အသက်ရှူခြင်း

ဝီကီပီးဒီးယား မှ
A schematic view of the human respiratory system.

အသက်ရှူခြင်း (breathing) ဆိုသည်မှာ ကျောရိုးရှိခြေလေးချောင်း သတ္တဝါများတွင် လေကို အဆုတ်အတွင်း၊ အပြင် ရှူသွင်း၊ ရှူထုတ်ခြင်းကို ခေါ်သည်။ Reptiles ဟုခေါ်သော အကြေးခွံပါ သတ္တဝါများ (ဥပမာ - လိပ်၊ မိကျောင်း)၊ ဌက်များ၊ နို့တိုက်သတ္တဝါများသည် အသက်ရှင်သန်၊ စွမ်းအင်ရနိုင်ရန် အောက်ဆီဂျင်ကို လိုအပ်ပေသည်။ အသက်ရှူခြင်းဖြင့် အောက်ဆီဂျင်ကို ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီးသို့ ပို့ဆောင်ပေးပြီး၊ ခန္ဓာကိုယ်အတွက် မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ကို ဖယ်ထုတ်ပေးသည်။ အသက်ရှူခြင်းနှင့် သွေးကြောတွင်း သွေးလည်ပတ်မှုတို့မှာ ဆက်စပ်လျက် ရှိသည်။ ပထမဦးဆုံး အသက်ရှူသွင်းသည့်အခါ အဆုတ်ထဲသို့ အောက်ဆီဂျင်နှင့် အခြားဓာတ်ငွေ့များ ရောက်ရှိသွားသည်။ ထိုမှတဆင့် အဆုတ်တွင်ရှိသော ဆံခြည်မျှင်သွေးကြောထဲသို့ ထိုဓာတ်ငွေ့များစိမ့်ဝင်သွားသည်။ ထိုသွေးကို နှလုံးမှ ညှစ်ထုတ်ပြီး ခန္ဓာကိုယ်အနှံ့ လည်ပတ်စေကာ အောက်ဆီဂျင်ဓာတ်ငွေ့ကို ရရှိစေသည်။ မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့မျးကို ပြန်လည်သယ်ဆောင်လာပြီး အဆုတ်မှတဆင့် လေထုထဲသို့ ပြန်လည်စွန့်ထုတ်သည်။ အသက်ရှူထုတ်ရာတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သာမက ခန္ဓာကိုယ်မှ ရေဓာတ်လဲ ဆုံးရှုံးသည်။

အသက်ရှူခြင်းဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]

အသက်ရှူသွင်းခြင်း[ပြင်ဆင်ရန်]

ရင်ခေါင်းနှင့် ဝမ်းဗိုက်ကို ခြားထားသော diaphragm ဟုခေါ်သည့် ကြွက်သားအလုပ်လုပ်ခြင်းကြောင့် အသက်ရှူသွင်းခြင်း ဖြစ်ပေါ်သည်။

  • အသက်ရှူသွင်းသည့်အခါ diaphragm သည် အောက်ပိုင်းသို့ နိမ့်ဆင်းသွားသည်။
  • ထို့ကြောင့် ရင်ခေါင်း၏ Volume မြင့်တက်လာသည်။
  • Boyle's Law အရ Volume နှင့် Pressure (ဖိအား) ပြောင်းပြန်အချိုးကြသည့်အတွက် ရင်ခေါင်းထဲတွင် Pressure လျော့ကျသွားသည်။
  • ထိုအခါ အဆုတ်တွင်းရှိလေအိတ်များ ဖိနှိပ်ခံထားရတာမှ လွတ်မြောက်သဖြင့် ဖောင်းလာသည်။ (Volume တက်လာသည်)
  • Bolye's Law အရ Volume တက်လာသဖြင့် အဆုတ်အတွင်းရှိလေအိတ်များ၏ ဖိအားလျော့ကျသွားသည်။
  • ပြင်ပလေထုဖိအားအောက် လျော့ကျသွားပါက လေသည် ဖိအားများသော ပြင်ပလေထုမှ ဖိအားနည်းသော အဆုတ်တွင်းသို့ ဝင်ရောက်လာသည်။

အသက်ရှူထုတ်ခြင်း[ပြင်ဆင်ရန်]

Diaphragm ကြွက်သားများ အလုပ်ပြီးမြောက်ပြီး အနားယူကြသည်။

  • ထို့ကြောင့် diaphragm အပေါ်သို့ ပြန်တက်လာသည်။
  • ထို့ကြောင့် ရင်ခေါင်း၏ ပမာဏ (Volume) လျော့ကျသွားသည်။
  • Boyle's Law အရ Volume နည်း၍ ရင်ခေါင်း၏ Pressure တက်လာသည်။
  • ရင်ခေါင်းဖိအားများလာ၍ အဆုတ်တွင်းရှိ လေအိတ်များကို ဖိလေသည်။
  • လေအိတ်များ ဖိခြင်းခံရ၍ pressure တက်လာသည်။
  • အဆုတ်တွင်းရှိ လေအိတ်များ၏ ဖိအားသည် ပြင်ပလေထုဖိအားသည် ပိုများလာပါက လေသည် ဖိအားများသော အဆုတ်အတွင်းမှ ဖိအားနည်းသော ပြင်ပလေထုသို့ ထွက်သွားလေသည်။

ပုံမှန်အသက်ရှူခြင်းအတွက် diaphragm ကြွက်သားများ အလွန်အကျံအလုပ်လုပ်ရန် မလိုအပ်ပေ။ စကားပြောခြင်းသည် အသက်ရှူသွင်း၊ ရှူထုတ်ခြင်းပေါ်တွင် မူတည်သည်။

အသက်ရှူခြင်းကို ထိန်းချုပ်ခြင်း[ပြင်ဆင်ရန်]

အသက်ရှူခြင်းကို စိတ်ဖြင့်သော်လည်ကောင်း၊ အသိစိတ်မပါပဲသော်လည်ကောင်း ခန္ဓာကိုယ်က ထိန်းချုပ်သည်။

စိတ်ဖြင့်ထိန်းချုပ်ခြင်း[ပြင်ဆင်ရန်]

တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခြင်းတို့သည် စိတ်ဖြင့်အသက်ရှူခြင်းကို ထိန်းချုပ်နည်းများဖြစ်သည်။ ရေကူးခြင်း၊ နှလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းများလုပ်ခြင်း၊ အသံထွက်၊ အသံတုလေ့ကျင့်ခြင်းတို့တွင် အသက်ရှူခြင်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားကြသည်။ အစပိုင်းတွင် စိတ်ဖြင့်ထိန်းချုပ်ပြီး၊ နောက်ပိုင်းတွင် သတိမမူမိတော့ချေ။

အသိစိတ်မပါပဲထိန်းချုပ်ခြင်း[ပြင်ဆင်ရန်]

ခန္ဓာကိုယ်၏ လိုအပ်ချက်ကို မူတည်၍ ဦးနှောက်မှ ထိန်းချုပ်သည်။ သွေးထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့များလာပါက ကာဗွန်နစ်အက်စစ်ဓာတ်ဖြစ်လာသည်။ လေ့ကျင့်ခန်းလုပ်ရာတွင် လက်တစ်အက်စစ်များထွက်လာသည်။ ထိုအက်စစ်ဓာတ်များကြောင့် သွေးထဲရှိ pH ဓာတ်ကို ကျစေသည်။ ထိုအခါ ဦးနှောက်ကို သွားနှိုးဆော်သည်။ ဦးနှောက်မှ diaphragm ကြွက်သားများ အလုပ်လုပ်ရန် ပြန်လည်စေခိုင်းသည်။

လေ့ကျင့်ခန်းလုပ်ရာတွင် လက်တစ်အက်စက်များ များလာ၍ သွေးထဲရှိ pH ဓာတ်ကျသည်။ ထို့ကြောင့် ဦးနှောက်ကို နှိုးဆော်သည်။ ထိုအခါ ဦးနှောက်က အသက်ရှူနှုန်းကို မြန်စေရန် ပြန်လည်စေခိုင်းသည်။

နားနေသည့်အခါ ကာဗွန်ဒိုင်အောက်ဆိုက်များ နည်းသွားသည်။ ထို့ကြောင့် ဦးနှောက်ကို နှိုးဆွမှုနည်းပြီး အသက်ရှူနှုန်း နည်းလေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် စုပုံလာခြင်းနှင့် အောက်ဆီဂျင်ဓာတ်လျော့ခြင်းနှင့် ယှဉ်ကြည့်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်များလာခြင်းက ဦးနှောက်ကို ပိုနှိုးဆွပြီး အသက်မြန်မြန်ရှူစေခြင်းကို ဖြစ်ပေါ်စေသည်။

အသက်ရှူခြင်းကို ရပ်ထားခြင်း (အသက်အောင့်ထားခြင်း)[ပြင်ဆင်ရန်]

ကျန်းမာနေသော လူတစ်ယောက် အသက်ရှူခြင်းကို စိတ်ဖြင့် ရပ်ထားရန် မည်သို့မျှမဖြစ်နိုင်ချေ။ အကယ်၍ အသက်မရှူလျှင် သွေးထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ စုပုံများပြားလာပြီး အသက်အရမ်းရှူချင်စိတ် ဖြစ်ပေါ်လာပြီး အသက်ရှူကို ရှူရပေမည်။ အကယ်၍ ဤအသိစိတ်မရှိပဲ ထိန်းချုပ်ခြင်းမရှိပါက အောက်ဆီဂျင်ဓာတ် အလွန်ကျဆင်းသွားပြီး မိနစ်အနည်းငယ်အတွင်း ဦးနှောက်သေခြင်း ဖြစ်ပေါ်နိုင်၍ ဖြစ်သည်။ ချွင်းချက်အနေဖြင့် - ရေအေးအောက်တွင် နစ်မြုပ်နေပြီး အသက်မရှူနိုင်သော်လည်း mammalian diving reflex အားဖြင့် အသက်ရှင်ကောင်း ရှင်နေနိုင်သည်။

အကယ်၍ ကျန်းမာနေသော လူတစ်ယောက် အသက်အောင့်ခြင်းကို အလွန်အကျွံကြိုးစားပါက ထိုသူ သတိလစ်ကောင်း လစ်သွားမည်။ သတိလစ်သွားချိန်တွင် ခန္ဓာကိုယ်က သူ့အလိုလို အသက်ပြန်ရှူပေလိမ့်မည်။ ထို့ကြောင့် အသက်အောင့်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံရန် မဖြစ်နိုင်ချေ။ အခြားအကြောင်းတစ်ခုခု - (ဥပမာ - ရေနှစ်ခြင်း) တို့ ရှိရပေမည်။

တမင်တကာ အသက်မြန်မြန်ရှူပါက သွေးထဲ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် အလွန်အကျွံလျော့နည်းသွားသည်။ ကာဗွန်ဒိုင်အောက်ဆိုက် နည်းသွားခြင်းကြောင့် သွေးကြောများ ကျဉ်းသွားခြင်း၊ Bohr's effect အရ သွေးနီဥ (ဟေမိုဂလိုဘင်)များက အောက်ဆီဂျင်ကို ခန္ဓာကိုယ်သို့ လွှတ်မပေးပဲ အတင်းပေါင်းထားခြင်း - စသည်တို့ကြောင့် အောက်ဆီဂျင်ဓာတ် အလွန်အကျွံ နည်းသွားပြီး သတိလစ်သွားခြင်းများ ဖြစ်နိုင်သည်။ ထိုအခါ အောက်ဆီဂျင် မပေးပဲ ကာဗွန်ဒိုင်အောက်ဆိုက် ပြန်တက်လာအောင် ကုသရသည်။

အသက်ရှူသွင်းရာတွင် ပါဝင်သော ဓာတ်ငွေ့များ[ပြင်ဆင်ရန်]

အောက်ဆီဂျင်သည် မပါမဖြစ် အရေးပါသော ဓာတ်ငွေ့ဖြစ်သည်။

လေထုထဲတွင် နိုင်ထရိုဂျင်ဓာတ် ၇၈%၊ အောက်ဆီဂျင် ၂၁%၊ အာဂွန် ၀.၉၆%၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ၀.၀၄%၊ ဟီလီယံ၊ ရေနှင့် အခြားဓာတ်ငွေ့များ ပါသည်။ ရေအောက် ဒိုင်ဗင်ထိုးသူများသည် အောက်ဆီဂျင်၊ ဟီလီယံဓာတ်များသော လေထုကို ရှူကြရသည်။ အာကာသဝတ်စုံထဲတွင် ရှိသော လေထုသည် အောက်ဆီဂျင် သက်သက်ဖြစ်သည်။ ပုံမှန်တွင် အောက်ဆီဂျင် အနည်းငယ်ကိုသာ မှီခိုနေသည့်အတွက် အောက်ဆီဂျင်ဓာတ် အလွန်အကျွံများပါက euphoria ကဲ့သို့ အခြေအနေမျိုး ဖြစ်သွားတတ်သည်။

ရှူထုတ်လိုက်သည့် လေထဲတွင် ရှူသွင်းသည်ထက် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ၄-၅% ပိုများပြီး၊ အောက်ဆီဂျင် ၄-၅% လျော့နည်းသည်။ ရေငွေ့ ၅% ခန့်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်မိုနောက်ဆိုက်၊ အစီတုန်း၊ မက်တနော၊ အက်တနော၊ အခြား လေတွင်ပျော်ဝင်သော ဓာတ်ပစ္စည်းများ ပါရှိသည်။ အစားအသောက်၊ လေ့ကျင်းခန်းလုပ်မှု၊ ကျန်းမာရေး အခြေအနေကို မူတည်ပြီး ပမာဏ ကွာခြားနိုင်သည်။

လေထုဖိအား[ပြင်ဆင်ရန်]

တောင်ထိပ်ကဲ့သို့ အမြင့်နေရာတွင်ရှိသော လေထုဖိအားသည် ပင်လယ်ရေမျက်နှာပြင်ရှိ လေထုဖိအားထက် လျော့နည်းသည်။ ထို့ကြောင့် အမြင့်ပိုင်းနေရာများတွင် သွေးထဲ အောက်ဆီဂျင်နည်းခြင်း၊ altitude sickness များ ဖြစ်ပေါ်နိုင်သည်။

ရေအောက်တွင်ရှိသော ဓာတ်ငွေ့ဖိအားမှာ ပင်လယ်ရေမျက်နှာပြင်ထက် ပိုများသည်။ ထို့ကြောင့် ဒိုင်ဗင်ထိုးသူများတွင် nitrogen narcosis, oxygen toxicity, decompression sickness စသည်တို့ ရနိုင်သည်။ ထို့ကြောင့် ရေအောက်နက်နက် ဒိုင်ဗင်ထိုးခြင်း ရှောင်ကြည်ခြင်း၊ အထက်ပါ လက္ခာများကို လေ့လာသိရှိခြင်း၊ စနစ်တကျ ဖြည်းဖြည်း ရေပေါ်ပြန်တက်ခြင်း စသည်တို့ ပြုလုပ်သင့်သည်။


ကိုးကား[ပြင်ဆင်ရန်]