အသွင်၂၁ မျိုးနှင့် မိစ္ဆာ
အသွင်၂၁ မျိုးနှင့် မိစ္ဆာ (かい人21面相 ခိုင်းဂျင်း နီဂျုချိ မဲန်ဆော) မှာ (မူရင်းမှာ အဲဒိုဂဝါ ရမ်ပို ၏ စုံထောက်ဇာတ်လမ်းမှ ဗီလိန်အမည်) ဂျပန်နိုင်ငံ ဂလီကို မိုရိနာဂ အမှု၌ ငွေညှစ်စာများ ပေးပို့ရန်အတွက် လူ သို့မဟုတ် အဖွဲ့ ၁ ဖွဲ့က အသုံးပြုခဲ့သော နာမည်ဝှက်ဖြစ်သည်။ "အသွင် ၂၁ မျိုး နှင့် လျှို့ဝှက်ဆန်းကြယ် အမျိုးသား"[၁] နှင့် "ရုပ်လွှာ ၂၁ မျိုးနှင့် ဝိညာဉ်"[၂] စသည်တို့အပါအဝင် ဘာသာပြန်အမည် မူကွဲအမျိုးမျိုးအား အမှုအကြောင်း ရေးသားသည့် ဆောင်းပါးများနှင့် စာအုပ်များ တွင် အသုံးပြုခဲ့ကြသည်။
ပေးစာများ
[ပြင်ဆင်ရန်]အဲဇကိဂလိကို ထံ လိပ်မူသော ပေးစာများ
[ပြင်ဆင်ရန်]ဂလိကိုလုပ်ငန်းဥက္ကဋ္ဌ ခဆုရှိဆ အဲဇကိအား ပြန်ပေးဆွဲ လွတ်မြောက်ပြီးနောက် အစားအစာထုတ်လုပ်ရေး အကြီးစားကုမ္ပဏီ အဲဇကိဂလိ သို့ ပထမဆုံးပေးစာကို ၁၉၈၄ မေ ၁၀တွင် အသွင် ၂၁ မျိုးနှင့် မိစ္ဆာ က ပေးပို့ခဲ့သည်။ ဒေါ်လာ ၂၁ သန်း တန်ကြေးရှိ ကုမ္ပဏီ၏ ချိုချဉ်ခဲဖွယ်များကို ပိုတက်ဆီယမ်ဆိုင်ယာနိုက်ဒ် ဆိုဒါ သုတ်လိမ်းထားကြောင်း ပေးစာတွင် ရေးသားထားပြီး နောက်ပိုင်းတွင် စတိုစင်ပေါ်တွင် တင်ထားကြောင်း ခြိမ်းခြောက်ခဲ့သည်။ ဤသို့ အဆိပ်ခတ်ထားသော ချိုချဉ်များကို မတွေ့ရှိခဲ့ရသော်လည်း ဂလိုကို ထုတ်ကုန်များကို စတိုးဆိုင်များမှ သိမ်းဆည်း ဖယ်ရှားခဲ့ရသည့်အတွက် ဒေါ်လာ သန်း ၂၀ ဆုံးရှုံးပြီး အချိန်ပိုင်းအလုပ်သမား ၄၅၀ အား အလုပ်မှ ရပ်နားခဲ့ရသည်။
ခြောက်လန့်မှုနောက်ကွယ်မှ တရားခံ(များ)အား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ရန် ကြိုးပမ်းမှုအား သရော်မော်ကား ရေးသားထားသည့် စာများကို အသွင် ၂၁မျိုးနှင့် မိစ္ဆာ က မီဒီယာများထံ ပေးပို့ခဲ့သည်။ ယင်းပေးစာများအနက်မှ အိုဆာကာ ဒေသိယစကားအား ဟိရဂန အက္ခရာ အသုံးဖြင့် ရေးသားထားသော စာတစ်စောင် ၏ ကောက်နှုတ်ချက်တွင် "ချစ်ရပါသော ရဲအရာရှိ ငတုံးများ အလိမ်အညာစကားတွေ မပြောကြပါနဲ့။ ခင်ဗျားတို့ မသိဘူးလား။ ကျွန်တော်တို့ ဂျပန်ပြည်မှာ ပြောလေ့ရှိတဲ့အတိုင်းပေါ့ ရာဇဝတ်မှုတိုင်းဟာ အလိမ်အညာနဲ့ စတာချည်းပဲ။" အခြား သရော်စာ တစ်စောင်ကို ကိုရှိအန် ရဲဌာနသို့ ပေးပို့ခဲ့ရာ၌ "ခင်ဗျားတို့ ဘာကြောင့် တိတ်တိတ်မနေနိုင်ရတာလဲ? ခင်ဗျားတို့ လမ်းပျောက်နေပုံပဲ။ ကျွန်တော်တို့ကပဲ ခင်ဗျားတို့ကို ကူညီရတော့မှာပေါ့။ ခင်ဗျားတို့ကို သဲလွန်စပေးလိုက်မယ်။ စက်ရုံရှေ့ပေါက်ကနေ ကျွန်တော်တို့ ဝင်ခဲ့ကြတာ။ ကျွန်တော်တို့ သုံးတဲ့ လက်နှိပ်စက်ကတော့ PAN-writer ပဲ။ ထည့်စရာ ပလတ်စတစ်အိတ်ကို လမ်းဘေးအမှိုက်အိတ်ကနေ ယူသုံးထားတာ။ အသွင် ၂၁မျိုးနှင့် မိစ္ဆာ" ဟု ရေးသားပါရှိသည်။
ဇွန် ၂၆ တွင် အသွင် ၂၁မျိုးနှင့် မိစ္ဆာ က ဂလိကိုအား ခွင့်လွှတ်ကြောင်း သတင်းစကား ထုတ်ပြန်ခဲ့ပြီး ကုမ္ပဏီအား အနှောင့်အယှက်ပြုမှုများ ချုပ်ငြိမ်းသွားသည်။
မိုရီနာဂသို့ ပေးစာများ
[ပြင်ဆင်ရန်]ဂလိုကိုအား အနှောင့်အယှက်ပြုမှု ရပ်တန့်သွားသည့်နောက် အခြား အလားတူရာဇဝတ်ကမ်ပိန်းများအား အမည်ဝှက် တခုတည်းကိုပင် အသုံးပြုလျက် အခြားချိုချဉ်ခဲဖွယ်ကုမ္ပဏီ မိုရီနာဂ၊ စားသောက်ကုန် ကုမ္ပဏီ မာရူဒိုင်း ဝက်ပေါင်ခြောက်နှင့် ဟောက့်စ် အစားအစာကော်ပိုရေးရှင်းတို့အား အသွင် ၂၁မျိုးနှင့် မိစ္ဆာ က ပစ်မှတ်ထားခဲ့သည်။
၁၉၈၄ အောက်တိုဘာ၌ အသွင် ၂၁မျိုးနှင့် မိစ္ဆာ က လက်မှတ်ရေးထိုးထားပြီး "နိုင်ငံ့မာတာများ" ထံသို့ လိပ်မူထားသည့် စာတစောင်ကို အိုဆကာ သတင်းဌာနများသို့လည်းကောင်း ဂလိကိုထံသို့လည်း အလားတူသတိပေးချက်ကို ပေးပို့ခဲ့ သည်။ မိုရီနာဂ သကြားလုံး အထုပ် ၂၀ အား သေစေနိုင်သော ဆိုဒီယမ်ဆိုင်ယာနိုက်ဒ် သုတ်လိမ်းထားကြောင်း ရေးသားပါဝင်သည်။ စာလက်ခံရရှိပြီးနောက် တိုကျိုမှ ဂျပန်အနောက်ပိုင်းတိုင်အောင် ရဲတပ်ဖွဲ့က စတိုးဆိုင်များတွင် ရှာဖွေခဲ့ရာ သေစေနိုင်သော မိုရိနာဂထုတ် ချောကလက်လုံးများနှင့် အိန်ဂျယ်ပိုင်မုန့်များ အထုပ် တစ်ဒါဇင်ကျော်ကို မည်သူမျှ အဆိပ်မမိခင် တွေ့ရှိခဲ့သည်။[၃] ယင်းအထုပ်များပေါ်၌ "အန္တရာယ်သတိပြု - အဆိပ်ပါသည်" ကဲ့သို့ အမှတ်တံဆိပ်များ ကပ်ထားသည်။ နဂိုအနေအထားပျက်ယွင်းနေသော ချိုချဉ်ထုပ်များအား ၁၉၈၅ ဖေဖော်ဝါရီတွင် ထပ်မံတွေ့ရှိရရာ သေစေနိုင်သော ချိုချဉ်ထုတ်ကုန် စုစုပေါင်း ၂၁ ထုပ်အထိ တိုးလာခဲ့သည်။[၄]
ရဲအုပ်ယာမာမိုတို သေဆုံးခြင်း နှင့် ပေးစာများ ရပ်တန့်သွားခြင်း
[ပြင်ဆင်ရန်]အသွင် ၂၁မျိုးနှင့် မိစ္ဆာ နောက်ကွယ်က ကြိုးကိုင်ခြယ်လှယ်သူအား လက်ရမဖမ်းနိုင်သည့်အတွက် ရှိဂစီရင်စု ရဲအုပ် ယာမာမိုတိုက ၁၉၈၅ ဩဂုတ်တွင် အသက်စတေးသည့်အနေဖြင့် မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည်။ ထိုသို့ဖြစ်ပွားပြီး ၅ ရက်အကြာ ဩဂုတ် ၁၂ တွင် "မိစ္ဆာ" က မီဒီယာများထံ ၎င်း၏ နောက်ဆုံး သတင်းစကားပါးရာ၌ -
ရှီဂစီရင်စုရဲတပ်ဖွဲ့က ယာမာမိုတု သေသွားပြီ။ ဘယ်လောက်တုံးလိုက်သလဲ။ ရှိဂမှာ ငါတို့သူငယ်ချင်းတွေ ဒါမှမဟုတ် တိတ်တဆိတ် ခိုအောင်းတဲ့နေရာလည်း မရှိဘူး။ ယိုရှိနို ဒါမှမဟုတ် ရှိကတာတို့ကသာ သေသင့်တဲ့သူတွေ။ ၁ နှစ် နဲ့ ၅ လ ကြာတဲ့အထိ သူတို့တွေဘာလုပ်နေကြတာလဲ။ ငါတို့လို လူဆိုးတွေ လွတ်မြောက်မသွားစေနဲ့။ ငါတို့လို လိုက်လုပ်ချင် နေကြတဲ့ အရူးတွေ ရှိတယ်။ ယာမာမိုတိုက ယောက်ျားပီပီသသပဲ သေသွားခဲ့ပြီမို့လို့ စိတ်မကောင်းကြောင်း သတင်းပါး လိုက်ပါတယ်။ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို နှိပ်စက်နေတာတွေကို မေ့ပစ်လိုက်တော့မယ်လို့ ငါတို့က ဆုံးဖြတ်လိုက်ပြီ။ တကယ်လို့များ အစားအသောက်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို ငွေညှစ်တဲ့သူများ ရှိလာခဲ့ရင် ငါတို့ မဟုတ်ဘဲ ငါတို့ကို ပုံတူကူးချသူသာ ဖြစ်တယ်။ ငါတို့က လူဆိုးတွေဆိုတော့ ကုမ္ပဏီတွေကို အနိုင်ကျင့်တာတွေ ထက် တခြားလုပ်စရာတွေရှိတယ်။ လူဆိုးဘဝက ပျော်စရာကောင်းတယ်။ အသွင် ၂၁ မျိုးနှင့် မိစ္ဆာ။
ဤပေးစာနောက်တွင် အသွင် ၂၁ မျိုးနှင့် မိစ္ဆာ အကြောင်း မကြားရတော့ပေ။ ဂလိကိုကုမ္ပဏီဥက္ကဋ္ဌ ခါဇုဟိဆအဲဇခီအား ပြန်ပေးဆွဲမှုအတွက် statute of limitation မှာ ၁၉၈၅ ဇွန်တွင် သက်တမ်းကုန်ပြီး အဆိပ်ခတ်ရန်ကြံစည်မှုအတွက် ၂၀၀၀ ဖေဖော်ဝါရီတွင် သက်တမ်းကုန်သည်။ သံသယဖြစ်ခံရသူ တစ်ဦးကိုမျှ ဖမ်းဆီး ရုံးတင်စွဲဆိုနိုင်ခြင်းမရှိဘဲ အသွင် ၂၁မျိုးနှင့် မိစ္ဆာ မည်သူမည်ဝါဖြစ်ကြောင်းမှာလည်း ပဟေဠိဖြစ်ကျန်ရစ်သည်။
အဓိကသံသယရှိသူများ
[ပြင်ဆင်ရန်]ဗီဒီယိုတိပ်ခွေပေါ်က အမျိုးသား
[ပြင်ဆင်ရန်]
ဂလိုကို ချိုချဉ်ခဲဖွယ်များအား အဆိပ်ခတ်မည်ဟု အသွင် ၂၁မျိုးနဲ့ မိစ္ဆာ က ခြိမ်းခြောက်ခဲ့သည့်နောက် ဂလိကို၏ ဆိုင်တင်ကုန် အများအပြားအား ဖယ်ရှားရုပ်သိမ်းပြီးသည့်အခါ ယိုမီယူရိ ဘီလူးကြီးများ ဘေ့စ်ဘောလ် ဦးထုပ် ဆောင်းထားသော အမျိုးသားတစ်ဦးက ဂလိကိုချောကလက်များကို အရောင်းစင်များပေါ် တင်နေသည်အား လုံခြုံရေး ကင်မရာမှ ရိုက်ယူဖမ်းမိသည်။ အသွင် ၂၁မျိုးနှင့် မိစ္ဆာ နောက်ကွယ်တွင် ပါဝင်နေသည်ဟု ယုံကြည်ရသည့်အတွက် အခင်းဖြစ်ပွားပြီးနောက် လုံခြုံရေးကင်မရာဓာတ်ပုံကို လူထုထံ ထုတ်လွှင့်ခဲ့သည်။[၅]
မြေခွေးမျက်လုံးပိုင်ရှင်
[ပြင်ဆင်ရန်]ယန်း သန်း ၅၀ နှင့်အလဲအလှယ်လုပ်သည့်အားဖြင့် မာရူဒိုင်း ဝက်ပေါင်ခြောက်လုပ်ငန်းအား အနှောင့်အယှက်ပြုနေမှု အား ရပ်တန့်ရန် မိစ္ဆာကောင်က သဘောတူလိုက်ပြီးနောက် ၂ ရက်အကြာ ဇွန် ၂၈ ရက်တွင် ကြိုးကိုင်ခြယ်လှယ်သူအဖြစ် သံသယရှိခံရသူအား ရဲတပ်ဖွဲ့က လက်ရဖမ်းမိလုနီးပါးဖြစ်ခဲ့သည်။ အမှုလိုက်တစ်ဦးက မာရူဒိုင်းဝန်ထမ်းအဖြစ် အသွင်ယူလျက် ငွေ အလဲအလှယ်လုပ်ရန်အတွက် မိစ္ဆာ၏ လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ခဲ့သည်။ ငွေထုပ်ချထားရမည့် နေရာသို့ ရထားစီးသွားစဉ် သံသယဖြစ်ဖွယ် လူတစ်ဦးက သူ့အား စောင့်ကြည့်နေခဲ့သည်။ နေကာမျက်မှန် တပ်ဆင်ပြီး ဆံပင်တိုတိုကို သေသေသပ်သပ်ဖြီးသင်ထားသော လူကောင်ကြီးကြီး အမျိုးသားဟု အဆိုရှိသည်။ "မြေခွေးမျက်လုံး" များ ရှိသည်ဟုလည်း ပြောဆိုသည်။ အမှုလိုက်များက ရထား တစ်စင်းမှ တစ်စင်းကူးပြီး ၎င်းအမျိုးသား မြေခွေးမျက်လုံးပိုင်ရှင် (キツネ目の男 ကီဇုနဲ-မဲ နော့ အိုတိုခို) နောက် လိုက်ခဲ့သော်လည်း အဆုံးတွင် လွဲချော်သွားခဲ့သည်။ အခြား လျှို့ဝှက် ငွေကြေး အပေးအယူ တစ်ခုကို ဟောက့်စ် အစားအစာကော်ပိုရေးရှင်း နှင့် ပြုလုပ်စဉ်က အဆိုပါ မြေခွေးမျက်လုံးပိုင်ရှင်ကို "မိစ္ဆာ" အဖွဲ့နှင့်အတူ အမှုလိုက်များက တွေ့ခဲ့ရသော်လည်း ၎င်းက ရဲများလက်မှ ထပ်မံ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။
တိုကျိုမြို့တော်ရဲတပ်ဖွဲ့က အစပထမပိုင်းတွင် ယာကူဇာဂိုဏ်းသား မာနဘုမီယာဇာကိ ကို မြေခွေးမျက်လုံးပိုင်ရှင်နှင့် ဗီဒီယိုတိပ်ခွေပါ အမျိုးအသားနှင့် ရုပ်ချင်းဆင်တူမှုကြောင့် သံသယရှိခံရသူအနေဖြင့် ဖော်ထုတ်ခဲ့သော်လည်း သူ၏အလီဘိုင်ကို စစ်ဆေးပြီးနောက် ဂီလ်ကို-မိုရိနာဂ မှုခင်းများနှင့် ဆက်နွယ်မှုအား ရှင်းလင်းပေးခဲ့သည်။
ရုပ်ရှင်
[ပြင်ဆင်ရန်]စာရေးဆရာ/ဒါရိုက်တာ မိုက်ကယ်ဝယ်လ်ဘောန် က ဤရာဇတ်မှုဆိုင်ရာ ရုပ်ရှင် "The Monster With 21 Faces" ကို ထုတ်လုပ်သည်။ ၂၀၁၈ အောက်တိုဘာ ၁၃ ၌ မီရှီဂန် ဘေးစီးတီးရှိ ပြည်နယ်ပြဇတ်ရုံ၌ ရှိသော CinemaSlice တွင် ကျင်းပသည့် "A Slice of Fright Film Festival" တင်ဆက်ပြသသည်။[၆][၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Excerpt from Tracking the Mystery Man with the 21 Faces (Autumn 1996)။ July 18, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ Ezaki Glico Company Ltd. History။
- ↑ Japan: Sweet and Deadly (October 22, 1984)။ 24 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2019 တွင် ပြန်စစ်ပြီး။
- ↑ 16-year police probe of Glico-Morinaga case to end (February 14, 2000)။ June 5, 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ TOPPAMONO Outlaw. Radical. Suspect. My Life in Japan's Underworld။
- ↑ "The Monster with 21 Faces - CinemaSlice.com - Slice the Planet" (in en-US)။ 15 September 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 14 August 2020။
- ↑ "Slice of Fright Film Festival 2018 - CinemaSlice.com - Slice the Planet" (in en-US)။ 15 September 2019 တွင် ပြန်စစ်ပြီး။ Archived from the original on 16 September 2019။