အာဂရာမြို့

ဝီကီပီးဒီးယား မှ

အာဂရာမြို့သည် ဒေလီမြို့ကဲ့သို့ပင် အိန္ဒိယနိုင်ငံ ၏ ရှေးဟောင်း သမိုင်း၌ ထင်ရှားခဲ့သော မြို့ဖြစ်၍ ကမ္ဘာပေါ်တွင် အလှပဆုံး အဆောက်အအုံတစ်ခုဖြစ်သည့် တက်ဂျမဟာ သင်္ချိုင်းဂူကြီး တည်ရှိရာ မြို့လည်း ဖြစ်၏။ ရှားဂျဟန်းဘုရင်ကြီးသည် သူ၏ချစ်မြတ်နိုးလှသော မိဖုရားကြီးအား အစဉ်သတိ ရလျက် ကမ္ဘာပျက်သည့်တိုင် အထိမ်းအမှတ် ဖြစ်စေခြင်းငှါ ဤတက်ဂျမဟာကို ဖြူဖွေးနုထွတ်လှသော ကျောက်ဖြူ သားဖြင့် အံ့ဩဘွယ် ခမ်းနားကြီးကျယ်စွာ ဆောက်လုပ် ထားခဲ့လေသည်။ ( တက်ဂျမဟာ သင်းချိုင်းဂူ။)

အာဂရာမြို့သည် အိန္ဒိယနိုင်ငံ ဥတ္ထရဒေသပြည်နယ်ဒေသ ပြည်နယ်တွင် တည်ရှိ၍ ထိုပြည်နယ်၏ တတိယ အကြီးဆုံးမြို့ ဖြစ်သည်။ အိန္ဒိယကျွန်းဆွယ်တွင် ရှေးအကျဆုံးသောမြို့တစ်မြို့ လည်း ဖြစ်၏။ ကောက်သီး ကောက်နှံ၊ သကြား၊ ဆေးရွက်နှင့် ဝါဂွမ်းတို့ကို ရောင်းဝယ်ဖောက်ကားရာ အချက်အချာ ဌာနတစ် ခုလည်း ဖြစ်သည်။ အာဂရာမြို့၏ လူဦးရေမှာ ၆၃၇၇၈၅ ယောက်ဖြစ်၏။ ၁၆ ရာစုနှစ်အတွင်းက အိန္ဒိယနိုင်ငံသို့ ဝင်ရောက် တိုက်ခိုက်ခဲ့သော မွတ်စလင်များသည် မဂိုနိုင်ငံတော်ကြီးကို စတင်ထူထောင်ပြီး နောက် အာဂရာမြို့ကို ထီးနန်း စိုက်ထူရာမြို့ကြီးအဖြစ် ထားခဲ့ ၏။ အက္ကဗာဘုရင် တည်ဆောက်ခဲ့သော မြို့ရိုးကြီး၏ ပတ်လည်အလျားသည် တစ်မိုင်ခွဲခန့် ရှည်၍ ပေ ၇ဝ မြင့်၏။ အက္ကဗာဘုရင်ကြီးသည်ပင် အိန္ဒိယနိုင်ငံတွင် အထူးခြားဆုံး အဆောက်အအုံကြီးတစ်ခုဖြစ်သည့် နန်းတော်ကြီးကိုလည်း တည်ဆောက်ခဲ့၏။ အမှန်အားဖြင့်သော် အာဂရာ မြို့နှင့်တကွ မြို့ကို ဝိုင်းရံလျက်ရှိသည့် မြို့ရိုးကြီးကိုပါ အက္ကဗာဘုရင်ကြီး တည်ဆောက်ခဲ့၍ သူ၏အနွယ်တော်ဖြစ်သော ရှားဂျဟန်းဘုရင် နန်းတတ်သောအခါ တက်ဂျမဟာ သင်္ချိုင်းဂူကြီးကိုလည်း ကောင်း၊ ခမ်းနားလှသော ပုလဲပလီကြီးကိုလည်းကောင်း တည်ဆောက်ခဲ့လေသည်။ ထိုအဆောက်အအုံကြီးများမှာ ယနေ့ တိုင် အာဂရာမြို့၏ ကျက်သရေဆောင်များ ဖြစ်နေပေသေး သည်။ ကျောက်ဖြူအတိပြီးသော ထိုအဆောက်အအုံကြီး နှစ်ခုသည် ရှေးလူများ၏ ဆန်းကြယ်သော စိတ်ကူးနှင့် ဗိသုကာအတတ်ကို ဖော်ပြ လျက်ရှိလေသည်။ အာဂရာမြို့သည် ဗြိတိသျှတို့ လက်သို့ ၁၈ဝ၃ ခုနှစ်တွင် ရောက်ရှိခဲ့ပြီးနောက် အိန္ဒိယစစ်သားများ တော်လှန်ပုန်ကန် ရာတွင် ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံခဲ့ရ၏။ သို့သော် နောက်ဆုံး တွင် ဗြိတိသျှတို့က အောင်မြင်ပြီးလျှင် အစိုးရအိမ်တော်၊ ဆေးကျောင်းနှင့်အခြားကောလိပ်ကျောင်းများ အပါအဝင် လက်ရာ မြောက်သော ခေတ်မီအဆောက်အအုံ အချို့ကို ဆောက်လုပ်ခဲ့လေသည်။ အာဂရာမြို့သည် ယမုနာမြစ်ကြောင်းအားဖြင့်လည်းကောင်း၊ အာဂရာတူးမြောင်းအားဖြင့်လည်းကောင်း လွယ်ကူစွာ ကူးသန်း သွားလာနိုင်၍ စက်မှုလက်မှုများ ထွန်းကားရာ ဒေသပင် ဖြစ်လေသည်။ အာဂရာမြို့မှ ခြည်ထည်၊ ဇာ၊ဖိနပ်နှင့် ကော်ဇော များ ထွက်လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)