၎င်း၏ဆုတောင်းသံ ဘုရားသခင်ကြားခဲ့ဟန်တူ၏။ ဘုရားသခင် သူ့ကို ပစ်မထားဘူးဆိုတာ သူယုံကြည်ခဲ့သည်။ အာထန်ပိုကြိုးစားခဲ့သည်။ (၃)နှစ်လွန်ပြီးနောက် အဆင့်တစ်နဲ့ပဲ အာထန် အလယ်တန်းအောင်ခဲ့၏။ (ကိုယ့်အားကိုယ်ကိုး၍ ဘဝကို စိန်ခေါ်ရဲသည့် လူကမှ မြင့်မြတ်သူ ဖြစ်သည်)။

“အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြေရှင်းရမလဲလို့ ကျွန်တော်တွေးတယ်။ အခက်အခဲက ကိုယ့်ကို အလဲထိုးသွားမျိုး ကျွန်တော်မလိုချင်ဘူး”

ထိုမှတစ်ဆင့် အာထန်၏ ပညာရေးတွေ အဆင့်ဆင့်တက်ခဲ့သည်။ ထိုင်ဝမ် Feng Chia University (逢甲大學) မှ Mechanical Engineering ကို အဆင့်တစ်နဲ့ အောင်မြင်ခဲ့ပြန်သည်။

ကျောင်းပြီး၍ အလုပ်ရှာသောအချိန်၌ အာထန်သည် ကုမ္ပဏီတော်တော်များများ၏ ငြင်းဆန်ခြင်းကို ခံခဲ့ရသည်။ တချို့ကုမ္ပဏီက သူတောင်းစားအထင်နှင့် သူ့ကို မောင်းထုတ်ခဲ့ကြသည်။ နောက်ဆုံး၌ ကုမ္ပဏီတစ်ခုမှ၎င်းကို “အစမ်းသုံး” ရန်သဘောတူခဲ့သည်။ အာထန်ကြိုးစားခဲ့၏။ လခကောင်းဖို့ မမျှော်ကိုးခဲ့‌ေပ။ အချိန်ပို လုပ်အားခ မယူခဲ့။ သာမန်လူကောင်းများထက် သူအဆပေါင်းများစွာ ကြိုးစားခဲ့သည်။ သူ၏ အလုပ်အပေါ် တန်ဖိုးထားမှု၊ လေးစားမှုတို့ကြောင့် သူဌေး၏ ချီးမြှောက်မှုကို ခံခဲ့ရသည်။ သာမန်ဝန်ထမ်းဘဝကမှ မန်နေဂျာဖြစ်လာသည်အထိ အာထန်ကြိုးစားနိုင်ခံ၏။

တစ်နေ့တွင် အရမ်းလှပြီး ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်နဲ့ အာထန်ဆုံမိခဲ့သည်။ မည်သည့်မိဘကမှ ကိုယ့်သားသမီးကို ကိုယ်လက်အင်္ဂါ မသန်စွမ်းသူနဲ့ ပေးစားချင်ကြမှာ မဟုတ်။ လက်ဖြင့် လမ်းလျှောက်သူ၏ ဘဝထဲသို့ ကိုယ့်သမီးနဲ့ ဘယ်လက်တွဲခိုင်းရဲပါမည်နည်း။

“ကျွန်တော့်မှာ ခြေထောက် မသန်စွမ်းတာကလွဲရင် ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ မှန်ကန်တဲ့ အကျင့်စရိုက်တွေ ရှိသေးတယ်။ ဝင်ငွေလခကလည်း တည်ငြိမ်တယ်။ အရေးအကြီးဆုံးက ဦးသမီးကို ကျွန်တော်သိပ်ချစ်လို့ပါပဲ”

ယခုအချိန်တွင်မူ အာထန်၌ လှပသော သမီးလေး သုံးယောက်ရှိ‌ေနပြီး ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌ (速跑得機械公司董事長) ဖြစ်နေပြီ ဖြစ်သည်။

လွန်ခဲ့သော (၁၅)နှစ်တုန်း၌ အာထန်သည် ကားအရောင်းအဝယ် ကုမ္ပဏီတစ်ခုထဲသို့ “တွား” ပြီးဝင်ခဲ့ရ၏။ ဝန်ထမ်းအချို့မှ ၎င်းကို အလှူလာခံသူ၊ ငွေလာတောင်းသူထင်၍ မောင်းထုတ်ခြင်းခံခဲ့ရ၏။ “ကျွန်တော် ကားဝယ်မလို့” ဟူသော အာထန်၏ စကားကို မည်သူမျှ ဂရုမစိုက်ခြင်းမရှိခဲ့ကြပေ။

နောက်တစ်နေ့၌ ထိုကားကုမ္ပဏီသို့ပဲ အာထန် နောက်တစ်ကြိမ် “တွား” ဝင်ပြန်သည်။ ဘဏ်မှထုတ်လာသော ငွေတို့အား စားပွဲပေါ်တင်၍ ကားဝယ်မည်ပြောမှ ဝန်ထမ်းတို့မှာ ရေနွေးကမ်းသူ ကမ်း၊ ကော်ဖီပို့သူ ပို့ဖြင့် ပျာပျာသလဲ ကြိုဆိုခြင်းခံခဲ့ရလေသည်။ ငွေရှင်းပြီး၍ အာထန်မှ အသင့်ပါလာ‌ေသာ သေတ္တာအတွင်းမှ ကိရိယာတချို့ထုတ်လျှက် ဘရိတ်နှင့် လီဗာနေရာတွင် တပ်ဆင်ပြီး လက်နဲ့မောင်းနိုင်ရန် လုပ်ခဲ့သည်။

လွန်ခဲ့သော နှစ်(၂ဝ)ခန့်၌ ကျောင်းဆောင် (၇)ထပ်(၈)ထပ်တိုက်တွင် လောင်‌ေသာမီးကြောင့် ကျောင်းသား တော်တော်များများ အသက်ဆုံးရှုံးခဲ့ရခြင်းအား သတင်း၌ မြင်မိသောအခါ အာထန် အချိန် စိတ်ထိခိုက်ခဲ့ရသည်။ ၎င်းနောက် တစ်နေ့၌ ပင့်ကူတစ်ကောင် အမျှင်ကိုအသုံးပြုလျှက် စပျစ်ပင်ပေါ်မှ လျှောဆင်းလာသည်အား တွေ့သောအခါ အမြင့်ပေါ်မှ လျှောဆင်းနိုင်‌ေသာ စက်ကို သူထီထွင်ခဲ့သည်။ တိုက်အမြင့်၏ ပြတင်းပေါက်တစ်ခုမှာ ထိုစက်ကို တပ်၍ စမ်းသပ်ကြည့်‌ေသာအခါ မြေပြင်သို့ အန္တရာယ်ကင်းကင်း လျှောဆင်းလာနိုင်သည်ကို တွေ့လိုက်ရ၏။ ခွင့်ပြုမိန့်ယူ ထုတ်လုပ်၍ နိုင်ငံခြားအထိ ပြိုင်ပွဲဝင်ခဲ့ပြီး ထီထွင်ဆု ရွှေတံဆိပ်ကို သူရရှိခဲ့သည်။

တစ်‌ေန့တွင် ပါတီအကြီးအကဲတစ်ဦး ဟိုတယ်တစ်ခု၌ အစည်းအဝေးသွားတက်စဉ် ဓာတ်လှေကားထဲတွင် နှစ်နာရီကြာ ပိတ်မိနေခဲ့သည်။ အာထန်သိသောအခါ ဓာတ်လှေကားပျက်လျှင် သို့မဟုတ် ဓာတ်လှေကားထဲ ၌ပိတ်မိနေလျှင် အောက်ထပ်သို့ အလွယ်တကူဆင်းနိုင်‌ေသာ အန္တရာယ်ကင်း ဓာတ်လှေကားအား ထီထွင်ခဲ့ပြန်သည်။ ၎င်းထီထွင်မှုမှ အာထန်ကို “ရွှေဦးနှောက်” ဆုကို ရစေခဲ့ပြန်သည်။

အာထန် ထီထွင်ခဲ့သမျှ အသုံးအဆောင်များထဲမှ အာထန် အားအရဆုံးသည် ပစ္စည်းအဟောင်း၊ အပျက်တွေအား ပြန်လည်ပြုပြင် အသုံးပြုခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင်သည်လည်း မသန်မစွမ်း စွန့်ပစ်ပစ္စည်းကဲ့သို့ ဖြစ်ခဲ့ဖူး၍ မည်သည့် အရာကိုမဆို မပစ်ဘဲ သူ၏ရွှေဦးနှောက်နှင့် လက်နှစ်ဖက်အားအသုံးပြု၍ အဟောင်းမှအသစ်ရစေရန် ထီထွင်ခဲ့ခြင်းဖြစ်သည်။

အချိန် ရရှိခဲ့သော ဆုတွေမှာ “ထီထွင်ဆု ပထမ၊ ရွှေဦးနှောက်ဆု၊ International Geneva, Switzerlandက ထီထွင်ဆု ရွှေတံဆိပ်၊ ဂျာမဏီမှ လူသားအကျိုးပြုထီထွင်ဆု ရွှေတံဆိပ်၊ စသည်ဖြင့် ရရှိခဲ့သော ဆုတွေမှာ ရေး၍မကုန်နိုင်သလို အာထန်မှာ ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော မသန်စွမ်း ထီထွင်သူလည်း ဖြစ်ခဲ့သည်။

တစ်ချိန်တစ်ခါ၌ လူတွေ၏ကဲ့ရဲ့လှောင်ပြောင်ခံရသူ၊ လူတွေနှိမ်ခဲ့သူတစ်ဦးသည် သူ့ကိုယ်သူ မည်သည့်အခါမှ လွှတ်ချခြင်း မပြုခဲ့။ မသန်မစွမ်းသူ သူ့အတွက် ရှေ့ဆက်လှမ်းဖို့ ခြေလှမ်းမရှိ ဆိုခြင်းကို အာထန်သိခဲ့၏။ လူကောင်းတို့ထက် ဆတိုးမကြိုးစားလျှင် ၎င်းအတွက် မနက်ဖြန်ဆိုသည်မှာ ရှိလာနိုင်မည် မဟုတ်ဘူးဆိုသည်ကိုလည်း သိခဲ့၍“ဘယ်လောက်ပဲ ခက်ခဲပါစေ... အရှုံးမပေးဘူး” ဟူသောစိတ်ဖြင့် ကြိုးစားခဲ့သည်။

“ကံကြမ္မာဆိုသည် မွေးရာပါ မဟုတ်။ ကံကြမ္မာဆိုသည် မျိုးရိုးမလိုက်တတ်၊ ကံကြမ္မာအား လှည့်ပြောင်း၍ရနိုင်သည်၊ ကံကြမ္မာအား ထီထွင်၍ရသည်။ ကံကြမ္မာအား စိန်ခေါ်၍ရသည်၊ ဇွဲလုံ့လ၏နောက်၌ အောင်မြင်မှုဆိုတာ ရှိသည်” ဆိုခြင်းကို သူယုံကြည်ခဲ့၏။


မှီငြမ်း ... http://www.bcc.com.tw/about/sunlove7.asp Archived 15 August 2009 at the Wayback Machine.

ရေးသားသူ....... နိုင်းနိုင်းစနေ