အအေးဓာတ်ပေးခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အအေးဓာတ်ပေးသည့် အတတ်မှ လူတို့ရရှိသည့် အကြီးမားဆုံးသော အကျိုးကျေးဇူး သည်ကား အစားအစာများကို အေးအောင်ပြုလုပ်ထားနိုင်ခြင်းနှင့် ထိုသို့ ပြုလုပ်နိုင်ခြင်းကြောင့် အစားအစာ များ မပုပ်မသိုးအောင် ဖန်တီးထားနိုင်ခြင်းပင် ဖြစ်လေသည်။ အအေးဓာတ်ပေး ခြင်းသည် အစားအစာများ ထားရှိသည့် လုံခြုံသောနေရာရှိ ပတ်ဝန်းကျင်ထက် ပို၍ အေးအောင် ဖန်တီးထားခြင်း ဖြစ်လေသည်။


ထိုသို့ အအေးဓာတ်ပေးနိုင်သဖြင့် အစားအစာများ မသိုးမပုပ်၍ လူတို့သည် အစာအမျိုးမျိုးကို တစ်နှစ် ပတ်လုံး စားသောက်နိုင်ကြလေသည်။ ၁၈၇ဝ ပြည့်နှစ် မတိုင်မီက လူများသည် အအေးဓာတ်ပေးသည့် အတတ်ကို မတတ်ကြသေး ချေ။ ကန်များ၊ အိုင်များ၊ သို့မဟုတ် မြစ်များအတွင်း၌ဆောင်း ရာသီအခါ ခဲနေသည့် ရေခဲများကို ခွဲဖြတ်ကြပြီးလျှင် ထိုရေခဲ တုံးများဖြင့် အစားအစာများကို အအေးဓာတ် ပေးခဲ့ကြ သည်။ ထိုပြင် နွေရာသီ၌ အသုံးပြုနိုင်ရန် ရေခဲများကို ရုတ်တစ်ရက် အရည်ပျော်မသွားစေရန် လွှာစာမှုန့်၊ ဖွဲ စသည့်ပစ္စည်းများနှင့် ဖုံးအုပ်ပြီးလျှင် ထားလေ့ရှိကြသည်။ ကမ္ဘာအပူပိုင်းဒေသများသို့ ရေခဲများကို လှေ၊ သင်္ဘော၊ မီးရထား၊ မော်တော်ကား စသည် တို့ဖြင့် ပို့ပေးကြရလေသည်။ ခရီးဝေးကွာသော နေရာများသို့ ပို့ပေးကြရသောအခါတွင် စရိတ်များလွန်းသဖြင့် ရေခဲကို လူတိုင်း မသုံးနိုင်ခဲ့ကြချေ။ ရှေးခေတ်နှင့် အလယ်ပိုင်းခေတ် များအတွင်းက ရေခဲများကို တောင်ထိပ်များမှ ခြေမြန်တော်များ၊ သို့မဟုတ် မြင်းများဖြင့် သယ်ဆောင်စေကာ ကြေးရတတ်များ ကသာ သုံးဆောင်နိုင်ခဲ့ကြလေသည်။


ရေခဲသည် အစဉ်သဖြင့် ဖာရင်ဟိုက် ၃၂ ဒီဂရီ အပူချိန်တွင် အရည်ပျော်သဖြင့် ယင်းသည် အအေးဓာတ် ပေးရာ၌ အသုံးဝင် လေသည်။ ရေခဲသည် အပူကိုလွန်စွာ စုတ်ယူနိုင်စွမ်း ရှိလေ သည်။ ရေခဲတစ်ပေါင် အရည် ပျော်တိုင်း အပူကယ်လိုရီ (အပူဧကမူ)ပေါင်း ၃၆,၂ဝဝ ကို စုတ်ယူနိုင်လေသည်။ ထို အချက်ကြောင့် အစား အစာများကို မပုပ်မသိုးအောင် ဖန်တီး ကြရာတွင် ရေခဲကို အသုံးပြုကြခြင်း ဖြစ်သည်။ အအေးဓာတ် ပေးသည့် ကိရိယာတွင် အအေးဓာတ်ကို ကာကွယ်ထားသည့် နေရာတစ်ခု၊ သို့မဟုတ် သေတ္တာတစ်ခုရှိသည်။ ထိုသေတ္တာ တွင် ပျက်စီးလွယ်သော အစားအစာများကို ထည့်ထားရသည်။ ရေခဲက သေတ္တာနှင့် သေတ္တာတွင်းရှိ ပစ္စည်းများကို အစားအစာ များအား ပျက်စီးစေသည့် ဗက်တီးရီးယားများ ဖြစ်ပေါ်မှုကို တားဆီးနိုင် လောက်အောင် အေးစေသည်။ ရေခဲသည် သေတ္တာ တွင်းရှိ တစ်နေရာတွင် ရှိသည်။ ရေခဲ အရည်ပျော်သော အခါ တွင် အပူကို စုတ်ယူ၏။ ထိုနည်းဖြင့် ရေခဲက အပူချိန်ကို အေးနေစေသည်။ အအေးကို ကာကွယ်ထား သည့် နံရံများမှ တစ်ဆင့် အပူသည် အအေးဓာတ်ပေးထားရာသို့ စိမ့်ဝင်သွား နိုင်သည်။ ထိုပြင် အပူသည် ကိရိယာ၏ တံခါးကို ဖွင့်လိုက် တိုင်းတွင်လည်း လေ၊ သို့မဟုတ် အစာနှင့်အတူ ပါဝင်လေ့ ရှိသည်။


ရေခဲမုံ့လုပ်ရာတွင်လည်း ရေခဲကိုပင် အသုံးပြုလေ့ရှိကြသည် ရေခဲမုံ့ဖြစ်စေမည့် ပစ္စည်းများကို ရောစပ်ပြီးလျှင် သံဖြူခွက် ရှည်ရှည်တစ်ခုတွင် ထည့်ထားရသည်။ ထိုခွက်၏ ပတ်ဝန်းကျင် တွင် ရေခဲတုံးများကို ကြေ အောင်ချေပြီးလျှင် သိပ်၍ထည့် ပေးရသည်။ ထိုရေခဲကြေများနှင့် ရော၍ ရိုးရိုအိမ်သုံးဆားကို ထည့်ပေး ရသည်။ ထိုသို့ ဆားနှင့် ရောထားသည့် ရေခဲသည် ဖာရင်ဟိုက် သုညဒီဂရီတွင် အရည်ပျော်နိုင်လေသည်။ ထိုသို့ အရည်ပျော်ရာတွင်ရှိသော အပူချိန်သည် ရေခဲမုံ့လုပ်ရန်ရော ထားသည့် အရောထဲမှ အပူကို ထုတ်ပယ် ကာ ရေခဲမုံ့ အစိုင်အခဲ ဖြစ်သွားစေလေသည်။


အအေးဓာတ်ပေးရာတွင် ရေခဲကိုသာ အသုံးပြုကြသည် မဟုတ်သေး၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုအခဲဖြစ် အောင် ဖန်တီးထားသည့် ရေခဲခြောက်ခေါ် ပစ္စည်းကိုလည်း အသုံးပြုလေ့ ရှိကြသေးသည်။ သာမန် လေထုဖိအားရှိချိန်၌ ကာဗွန်ဒိုင်အောက်ဆိုက်သည် အခဲ၊ သို့မဟုတ် ဓာတ်ငွေ့ အဖြစ်နှင့်သာ တည်ရှိနိုင်သည်။ ရေခဲဲခြောက်သည် အပူချိန် ဖာရင်ဟိုက် ၁၁ဝ ဒီဂရီတွင် အခဲအဖြစ်မှ ဓာတ်ငွေ့အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ ထိုသို့ ပြောင်းလဲသွာသော အခါ အရည်အဖြစ်နှင့် မည်သည်မျှ မကျန်ခဲဲ့ပေ။ ထိုမှတစ်ပါး ရေခဲခြောက်မှ ရရှိနိုင်သော အလွန်နိမ့်သည့် အပူချိန်သည်ရေခဲ မုံ့နှင့် အလားတူပစ္စည်းများကို သယ်ယူ ပို့ဆောင်ရေးအတွက် များစွာ အသုံးကျပေသည်။ ကျွန်ုပ်တို့ ရှူရှိုက်နေကြသော လေတွင် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့သည်လည်း ပါရှိသဖြင့် ထိုဓာတ်ငွေ့၌ အဆိပ်ဓာတ်မရှိကြောင်းမှာထင်ရှား လေသည်။ သို့သော် ထိုရေခဲခြောက်များကို ကိုင်တွယ်ရာတွင် လက်အိတ်များကို အသုံးပြုကြရလေသည်။ သို့မဟုတ်လျှင် လက်များ ပေါက်ပြဲကုန်ပေလိမ့်မည်။ ထိုရေခဲခြောက်များမစား နိုင်ချေ။ အကယ်၍ ရေခဲခြောက်ကို မျိုမိလျှင် လွန်စွာနာကျင် ပေလိမ့်မည်။ များသောအားဖြင့် သေတတ်လေသည်။ အရည်တစ်ခု ဆူပွက်ခြင်းသည် ထိုအရည်ပေါ်ရှိ ဖိအားပေါ် တွင် အခြေတည်လေသည်။ သာဓကအဖြစ် ဖော်ပြရသော် သာမန်လေထုအားဖြစ်သော စတုရန်းတစ်လက်မပေါ်၌ ဖိအား ပေါင်ချိန် ၁၄ ့၇ ရှိချိန်တွင် ရေသည် ဖာရင်ဟိုက် ၂၁၂ ဒီဂရီ ၌ ဆူပွက်လေသည်။ ရေပေါ်ရှိ ဖိအားကိုသာ လေထုတ်ပြွန် တစ်ခုခုဖြင့် စတုရန်း တစ်လက်မပေါ်တွင် ပေါင်ချိန် ဝ ့၁၂၂ အထိ လျှော့ချ ပေးနိုင်ခဲ့လျှင် ထိုရေသည် ဖာရင်ဟိုက် ၄ဝ ဒီဂရီ၌ ဆူပွက်လာပေလိမ့်မည်။ ထိုကြောင့် ပစ္စည်းတစ်ခုခုကို ဖာရင်ဟိုက် ၄ဝ ဒီဂရီထက် အေးအောင် ပြုလုပ်ပေးရန် မလိုလျှင် ရေကို အအေးဓာတ်ပေးသည့် ပစ္စည်းအဖြစ်နှင့် အသုံးပြုနိုင်လေသည်။


အအေးဓာတ်ပေးသော ကိရိယာများအတွင်းရှိ ကွန်ပရက်ဆာ များက ဖိအားကိုသာ ထိန်းသိမ်းထားနိုင်လျှင် သင့်တော်သည့် အပူချိန်နည်းနည်း၌ ဆူပွက်သည့် အရည်များကို အအေးဓာတ် ပေးသည့် ပစ္စည်းများအဖြစ်နှင့် အသုံးပြုနိုင်ပေသည်။ အမ်မိုနီယာသည် လူသုံးများသည့် အအေးဓာတ်ပေးသော ပစ္စည်းတစ်မျိုးဖြစ်သော်လည်း ယခုအခါတွင် ထိုပစ္စည်းထက်ပို၍ နှစ်သက်ဖွယ်ကောင်းပြီးလျှင် အဆိပ်ဓာတ်လည်း ပို၍နည်းပါး သော အအေး ဓာတ်ပေးသည့် ပစ္စည်းများကို ပိုမို၍ သုံးစွဲလာ ကြလေသည်။ ထိုကဲ့သို့သော ပစ္စည်းမျိုးများအနက် ဖရီယွန် ၁၂ သည် တစ်မျိုးဖြစ်၏။ ထိုဖရီယွန် ၁၂ ၏ ဓာတုဗေဒအမည်မှ ဒိုင်ကလိုဒိုင်ဖလူအိုရို မက်သိန်း ဖြစ်သည်။ လေထဲ၌ ထိုပစ္စည်း ၂ဝ ရာခိုင်နှုန်း ပါရှိနေစေကာမူ အဆိပ်မဖြစ်ချေ။ အခြားအသုံးများကြသော အအေးဓာတ် ပေး ပစ္စည်းများတွင် ဆာလဖာဒိုင်အောက်ဆိုက်နှင့် ဖရီယွန် ၁၁၄ ခေါ် ဒိုင်ကလိုရို တက်ထရာ ဖလူအိုရို အက်သိန်း ဓာတ်ပစ္စည်းတို့လည်း ပါဝင် သည်။


ပစ္စည်းတစ်ခုခုသည် ရုပ်အခြေအနေ ပြောင်းလဲသောအခါ တွင် အပူကိုစုတ်ယူခြင်းသော်လည်းကောင်း၊ ထုတ်လွှတ်ခြင်း သော်လည်းကောင်း ပြုလုပ်သည်။ ပုံပမာ - အရည်အဖြစ်မှ ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသွား ခြင်းနှင့် ဓာတ်ငွေ့အဖြစ်မှ အရည်အဖြစ်သို့ ပြန်လည်ပြောင်းလဲသည့်အခါမျိုး၌ ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရေခဲမှ ရေအဖြစ်သို့ပြောင်း လဲသွားသောအခါ အပူကို စုတ်ယူသွား၍ ရေအဖြစ်မှ ရေနွေး အဖြစ်သို့ ပြောင်းလဲရရာတွင်လည်း အပူကို စုတ်ယူသွားလေ သည်။ ထိုသို့ ရုပ်အခြေအနေ ပြောင်းလဲခြင်းသည် ထိုပစ္စည်း ပေါ်ရှိ လေထုဖိအားပေါ်တွင်လည်း အခြေတည်လေသည်။ အရည်တစ်ခုသည် ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲသော အပူချိန် သည် ထိုအရည်ပေါ်ရှိ လေထုဖိအားကို မြှင့်တင်ပေးသောအခါ မြင့်လာသည်။ လေထုဖိအားကို နှိမ့်လိုက်သောအခါ အပူချိန် သည် နိမ့်သွားသည်။


ဖိအားကိုသာ နှိမ့်ထားနိုင်လျှင် အရည်၏ အပူချိန်သည် နိမ့်နေ၍ ထိုအခါ အရည်၏ ပတ်ဝန်းကျင်ရှိ နေရာသည်လည်း အအေးဓာတ်ပေးပြီးသား ဖြစ်သွားလေသည်။ ယိုစိမ့်မှုသာ မဖြစ်ပွားလျှင် ထိုအအေးဓာတ်ပေးသည့်ပစ္စည်း ကို နှစ်ပေါင်း အတော်ကြာသည်အထိ ဆက်၍ သုံးစွဲနိုင်ပေ သည်။


ဖိအားနည်းနည်းသာရှိသော အခိုးအငွေ့ကို ဖိအားများသော အခိုးအငွေ့အဖြစ်သို့ ကွန်ပရက်ဆာက ပြောင်း လဲပေးနိုင်သည်။ ထိုသို့ဖြစ်နိုင်ရန် ကွန်ပရက်ဆာကို မိုတာ တစ်ခုခုကဖြစ်စေ၊ အင်ဂျင်(စက်)တစ်ခုခုကဖြစ်စေ ခုတ်မောင်းပေးရသည်။ များသောအားဖြင့် ပြုလုပ်လေ့ရှိသည်မှာ လျှပ်စစ်အားဖြင့် လည်စေ၍ မိုတာမှတစ်ဆင့် အအေးဓာတ်ကို ထုတ်လုပ် ယူလေသည်။


အစားအစာများကို အချိန်အနည်းငယ်မျှသာ ကြာအောင်ထား လိုလျှင် ဖာရင်ဟိုက် ၄၅ ဒီဂရီထက် မပို သော အပူချိန်သည် လုံလောက်သည်ဟု ယူဆကြသည်။ သို့သော် နွားနို့နှင့် မချက်ရသေးသော အသား (အသားစိမ်း)များကို အပူချိန် နှင့်ထားလျှင် ယင်းတို့သည် တစ်ရက်နှစ်ရက်ထက်ပို၍ခံမည် မဟုတ်ချေ။ ထို ကြောင့် အစားအစာများကို များသောအား ဖြင့် အချိန်အကန့်အသတ်နှင့် ရေခဲဖြင့် အအေးဓာတ်ပေးခြင်းကို ပြု လုပ်လေ့ရှိကြသည်။ ထိုသို့ ပြုလုပ်ရန် အအေးဓာတ်ပေး စက်အဖို့ မခဲယဉ်းချေ။ ထိုစက်ဖြင့် လိုသည့်အခန်း များကိုသာ လိုသလို အအေးဓာတ်ကို ပေးသွားနိုင်လေသည်။ လျှပ်စစ်ဓာတ်ဖြင့် အအေးဓာတ်ပေးသော စက်မျိုးရှိသည်။ ထိုစက်တွင် အငွေ့ပျံစေသည့် ကိရိယာအတွင်း ရှိ ဖိအားကို ကွန်ပရက်ဆာဖြင့် လျှော့ချလိုက်သောအခါ အအေးဓာတ်ကို ဖြစ်စေသည့် ပစ္စည်း၏ အပူချိန် သည် လျော့ကျသွားလေသည်။ အစားအစာထားသော အခန်းတွင်းရှိ အပူပိုသည် အငွေ့ပျံသည့် ပစ္စည်း ထားရှိ ရာအခန်း၏နံရံများမှ စီးသွားသည်။ ထိုအခါတွင် အတွင်းရှိ အအေးဓာတ်ကိုဖြစ်စေသောအရည် သည် အငွေ့ သော်လည်း ပျံသွားသည်။ သို့မဟုတ် အငွေ့ အဖြစ်သို့ ဆူပွက်သွားလေသည်။ ထိုအငွေ့တွင် အပူချိန်နိမ့်နိမ့် နှင့် ပင်လျှင် အအေးဓာတ်ပေးသည့်စက်အတွင်းရှိအပူပို များများကို စုတ်ယူပြီးလျက် ရှိသည်။


ထိုအပူပိုပါရှိပြီး အငွေ့ကို ပျံစေသည့် ကိရိယာမှကွန်ဒင် ဆာသို့ ဆက်သွယ်ထားသည့် ပြွန်ငယ်များဖြင့် ဆွဲယူ သည်။ ကွန်ဒင်ဆာကို အစာထားရှိသော အခန်း၏ အပြင်ဘက်တွင် ထားရှိသည်။ ထိုကွန်ဒင်ဆာ အတွင်း၌ အငွေ့သည် အရည် အဖြစ်သို့ တစ်ဖန်ပြန်၍ ပြောင်းလဲသွားလေသည်။ ကွန်ပရက်ဆာ၏တစ်ဖက်ရှိ အငွေ့ကို စုတ်ယူသောပြွန်ငယ် ဖြင့် လိုအပ်သည့်အငွေ့များကို စုတ်ယူခြင်းဖြင့် အငွေ့ပျံစေသော ကိရိယာအတွင်းရှိ ဖိအားကို လျော့သွားစေသည်။ ထိုအငွေ့ ဖိသိပ်ပြီးလျှင် အရည်ဖြစ်စေ သည့် ပြွန်ခွေအတွင်းသို့သွင်းပေး သည်။ ထိုသို့ သွင်းပေးလိုက်သဖြင့် ဖိအားက အရည်ဖြစ်စေ သည့် အပူချိန် ကို မြှင့်တင်ပေးလိုက်သည်။ အငွေ့အတွင်းရှိ အပူပိုသည် ကွန်ဒင်ဆာ၏ နံရံများမှတစ်ဆင့် အခန်းတွင်းရှိ ပို၍အေးသော လေထဲသို့ ရောက်ရှိသွားလေသည်။ ပျံ့နှံ့သွားသော အရည်သည် ကွန်ဒင်ဆာ၏ အောက်ဘက်ရှိ ရေကန်အတွင်းသို့ စီးဝင်သွားလေသည်။ ထိုအရည်ကို လိုသော အခါ တစ်ဖန်ပြန်၍ အသုံးပြုနိုင်လေသည်။ အိမ်တွင် အသုံးပြုလေ့ရှိသော အအေးဓာတ်ပေးစက်တွင်မူ ဓာတ်ငွေ့ကို အရည်ဖြစ်သည်အထိ ချုံ့ထားပြီး လျှင်ထိုအရည် ကို အစားအစာထားသည့် အခန်း၏ အောက်ဘက်တွင် ပြွန်ခွေ အတွင်း၌ ရှိနေစေသည်။ ထို အရည်ဖြစ်နေသော ဓာတ်ငွေ့ကို အစာထားသည့် နေရာဆီသို့ လိုအပ်သမျှသာ ရောက်ရှိစေရန် အဆို့ရှင်ဖြင့် ဖန်တီးပေးသည်။ အရည်အဖြစ်မှ ဓာတ်ငွေ့အဖြစ် သို့ ပျံ့ထွက်သောအခါ ပြွန်ခွေများသည် ပတ်ဝန်းကျင်ရှိ လေမှ အပူများကို စုတ်ယူခြင်းဖြင့် လွန်စွာအေးလာလေသည်။ ထိုနောက်မှ ဓာတ်ငွေ့ကို စုတ်ယူသည့် ပြွန်မှ တစ်ဆင့် ကွန်ပရက်ဆာအတွင်းသို့ စုတ်ယူပြီးလျှင် အရည်ပြန်၍ဖြစ်စေ ကာ အေး၍ နေစေသည်။ ပြီးလျှင် ပြွန်ခွေတွင် နောက်တစ်ဖန် အသုံးပြုရန်အတွက် သိုလှောင်ထားသည်။ လျှပ်စစ်ဓာတ်ကို အသုံးမပြုသော အအေး ဓာတ်ပေးစက်မျိုးတွင် ပါရှိသော သဘောမှာ အထက်ဖော်ပြပါ စက်မျိုးနှင့် အတူတူပင် ဖြစ်သော် လည်း အအေးဓာတ် လည်ပတ်စေခြင်းကို လျှပ်စစ်ဓာတ်ဖြင့် ခုတ်မောင်းသော အရည်စုတ်စက်ဖြင့် မပြုလုပ်ဘဲဓာတ်ငွေ့ မီးတောက်ကလေးဖြင့်သာ သယ်ဆောင်ခြင်းနှင့် ပျံ့ကားခြင်း တို့ကို ဖြစ်စေလေသည်။


အပူပိုင်းနှင့် သမပိုင်းဇုန်ရှိ ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ စသည့် လူအများ သွားရောက်လေ့ရှိကြသော အဆောက် အအုံများတွင် နွေရာသီ၌ အတွင်းဘက်တွင် အေးနေစေရန် ပန်ကာခေါ် လေရဟတ်ကို အသုံးမပြုကြပဲ အအေး ဓာတ်ပေးစက်များကို အသုံးပြုလေ့ ရှိကြသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ရှိ အချို့သော ရုပ်ရှင်ရုံ၊ စက်ရုံ၊ နေအိမ်များနှင့်တကွ မင်္ဂလာဒုံလေဆိပ် အဆောက်အအုံကြီးတို့ တွင်လည်း ထိုကဲ့သို့စက်မျိုး တပ်ဆင်ထားသည်ကို တွေ့ရလေ သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)