အသံလွှင့်ခြင်း

ဝီကီပီးဒီးယား မှ

အသံလွှင့်ခြင်းဖြင့် ရေဒီယိုအသံဖမ်းစက် ရှိသူများအား အသံများကို လိုအပ်သလို ဖမ်းယူ၍ နားထောင် နိုင်စေလေသည်။ ရေဒီယိုသည် ပထမစစ်ကြီးအပြီးလောက်မှ စတင် ပေါ်ပေါက်လာခဲ့လေသည်။ ကမ္ဘာပေါ်တွင် အကြမ်းအားဖြင့် အသံလွှင့်သူနှင့် အသံလွှင့် သည်ကို နားထောင်သည့် ပရိသတ်ဟူ၍ နှစ်မျိုးပိုင်းခြားနိုင်၏။ အသံလွှင့်သူများက မိမိတို့ကို နားထောင်သည့် ပရိသတ်ရှိသည် ဆိုသည်ကို သိရ၍ ဝမ်းမြောက်ကြသကဲ့သို့ နားသောတဆင်ကြ သော ပရိသတ်တို့ကလည်း သူတို့နားထောင်လိုသည်ကို နားထောင် နိုင်ကြသဖြင့် ဝမ်းမြောက်ကြလေသည်။ ကမ္ဘာ့စတူဒီယိုများနှင့် အသံလွှင့်သူ စကားပြောသည့် စတူဒီ ယိုသာ ဆက်ထားမည်ဆိုလျှင် အခန်းကျဉ်း ကလေးထဲရှိ မိုက္ကရို ဖုန်းတစ်ခုရှေ့တွင် လူတစ်ယောက်က ထိုင်၍ မိုက္ကရိုဖုန်းသို့ ခပ်တိုးတိုးစကားပြောပေး ခြင်းဖြင့် တစ်ကမ္ဘာလုံးသို့ သူပြော သမျှသည် သွားနိုင်ပေလိမ့်မည်။ စတူဒီယို တစ်ခုအတွင်း၌ မိုက္ကရိုဖုန်း တစ်ခုတည်းဖြစ်စေ၊ နှစ်ခုဖြစ်စေ၊ တစ်ဒါဇင်ပင်ဖြစ်စေ ရှိနိုင်ပေ သည်။ များသောအားဖြင့် အဆိုနှင့် အတီးအမှုတ်များကို အသံလွှင့်ပေး လိုလျှင် ဆိုသူ၊ တီးမှုတ်သူများနှင့် တီးမှုတ်သည့် ကိရိယာ တန်ဆာပလာများသည် စတူဒီယိုတစ်ခုအတွင်း၌သာ ရှိကြရ လေသည်။ မိုက္ကရိုဖုန်း ဆိုသည်မှာ အလွန်ပါးနပ်သည့် နားနှင့် တူသည်ဟု ဆိုနိုင်သော ကိရိယာတစ်မျိုး ဖြစ်ပြီးလျှင် ထိုကိရိ ယာသည် တစ်ဖက်တည်းသို့သာ ရှေးရူလျက် ရှိသည်။ ထိုကိရိယာကို အလွန်အားကောင်းသော အလင်းရောင်ခြည်နှင့် တူသည်ဟုလည်း ဆိုနိုင်ပေသည်။ ထိုအလင်းရောင်ခြည်ကျသည့် နေရာရှိ ပစ္စည်းတစ်ခုခုကို ထင်ရှားစွာမြင်နိုင်မည်ဖြစ်သော်လည်း အလင်းရောင်ခြည် မကျသောနေရာရှိ လူ၊ သို့မဟုတ်အရာဝတ္ထု ကိုမူ မြင်စေနိုင် မည် မဟုတ်ချေ။ ထို့အတူ ပတ်မကြီးပေါ်တွင် အလင်းရောင်ခြည်ကျရောက်၍ နှဲပေါ်တွင် အလင်းရောင်ခြည် မကျရောက်လျှင် ပတ်မကြီးကိုသာ မြင်ရမည်ဖြစ်ပြီး နှဲကိုမူ မြင်ရမည် မဟုတ်ပေ။ ထိုသဘောအတိုင်းပင် ပတ်မကြီး၏ အသံကြားရာဘက်တွင် မိုက္ကရိုဖုန်းကို ထား၍ နှဲသံလာရာ ဘက်တွင် မိုက္ကရိုဖုန်းကို မထားလျှင် ပတ်မကြီး၏ အသံကိုသာ ကြားရမည်ဖြစ်ပြီးလျှင် နှဲသံကိုမူ ကြားရမည် မဟုတ်ချေ။ ထို ကြောင့် ပတ်မကြီး ၏ အသံနှင့် နှဲသံများကို မှန်မှန်ကြားနိုင် စေရန် ပတ်မကြီးနှင့် နှဲတို့ကို မိုက္ကရိုဖုန်းနှင့် သင့်တော်မည့် နေရာများသို့ ရွှေ့ပေးရပေလိမ့်မည်။ ထိုသို့ တီးမှုတ်သည့် ကိရိယာ တန်ဆာပလာများ၊ သို့မဟုတ် သီဆိုကြသူများ၏ အသံများကို မျှမျှတတ ကြားနိုင် စေရန် ကိရိယာ တန်ဆာပလာများကိုဖြစ်စေ၊ သီဆိုသူများကို ဖြစ်စေ မိုက္ကရိုဖုန်းနှင့် အဆင်ပြေအောင် ရွှေ့ထားခြင်း၊ သို့မဟုတ် နေစေခြင်းကို မိုက္ကရိုဖုန်းနှင့် မျှတအောင် ဖြစ်စေ ခြင်းဟု ခေါ်သည်။ ထိုသို့ တီးမှုတ်သည့် ကိရိယာတန်ဆာ ပလာများနှင့် သီဆိုသူများ၏ နေရာများသည် မိုက္ကရိုဖုန်း ထာသည့်နေရာနှင့် မျှမျှ တတ ရှိမှသာလျှင် အသံကို မျှမျှတတ ကောင်းမွန်စွာ ကြားနိုင်ပေလိမ့်မည်။ အသံလွှင့်ရာတွင် စတူဒီယိုသည်လည်း လွန်စွာ အရေးကြီး လေသည်။ ရှေးအခါက စတူဒီယိုအဖြစ် သာမန်အခန်းတစ် ခန်းကို အသုံးပြုခဲ့ကြရာ ရေဒီယို နားထောင်သူများသည် မနှစ် မြို့ဖွယ်သော အသံအမျိုးမျိုးကို ရော၍ ကြားကြရလေသည်။ ထိုကြောင့် စတုဒီယိုကို တစ်မျိုးတစ်ဖုံ ပြုပြင်ပေးကြရလေ သည်။ စတူဒီယို၏ အတွင်း ပတ်ပတ်လည်ရှိ နံရံများကို ပဲ့တင်သံ မရိုက်ခတ်နိုင်စေရန် အဝတ်အထည်ထူထူကိုဖြစ်စေ၊ ဝါဂွမ်း ထူထူကိုဖြစ်စေ ကပ်ထားရလေသည်။ အုတ်နံရံသာ ဖြစ်လျှင် ပဲ့တင်သံရိုတ်ခတ်မည် ဖြစ်သဖြင့် သီချင်းသံနှင့် တီးမှုတ်သံများသည် ပြတ်ပြတ်သားသား ဖြစ်ပေါ်လာနိုင်ကြမည် မဟုတ်ဘဲ ပဲ့တင်ရိုက်ခတ်သံများ ပါဝင် ရောနှော၍ နေမည်ဖြစ် သဖြင့် နားထောင်၍ ကောင်းမည် မဟုတ်ချေ။ ပြင်ပမှ မော်တော်ကားသံ၊ မီးရထားသံ စသည့် မည်ကဲ့သို့သော် အသံပလံမျိုးမှ စတူဒီယိုအတွင်းသို့ မဝင်နိုင်စေရန်လည်း ဖန်တီးထားရလေသည်။ ကောင်းမွန်သည့် စတူဒီယိုများတွင် ပြတင်းပေါက်များ ကိုဖြစ်စေ၊ တံခါးများကိုဖြစ်စေ ထားလေ့မရှိကြချေ။ ထိုသို့ ပြတင်းပေါက်များနှင့် တံခါးများမရှိသည်တိုင်အောင် စတူဒီယို အတွင်းသို့ အပြင်မှ ဝင်နိုင်မည့် အပေါက်များကား အမှန်ပင် ရှိရပေမည်။ သို့မှသာ သီဆိုမည့်၊ သို့မဟုတ် တီးမှုတ်မည့်သူ များ စတူဒီယို အတွင်းသို့ ဝင်နိုင်ထွက်နိုင်ကြပေလိမ့်မည်။ ထိုကြောင့် စတူဒီယိုကောင်းများတွင် တံခါးများကို နှစ်ထပ် ထားလေ့ရှိကြသည်။ တံခါးနှစ်ထပ်ရှိသဖြင့် တစ်ထပ်ကိုဖွင့် ထားသည့်တိုင်အောင် ကျန်တံခါးတစ်ထပ်ကို အလုံပိတ်ထား နိုင်လေသည်။ ထိုသို့ တံခါးတစ်ထပ်ကို အလုံပိတ်ထားသဖြင့် သီချင်းသံနှင့် တီးမှုတ်သံတို့မှ လွဲ၍ အခြား မည်သည့်အသံ မျိုးကိုမျှ အသံလွှင့်ရာတွင် ပါဝင်စေလိမ့်မည် မဟုတ်ချေ။ ထိုသို့ ကောင်းမွန်သော စတူဒီယိုတစ်ခုရှိခြင်းဖြင့် အသံလွှင့် ခြင်းသည် မလုံလောက်သေးချေ။ အသိခက်သော အသံထိန်း ခန်းခေါ် အခန်းတစ်ခန်းလည်း ရှိရန်လိုသေးသည်။ ထိုအခန်း တွင်းရှိ လိုအပ်သော ခလုတ် များကို လှည့်ပေးခြင်းဖြင့် အသံ များကို မျှတ၍ပါအောင် ပြုပြင်ပေးနိုင်လေသည်။ ထိုအသံထိန်း ခန်း အတွင်းတွင် အသံကို ထုတ်လုပ်ပေးသူနှင့် အသံအင်ဂျင်နီ ယာတစ်ယောက် ရှိလေ့ရှိသည်။ အသံထုတ်လုပ် သူသည် အသံလွှ့င့်သည့်အချိန်မှစ၍ အသံလွှင့်ခြင်း ပြီးဆုံးသည်အထိ ဆိုင်ရာဆိုင်ရာ ပညာသည်များကို နေထားတကျ ပါဝင်အမှု ထမ်းရန် တာဝန်ယူရသည်။ အသံအင်ဂျင်နီယာက အသံမျှမျှ တတ ပါဝင်အောင် တာဝန်ယူ၍ ဆောင်ရွက်ပေးရသည်။ အဆိုပါ အသံထိန်းအခန်းအတွင်း၌ ဝိုင်ယာကြိုးကလေးများ ရှုပ်ရှက်ခတ် တည်ရှိနေကြသည်။ ထိုဝိုင်ယာကြိုးများ၏အစွန်း တွင် ခလုတ်များ တပ်ဆင်ထားရာ ထိုခလုတ်များကို လိုသလို လှည့်ပေးခြင်းဖြင့် အသံများကို မျှတအောင် ရောပေးနိုင်လေ သည်။ ထိုအသံထိန်းအခန်း၏ အရွယ်သည် စတူဒီယို၏အရွယ်နှင့် စာက အရေးမကြီးလှချေ။ အချို့ အသံထိန်း ခန်းများသည် လူခြောက်ယောက်မျှ ထိုင်နိုင်လောက်အောင် ကျယ်ဝန်းလေ သည်။ အသံအင်ဂျင်နီယာ၏ လက် နှစ်ဘက်လုံးသည်ခလုတ် များပေါ်တွင် ရှိနေပြီးလျှင် အသံမျှမျှတတ ဖြစ်ပေါ်လာစေရန် ခလုတ်များကို ညှိပေးလျက်ရှိလေသည်။ အသံမျှမျှတတ ဖြစ်ပေါ်၊ မဖြစ်ပေါ်ဆိုသည်ကို လောက်စပီကာဖြင့် သိနိုင်လေ သည်။ ထို လောက်စပီကာက စတူဒီယိုအတွင်း၌ ဖြစ်ပျက် နေသမျှသော အသံဟူသရွေ့ကို ဖြစ်ပေါ်စေသည်။ အသံ ထုတ်လုပ်ပေးသူနှင့် အသံအင်ဂျင်နီယာတို့သည် မှန်ချပ်ကြီး များမှတစ်ဆင့် စတူဒီယိုအတွင်းရှိ ပညာသည် များကိုမြင် နိုင်လေသည်။ မှန်ချပ်ကြီးများမူ အသံလုံစေရန်အတွက် နှစ်ထပ် ၊ သို့မဟုတ် သုံးထပ်ပင် ပြုလုပ် ထားလေ့ ရှိကြသည်။ လောက်စပီကာမှ ထိုပုဂ္ဂိုလ်နှစ်ဦး ကြားရသမျှသည် စတူဒီယို အတွင်းရှိ မိုက္ကရိုဖုန်းမှ တစ်ဆင့် ရောက်ရှိလာသော အသံများ ဖြစ်သဖြင့် ရေဒီယိုပရိသတ်ကြားရမည့် အသံများပင် ဖြစ်လေ သည်။ အသံအင်ဂျင်နီယာနှင့် အသံထုတ်လုပ်သူ နှစ်ဦးလုံးကပင် အတီးဘက်က များလွန်းနေသည်၊ သို့မဟုတ် အဆိုဘက်က များလွန်းနေသည် ဆိုသည်ကို ကောင်းစွာသိနိုင်ကြပေသည်။ တစ်ခါတစ်ရံတွင် အတီးအမှုတ် ဘက်နှင့် သီဆိုသူဘက်နှစ် ဘက်စလုံး မျှတနေသည်ကိုလည်း တွေ့ရတတ်သည်။ ထိုသို့ သော် အခါမျိုးတွင် ပြုပြင် ပြောင်းလဲမှုများကို ပြုလုပ်စေခြင်း ဖြင့် မျှတသောအသံကို ဖြစ်စေနိုင်သည်။ ထိုသို့ ပြုပြင်ပေးရာ တွင် တစ်ခါတစ်ရံ၌ မိုက္ကရိုဖုန်းကို အနည်းငယ် လိုသည့်ဘက် သို့ လှည့်ပေးစေခြင်း၊ တစ်ခါတစ်ရံတွင် တီးမှုတ် သူများ၊ သို့မဟုတ် တီးမှုတ်သူများအနက် တစ်ဦးဦးကို ပြုပြင်တီးမှုတ် စေခြင်းဖြင့် ပြုပြင်ပေးနိုင်သည်။ ထိုသို့ ပြုပြင်ရန် လိုသော အခါများတွင် အသံထိန်းအခန်းနှင့် စတူဒီယိုအခန်းများကို လေလုံသည့်မှန်ချပ် ကြီးများဖြင့် ခွဲခြားထားသဖြင့် ကိုယ်လက် ၏ အမူအရာဖြင့်ပင် ပြုပြင် ပြောင်းလဲပေးစေနိုင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)