မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ ဆွေးနွေးချက်:Akarphyoe kanbauk

အခြားဘာသာစကားများဖြင့် စာမျက်နှာအကြောင်းအရာများကို ပံ့ပိုးမထားပါ။
ဝီကီပီးဒီးယား မှ

ပျူပုတီး

မြန်မာ့ယဉ်ကျေးမှုသမိုင်းတွင် အဆင့်မြင့်မားလှသည့် ပျူပုတီးယဉ်ကျေးမှုခေတ်သည် ဖော်ထုတ်၍ မဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ ပျူဓလေ့ကိုဖော်ထုတ်ရန် အကြာင်းအရာကွင်းဆက်များက များပြားစွာရှိပါတယ်။

သမိုင်းပညာရှင်တို့ဆက်စပ်တွေးခေါ်ဖော်ထုတ်ခဲ့သော သုံးသက်ချက်များကလည်း များစွာအကျိုးသက်ရောက်မှု ရှိခဲ့ကြပါတယ်။ တူးဖော်တွေ့ရှိခဲ့သော ပျူဓလေ့အထောက်အထားများ အမှုမဲ့ အမှတ်မဲ့တွေ့ရတတ်သော ပျူဓလေ့အထောက်အထားများ မှတ်တမ်းမှတ်ရာများတွင် တွေ့ရတတ်သော ပျူဓလေ့အထောက်အထားများစသည်တို့သည် ပျူခေတ်ယဉ်ကျေးမှုဓလေ့တို့ကို တစ်စထက်တစ်စ ပိုမိုပြီး ပီပြင်လာခဲ့ပါတယ်။

အထူးသဖြင့် ပျူခေတ်သုံးရှေးဟောင်းပစ္စည်းများက ပျူဓလေ့ကို ဖော်ထုတ်ရာတွင် အကောင်းဆုံးသော အထောက်အထားများ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်မှာ ပြည်တွင်းပြည်ပတွင် တွေ့ရှိရသော ပျူခေတ်သုံး ရှေးဟောင်းပစ္စည်းများတွင် ပျူပုတီးစေ့လေးများသည် အရေအတွက်အများဆုံးနှင့် အဆင့်ဒီဇိုင်းအများဆုံး ဖြစ်သည်ကို တွေ့ရပါတယ်။ စင်စစ် ပျူယဉ်ကျေးမှုခေတ်ရဲ့ ဝတ်စားဆင်ယင်မှုကိုလည်းကောင်း ပျူလက်မှုပညာရှင်တို့ရဲ့ အနုပညာလက်ရာမြောက်လှတဲ့ အနုလက်ရာတို့ကိုလည်းကောင်း နှစ်သက်တတ်တဲ့ ပျူလူမျိုးတို့ရဲ့စိတ်ကူးစိတ်သန်းကိုလည်းကောင်း ပျူပုတီးကလေးများရဲ့ ကြေးမုံပြင်မှာ ထင်ဟပ်လျက်ရှိနေပါတယ်။

ပျူဓလေ့သုံးရှေးဟောင်းပစ္စည်းများတွင် ပျူပုတီးကလေးများရဲ့ အလှသည် ရှေ့တန်းမှနေရာယူလျက် ရှိနေပါတယ်။ ပျူလူမျိုးတို့ရဲ့လက်မှုပညာအရည်အသွေးကိုလည်း ဖော်ဆောင်ပေးလျက်ရှိနေပါတယ်။ စင်စစ်ရှေးဟောင်း ပျူပဒေသရာဇ်နိုင်ငံတော်သည် ယဉ်ကျေးမှုအဆင့်အတန်းတွင် အထက်တန်းကျခဲ့ပါတယ်။ ဘာသာတရားကိုင်းရှိုင်းမှုမှာလည်း အထွပ်အထိပ်ကို ရောက်ခဲ့ပါတယ်။ ပျူလူမျိူးတို့သည် စိတ်နှလုံးနူးညံ့သိမ်မွေ့ပြီး အနုပညာရသကိုလည်း ကိုယ်တိုင်ဖော်ထုတ်ခဲ့တဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း နှစ်သက်ခံစားခဲ့ကြပါတယ်။

ရှေးဟောင်းပျူပဒေသရာဇ်နိုင်ငံတော်တွင် ပန်းတမော့ကျောက်ဆစ်အနုပညာသည်များ ပန်းပဲ ပန်းထိမ် ပန်းရန် စသည့် အနုပညာသည်များနှင့် မြေအိုး မြေရုပ် မြေမီးဖုတ်သည့် အနုပညာသည်အပြင် ပုတီး လည်ဆွဲ စသည့်တို့ကို ထုတ်လုပ်သည့် ကျောက်မီးသွေးအနုပညာသည်များ စသည်တို့ဖြင့် လက်မှုပညာတွင် ထိပ်တန်းကိုရောက်ခဲ့ကြပါတယ်။ စင်စစ် ပျူပုတီးစေ့ကလေးများကိုကြည့်ပြီး ပျူလူမျိုးတို့ရဲ့ အလှအပကို မြတ်နိုးတတ်သည့် အနုပညာဈိတျဓါတျကို ခန့်မှန်း၍ရပါတယ်။ အဆင့်အတန်း အပြောက်အမွမ်းတို့ဖြင့် ပြွမ်းလျက်နေသော ပျူပုတီးစေ့လေးများသည် လက်ရာမြောက်သည့်နေရာတွင်လည်းကောင်း သစ်လွင်လှပသည့်နေရာတွင်လည်းကောင်း ဆန်းကြည်လှသည့်နေရာတွင်လည်းကောင်း မည်သည့်ရှေးဟောင်းပစ္စည်းမျာနှင့်မျှ နှိုင်းယှဉ်လို့ မရနိုင်ပါပေ။

ပျူပုတီးကလေးများရဲ့ အလှကဲ့သို့ လက်ရာမြောက်ပုံမျိုးကို ယနေ့ခေတ်တွင် စက်နှင့်ထုတ်လုပ်စေဦး အရည်အသွေးတူညီစေရန်များစွာ ကြိုးပမ်းရပါဦးမယ်။ ချင်းပုတီးဟုခေါ်သော ပျူပုတီးကလေးများကို အသေးစိတ်လေ့လာသောအခါ ကျောက်ကို ဆေးဆိုးထားသည့် အတတ်ပညာကို တွေ့ရှိရပါတယ်။ အနက်ရောင်တွင် အဖြူစင်းကလေးများဘ မွမ်းမံခြယ်သထားပုံမှာ ရင်သပ်ရှုမောဖွယ် အလှဖြစ်ပါတယ်။ ရှေးခေတ်ပျူလူမျိုးတို့ရဲ့ အံ့ချီးဖွယ်အနုပညာဖြစ်ပါတယ်။

ပျူယဉ်ကျေးမှုခေတ်တွင် ယင်ကျောက်မျက်ရတနာပုတီးကလေးများသာ လှပနေကြသည် မဟုတ်သေး။ အခြား ရွှေထည် ငွေထည် အနုပညာလက်ရာများသည်လည်း မယုံကြည်နိုင်လောက်အောင်ပင် လက်ရာမြောက်ခဲ့ကြပါသည်။ ဆင်ယင်ထုံးဖွဲ့မှုတွင် အလှအားပြိုင်နေကြသော ပျူခေတ်ကချေသည်မလေးများအား စိတ်ထဲတွင် မြင်ယောင်နေမိပါတယ်။ရောင်စုံကြွနေသော ပုတီးကလေးများသည် ကချေသည်မလေးများရဲ့ လည်တိုင်တွင် တဖိတ်ဖိတ်လက်နေကြပါလိမ့်မည်။ တရုတ်မှတ်တမ်းများအရ စိတ်နှလုံးနူးညံ့လှသော ပျူလူမျိုးတို့သည် သူတပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြပါသည်။ပါဏာတိပါတကံ မကင်းသော ပိုးထည်များကိုပင် မဝတ်ဆင်ကြပါဘူး။ လက်ပံမှိုမှရသော ချည်ထည်များကို ဝတ်ဆင်ခဲ့ကြပါသည်။ အမျိုးသားများသည် ပုဆိုးကို ခါးပုံစချ၍ ဝတ်ဆင်ကြပါတယ်။ ရွှေပန်းပွင့်များဖြင့် အလှဆင်ထားသော ဦးထုပ်များကို ဆောင်းကြကြောင်း သိရပါသည်။ ကုမ္မာရီအမျိုးသမီးများက အပြာရောင်ထဘီများကို ဝတ်ပြီး ပုဝါပါးများဖြင့် ကိုယ်ကို သိုင်းခြုံကာ အစများတွဲရွဲချထားလေ့ရှိကြောင်း သိရပါတယ်။အိမ်ထောင်သည်အမျိုးသမီးများမှာ ဆံထုံးကိုမြင့်မြင့်ထုံးပြီး လမ်းလျှောက်ရာတွင် ယပ်တောင်များကို ကိုင်လေ့ရှိပါတယ်။ အထက်တန်းလွှာအမျိုးသမီးတို့မှာ လမ်းလျှောက်ထွက်ရင် နောက်မှ အခြွှေအရံ ငါးဦး ခြောက်ဦး လိုက်ပါလေ့ရှိကြောင်းကိုလည်း သိရှိရပါတယ်။

ပျူယဉ်ကျေးမှုခေတ်မှာပန်းထိမ် အနုပညာကို တဖက်ကမ်းခပ် ကျွမ်းကျင်ခဲ့ကြပါတယ်။ ရွှေ ငွေ ကိုင်သောပညာတွင် ပျုတို့သည် ပုဂံခေတ်က ပညာရှင်များထက် သာလွန်ကြပါသည် ဟု ပါမောက္ခ ဂျီအိပ်လု ကဆိုဖူးပါတယ်။ခေါင်းပွရွှေဆင်းတုများ ဖောင်းကြွရေပေလွှာများ ရွှေကြက်ဥများ အစရှိတဲ့ အနုပညာလက်ရာများ ငွေဆင်းတု ငွေခြင်းလုံး ငွေလင်ပန်း လေထောင့်ကြုတ် ဟင်္သာမောင်နှံလက်ကိုင်နှင့် ငွေကြုတ် ဆီမီးခွက် ငွေဒင်္ဂါးစသည့် ရှေးဟောင်းပစ္စည်းများသည် ပျူခေတ်ပန်းထိမ်သည်တို့ရဲ့ အနုပညာအရည်အသွေးကို ဖော်ဆောင်ပေးလျက်ရှိနေပါတယ်။

အထူးသဖြင့် ယနေ့ခေတ်မှာ နေရာအနှံ့တွင် အတွေ့များနေသော ပျူပုတီးကလေးများရဲ့ လက်ရာမြောက်မှုသည် ရှေးဟောင်းပျူလူမျိုးတို့ရဲ့ ကျောက်သွေးအနုပညာ ဖန်တီးမှုစွမ်းအားကို ဖော်ဆောင်ပေးလျက်ရှိပါတယ်။ ပျူယဉ်ကျေးမှုခေတ်တွင် ကျောက်မျက်ရတနာတို့ကို လက်ရာမြောက်စွာ အသုံးပြုခဲ့ကြပါတယ်။ ကြုတ်အချို့တွင် ကျောက်သံပတ္တမြားတို့ကို စီခြယ်ပြီး အသုံးပြုခဲ့ကြပါတယ်။ လည်ဆွဲကျောက်မျက်ရတနာများကိုလည်း အသုံးပြုခဲ့ကြပါတယ်။ ကျောက်အမျိုးအစားတို့ကတော့ ပတ္တမြား နီလာ ကြောင် ကျောက်နီ ကျောက်စိမ်း မဟူရာ ဂေါမုတ် ဂေါဒန် ကျောက်သလင်း ဥဿဖယား စသည်တို့ဖြင့် အသုံးပြုကြခဲ့ပါတယ်။ သျှိသျှားသီးခန့် ပုတီးလုံးကလေးများ လေးမြှောင့် ခြောက်မြှောင့် ရှစ်မြှောင့်ပါ ပုတီးပုံဆန်းများ ဗုံတို ဗုံရှည် ဒိုးပတ်ပုံပုတီးများနဲ့ ဆင်ရုပ် သမင်ရုပ် ပူးရုပ် ကြွက်ရုပ် နဂါးရုပ်စသည့် အရုပ်ပုတီးစေ့လေးများကိုလည်း အလျှံပယ် အသုံးပြုခဲ့ကြပါတယ်။ ပျူခေတ်တွင် ကိုယ်ပိုင်စာပေ တီထွင်နိုင်သည်အထိ ယဉ်ကျေးမှုတိုးတက်ခဲ့လေသည်။ အိန္ဒိယပြည်တောင်ပိုင်း ကိဉ်စိပူရ အမရဝတီ နာဂါဇုနကေဏ္ဍစသော နယ်များနှင့် ဆက်သွယ်ပြီး ယင်းတို့ထံမှ ပါဠိစာပေကို အခြေခံကာ ပျူစာပေသစ်တစ်ရပ်ကို တီထွင်နိုင်ခဲ့ပါတယ်။ ပျူခေတ်ယဉ်ကျေးမှူ၏ အခြေခံကား ယင်းစာပေ၏ အကျိုးသက်ရောက်မှုလို့လည်း ဆိုနိုင်ပါတယ်။

နိုင်ငံခြားချစ်ကြည်ရေးတွင် အနောက်နိုင်ငံများ၌သာမက အရှေ့တိုင်းနိုင်ငံများတွင်လည်း ကူးလူးဆက်ဆံမှုများ ရှိခဲ့ပါတယ်။ တရုတ်မှတ်တမ်းများ၌ ၈၀၀-၈၂၀ AD တွင် ပျူယဉ်ကျေးမှု ချစ်ကြည်ရေးအဖွဲ့သည် ထန်တရုတ်နန်းတော်သို့ ရောက်ခဲ့ကြောင်း သိရပါတယ်။ ယင်းအဖွဲ့မှ အနုပညာတို့သည် ဆန်းကြယ်သော အဝတ်အစားနှင့် ဆင်ယင်ထုံးဖွဲ့မှုများကို ပြင်ဆင်ထားကြောင်း ဖော်ပြထားပါတယ်။

အတီးနှင့်အကတို့မှာ တစ်ဖုံတစ်ထုံး တစ်နှုန်းတစ်အင် ရင်သပ်ရှုမောဖွယ် ဖြစ်ပါတယ်။ ထန်ဧကရာဇ်ဘုရင်ကိုယ်တိုင် စိတ်ဝင်စားအားပေးခဲ့သောကြောင့် တရုတ်အနုပညာသည်များရဲ့ မနာလိုဝန်တိုမှုများ ခံရကြောင်းကိုလည်း မှတ်တမ်းများတွင် ဖော်ပြပါရှိပါတယ်။ ပျူကချေသည်တို့သီဆိုသော သီချင်းများမှာလည်း ဆွတ်ပျံ့လွမ်းမောစရာ ကောင်းလှပါတယ်။ဗုဒ္ဓရဲ့ တရားဓမ္မကို ဖော်ညွှန်းသော ဓမ္မတေးသံများကိုလည်း သီဆိုကြပါတယ်။ သီချင်းကလေးများကတော့ ဗုဒ္ဓ၏တံဆိပ်တော် အင်ကြင်းပန်းတစ်ခက် ပျံပါလေဌက်ကလေးချိုးဖြူ စျာန်၏ငြိမ်းအေးခြင်း ဥဒေါင်းမင်း စသည့် သီချင်းများ ဖြစ်ပါတယ်။ ပျူပုတီးလေးများသည် ပျူကချေသည်ကလေးများရဲ့ လည်တိုင်ကြော့ဝယ် ကြည်လင်ရွှန်းပ အလှသွေးကြွနေခဲ့ကြပါတယ်။

ပျူပုတီးကလေးများမှာ အဖြူရောင် အဖြူရောင်တွင် အနက်စင်းကြား ချိပ်ရောင် ကော်ဖီရောင် မီးခိုးရောင် အစိမ်းရောင် ပယင်းရောင် အဝါရောင် စသည့် အရောင်မျိုးစုံ တွေ့ရှိရပါတယ်။ ပျူပုတီးစေ့ကလေးများကို အသေးစိတ်လေ့လာသောအခါ ဒီဇိုင်းအဆင်မျိုးပေါင်း ၃၀ခန့် နှင့်အရွယ်အစားမျိုးပေါင်း ၂၀ကျော်ခန့် တွေ့ရှိရပါတယ်။

ပျူပုတီးများကို အရုပ်ပုတီးနဲ့ ရိုးရိုးပုတီးဟူ၍ ခွဲခြားပြီးလေ့လာနိုင်ပါတယ်။ အရုပ်ပုတီးများမှာ ဆင်ရုပ် ကြွက်ရုပ် ပူးရုပ် လိပ်ရုပ် နဂါးရုပ် ကျားရုပ် လူရုပ် စသည့်ဖြင့် ပျူမြို့ရွာနယ်ပယ်အနှံ့မှာ တွေ့ရှိရတတ်ပါတယ်။ အရုပ်ပုတီးစေ့များအနက် ဆင်ရုပ်ပုတီးစေ့များသည် အများဆုံးတွေ့ရှိရတတ်သော ပုတီးဖြစ်ကြောင်း သိရှိရပါတယ်။ သရေခေတ္တရာ ခင်ဘကုန်းမှ တူးဖော်မှုမှ အရွယ်အစား အကြီးအသေးအရွယ်စုံ အစိမ်းရောင် ဆင်ရုပ်ပုတီးတစ်ကုံးကို တူးဖော်တွေ့ရှိခဲ့ရပါတယ်။ ထို့အတူ ဟန်လင်း တူးဖော်မှု ကုန်းအမှတ် ၈ မှလည်း အစိမ်းရောင် ဆင်ရုပ်ပုတီး ၄ခုကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ထို့ပြင် မိုင်းမောမြို့ဟောင်း နွားထိုးကြီး မြင်းခြံ မုံရွာ မြောင် ရေစကြို စသည့် မြို့နယ်များတွင်လည်း ဆင်ရုပ်ပုတီးစေ့များအပါအဝင် ပျူပုတီးမျိုးစုံများကိုလည်း တွေ့ရှိခဲ့ကြပါတယ်။

ရိုးရိုးပုတီးများကတော့ အလုံးပုံ အပြားပုံ တောင့်ပုံ ဟူ၍ ခွဲခြားပြီး လေ့လာနိုင်ပါတယ်။ အလုံးပုံတွင် ရိုးရိုးရောင်စုံအလုံးများနှင့် ချင်းပုတီးခေါ် ပျူပုတီးလုံး အဖြူအနက်အစင်းကြား အပြောင်အကြား များကို တွေ့ရှိရပါတယ်။ အပြားပုံတွင် မြေပုတီးအပါအဝင် ကျောက်ရောင်စုံများကိုလည်း တွေ့ရှိရပါတယ်။ အတောင့်ပုံတွင်ကား ဗုံတို ဗုံရှည် ဒိုးပတ်ပုံများကို တွေ့ရှိရပါတယ်။ ထုလုံးရှည် လေးမြှောင့် ခြောက်မြှောင့် ရှစ်မြှောင့် စသည့်ဖြင့် တွေ့ရှိရပါတယ်။

သေသူရဲ့အရိုးကို ပြာချပြီး အိုးများတွင် ထည့်သွင်းမြှုပ်နှံသော ဓလေ့သည် ပျူလူမျို့တို့၏ ရိုးရာအစဉ်အလာတစ်ရပ် ဖြစ်ပါတယ်။ ဤသို့မြှုပ်နှံသောအခါ သေသူရဲ့ ပစ္စည်းများဖြစ်သော လက်စွပ် ပုတီးစသည့်တို့ကိုပါ ထည့်သွင်းပြီးမြှုပ်နှံလေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ တချိန်တခါက ယဉ်ကျေးမှုအဆင့်တွင် အထက်တန်းကျခဲ့သော ပျူလူမျိုးတို့ ပျောက်ကွယ်သလောက် ရှိခဲ့သော်လည်း ချင်းပြည်နယ်တွင် ပျူပုတီးစေ့ကလေးများကို ယနေ့တိုင် ဆင်မြန်းလျက်ရှိကြောင်း သိရှိရပါတယ်။

ဤသို့ဖြင့် ပျူပုတီးစေ့ကလေးများဟာ မြတ်နိုးဖွယ်ရာ ရှေးဟောင်းပစ္စည်းအဖြစ်သာမက မြန်မာ့ဆင်ယင်ထုံးဖွဲ့မှု သမိုင်းမှာလည်း တန်ဖိုးကြီးမားလှသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော ပုတီးစေ့ကလေးများပင် ဖြစ်ခဲ့ကြပါတယ်။

ကိုးကား

၁။ အာကာဖြိုး (ကံပေါက်) ၊ ပျူပုတီး။

Akarphyoe kanbauk နှင့် ဆွေးနွေးချက်တစ်ခု စတင်ပါ

ဆွေးနွေးချက်တစ်ခု စတင်ရန်