အသုံးချဘာသာဗေဒ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဘာသာစကားအသုံးပြုမှုနှင့် ဆက်နွယ်နေသော ပြဿနာများအား လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးကို အဓိကထားသည့် ဘာသာဗေဒပညာရပ်ကို အသုံးချဘာသာဗေဒပညာရပ်ဟု ခေါ်သည်။ ဤပညာရပ်သည် ဘာသာစကားအသုံးပြုမှုနှင့် ဆက်နွယ်နေသော ပြဿနာများကို ဖော်ထုတ်၍ လေ့လာစမ်းစစ်ကာ ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာသည့် ပညာရပ်ဖြစ်သည်။ အခြားပညာရပ်များနှင့်လည်း ဆက်စပ်နေသည့် ပညာရပ်တစ်ခု ဖြစ်သည်။ အသုံးချဘာသာဗေဒပညာရပ်နှင့် ဆက်စပ် နေသည့် ပညာရပ် အချို့မှာ မနုဿဗေဒ၊ လူမှုဗေဒ၊ ကွန်ပျူတာသိပ္ပံနှင့် စိတ်ပညာတို့ ဖြစ်သည်။ အသုံးချဘာသာဗေဒပညာရပ်သည် ပညာရေးကဏ္ဍနှင့်လည်း ဆက်စပ်မှုရှိသည့် အပြင် လူတို့ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံပုံ ကို လေ့လာသည့် သုတေသနလုပ်ငန်း၊ ဆက်သွယ်ရေးသုတေသနလုပ်ငန်းတို့နှင့်လည်း ဆက်စပ်နေသည်။

အသုံးချဘာသာဗေဒပညာရပ်၏ အောက်တွင် • ဘာသာစကားနှစ်မျိုးပြောနိုင်မှုကို လေ့လာသည့် ပညာရပ်၊ • ဘာသာစကားများ ပြောဆိုနိုင်မှုကို လေ့လာသည့် ပညာရပ်၊ • ကွန်ပျူတာ အကူအညီဖြင့် ဆက်သွယ်မှုကို လေ့လာသည့် ပညာရပ်၊ • လူတို့ အချင်းချင်း အပြန်အလှန်ပြောဆိုသည့် စကားများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ လေ့လာသည့် ပညာရပ်၊ • ဘာသာစကားနှစ်ခုအကြားရှိ တူညီသောအချက်များ၊ မတူညီသောအချက်များကို လေ့လာဖော်ထုတ်သည့် ပညာရပ်၊ • လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်သည့် သင်္ကေတဘာသာစကားများကို လေ့လာသည့် ပညာရပ် • စကားပြောဆိုပုံ၊ စာပိုဒ်များဖွဲ့စည်းပုံတို့ကို ခွဲခြမ်းစိတ်ဖြာ၍ လေ့လာသည့် ပညာရပ်၊ • ဘာသာစကား သင်ကြားရေးနှင့် ဆိုင်သည့် ပညာရပ်၊ • ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းနှင့် ဆိုင်သည့် ပညာရပ်၊ • ဘာသာစကားနှင့်ဆိုင်သော စံမံချက်များ ရေးဆွဲသည့် ပညာရပ်၊ • ဘာသာစကားအသုံးပြုမှုနှင့်ဆိုင်သော ပေါ်လစီများကို လေ့လာသည့် ပညာရပ်၊ • ဘာသာစကားမတူသူတို့ အချင်းချင်း ပြောဆိုဆက်ဆံနိုင်ဖို့ကြိုးစားရာမှ ဖြစ်ပေါ်လာသည့် ဘာသာစကားများကို လေ့လာသည့် ပညာရပ်၊ • စကားပြောဆိုပုံမျိုးစုံ၊ စာပေအမျိုးအစားမျိုးစုံကို လေ့လာသည့် ပညာရပ်၊ • အခြေအနေနှင့် အချိန်အခါအလိုက် စကားပြောဆိုပုံ အမျိုးမျိုးကို လေ့လာသည် ပညာရပ်၊ • ရာဇဝတ်မှုများကို ဖော်ထုတ်ခြင်းနှင့် ဆက်စပ်နေသော ဘာသာဗေဒပညာရပ်၊ • ဘာသာစကားအသုံးပြုမှုဆိုင်ရာ စစ်တမ်းကောက်ယူမှု ပညာရပ်၊ • စာတတ်မြောက်ရေး လုပ်ငန်းနှင့် ပတ်သက်သော ပညာရပ်၊ • အဘိဓာန်ပြုစုသည့် ပညာရပ် စသည့် ပညာရပ်၊ • ဘာသာပြန်ဆိုသည့် ပညာရပ်တို့ ပါဝင်သည်။

ဘာသာဗေဒပညာဆိုင်ရာ အကြောင်းအရာများကို အဓိကထား ထုတ်ဝေသည့် ထင်ရှားသည့် ဂျာနယ်များရှိပြီး ၎င်းတို့မှာ Annual “Review of Applied Linguistics ဂျာနယ်, Applied Linguistics ဂျာနယ်, International Review of Applied Linguistics ဂျာနယ်, International Journal of Applied Linguistics ဂျာနယ်, Issues in Applied Linguistics ဂျာနယ်, and Language Learning ဂျာနယ် တို့ဖြစ်သည်။

အသုံးချဘာသာဗေဒပညာရပ်၏ သမိုင်း[ပြင်ဆင်ရန်]

“အသုံးချ ဘာသာဗေဒပညာရပ်”သည် ၁၉၅၀ ခုနှစ်နောက်ပိုင်း ဂျနရေးတစ်ဘာသာဗေဒပညာ (generative linguistics) နှင့် တချိန်တည်း ပေါ်ပေါက်လာသည့် ပညာရပ်ဖြစ်သည်။ အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံတို့မှ စတင်ပေါ်ပေါက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာ၌ လျှင်မြန်စွာ ရေပန်းစားလာသည့် ပညာရပ်တစ်ခုဖြစ်သည်။ ဤပညာရပ်သည် အစပိုင်းတွင် ဘာသာစကားနှင့်ပတ်သက်သော သဒ္ဒါ၊ အသံထွက် နှင့် ဝေါဟာရတို့ကိုသာ လေ့လာသည့် ပညာရပ်တစ်ခုသာ ဖြစ်သည်။ အခြားနယ်ပယ်မှ ပညာရှင်များကလည်း ဘာသာဗေဒပညာရှင်တို့အား ဘာသာစကားနှင့်ပတ်သက်သော သဒ္ဒါ၊ အသံထွက် နှင့် ဝေါဟာရတို့ကို လေ့လာပြီး ထိုအသိပညာတို့ကို လက်တွေ့အသုံးချနေကြသည့် သူများအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း အသုံးချဘာသာဗေဒပညာရပ်သည် နောက်ပိုင်းတွင် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး ဘာသာစကားနှင့်ဆိုင်သော ပေါ်လစီများကို လေ့လာသည့် ပညာရပ်၊ ဘာသာစကားအသစ်တစ်ခုကို သင်ယူခြင်းနှင့် ဆိုင်သည့် ပညာရပ်၊ ဘာသာစကားအသုံးပြုမှုဆိုင်ရာ စစ်တမ်းကောက်ယူမှု ပညာရပ်တို့လည်း ပါဝင်လာသည်။ ၁၉၇၀ ခုနှစ် အစောပိုင်းကာလမှ စ၍ အသုံးချဘာသာဗေဒပညာရပ်သည် သီအိုရီအမျိုးမျိုးအကြောင်းကိုသာ လေ့လာသည့် ပညာရပ်တစ်ခုအနေနှင့် မဟုတ်ဘဲ ဘာသာစကား အသုံးပြုမှုနှင့် ဆက်နွယ်နေသော အမှန်တကယ် ဖြစ်ပျက်နေသည့် ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ဖို့ ကြိုးစားရာမှ တဖြည်းဖြည်း ကျယ်ပြန့်လာသည့် ပညာရပ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၉၀ ခုနှစ်သို့ရောက်သောအခါ အသုံးချဘာသာဗေဒပညာရပ်သည် ပိုမိုကျယ်ပြန့်လာပြီး ဘာသာစကားများ ပြောဆိုနိုင်မှုကို လေ့လာသည့် ပညာရပ်နှင့် ဝေဖန်သုံးသပ်သည့်ပညာရပ် (critical studies) ဟု ခေါ်သည့် ပညာရပ်လည်း ပါဝင်လာသည်။ အသုံးချဘာသာဗေဒပညာရပ်နှင့် ပတ်သက်သော သုတေသနလုပ်ငန်းများသည်လည်း ဘာသာစကားနှင့်ပတ်သက်သော သဒ္ဒါ၊ အသံထွက် နှင့် ဝေါဟာရတို့ကို လေ့လာရာမှ ဘာသာစကားအသုံးပြုမှုနှင့် ဆက်နွယ်နေသော ပြဿနာများကို သီအိုရီဖြင့်သာမက လက်တွေ့ လေ့လာစူးစမ်းနိုင်ရေးကို ဦးစားပေးသည့် သုတေသနလုပ်ငန်းများဖြစ်လာသည်။ အသုံးချဘာသာဗေဒပညာရပ်သည် ဘာသာစကားအသုံးပြုမှုနှင့် ဆက်နွယ်နေသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများအား လေ့လာသည့် ပညာရပ်တစ်ခု အဖြစ် ယနေ့တိုင် တည်ရှိလျက် ရှိသည်။


အမေရိကန်နိုင်ငံ[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံ၌လည်း အသုံးချဘာသာဗေဒပညာရပ်သည် အစပိုင်းတွင် ဘာသာစကားများ၏ဖွဲ့စည်းပုံအား လေ့လာသည့် ပညာရပ်ကို လက်တွေ့အသုံးချရာမှ စတင်ဖြစ်ပေါ်လာသည့် ပညာရပ်တစ်ခုဖြစ်သည်။ ထိုအချိန်က အသုံးချဘာသာဗေဒပညာရပ်သည် သိပ်မကျယ်ပြန့်သေးပါ။ အမေရိကန်နိုင်ငံရှိ ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများအား ၎င်းတို့၏ မိခင်ဘာသာစကားဖြစ်သည့် အင်္ဂလိပ်စကားကို ရေးတတ်၊ ဖတ်တတ်နိုင်အောင် သင်ကြားပေးဖို့အတွက် ဆရာ၊ ဆရာမများ လေ့လာကြသည့် သင်ကြားရေးဆိုင်ရာ ဘာသာရပ်တစ်ခုသာ ဖြစ်သည်။ နောက်ပိုင်းတွင် အသုံးချဘာသာဗေဒပညာရပ်သည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး နိုင်ငံခြားဘာသာစကားများကို သင်ကြားသည့် ပညာရပ်လည်း ပါဝင်လာသည်။ ဘာသာဗေဒပညာရပ်၏ အထောက်အကူဖြင့် ဘာသာစကားသင်ယူခြင်းကို လူသိများလာစေရန်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူတို့မှာ Mr. Leonard Bloomfield နှင့် Mr. Charles C. Fries တို့ဖြစ်သည်။ Mr. Leonard Bloomfield သည် အမေရိကန်နိုင်ငံရှိ ‘စစ်တပ်အတွင်းရှိ အထူးသင်တန်းများအတွက် ဖောင်ဒေးရှင်း’ကို တည်ထောင်ခဲ့သူဖြစ်ပြီး Mr. Charles C. Fries သည် ၁၉၄၁ ခုနှစ်တွင် မီချီဂန်တက္ကသိုလ်၌ ‘အင်္ဂလိပ်ဘာသာစကားအသင်း’ကို တည်ထောင်ခဲ့သူဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် မီချီဂန်တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုက “Language Learning: A Journal of Applied Linguistics”ဂျာနယ်ကို စတင်ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်သည် အသုံးချဘာသာဗေဒပညာ ဟူသည့် အမည်ပါဝင်သည့် ပထမဦးဆုံးဂျာနယ်ဖြစ်သည်။ ၁၉၆၀ ခုနှစ်နှောင်းပိုင်းတွင် အသုံးချဘာသာဗေဒပညာရပ်သည် အခြားပညာရပ်များနှင့် ဆက်နွယ်နေသည့် ဘာသာဗေဒပညာရပ်တစ်ခုအဖြစ်သာမက ဘာသာစကားအသုံးပြုမှုနှင့်ဆက်နွယ်နေသော ပြဿနာများအား လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေးကို အဓိကထားသည့် ပညာရပ်တစ်ခုဖြစ်လာခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် “အမေရိကန်နိုင်ငံ အသုံးချဘာသာဗေဒပညာရပ် အသင်း”ကို တည်ထောင်လိုက်သောအခါ “အသုံးချဘာသာဗေဒပညာရပ်”သည် သီးခြား ပညာရပ်တစ်ခုအဖြစ် အခိုင်အမာ ဖြစ်ပေါ်လာခဲ့သည်။

ဗြိတိန်နိုင်ငံ[ပြင်ဆင်ရန်]

“ဗြိတိန်နိုင်ငံ အသုံးချဘာသာဗေဒပညာရပ် အသင်း”သည် ၁၉၆၇ ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သည်။ ထိုအသင်း၏ အဓိကလုပ်ငန်းမှာ “ဘာသာစကားသင်ယူခြင်း၊ ဘာသာစကားသင်ကြားခြင်း၊ ဘာသာစကားအသုံးပြုမှုကို လေ့လာခြင်း၊ အခြားပညာရပ်နယ်ပယ်မှ ပညာရှင်များနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းတို့ကို အားပေးခြင်းအားဖြင့် ပညာရေးတိုးတက်စေဖို့ လုပ်ဆောင်ရန်” ဖြစ်သည်။

ဩစတြေးလျနိုင်ငံ[ပြင်ဆင်ရန်]

ဩစတြေးလျနိုင်ငံတွင် အသုံးချဘာသာဗေဒပညာရပ်သည် မိခင်ဘာသာစကားကို အခြေခံကာ သင်ကြားသည့် သင်ကြားနည်းစနစ်ကို ဖန်တီးရန်နှင့် အခြားနိုင်ငံမှ ရွေ့ပြောင်းလာသူများအား အင်္ဂလိပ်စကားသင်ပေးရန်အတွက် အသုံးဝင်သည့် ပညာရပ်တစ်ခုအဖြစ် စတင်ပေါ်ပေါက်လာခဲ့သည်။ ဩစတြေးလျနိုင်ငံရှိ အသုံးချဘာသာဗေဒဆိုင်ရာ အစဉ်အလာများကို လေ့လာကြည့်သောအခါ ဩစတြေးလျနိုင်ငံ၌ အသုံးချဘာသာဗေဒပညာရပ်သည် ဥရောပနှင့် အမေရိကန်နိုင်ငံတို့၏ လွမ်းမိုးမှုကို အများဆုံးခံရကြောင်းတွေ့ရပြီး ဗြိတိန်နိုင်ငံ၏ လွှမ်းမိုးမှုမှာမူ အလွန်နည်းကြောင်းတွေ့ရသည်။ “ဩစတြေးလျနိုင်ငံတွင် အသုံးချဘာသာဗေဒပညာရပ် အသင်း”ကို ၁၉၇၆ ခုနှစ် တွင် ကျင်းပသည့် အသုံးချဘာသာဗေဒပညာရပ်နှင့်ဆိုင်သော အမျိုးသား ညီလာခံ၌ စတင်ဖွဲ့စည်းခဲ့ကြသည်။

ဂျပန်နိုင်ငံ[ပြင်ဆင်ရန်]

၁၉၈၂ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ 'အင်္ဂလိပ်စာသင်ကြားနေသည့် ဂျပန်နိုင်ငံ ကောလိပ်ဆရာ၊ ဆရာမများ အသင်း'က 'ဂျပန်နိုင်ငံ အသုံးချဘာသာဗေဒပညာရပ် အသင်း'ကို နိုင်ငံတကာအဆင့် အသုံးချဘာသာဗေဒသဆိုင်ရာ ဆောင်ရွက်မှုများတွင် ပါဝင်ရန်အတွက် ဖွဲ့စည်းခဲ့ကြသည်။ ၁၉၈၄ ခုနှစ်တွင် 'ဂျပန်နိုင်ငံ အသုံးချဘာသာဗေဒပညာရပ် အသင်း'သည် 'နိုင်ငံတကာအဆင့် အသုံးချဘာသာဗေဒပညာရပ် အဖွဲ့'၌ အသင်းဝင် ဖြစ်လာခဲ့သည်။

ဘာသာဗေဒပညာရပ်ဆိုင်ရာ အသင်းအဖွဲ့များ[ပြင်ဆင်ရန်]

America

Europe

Oceania

Asia

Others

အောက်ဖော်ပြပါအကြောင်းအရာများကိုလည်း ဖတ်ကြည့်ပါ[ပြင်ဆင်ရန်]

  • List of linguists
  • Glossary of language teaching terms and ideas
  • Internet linguistics

ဘာသာဗေဒပညာရပ်နှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖတ်ရှုရန်[ပြင်ဆင်ရန်]

  • Berns, M., & Matsuda, P. K. (2006). Applied linguistics: Overview and history. In K. Brown (Ed.), The Encyclopedia of language and linguistics (2nd ed.; pp. 394–405). Oxford, UK: Elsevier.
  • Cook, G. (2003) Applied Linguistics (in the series Oxford Introduction to Language Study), Oxford: Oxford University Press.
  • Davies, A. & Elder, C. (eds.) (2004) Handbook of Applied Linguistics, Oxford/Malden, MA: Blackwell.
  • Hall, C. J., Smith, P. H. & Wicaksono, R. (2011). Mapping Applied Linguistics. A Guide for Students and Practitioners. London: Routledge.
  • Johnson, Keith & Johnson, Helen (1999) Encyclopedic Dictionary of Applied Linguistics, Oxford/Malden, MA: Blackwell.
  • McCarthy, Michael (2001) Issues in Applied Linguistics, Cambridge University Press.
  • Pennycook, Alastair (2001) Critical Applied Linguistics: A Critical Introduction, London: Lawrence Erlbaum Associates.
  • Schmitt, Norbert (2002) An Introduction to Applied Linguistics, London: Arnold.

အကိုးအကားများ[ပြင်ဆင်ရန်]

  1. Alan Davies & Catherine Elder.(Eds.). 2004. Handbook of Applied Linguistics. 1
  2. Christopher Brumfit. How applied linguistics is the same as any other science, "International Journal of Applied Linguistics", 7(1), 86-94.
  3. Margie Berns and Paul Kei Matsuda. 2006. Applied linguistics: Overview and history. In K. Brown (Ed.), The Encyclopedia of language and linguistics (2nd ed.), 398-401.
  4. "British Association for Applied Linguistics constitution". Public Documents. British Association for Applied Linguistics. September 2011. Paragraph 3: "Objects". Retrieved 19 March 2012.
  5. Alan Davies & Catherine Elder.(Eds.). 2004. Handbook of Applied Linguistics. 6
  6. Jump up^ "Applied Linguistics Association of Australia (home page)". Applied Linguistics Association of Australia. September 2011. Retrieved 19 March 2012.

အခြားစာမျက်နှာများ[ပြင်ဆင်ရန်]

  • mappling.com Applied Linguistics community website
  • Applied Linguistics information and resources (USA and Canada)