အသိတာဘူဇာတ်

ဝီကီပီးဒီးယား မှ

ဒုကနိပါတ် - ၉။ ဥပါဟနဝဂ် -(၂၃၄) အသိတာဘူဇာတ်။ ။ မိမိကိုပစ်၍ ကိန္နရီမနောက်ကိုလိုက်သော မင်းသားအား အချစ်ကိုဖြတ်၍ မိမိအကျိုးစီးပွားကို ရှာမှီးသော အသိတာဘူမင်းသမီး အကြောင်း။

ပစ္စုပ္ပန်ဝတ္ထု[ပြင်ဆင်ရန်]

ကိုယ်ကျိုးရှာသူ အသိတာဘူ[ပြင်ဆင်ရန်]

နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်ဝယ် အဂ္ဂသာဝကနှစ်ပါးတို့ အလုပ်အကျွေးအိမ်၌ သတို့သမီးတစ်ယောက်သည် အလွန်အဆင်းလှ၏။ တင့်တယ်စံပယ်ခြင်းသို့ရောက်၏။

ထိုသတို့သမီးသည် အရွယ်ရောက်သောအခါ ထိမ်းမြားလက်ထပ်၍ လင်အိမ်သို့ ရောက်သည်ရှိသော် - လင်ယောကျ်ားသည် သတို့သမီးကို အနည်းငယ်မျှ ချစ်ခင်မြတ်နိုးခြင်းမရှိ၊ တစ်ပါးသောမိန်းမကို ချစ်ခင်မြတ်နိုးလျက် စိတ်အလိုသို့ လိုက်၍သာနေ၏။

သတို့သမီးသည် မိမိအပေါ်မှာ မရိုမသေကျင့်သော လင်ယောကျ်ားကို မရေတွက်ဘဲ အဂ္ဂသာဝကနှစ်ပါးတို့ကို ပင့်ဖိတ်ကာ အလှူပေး၍ တရားနာသည်ရှိသော် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုအခါမှစ၍ မဂ်ဖိုလ်ချမ်းသာဖြင့်သာ အချိန်ကို ကုန်လွန်စေ၏။ တစ်နေ့သ၌ မိဘတို့ကို ခွင့်ပန်ကာ ရဟန်းပြု၍ မကြာမီ အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုသတို့သမီး၏ အကြောင်းသည် သံဃာ့ဘောင်၌ ထင်ရှားလေ၏။

ထိုအခါ တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်ဝယ် “ငါ့ရှင်တို့ ... ဤမည်သော သတို့သမီးသည် လင်အလိုမရှိသည်ကို ဂရုမစိုက်ဘဲ မိမိအကျိုးစီးပွားကို ရှားမှီးတတ်သည်” ဟု စကားစပ်မိ၍ ပြောဆိုနေကြရာ မြတ်စွာဘုရား ကြွလာတော်မူသောအခါ ထိုအကြောင်းကို သိတော်မူလျှင် “ရဟန်းတို့ ... ဤသတို့သမီးကား ယခုအခါ၌သာလျှင် မိမိအကျိုးစီးပွားကို ရှားမီးတတ်သည်မဟုတ်၊ ရှေးအခါ၌လည်း ရှာမှီးတတ်သည်သာတည်း” ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု[ပြင်ဆင်ရန်]

တဏှာနောက်လိုက် မင်းသားမိုက်[ပြင်ဆင်ရန်]

လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် အရွယ်ရောက်လတ်သော် ရသေ့ရဟန်းပြုကာ အဘိညာဉ်၊ သမာပတ်တို့ကို ဖြစ်စေလျက် ဟိမဝန္တာအရပ်တွင် နေလေ၏။

ထိုအခါ ဗာရာဏသီ မင်းကြီးသည် မိမိ၏ သားတော်ဗြဟ္မဒတ်မင်းသားကို အခြံအရံနှင့် ပြည့်စုံသည်ကိုမြင်လျှင် ထီးနန်းစည်းစိမ်ကို လုယူလိမ့်မည်ဟု ယုံမှားသံသယရှိသဖြင့် တိုင်းနိုင်ငံမှ နှင်ထုတ်လိုက်၏။ ဗြဟ္မဒတ်မင်းသားသည် အသိတာဘူ မည်သော မိမိမယား မင်းသမီးကို ယူဆောင်၍ ဟိမဝန္တာသို့ဝင်ပြီးလျှင် ငါး၊ အမဲ၊ သစ်သီးကြီးငယ်စသည်တို့ကို စားသောက်၍ အသက်မွေးကာ သစ်ရွက်မိုးဇရပ်ဆောက်လုပ်လျက် နေလေ၏။

မင်းသားသည် ကိန္နရီမတစ်ကောင်ကိုမြင်လျှင် တပ်စွန်းသောစိတ် ရှိသည်ဖြစ်၍ မယားပြုမည်ဟု အသိတာဘူ မင်းသမီးကို အနည်းငယ် မရေတွက်တော့ဘဲ ခြေရာခံကာ ကိန္နရီမ၏နောက်သို့လိုက်လေ၏။ အသိတာဘူ မင်းသမီးမြင်လျှင် ဤမင်းသားကား ငါ့ကို မရေတွက်တော့ဘဲ ကိန္နရီမနောက်သို့လိုက်၏။ ဤမင်းသားဖြင့် ငါ့အား ဘယ်အကျိုးရှိအံ့နည်းဟု တပ်စွန်းခြင်းကင်းသောစိတ်ရှိသည်ဖြစ်၍ ရသေ့ထံကပ်၍ ကသိုဏ်းပရိကံ ပွားများနည်းကိုယူပြီးလျှင် ပွားများအားထုတ်ကာ အဘိညာဉ်၊ သမာပတ်ကို ဖြစ်စေလျက် ရသေ့ကိုရှိခိုး၍ ပြန်လာကာ မိမိဇရပ်တွင် နေလေ၏။

ကိလေစွဲလှ ပူဆွေးရ[ပြင်ဆင်ရန်]

ဗြဟ္မဒတ် မင်းသားလည်း တဖြည်းဖြည်း ပျောက်ကွယ်ကာ မလိုက်တတ်တော့ဘဲ ကိန္နရီမ၌ အာသာဖြတ်ကာ မိမိဇရပ်သို့ ရှေးရှုပြန်လာ၏။ အသိတာဘူ မင်းသမီးမြင်လျှင် ကောင်းကင်သို့ ပျံတက်၍ရပ်လျက် -

“အရှင့်သား ... သင်သည်ပင်လျှင် ငါ၏ဈာန်ချမ်းသာကို ပြုလုပ်ပေးပေ၏။ သင့်အပေါ်၌ တပ်စွန်းသော ငါ၏ကာမသည် ကင်းပျောက်လေပြီ၊ လွှဖြင့် ဖြတ်ထားသော ဆင်စွယ်ကဲ့သို့ သင့်အပေါ်၌ တပ်စွန်းကာ တစ်ဖန်စေ့စပ်ခြင်း မရှိတော့ပြီ” – ဟု တရားဟောလေ၏။ ဤသို့ တရားဟောပြီးလျှင် မင်းသား မြင်စဉ်လျှင်ပျံ၍အရပ်တစ်းပါးသို့ သွားလေ၏။ ဗြဟ္မတ် မင်းသားသည် အသိတာဘူမင်းသမီး သွားသောကာလ၌ ငိုကြွေးလျက် -

“ငါသည် အသိတာဘူမင်းသမီးမှ ဆုတ်ယုတ်သကဲ့သို့ ထိုထိုအာရုံသို့လိုက်ကာ အလွန်အလိုကြီးသောသူသည် တပ်စွန်းသော လောဘကြောင့် လည်းကောင်း၊ ထောင်လွှားသော မာနကြောင့် လည်းကောင်း၊ မိမိအကျိုးစီးပွားမှ ဆုတ်ယုတ်ရ၏” – ဟု ငိုကြွေးမြည်တမ်း၍ တစ်ယောက်ထီးတည်းသာ တော်၌နေပြီးလျှင် အဖ မင်းကြီး သေလွန်သောအခါ မင်းအဖြစ်ကို ရလေ၏။

ဇာတ်ပေါင်း[ပြင်ဆင်ရန်]

ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -

ရဟန်းတို့ ... ထိုအခါ မင်းသားမင်းသမီးတို့သည် - ယခုအခါ လင်မယား။ · ရသေ့သည် - ငါဘုရားဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

ဆောင်ပုဒ်[ပြင်ဆင်ရန်]

(၁) ကာမဂုဏ်ဆိုး၊ လိုက်သူမျိုး၊ ကိုယ်ကျိုးဆုတ်ယုတ်ရာ။

(၂) မလိုက်သူမျိုး၊ ကိုယ့်အကျိုး၊ ရရိုးဧကန်သာ။

အသိတာဘူဇာတ် ပြီး၏။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာပညာဗလပဌမကျော်ဦးကြီးဖေ။ ငါးရာငါးဆယ် နိပါတ်တော်စကားပြေ