အသုံးပြုသူ:Zaw Myint Theinz
အမေရိကန်ရေတပ်မတော်တွင် အသုံးပြုခဲ့သော တိုက်သင်္ဘောကြီးများ -
(1) Indiana-class Battleships
In serviced : (1895-1919)
အမေရိကန်ရေတပ်မတော်၏ ပထမဆုံး Battleship စာရင်းဝင် အတန်းအစားများဖြစ်ကာ တပ်တော်ဝင် ၃ စီးတည်ဆောက်အသုံးပြုခဲ့ပြီး အမည်များမှာ USS Indiana (BB-1) USS Massachusetts (BB-2) နှင့် USS Oregon (BB-3) တို့ဖြစ်ကြသည်။ သို့သော် ထိုသင်္ဘောများမှာ Costal defence ကမ်းရိုးတန်းကာကွယ်ရေးအတွက် ပုံစံထုတ်ကာ ရည်ရွယ်တည်ဆောက်ထားသော စစ်သင်္ဘောများဖြစ်ကြပြီး ကမ်းဝေးပင်လယ်ပြာအဆင့် စစ်ဆင်နိုင်စွမ်း မရှိကြပေ။ စပိန်နှင့်ဖြစ်ပွားသောစစ်ပွဲများတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။
(2) USS Iowa (BB-4)
In serviced : (1897-1919)
အမေရိကန်ရေတပ်မတော်၏ ပထမဆုံး ပင်လယ်ကမ်းဝေးသွား စစ်ဆင်နိုင်စွမ်းရှိသော တိုက်သင်္ဘောဖြစ်ကာ Class အတန်းအစားမသတ်မှတ်ဘဲ တစ်မျိုးတည်းသာ တည်ဆောက်အသုံးပြုခဲ့သည်။ စပိန်နှင့်ဖြစ်ပွားသော စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ပထမကမ္ဘာစစ်အပြီးတွင် တပ်တော်ဝင်ဖျက်သိမ်းကာ ပစ်မှတ်သင်္ဘောအဖြစ်စမ်းသတ်ခံရ၍ နစ်မြုပ်သွားခဲ့သည်။
(3) Kearsarge-class Battleships
In serviced : (1900-1920)
၂၀ ရာစုအဝင် ၁၉၀၀ ခုနှစ်များတွင် တပ်တော်ဝင်ခဲ့သော Pre-dreadnought အမျိုးအစား စစ်သင်္ဘောများဖြစ်ကြကာ ၂ စီးတည်ဆောက် အသုံးပြုခဲ့သည်။ USS Kearsarge (BB-5)နှင့် USS Kentucky (BB-6) ဟုအမည်ပေး အသုံးပြုခဲ့သည်။ ၁၉၀၇ မှ ၁၉၀၉ ခုနှစ်အတွင်း အမေရိကန်ရေတပ်မတော်၏ အင်အားကိုပြသသည့်အနေဖြင့် ကမ္ဘာပတ်လှည့်လည်ခဲ့သော Great White Fleet ရေတပ်သင်္ဘောအုပ်စုကြီးတွင် ပါဝင်ခဲ့သည်။
(4) Illinois-class Battleships
In serviced : (1900-1920)
ဤတိုက်သင်္ဘောများသည်လည်း Pre-dreadnought အမျိုးအစားဝင်များဖြစ်ကြကာ နှောင်းပိုင်း အမေရိကန်တိုက်သင်္ဘောကြီးများတွင် အသုံးပြုခဲ့သော အမြောက်ပစ်စင် ပုံစံသစ်အား ပထမဆုံးတပ်ဆင်အသုံးပြုခဲ့သော တိုက်သင်္ဘောများဖြစ်ပေသည်။ အတန်းအစားတူ ၃ စီးတည်ဆောက်အသုံးပြုခဲ့ပြီး ၎င်းတို့မှာ USS Illinois (BB-7) USS Alabama (BB-8) နှင့် USS Wisconsin (BB-9) တို့ဖြစ်ကြသည်။
(5) Maine-class Battleships
In serviced : (1902–1920)
Illinois Class များအပေါ်အခြေခံပြီး ထပ်မံတည်ဆောက်ခဲ့သော အမျိုးအစားဖြစ်ကာ ထိုခေတ်အခါက နောက်ဆုံးပေါ် သံချပ်ကာဖြစ်သည့် Cemented Armour များတပ်ဆင်ထားသည်။ အမြောက်စနစ်များ ပစ်အားမျာ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့သည်။ USS Maine (BB-10) USS Missouri (BB-11) နှင့် USS Ohio (BB-12) ဟူ၍ ၃ စီးတည်ဆောက်အသုံးပြုခဲ့သည်။
(6) Virginia-class Battleships
In serviced : (1906-1920)
ဗာဂျီးနီးယားအတန်းအစား တိုက်သင်္ဘောများဟုခေါ်ဆိုသော အဆိုပါသင်္ဘောများသည် ပင်မ ၁၂ လက်မအမြောက်ပစ်စင်နှင့် ၈ လက်မအမြောက်ပစ်စင်တို့အား ၂ ဆင့်ထပ်တွဲပြီး တည်ဆောက်ထားသည့် ခပ်ဆန်းဆန်း တိုက်သင်္ဘောများဖြစ်ပေသည်။ အရေအတွက် ၅ စီးအထိတည်ဆောက်ခဲ့ပြီး ပင်မ ၁၂ လက်မအမြောက်ကြီးများပစ်ခတ်လျှင် ၈ လက်မအမြောက်များ တပြိုင်နက်ပစ်ခတ်ရန် အဆင်မပြေသော ထိုဂဂျိုးဂဂျောင် အမြောက်ပစ်စင် ပုံစံစနစ်ကိုလည်း နောက်ပိုင်းတွင် ပြောင်းလဲခဲ့ရသည်။ တည်ဆောက်ခဲ့သော သင်္ဘောများမှာ USS Virginia (BB-13) USS Nebraska (BB-14) USS Georgia (BB-15) USS New Jersey (BB-16) နှင့် USS Rhode Island (BB-17) တို့ဖြစ်ကြသည်။
(7) Connecticut-class Battleships
In serviced : (1906–1923)
ယခင်တည်ဆောက်ခဲ့သော တိုက်သင်္ဘောများသည် တန်ချိန် ၁၄၀၀၀ ဝန်းကျင်သာရှိခဲ့သော်လည်း ယခုအတန်းအစားများအား တန်ချိန် ၁၆၀၀၀ အထိ အရွယ်အစားတိုးပြီး တည်ဆောက်လာခဲ့သည်။ အမြောက်များကိုလည်း ၁၂ လက်မ၊ ၈ လက်မနှင့် ၇ လက်မအမြောက်အထိ စုံလင်စွာတပ်ဆင်လာခဲ့သည်။ အမျိုးတူ ၆ စီးတည်ဆောက်ခဲ့ကာ USS Connecticut (BB-18)၊ USS Louisiana (BB-19)၊ USS Vermont (BB-20)၊ USS Kansas (BB-21)၊ USS Minnesota (BB-22) နှင့် USS New Hampshire (BB-25) တို့ဖြစ်ကြသည်။ ထိုသင်္ဘောများသည် အဖျက်စွမ်းအားနှင့် သံချပ်ကာထုထည်ပိုမိုကြီးမားသည့် ဗြိတိသျှတို့၏ Dreadnought အမျိုးအစား HMS Dreadnought တပ်တော်ဝင်လာသော အချိန်တွင် အလိုလိုခေတ်ကုန်သွားခဲ့ပေသည်။ သို့သော်လည်း သူနှင့်သူ့ရှေ့မှ တည်ဆောက်ခဲ့သော အတန်းအစားများသည် ပထမကမ္ဘာစစ်အထိ အမေရိကန်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။
(8) Mississippi-class Battleships
In serviced : (1908-1914)
၂၀ ရာစုအစောပိုင်းကာလများသည် အမေရိကန်ရေတပ်မတော်၏ နည်းဗျူဟာပရိယာယ်၊တိုက်သင်္ဘောကြီးများ၏ ဒီဇိုင်းပုံစံအယူအဆများ စမ်းသတ်ပြောင်းလဲမှုအများဆုံးကာလများ ဖြစ်ကြသည်။ ပြီးခဲ့သောရှေ့မျိုးဆက် တိုက်သင်္ဘောများသည် အမေရိကန်တို့၏ စပိန်နှင့်ဖြစ်ပွားခဲ့သော စစ်ပွဲ၊ မက္ကဆီကိုတော်လှန်ရေးစစ်ပွဲ အတွေ့အကြုံတို့ကိုအခြေခံကာ တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး၊ ယခု Mississippi class များတည်ဆောက်နေဆဲကာလတွင် ဖြစ်ပွားခဲ့သော ရုရှား-ဂျပန်စစ်ပွဲကြောင့် ရေကြောင်းတိုက်ပွဲအယူအဆသစ်များလည်း ပေါ်ထွက်လာခဲ့သည်။ ထို့ကြောင့် တည်ဆောက်နေဆဲ ထိုသင်္ဘောများအပေါ်တွင် ပြောင်းလဲလာသော နည်းဗျူဟာအယူအဆများကို အသုံးချတည်ဆောက်ခဲ့ပေသည်။ သို့သော် မစ္စစပီတိုက်သင်္ဘောများသည် ရေတပ်ဘတ်ဂျတ်လျှော့ချခဲ့သောကြောင့် အခြားတည်ဆောက်ပြီးစီးခဲ့သော တိုက်သင်္ဘောများထက် အရွယ်အစားသေးငယ်ပြီး စစ်ဆင်နိုင်မှုအကာအဝေးနည်းပါးခဲ့ကာ ၂ စီးသာ တည်ဆောက်ခဲ့သည်၊ ၎င်းတို့မှာ USS Mississippi (BB-23) နှင့် USS Idaho (BB-24) တို့ဖြစ်ကြသည်။ ဒရက်နော့ တိုက်သင်္ဘောကြီးများခေတ်ရောက်လာသောအခါ ထိုသင်္ဘောများအား ဂရိနိုင်ငံသို့ရောင်းချလိုက်ပြီး ဂရိရေတပ်မတော်တွင် ဒုတိယကမ္ဘာစစ်ကာလအထိ အသုံးပြုခဲ့သည်။
(9) South Carolina-class Battleships
In serviced : (1910-1922)
အမေရိကန်ရေတပ်မတော်၏ ပထမဆုံး ဒရက်နော့ Dreadnought အမျိုးအအစား တိုက်သင်္ဘောကြီးများဖြစ်ကာ USS South Carolina (BB-26)နှင့် USS Michigan (BB-27) ဟူ၍ အမည်ပေးခဲ့သည်။ ၂၀ ရာစုအစောပိုင်းကာလများအထိ အသုံးပြုခဲ့သော ရေတပ်တိုက်ပွဲနည်းဗျူဟာများမှာ စစ်သင်္ဘောများသည် ရန်သူ့သင်္ဘော၏ အနီးကပ်ဆုံးအကွာအဝေးအထိ ချဉ်းကပ်ကာ ပစ်ခတ်တိုက်ပွဲဝင်ကြရသည်။ ထို့ကြောင့် ထိုခေတ်ကအသုံးပြုခဲ့သော Pre-dreadnought အမျိုးအစား တိုက်သင်္ဘောများ၏ဘယ်နှင့်ညာတွင် အလတ်စားအမြောက်များအား အရွယ်အစားအမျိုးမျိုး တပ်ဆင်အသုံးပြုခဲ့ကြသည်။ ယခုဒရက်နော့အတန်းစား တိုက်သင်္ဘောကြီးများတွင် ထိုအယူအဆအစား အရွယ်အစားကြီးမားသော ပင်မအမြောက်ကြီးများကိုသာ အဓိကတပ်ဆင်တိုက်ပွဲဝင်ခြင်းဖြင့် ပိုမိုထိရောက်မှုရှိသည်ဟူသော All-big-gun အယူအဆကို စတင်အသုံးပြုခဲ့သည်။
(10) Delaware-class Battleships
In serviced : (1910-1923)
အမေရိကန်ရေတပ်မတော်၏ ပထမဆုံးတန်ချိန် ၂၀၀၀၀ ကျော်သော တိုက်သင်္ဘောကြီးများအဖြစ် Delaware-class များကို စတင်တည်ဆောက်ခဲ့သည်။ ယခင်တည်ဆောက်ခဲ့သော စစ်သင်္ဘောများ၏ အမြန်နှုန်းသည် ၁၈ နော့(kn) သာအများဆုံးရှိခဲ့သော်လည်း တိုးတက်လာသော အင်ဂျင်နည်းပညာများကြောင့်ယခုအတန်းစားများတွင် ၂၁ နော့(kn) အထိရရှိလာခဲ့သည်။ ပင်မအမြောက်များနှင့်ပစ်စင်အရေအတွက်ကိုလည်း ၁၂ လက်မအမြောက် ၂ လက်တွဲပစ်စင် ၅ စုံအထိတပ်ဆင်လာခဲ့သည်။ အမျိုးအစားတူ ၂ စီးတည်ဆောက်ခဲ့ကာ USS Delaware (BB-28) နှင့် USS North Dakota (BB-29) တို့ဖြစ်သည်။ အမေရိကန်နိုင်ငံ ပထမကမ္ဘာစစ်သို့ဝင်ရောက်လာသောအခါတွင် USS Delaware အား အမေရိကန်ရေတပ် (Atlantic Fleet)အတ္တလန်တစ်ရေတပ်ဖွဲ့လက်အောက်ရှိ (Battleship Division Nine)အမှတ် ၉ တိုက်သင်္ဘောအုပ်စုတွင် တာဝန်ထမ်းဆောင်စေခဲ့ပြီး ဗြိတိသျှရေတပ်မတော်၏ Grand Fleet စုပေါင်းရေတပ်မတော်သို့ တွဲဖက်တာဝန်ထမ်းဆောင်စေခဲ့သည်။ မဟာမိတ်ရေယာဉ်စု ကွန်ဗွိုင်းများအား လိုက်ပါစောင့်ရှောက်ခြင်းနှင့် ဂျာမန် High seas ပင်မရေတပ်တော်စုအား ပိတ်ဆို့ခြင်းတာဝန်များ ထမ်းဆောင်ခဲ့သည်။
(11) Florida-class Battleships
In serviced : (1911-1944)
ပထမဆုံး Steam turbine အင်ဂျင်စသုံးခဲ့သော တိုက်သင်္ဘောအမျိုးအစားဖြစ်ပြီး Delaware class များထက်အနည်းငယ်ကြီးမားလာကာ ပုံစံချင်းဆင်ကြသည်။ ထိုအမျိုးအစား ၂ စီးတည်ဆောက်ခဲ့ပြီး USS Florida (BB-30) နှင့် USS Utah (BB-31) ဟုအမည်ပေးခဲ့သည်။ ၂ စီးစလုံး ပထမကမ္ဘာစစ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ပထမကမ္ဘာစစ်ပြီးဆုံးသောအခါ USS Florida သည် ထိုစဉ်က အမေရိကန်သမ္မ္မတဝီလ်ဆင်၏ ပြင်သစ်သို့ ငြိမ်းချမ်းရေးသဘောတူညီချက်များ ဆွေးနွေရန်သွားရောက်သည့် ခရီးစဉ်အား ပို့ဆောင်ပေးခဲ့သည်။ USS Utah ကိုမူ လေကြောင်းရန်ကာလေ့ကျင့်ရေး သင်္ဘောအဖြစ် ပြောင်းလဲခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၇ ရက်နေ့တွင် ပုလဲဆိပ်ကမ်း၌ ဂျပန်တို့၏ ဗုံးကြဲနှစ်မြုပ်ခြင်းခံခဲ့ရသည်။
(12) Wyoming-class battleships
In serviced : (1912-1947)
Wyoming-class သည် အမေရိကန်ရေတပ် တိုက်သင်္ဘောကြီးများတွင် ၁၂ လက်မပင်မအမြောက်များနောက်ဆုံးအသုံးပြုခဲ့သည့် တိုက်သင်္ဘောအမျိုးအစားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် အမေရိကန်ရေတပ်မတော်အနေဖြင့် ၁၂ လက်မအမြောက်များထက် ပိုမိုကြီးမားသော ၁၄ လက်မအမြောက်များအား တီထွင်ထုတ်လုပ်တပ်ဆင်ရန် ဆုံးဖြတ်ထားပြီဖြစ်သည်။ USS Wyoming (BB-32) နှင့် USS Arkansas (BB-33) ဟူ၍ ၂ စီးတပ်တော်ဝင်ခဲ့ပြီး ယခင် သင်္ဘောများထက် ပိုမိုကြီးမားလာကာ တန်ချိန်မှာလည်း ၂၇၀၀၀ ကျော်ခန့်ရှိလာသည်။ ပထမကမ္ဘာစစ်အတွင်း ဗြိတိသျှ Grand Fleet တွင် စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး စစ်အပြီးတွင် Wyoming အား အမြောက်ပစ်လေ့ကျင့်ရေး သင်္ဘောအဖြစ် ပုံစံပြောင်းလဲခဲ့ကာ Arkansas မှာမူ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည်အထိ အမေရိကန်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
(13) New York-class battleships
In serviced : (1914-1946)
အမေရိကန်တိုက်သင်္ဘောများတွင် ပထမဆုံးပင်မ ၁၄ လက်မအမြောက်များ တပ်ဆင်အသုံးပြုလာသော အတန်းအစားဖြစ်သည်။ ယခင် Wyoming-class များထက် သံချပ်ကာအထူအကာအကွယ် ပိုမိုတပ်ဆင်လာကြသော်လည်း လေကြောင်းရန်ကာကွယ်ရေး လက်နက်စနစ်များတွင် အားနည်းမှုရှိခဲ့သဖြင့် နောက်ပိုင်းကာလများတွင် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခဲ့ရသည်။ ၂ စီးတည်ဆောက်ခဲ့ပြီး USS New York (BB-34) နှင့် USS Texas (BB-35) ဟုအမည်ပေးခဲ့သည်။ ၂ စီးစလုံး ကမ္ဘာစစ်ကြီး ၂ ခုတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည်။
(14) Nevada-class battleships
In serviced : (1916-1946)
အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ်အမည်ကို မှည့်ခေါ်ထားခြင်းဖြစ်ပြီး USS Nevada (BB-36) နှင့် USS Oklahoma (BB-37) ဟုအမည်ပေး တပ်တော်ဝင်ခဲ့သည်။ အဆိုပါသင်္ဘောများသည် အမေရိကန်ရေတပ်မတော်၏ Standard-type Battleships များဟုခေါ်ဆိုသော Super-dreadnought အမျိုးအစား တိုက်သင်္ဘော ၁၂ စီးတွင် အပါအဝင်ဖြစ်သည်။
Standard-type battleships များတွင် Nevada-class များမှစကာ နောက်မျိူးဆက် Class ၅ ခုအထိပါဝင်ပေသည်။ ၎င်းတို့မှာ -
Nevada-class Battleships
(1)USS Nevada (BB-36)
(2)USS Oklahoma (BB-37)
Pennsylvania-class Battleships
(3)USS Pennsylvania (BB-38)
(4)USS Arizona (BB-39)
New Mexico-class Battleships
(5)USS New Mexico (BB-40)
(6)USS Mississippi (BB-41)
(7)USS Idaho (BB-42)
Tennessee-class Battleships
(8)USS Tennessee (BB-43)
(9)USS California (BB-44)
Colorado-class Battleships
(10)USS Colorado (BB-45)
(11)USS Maryland (BB-46)
USS Washington (BB-47)မပြီးစီးခဲ့ပေ
(12)USS West Virginia (BB-48) တို့ဖြစ်ကြသည်။
ထိုသင်္ဘောကြီးများသည် ဒုတိယကမ္ဘာစစ်မစမီ စစ်ကြိုခေတ်၌ အမေရိကန်ရေတပ်မတော်နှင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးတန်းဝင် တိုက်သင်္ဘောကြီးများဖြစ်ကြသည်။ ဂျပန်တို့ ပုလဲဆိပ်ကမ်းအား အလစ်ဗုံးကြဲတိုက်ခိုက်သောအခါတွင် ထိုစစ်သင်္ဘောကြီးအနက် ၈ စီးမှာ ဆိပ်ကမ်းတွင် ရှိနေပြီး ၃ စီးမှာ အတ္တလန်တစ်ရေတပ်ဖွဲ့သို့ ရောက်ရှိနေခဲ့သည်၊ ကျန်တစ်စီးမှာ ဝါရှင်တန်တွင် ဒေါက်တင်ပြင်ဆင်နေချိန် ဖြစ်လေသည်။ USS Oklahoma (BB-37) နှင့် USS Arizona (BB-39) တို့နစ်မြုပ်ဆုံးရှုံးခဲ့ရပြီး ကျန်သင်္ဘောများမှာ ပြန်လည်ပြင်ဆင် အသုံးပြုနိုင်ခဲ့သည်။
(15) Pennsylvania-class Battleships
In serviced : (1916-1946)
Super-dreadnought အမျိုးအစားဝင် တိုက်သင်္ဘောကြီးဖြစ်သော အဆိုပါအတန်းစား စစ်သင်္ဘောကြီး ၂ စီးသည် ပထမကမ္ဘာစစ်မတိုင်မီ တပ်တော်ဝင်ခဲ့သော စစ်သင်္ဘောကြီးများဖြစ်ပြီး အမေရိကန်ရေတပ်မတော်၏ အသစ်လွင်ဆုံး တိုက်သင်္ဘောကြီးများလည်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ပြည်နယ်အမည်များ မှည့်ခေါ်ခဲ့ပြီး USS Pennsylvania (BB-38) နှင့် USS Arizona (BB-39) တို့ုဖြစ်ကြသည်။ ထိုသင်္ဘောကြီးများတွင် ၁၄ လက်မ ၃ လက်တွဲ ပင်မအမြောက်ပစ်စင် ၄ စင်ကိုစတင်တပ်ဆင်အသုံးပြုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း Battleship Division Nine တွင်ပါဝင်ခဲ့ပြီး စစ်ပြီးသောအခါ ပစိဖိတ်ရေတပ်မတော်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့ပြီး အမေရိကန်ရေတပ်မတော်၏ Fleet Problems ဟုခေါ်ဆိုသော ရေတပ်စစ်ရေးလေ့ကျင့်ခန်းများတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကာလ အမေရိကန်ကို စစ်ထဲဝင်စေခဲ့သည့် ဂျပန်တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲမှုတွင် အဆိုပါ စစ်သင်္ဘောကြီး ၂ စီးစလုံး တိုက်ခိုက်ခံခဲ့ရပြီး Arizona မှာခဲယမ်းတိုက်တည့်တည့် ဗုံးထိမှန်ခံရကာ ပြင်းထန်သောပေါက်ကွဲမှုနှင့်အတူ အရာရှိ ရေတပ်သား ၁၁၇၇ ယောက်ကျဆုံးခဲ့ရသည်။ Pennsylvania မှာမူ ထိုအချိန်၌ ဒေါက်တင်ထားသည့်အချိန်ဖြစ်ပြီး အနည်းငယ်သာထိခိုက်ခဲ့သည်။ ထို့ကြောင့် ပြုပြင်မှုများ ပြုလုပ်ပြီး ပစိဖိတ်စစ်မျက်နှာတွင် စစ်ကြီးပြီးသည်အထိ တာဝန်ထမ်းဆောင်ခဲ့ပေသည်။
(16) New Mexico-class Battleships
In serviced : (1917-1956)
ပထမကမ္ဘာစစ်ကြီးပြီးဆုံးခါနီးတွင် တပ်တော်ဝင်လာခဲ့သော တန်ချိန် ၃ သောင်းကျော်သည့်တိုက်သင်္ဘောကြီးများဖြစ်ကာ ၃ စီးတည်ဆောက်အသုံးပြုခဲ့သည်။ နာမည်များမှာ USS New Mexico (BB-40) USS Mississippi (BB-41) {အမည်တူ ၂ စီးအသုံးပြုခဲ့ဖူးသည်} နှင့် USS Idaho (BB-42) {အမည်တူ ၃ စီးအသုံးပြုခဲ့ဖူးသည်} တို့ဖြစ်ကြသည်။ ထိုသင်္ဘောကြီးများတွင် ယခင်သင်္ဘောများ၌ တပ်ဆင်ထားသော ၁၄ လက်မအမြောက်များထက် ပိုမိုကြီးမားသည့် ၁၆ လက်မအမြောက်များ တပ်ဆင်ရန် ရည်ရွယ်ခဲ့သေးသော်လည်း ထိုအမြောက်ကြီးများအား အသုံးပြုရန် အဆင်သင့်မဖြစ်သေးသည့်အတွက် မတပ်ဆင်ခဲ့ရပေ။ USS New Mexico သည် ၁၉၂၂ နှင့် ၁၉၄၂ ကာလအတွင်း ဖွဲ့စည်းခဲ့သော အမေရိကန်ရေတပ်မတော်၏ (Battle Fleet/Battle Force)တွင် အလံဆောင်သင်္ဘောအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုရေတပ်ဖွဲ့ကြီးတွင် ဒုတိယကမ္ဘာစစ်မဖြစ်ခင် ၁၉၃၉ ခုနှစ်၌ လေယာဉ်တင်သင်္ဘောကြီး ၅ စင်း၊တိုက်သင်္ဘောကြီး ၁၂ စင်း၊အပေါ့စားခရူဇာ ၁၄ စင်း၊ ဖျက်သင်္ဘော ၆၈ စင်းနှင့် ရေငုပ်သင်္ဘောများပါဝင်လေသည်။ ၁၉၃၁ ခုနှစ်တွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာသောအခါ အမေရိကန်သည် စစ်ထဲမဝင်သေးသော်လည်း အတ္တလန်တစ်တွင် ဂျာမန်ရေတပ်အင်အားကို တန်ပြန်နိုင်ရန်အတွက် အဆိုပါသင်္ဘောကြီးများအား ပစိဖိတ်မှနေ၍ အတ္တလန်တစ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့သည်။ ဂျပန်တို့ပုလဲဆိပ်ကမ်းအား တိုက်ခိုက်ခဲ့ပြီးချိန်မှသာ ပစိဖိတ်ရေတပ်သို့ပြန်လည်ပေးပို့ခဲ့ပေသည်။ စစ်ကြီးတစ်လျှောက်လုံး ပစိဖိတ်စစ်မျက်နှာ၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ်းတက်စစ်ဆင်ရေးပေါင်းများစွာတွင် အမြောက်ပစ်ကူပေးခဲ့သည်။
(17) Tennessee-class Battleships
In serviced : (1920-1947)
New Mexico-class များကိုအခြေခံ၍ ထပ်မံအဆင့်မြှင့်တင် တည်ဆောက်ထားသော အတန်းအစားများဖြစ်ကြကာ စုစုပေါင်း ၂ စီးတည်ဆောက်ခဲ့ပါသည်။ USS Tennessee (BB-43) နှင့် USS California (BB-44) ဟုအမည်ပေးခဲ့ပြီး ဒုတိယကမ္ဘာစစ်တစ်လျှောက် ပစိဖိတ်ရေတပ်မတော်၏ကျောရိုးအမာခံ တိုက်သင်္ဘောကြီးများဖြစ်ကြသည်။ စစ်ပွဲအစ ပုလဲဆိပ်ကမ်းဗုံးကြဲခံရရာတွင် ထိခိုက်နစ်မြုပ်ခဲ့သော်လည်း ဆယ်တင် ပြုပြင်ခဲ့ကြပြီး ဂျပန်ရေတပ်အား ပြန်လည်ရင်ဆိုင်နိုင်ခဲ့ပေသည်။ ပြောင်းလဲလာသော ရေတပ်တိုက်ပွဲ နည်းဗျူဟာများတွင် လေကြာင်းအခန်းကဏ္ဍမှာလည်း အရေးပါသည့် အချက်ဖြစ်လာခြင်းကြောင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်များ ထပ်မံတပ်ဆင် အဆင့်မြှင့်တင်ခဲ့သည်။ ဖိလစ်ပိုင်ကျွန်းတိုက်ပွဲစဉ်များတွင် ပါဝင်ခဲ့ပြီး အိုင်အိုဂျီးမားတိုက်ပွဲ၊ အိုကီနာဝါကျွန်းတိုက်ပွဲများ၌် ဂျပန်တို့၏ လေကြောင်းမှ အသေခံကာမီကာဇေ တိုက်ခံခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့သည့် အလွန်မာကြောသော တိုက်သင်္ဘောကြီးများဖြစ်ကြသည်။
(18) Colorado-class Battleships
In serviced : (1921-1947)
တန်ချိန် ၃ သောင်းကျော် အရှည်ပေ ၆၂၀ ကျော်သည့် Colorado-class တိုက်သင်္ဘောကြီးများအား ပထမကမ္ဘာစစ်အပြီးကာလများ ၁၉၁၇ တွင် စတင်တည်ဆောက်ခဲ့ပြီး မူလက ၄ စီးတည်ဆောက်ခဲ့သော်လည်း ၃ စီးသာပြီးစီးခဲ့သည်။ USS Colorado (BB-45) USS Maryland (BB-46) USS Washington (BB-47) {Cancelled}နှင့် USS West Virginia (BB-48) တို့ဖြစ်ကြသည်။ USS Washington အားအပြီးမသတ်နိုင်ခဲ့ဘဲ ၁၉၂၂ ခုနှစ်တွင်ချုပ်ဆိုသည့် ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီနှင့် ဂျပန်နိုင်ငံံတို့ပါဝင်သော ရေတပ်အင်အား ကန့်သတ်ထိန်းချုပ်ခြင်းစာချုပ် (Washington Naval Treaty) ဝါရှင်တန်ရေကြောင်းစာချုပ်အရ အမေရိကန်အတွက် သတ်မှတ်ထားသည့် သင်္ဘောအားလုံးပေါင်းတန်ချိန် ပြည့်သွားသောကြောင့် ရပ်တန့်ခဲ့ရသည်။ ထိုသင်္ဘောကြီးများသည် ဒုတိယကမ္ဘာစစ်မတိုင်မီ တည်ဆောက်ခဲ့သော တိုက်သင်္ဘောကြီးများအနက် North Carolina-class များတပ်တော်မဝင်သေးခင်အထိ အကောင်းဆုံးနှင့် အကြီးမားဆုံး တိုက်သင်္ဘောကြီးများဖြစ်ကြကာ ၁၆ လက်မအမြောက်ကြီးများ ပထမဆုံးတပ်ဆင်လာခဲ့သည်။ Standard-type battleships အမျိုးအစားများအနက် နောက်ဆုံးအသုတ်ဖြစ်ကာ ၂ လက်တွဲအမြောက်ပစ်စင်ပုံစံကိုလည်း နောက်ဆုံးအသုံးပြုခဲ့သော တိုက်သင်္ဘောများဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်စစ်မျက်နှာ၌ ဂျပန်တို့အား တိုက်ခိုက်သော ကမ်းတက်စစ်ဆင်ရေးပေါင်းများစွာတွင် ကမ်းခြေသို့ပစ်ကူပေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ ဖိလစ်ပိုင်ကျွန်းသိမ်းတိုက်ပွဲစဉ်များ၌ ဂျပန်ရေတပ်နှင့်တိုက်ခိုက်ခဲ့ရသော လေတီပင်လယ်အော်တိုက်ပွဲတွင်လည်း ပါဝင်ဆင်နွှဲခဲ့ကာ ထိုတိုက်ပွဲအတွင်း ကမ္ဘာပေါ်တွင် တိုက်သင်္ဘောကြီးများ၏ နောက်ဆုံးစီးချင်းထိုးတိုက်ပွဲဖြစ်သည့် ဆူရီဂါအိုရေလက်ကြားတိုက်ပွဲတွင်လည်း ပါဝင်ခဲ့ကာ ဂျပန်ရေတပ်သင်္ဘောများအား အနိုင်ယူခဲ့ပေသည်။
(19) South Dakota-class Battleships (1920-Cancelled)
ထိုအတန်းအစား စစ်သင်္ဘောကြီးများသည် ၁၉၂၀ ကာလတွင် အင်အားကြီးမားလာသော ဂျပန်ရေတပ်မတော်၏ တိုက်သင်္ဘောကြီးများအား ယှဉ်နိုင်ရန်အတွက် ရည်ရွယ်ပြီး တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ရေတပ်မတော်၏ ပထမဆုံး အမြန်သွားတိုက်သင်္ဘော Fast Battleship အမျိုးအစားများဖြစ်ပြီး တန်ချိန် ၄ သောင်းကျော် ၅ သောင်းနီးနီးအထိရှိကာ ၃လက်တွဲ ၁၆ လက်မအမြောက်ပစ်စင် ၄ စင်ပါဝင်၍ ကမ္ဘာပေါ်တွင်အကြီးမားဆုံး တိုက်သင်္ဘောကြီးများဖြစ်လာမည်ဖြစ်သည်။ ၁၉၂၀ တွင် ဧရာခင်းတည်ဆောက်ခဲ့ပြီး တည်ဆောက်နေဆဲကာလ ၁၉၂၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ဝါရှင်တန်ရေကြောင်းစာချုပ်အရ အမေရိကန်ရေတပ်မတော်တွင် တိုက်သင်္ဘောကြီးများအား တန်ချိန် ၃၅၀၀၀ အထိသာ ထားရှိရန် သတ်မှတ်လိုက်သဖြင့် သင်္ဘောတည်ဆောက်ရေးစီမံကိန်းများကို ဖျက်သိမ်းပစ်လိုက်ရပေသည်။ သင်္ဘောများတွင် တပ်ဆင်မည့် အမြောက်ကြီးများအား အမေရိကန်တပ်မတော်မှ လွှဲပြောင်းရယူသွားပြီး ကမ်းရိုးတန်းကာကွယ်ရေးအမြောက်များအဖြစ် အသုံးပြုခဲ့သည်။ တည်ဆောက်နေဆဲဖြစ်သည့် သင်္ဘောအမည်များမှာ South Dakota(BB-49) Indiana (BB-50) Montana (BB-51) North Carolina(BB-52) Iowa (BB-53) နှင့် Massachusetts(BB-54) တို့ုဖြစ်ကြသည်။
(20) North Carolina-class Battleships
In serviced : (1941-1947)
Cancel ဖြစ်သွားသည့် South Dakota-class များနောက်တွင် တည်ဆောက်ခဲ့သော Fast Battleship အမျိုးအစားဖြစ်ကာ USS North Carolina (BB-55)နှင့် USS Washington (BB-56) ဟုအမည်ပေး တပ်တော်ဝင်ခဲ့သည်။ ၁၉၃၇ ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါနီး ကာလများတွင် စတင်တည်ဆောက်ခဲ့ပြီး မူလရည်ရွယ်ထားသည်မှာ ဝါရှင်တန်ရေကြောင်းစာချုပ်မှ သတ်မှတ်ထားသည့် တန်ချိန် ၃၅၀၀၀၊အမြောက်အရွယ်အစားများနှင့်အညီ ၁၄ လက်မအမြောက်များ တပ်ဆင်ရန်လျာထားခဲ့သည်။ သို့သော် တည်ဆောက်နေဆဲကာလတွင် ဂျပန်သည် ဝါရှင်တန်သဘောတူညီမှုအချက်များကို ချိးဖောက်ပြီး စစ်သင်္ဘောကြီးများအား အင်အားတိုးချဲ့ တည်ဆောက်လာခဲ့လေသည်။ ထို့ကြောင့် အမေရိကန်တို့သည်လည်း သူတို့၏ ဆောက်လက်စ စစ်သင်္ဘောကြီးများ၏ ၁၄ လက်မအမြောက်များနေရာတွင် ပိုမိုပစ်အားပြင်းထန်သည့် ၃ လက်တွဲပစ်စင် ၃ စုံပါဝင်သော ၁၆ လက်မအမြောက်ကြီးများကို စတင်တပ်ဆင်လေတော့သည်။ စစ်သင်္ဘောကြီးများ၏ အမြန်နှုန်းသည်လည်း ယခင်မူလ သင်္ဘောများ၏ အမြန်နှုန်း ၂၁ kn နော့ ထက်ပိုမြန်လာကာ ၂၈ kn နော့ခန့်ရှိလာခဲ့ပြီး သင်္ဘောကြီး၏ အရှည်သည်လည်း ယခင်သင်္ဘောများထက် ပေ ၁၀၀ ကျော်ပိုရှည်လာပြီး ၇၂၈ ပေအထိရှိလာခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာသောအခါ ထိုသင်္ဘောကြီးများသည် အမေရိကန်ရေတပ်မတော်၏ လေယာဉ်တင်သင်္ဘောတပ်ဖွဲ့ (Task Forces) များအား အစောင့်လိုက်တာဝန်များကို ထမ်းဆောင်ရပြီး ဂျပန်တို့နှင့် ပစိဖိတ်စစ်မျက်နှာ၌ တိုက်ပွဲကြီးပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ စစ်ပြီးသောအခါတွင်လည်း ကမ္ဘာ့စစ်မျက်နှာပေါင်းစုံတွင် တိုက်ပွဲဝင်ခဲ့ကြသော အမေရိကန်တပ်မတော်သားများအား ပြည်တော်ပြန်ပို့သည့် စစ်ဆင်ရေး Operation Magic Carpet တွင်ပါဝင်ခဲ့ပေသည်။ ထို့နောက် သင်္ဘောကြီးများအား အနားပေးခဲ့ပြီး အမေရိကန်ရေတပ်မတော်၏ အရံရေတပ်ဖွဲ့တွင် ၁၉၆၀ အထိရှိနေခဲ့သည်။ USS Washington အား ၁၉၆၁ ခုနှစ်တွင် Scrap ပြုလုပ်ခဲ့ပြီး USS North Carolina ကို ၁၉၆၂ တွင် သူမ၏မိခင်ပြည်နယ် မြောက်ကိုင်ရိုလိုင်နာမှ Museum Ship အဖြစ်ထားရှိရန် ဝယ်ယူသွားခဲ့ပါသည်။
(21) South Dakota-class Battleships {1939}
In serviced : (1942-1947)
၁၉၂၀ ခုနှစ်တွင် ဆောက်လက်စ ဖျက်သိမ်းခဲ့သည့် South Dakota-class အတန်းအစား အမည်ကိုပင် ထပ်ပေးထားသော Fast Battleships အမျိုးအစားအုပ်စုဝင် တိုက်သင်္ဘောကြီးများဖြစ်ကာ ၁၉၃၉ ခုနှစ်တွင် စတင်တည်ဆောက်ပြီး စုစုပေါင်း ၄ စီး အသုံးပြုခဲ့သည်။ USS South Dakota (BB-57) USS Indiana (BB--58) USS Massachusetts (BB-59) နှင့် USS Alabama (BB-60) တို့ဖြစ်ကြသည်။ ထိုသင်္ဘောများသည် ဝါရှင်တန်ရေကြောင်းစာချုပ်၏အဆက် ဒုတိယမြောက်လန်ဒန်ရေကြောင်းစာချုပ်စည်းမျဉ်းအတိုင်း တည်ဆောက်ခဲ့သော စစ်သင်္ဘောများဖြစ်ကြကာ တည်ဆောက်ပြီးစီးခဲ့သမျှ ရေကြောင်းစာချုပ်တန်းဝင် တိုက်သင်္ဘောကြီးများထဲတွင် ဒီဇိုင်းပုံစံအကောင်းဆုံး တိုက်သင်္ဘောကြီးများဖြစ်ကြပေသည်။ တန်ချိန် ၃ သောင်းခွဲ အရှည်ပေ ၆၈၀ နှင့် အမြန်နှုန်း ၂၇ kn နော့ ရှိကာ၊ ၁၆ လက်မအမြောက်ကြီး ၃ လက်တွဲပစ်စင် ၃ ခုတပ်ဆင်ထားသည်။ ထိုတိုက်သင်္ဘောကြီးများအား အတ္တလန်တစ်နှင့် ပစိဖိတ်စစ်မျက်နှာ ၂ ခုစလုံးတွင် အသုံးပြုခဲ့ပြီး စစ်ကြီးအပြီးတွင် တပ်တော်ဝင်ဖျက်သိမ်းကာ အရံရေတပ်ဖွဲ့များတွင်ထားရှိခဲ့သည်။ South Dakota နှင့် Indiana တို့အား ၁၉၆၂ ခုနှစ်တွင် Scrap လုပ်ဖျက်သိမ်းခဲ့ပြီး Massachusetts နှင့် Alabama တို့အား ၁၉၆၄-၆၅ တွင် Museum ပြတိုက်သင်္ဘောများအဖြစ် ပြောင်းလဲခဲ့ပါသည်။
(22) Iowa-class Battleships
In serviced : 1943-1958
1968-1969
1982-1992
အမေရိကန်ရေတပ်မတော်သည် ထိုအတန်းအစား တိုက်သင်္ဘောကြီး ၆ စီးတည်ဆောက်ရန် လျာထားခဲ့သော်လည်း ၄ စီးသာတည်ဆောက်ပြီးစီးခဲ့ပြီး ကျန် ၂ စီးအား ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်အတွက် ဆက်မဆောက်တော့ဘဲ ဖျက်သိမ်းခဲ့သည်။ တည်ဆောက်ခဲ့သော သင်္ဘောများမှာ USS Iowa (BB-61) USS New Jersey (BB-62) USS Missouri (BB-63)၊ နှင့် USS Wisconsin (BB-64) တို့ဖြစ်ပြီး ဖျက်သိမ်းခဲ့သော သင်္ဘောများမှာ USS Illinois (BB-65) နှင့် USS Kentucky (BB-66) တို့ဖြစ်ကြသည်။
USS Iowa Class တိုက်သင်္ဘောကြီးများသည် အမေရိကန်ရေတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော တိုက်သင်္ဘောကြီးများအနက် အကြီးမားဆုံးနှင့် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သော တိုက်သင်္ဘောအမျိုးစားများဖြစ်ကြသည်။
ထိုသင်္ဘောကြီးများအား ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားသည့် ၁၉၃၉ ခုနှစ်တွင် တည်ဆောက်ရန်အမိန့်ပေးခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်နိုင်ခဲ့သည်။ သင်္ဘောကြီးများတွင် အဓိကလက်နက်အဖြစ် ၁၆ လက်မအမြောက်ကြီး ၃ စုံတွဲပစ်စင် ၃ စင်၊၅ လက်မအမြောက်ပစ်စင် ၁၂ စင်၊လေကြောင်ရန်ကာအဖြစ် အော်လီကွန်နှင့် ဗော်ဖာ စက်အမြောက် အရေအတွက်များစွာတပ်ဆင်ထားသဖြင့် သင်္ဘောကြီးများ၏ ပစ်အားမှာ ရေပေါ်ကျွန်းခံတပ်ကြီးတစ်ခုအလား သတ်မှတ်နိုင်ပေသည်။
သင်္ဘောကြီးများ၏ ပထမဆုံးတာဝန်အနေဖြင့် USS Iowa အား အမေရိကန်သမ္မတရုစဗဲ့၏ မဟာမိတ်ခေါင်းဆောင်ကြီးများတွေ့ဆုံဆွေးနွေးပွဲသို့ သယ်ယူပို့ဆောင်ရေး တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၎င်းတို့အား ပစိဖိတ်စစ်နယ်ဝန်းသို့ စေလွှတ်တာဝန်ထမ်းဆောင်စေခဲ့ကာ ကာဝါဂျီလန်း၊ ဆိုင်ပမ်း၊ မာရှယ်ကျွန်းကမ်းတိုက်ပွဲ စသည်တို့၌ ကမ်းခြေသို့ ၁၆ လက်မအမြောက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည်။ စစ်ကြီးပြီးဆုံးပြီး ၁၉၄၉ ခုနှစ်တွင် ၎င်းတို့အားအနားပေးရန်ဆုံးဖြတ်ပြီး တပ်တော်ဝင်ဖျက်သိမ်းကာ အမေရိကန်ရေတပ်မတော်၏ အရံရေတပ်ဖွဲ့အဖြစ်ထားရှိခဲ့သည်။ သို့ရာတွင် ၁၉၅၁ ခုနှစ် ကိုရီးယားစစ်ပွဲဖြစ်ပွားလာသောအခါ အနားယူနေသော သင်္ဘောကြီးများအား မိခင်ရေတပ်မတော်မှ ပြန်လည်ခေါ်ယူခဲ့ပြီး မြောက်ကိုရီးယားကမ်းခြေတလျှောက် အမြောက်ကြီးများဖြင့် ပစ်ကူပေးခြေမှုန်းခြင်းများပြုလုပ်ပေးခဲ့လေသည်။ ကိုရီးယားစစ်ပြီးသွားသောအခါ ၎င်းတို့အား အရံရေတပ်ဖွဲ့တွင် ထားရှိခဲ့သည်။
ဤသို့ဖြင့် စစ်သင်္ဘောကြီးများသည် Reserve Fleet တွင် နှစ်ပေါင်းများစွာ အနားယူနေခဲ့ပြီး ၁၉၈၃ ခုနှစ် သမ္မ္မတရေဂင်လက်ထက်တွင် နောက်တစ်ကြိမ် ကြိမ်စြင်္ကာတို့ပြီး တာဝန်ထမ်းဆောင်ရန် အကြောင်းဖန်လာပြန်သည်။ အဘယ်ကြောင့်ဆိုတော့ သမ္မ္မတရေဂင်လက်ထက်တွင် ဆိုဗီယက်တို့၏ အရေအတွက် အင်အားကြီးမားလာသော Red Army ရေတပ်မတော်၏ အင်အားကို တန်ပြန်နိုင်ရန်အတွင် အမေရိကန်ရေတပ်မတော်အား စစ်သင်္ဘောအစီးရေ ၆၀၀ ပါဝင်သောရေတပ်ကြီးအဖြစ် တည်ဆောက်ရန် 600-ship Navy plan ဖြင့် စတင်တည်ဆောက်လေသည်။ ထိုအခါ ဆိုဗီယက်တို့၏ နောက်ဆုံးပေါ်ဒုံးပျံတင်တိုက်သင်္ဘောကြီးများဖြစ်သည့် ကီရောဗ် Kirov class ခရူဇာတိုက်သင်္ဘောကြီးများကို တန်ပြန်နိုင်ရန်အတွက် အနားယူနေသည့် အမေရိကန်တိုက်သင်္ဘောကြီးများဖြစ်သော Iowa Class တိုက်သင်္ဘောကြီးများကို ပြန်လည်အဆင့်မြှင့်တင်ပြီး တာဝန်ထမ်းဆောင်စေရန်ဆုံးဖြတ်ခဲ့လေသည်။
သင်္ဘောကြီးများအား ခေတ်မှီစစ်လက်နက်များဖြစ်သည့် ဟာပွန်းသင်္ဘောဖျက်ဒုံးကျည်များတပ်ဆင်ခြင်း၊ တိုမာဟောခ့် ဒုံးကျည်များတပ်ဆင်ခြင်းနှင့် Phalanx Close-in Weapon system Gatling Guns များတပ်ဆင်ပေးခဲ့ပြီး ၊ပထမဆုံး မာင်းသူမဲ့ RQ-2 Pioneer ဒရုန်းကင်းထောက်လေယာဉ် ၂ စီးကိုလည်း သင်္ဘောကြီးများပေါ်တွင် စတင်တာဝန်ထမ်းဆောင်စေခဲ့သည်။ ရေဒါများနှင့် Fire Control စနစ်များကိုလည်း ခေတ်မှီနည်းစနစ်များဖြင့်အစားထိုးလဲလှယ် တပ်ဆင်ပေးခဲ့လေသည်။ အီရန် အီရတ်စစ်ဖြစ်ပွားလာသောအခါ ပါရှန်းကွေ့အတွင်းသွားလာနေသော ရေနံတင်သင်္ဘောများအား ကာကွယ်စောင့်ရှောက်ပေးခြင်းတာဝန်များထမ်းဆောင်ခဲ့သည်။ ၎င်းတို့၏ကြီးမားလှသော ၁၆ လက်မအမြောက်ကြီးများအား စမ်းသတ်ပစ်ခတ်လေ့ကျင့် အင်အားပြခြင်းကိုလည်း မကြာခဏပြုလုပ်ခဲ့လေသည်။ နောက်ဆုံးအနေဖြင့် ပထမပင်လယ်ကွေ့စစ်ပွဲတွင် ပါဝင်ခဲ့ပြီး ဆိုဗီယက်ယူနီယံပြိုကွဲသွားသောအခါ အမေရိကန်သည် ကမ္ဘာ့ထိပ်သီး ဆူပါပါဝါအဖြစ် ကျန်ရှိခဲ့ပြီး ၎င်းနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရန် ပါဝါအင်အားကြီးနိုင်ငံမရှိတော့သည့်အတွက် စစ်လက်နက်အင်အားများကို တဖြည်းဖြည်း လျှော့ချရန်ဆုံးဖြတ်ခဲ့သည်။ ထိုအခါ အနားယူနေရာမှ မကြာခဏပြန်လည်တာဝန်ထမ်းဆောင်စေခဲသော Iowa-class စစ်သင်္ဘောကြီးများအား အပြီးတိုင်အနားပေးရန် ဆုံးဖြတ်ခဲ့တော့သည်။ ဒုတိယကမ္ဘာစစ်မှစ၍ နှောင်းခေတ်အထိ အမေရိကန်ရေတပ်မတော်တွင် အကြိမ်ကြိမ်တာဝန်ထမ်းဆောင်ခဲ့သော သင်္ဘောကြီးများအား (Scrap)မလုပ်ဘဲ နောင်လာနောင်သားများ လေ့လာနိုင်ရန် ပြတိုက်သင်္ဘောများအဖြစ် ယနေ့တိုင်ပြသထားပါသည်။
Zaw Myint Thein
Ref : [၁]