အဝလွန်ခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အဝလွန်ခြင်း ဟူသည် ပိုလျှံနေသော ခန္ဓာကိုယ်အဆီများ စုပုံလာပြီး ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်လာစေသော အတိုင်းအတာသို့ရောက်ရှိလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်ပြီး ယင်းမှ မျှော်မှန်းထားသောသက်တမ်း ကို တိုစေခြင်း နှင့်/သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ်လာ ရန် ဦးတည်ပါသည်။ကိုယ်အလေးချိန် နှင့် အရပ်ကို နှိုင်းယှဉ်တိုင်းတာမှု ခန္ဓာကိုယ် အလုံးအထည်အညွှန်း (BMI) သည် ကိုယ်အလေးချိန် ၂၅ ကီလို ဂရမ်/စတုရန်းမီတာ နှင့် ၃၀ ကီလိုဂရမ်/စတုရန်းမီတာ အကြား သူများကို ကိုယ်အလေးချိန်ပိုနေသူများ (အဝမလွန်ခင်) ဟုသတ်မှတ်ပြီး ၃၀ ကီလိုဂရမ် /စတုရန်းမီတာ ထက်ပိုများသူတို့ကို အဝလွန်သူ ဟု သတ်မှတ်သည်။

အဝလွန်ခြင်းသည် ရောဂါအမျိုးစုံ ဖြစ်ပေါ်စေရန် ပိုလွယ်ပါသည်။ အထူးသဖြင့် နှလုံးရောဂါ၊ အမျိုးအစား၂ ဆီးချို သွေးချိုရောဂါ ၊ အိပ်နေစဉ် အသက်ရှူခက်ခဲခြင်း၊ အချို့သော ကင်ဆာ အမျိုးအစားများနှင့် အရိုးအဆစ် များရောင်ရမ်းခြင်း တို့ ဖြစ်တတ်သည်။အဝလွန်ခြင်းသည် အချို့သော သူတို့မှာ ပင်ကိုယ်အားဖြင့် မျိုးရိုး ကြောင့်၊ ဟော်မုန်းများထုတ်ပေးသော အင်ဒိုခရိုင်းစနစ် ချို့ယွင်းခြင်း၊ ဆေးများသောက်သုံးရခြင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာနာမကျန်းခြင်း တို့ကြောင့် ဖြစ်ရသော်လည်း အများစုအားဖြင့် စားသောက်သောအစာတွင်ကယ်လိုရီ အလွန်အကျွံပါဝင်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု မရှိခြင်းနှင့် မျိုးရိုးဗီဇအရ ဖြစ်လွယ်မှု တို့ စုပေါင်းထားခြင်းကြောင့် အဖြစ်များသည်။ အချို့သော အဝလွန် သူများသည် အနည်းငယ်သာစားသော်လည်းကိုယ်အလေးချိန်တိုးရခြင်း မှာ နှေးကွေးသောဇီဝဖြစ်စဉ်များ ကန့်သတ်ခံရခြင်း၊ ပျမ်းမျှအားဖြင့် အဝလွန်သောသူများသည် တိုးလာသော ကိုယ်ခန္ဓာ အလုံးအထည်ကို ထိန်းသိမ်းရန် စွမ်းအင်လိုအပ်ခြင်းကြောင့် ပိန်သောသူများထက်ပိုမို၍ စွမ်းအင်သုံးစွဲရ၍ ဖြစ်သည်ဟူသော အမြင်ကို ထောက်ခံမှု ပြုနိုင်သည့် သက်သေသာဓကများလည်း ရှိသည်။

အစားအသောက်ထိန်းသိမ်းခြင်း နှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း တို့သည် အဝလွန်ခြင်းအတွက် အဓိက ကုသချက်များဖြစ်သည်။ ထို့အပြင် စွမ်းအင်သိပ်သည်းသော အစာများဖြစ်သည့် အဆီ နှင့် သကြား ပါဝင်မှုမြင့်သော အစာများလျော့စားခြင်း နှင့် အမျှင်ပါဝင်သောအစာ စားသုံးခြင်းကို တိုးမြှင့်၍ အစားအစာ၏ အရည်အသွေးကို ကောင်းမွန်အောင်ပြုရန် အရေးကြီးပါသည်။ မအောင်မြင်ပါက အဝလွန်ခြင်းမဖြစ်စေသည့်ဆေးဝါး များသောက်ခြင်းဖြင့် အစားစားချင်စိတ်ကို လျော့ချခြင်း သို့မဟုတ် အဆီစုပ်ယူမှုကို တားဆီးခြင်းပြုနိုင်သည်။ အလွန်ဆိုးသော အဖြစ်တို့တွင် အစာအိမ်လက်ခံနိုင်စွမ်း နှင့်/သို့မဟုတ် အူအလျားကို လျော့ချရန် ခွဲစိတ်မှုပြုခြင်း သို့မဟုတ် အစာအိမ်တွင်း ဘောလုံး ထည့်ခြင်းတို့ဖြင့် စောစောအစာဝခြင်းနှင့် အစာမှ အာဟာရများကို စုပ်ယူနိုင်စွမ်းလျော့ကျမှု တို့ကို ဖြစ်စေပါသည်။

အရွယ်ရောက်သူများ နှင့် ကလေးများ အကြား ဖြစ်ပေါ်ပျံ့နှ့ံခြင်း တိုးပွားလာသော အဝလွန်ရောဂါသည် ကမ္ဘာအနှံ့တွင် ဦးဆောင်နေသော ကာကွယ်မှုပြုနိုင်သည့် သေဆုံးမှုအကြောင်းရင်း တစ်ခုဖြစ်ပြီး အာဏာပိုင်တို့မှ ယင်းကို ၂၁ ရာစု၏ အလွန်ဆိုးဝါးသော လူထုကျန်းမာရေး ပြဿနာများထဲမှ တစ်ခုအဖြစ် မှတ်ယူကြပါသည်။အဝလွန်ခြင်းကို ကျွေးနိုင် မွေးနိုင်ခြင်း၏ ပြယုဂ် တစ်ခုအဖြစ် အတိတ်တစ်ချိန်က မှတ်သားခဲ့ကြပြီး၊ ကမ္ဘာ့အချို့နေရာများတွင် ယနေ့ ထက်တိုင် မှတ်နေကြသေးသော်လည်း ယနေ့ခေတ်တွင် (အထူးသဖြင့် အနောက်ကမ္ဘာ တို့၌) အဝလွန်ခြင်းအား ကဲ့ရဲ့အပြစ်ဆို လာပြီ ဖြစ်သည်။

BMI (ဘီအမ်အိုင်) အဆင့်ခွဲခြားခြင်း
< ၁၈.၅ အလေးချိန်နည်း
၁၈.၅–၂၄.၉ ပုံမှန်အလေးချိန်
၂၅.၀–၂၉.၉ ကိုယ်အလေးချိန်ပို
၃၀.၀–၃၄.၉ အဆင့် ၁ အဝလွန်ခြင်း
၃၅.၀–၃၉.၉ အဆင့် ၂ အဝလွန်ခြင်း
≥ ၄၀.၀ အဆင့် ၃ အဝလွန်ခြင်း

အဆင့်သတ်မှတ် ခွဲခြားခြင်း[ပြင်ဆင်ရန်]

အဝလွန်ခြင်း ဟူသည် ပိုလျှံနေသော ခန္ဓာကိုယ်အဆီများ စုပုံလာပြီး ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်လာစေသော အတိုင်းအတာသို့ရောက်ရှိလာသည့် ကျန်းမာရေးအခြေအနေ ဖြစ်သည်။ ယင်းအား ခန္ဓာကိုယ် အလုံးအထည် အညွှန်း (BMI) နှင့်သတ်မှတ်ပြီး၊ ခါး-တင်ပါးအချိုး ဖြင့် အဆီပျံ့နှ့ံခြင်း နှင့် အားလုံးသော နှလုံးသွေးကြောဆိုင်ရာ အန္တရာယ် ရှိသည့်အချက်များ နှင့်ညွှန်းဆိုခြင်းဖြင့် ဆက်လက်၍ ချင့်တွက်သည်။BMI (ဘီအမ်အိုင်) သည် ခန္ဓာကိုယ်ရှိ အဆီရာခိုင်နှုန်း ရော တစ်ကိုယ်လုံးရှိအဆီ နှစ်မျိုးလုံးနှင့် အလွန်ဆက်နွယ်နေသည်။ ဘီအမ်အိုင်အား တွက်ချက်ခံမည့်သူ၏ အလုံးအထည်ကို ၎င်း၏အရပ်နှစ်ထပ်ကိန်းနှင့် စားခြင်းဖြင့် တွက်ချက်သည်။ ပုံမှန်အား ဖြင့် ဘီအမ်အိုင်= ကီလိုဂရမ်/ မီတာနှစ်ထပ်ကိန်း ဟုဖော်ပြသည်။ ၁၉၉၇ တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ဖော်ထုတ်ပြီး ၂၀၀၀ တွင်ထုတ်ပြန်ခဲ့သော အများဆုံး အသုံးပြုသည့် သတ်မှတ်ဖွင့်ဆိုချက်များမှ ညာဘက်တွင် ဖော်ပြထားသော ဇယားတွင်းရှိ တန်ဖိုးများကို ပေးထားသည်။အာရှလူဦးရေမှ လူဖြူတို့ထက် နည်းသော ဘီအမ်အိုင်နှင့် ကျန်းမာရေးဆိုင်ရာ အကျိုးဆက်မကောင်းခြင်းတို့ ဖြစ်ပေါ် နေသဖြင့် အချို့သောနိုင်ငံများမှ အဝလွန်ခြင်းကို ပြင်ဆင်ဖွင့်ဆိုကြသည်။ ဂျပန်တို့မှ ၂၅ ထက်များသော မည်သည့် ဘီအမ်အိုင်ကိုမဆို အဝလွန်ခြင်းဟုသတ်မှတ်ပြီး တရုတ်တို့မှ ၂၈ထက်ကျော်သော ဘီအမ်အိုင်ကို သတ်မှတ်သည်။

ကျန်းမာမှုပေါ်တွင် သက်ရောက်မှု[ပြင်ဆင်ရန်]

ကိုယ်အလေးချိန် အလွန်အကျွံများနေခြင်းသည် အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ အမျိုးအစား၂ဆီးချို၊ အိပ်နေစဉ် အသက်ရှူပိတ်ဆို့ရပ်တန့်ခြင်း၊ အချို့သော ကင်ဆာ အမျိုးအစားများ၊ နှင့် အရိုးအဆစ်ရောင်ခြင်း ကဲ့သို့ သော ရောဂါများ အမျိုးအစားစုံလင်စွာ နှင့်ဆက်နွယ်နေသည်။ရလဒ်အနေနှင့် အဝလွန်ခြင်းသည် မျှော်မှန်းသက် တမ်း ကို လျော့နည်းစေကြောင်း တွေ့ရသည်။[2]

အသေအပျောက်[ပြင်ဆင်ရန်]

အဝလွန်ရောဂါသည် ကမ္ဘာအနှံ့တွင်ဦးဆောင်နေသော ကာကွယ်မှုပြုနိုင်သည့် သေဆုံးမှုအကြောင်းရင်း တစ်ခုဖြစ် သည်။အမေရိကန်နှင့် ဥရောပတွင် ပြုထားသော လေ့လာမှုအများအပြားမှ ဆေးလိပ်မသောက်သူများတွင် BMI ၂၀-၂၅ ကီလိုဂရမ်/စတုရန်း မီတာနှင့် လက်ရှိ ဆေးလိပ်သောက်သူများတွင် ၂၄-၂၇ ကီလိုဂရမ်/ စတုရန်း မီတာတွင် အသေအပျောက်အန္တရာယ်မှာ အနည်းဆုံးဖြစ်ပြီး တစ်ဘက်ဘက်သို့ ပြောင်းလဲမှုပြုလုပ်လိုက်လျှင် အန္တရာယ် တိုးလာမည်ဖြစ်ကြောင်း တွေ့ရှိထားကြသည်။၃၂ အထက်ရှိသော BMI သည် ၁၆ နှစ်အထက် အမျိုးသမီးများ အတွင်း အသေအပျောက်နှုန်း နှစ်ဆနှင့် ဆက်နွယ်နေသည်။အမေရိကန်ပြည်ထောင်စုတွင် အဝလွန်ခြင်းကြောင့် တစ်နှစ်လျှင် ၁၁၁၉၀၉ မှ ၃၆၅၀၀၀ အထိ ပိုမိုသေဆုံးမှုများ ဖြစ်ပေါ်ကြောင်း ခန့်မှန်းရပြီး ဥရောပနိုင်ငံများတွင် ၁ မီလီယံ (၇.၇%) သော သေဆုံးမှုများသည် အလေးချိန်ပိုကဲခြင်းကြောင့် ဖြစ်ကြောင်း မှတ်ယူရသည်။ပျမ်းမျှအားဖြင့် အဝလွန်ခြင်းသည် မျှော်မှန်းသက်တမ်းကို ခြောက်နှစ်မှ ခုနစ်နှစ်အထိ လျော့ချပြီးBMI ၃၀-၃၅ သမားများတွင် နှစ်နှစ်မှ လေးနှစ်အထိ၊အလွန်အဝလွန်သူများ (BMI ၄၀ အထက်) တွင် မျှော်မှန်းသက်တမ်းကို ၁၀နှစ်အထိ လျော့ချသည်။

နာမကျန်းဖြစ်မှု[ပြင်ဆင်ရန်]

အဝလွန်ခြင်းသည် များစွာသော ကိုယ်နှင့်စိတ် မကျန်းမာမှုအခြေအနေတို့ကို တိုးစေသည်။ ထိုရောဂါပေါင်းစုခြင်း ကြောင့် မကျန်းမာခြင်းတို့အား အများဆုံးအနေနှင့် အမျိုးအစား၂ဆီးချို၊ သွေးပေါင်ချိန်မြင့်မားခြင်း၊ သွေးထဲတွင် ကိုလက်စထရောဓါတ်များခြင်း နှင့် ထရိုင်ဂလစ်စရိုက်များခြင်းဟူသည့် ဆေးဘက်ဆိုင်ရာချို့ယွင်းချက်များ ပေါင်း စပ်ထားသည့် ဇီဝဖြစ်စဉ်ချို့တဲ့သည့်ရောဂါစုတွင် တွေ့ရသည်။

နောက်ဆက်တွဲပြဿနာများမှာ အဝလွန်ခြင်းကြောင့် တိုက်ရိုက်ဖြစ်ခြင်း သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အ ကြောင်းရင်း တူတူဖြစ်သော ညံ့ဖျင်းသည့်စားသောက်မှုပုံစံ သို့မဟုတ် မလှုပ်မရှားရသော ဘဝနေမှုပုံစံ ကဲ့သို့ ဆက် နွယ်နေသည့် ဖြစ်စဉ်တို့မှတဆင့် ဖြစ်ရခြင်းဖြစ်သည်။ အဝလွန်ခြင်း နှင့် ထိုသို့သော အခြေအနေများ အကြား ဆက် နွယ်မှု အင်အားမှာ အမျိုးမျိုးရှိသည်။ အထင်ရှားဆုံးသော ဆက်နွယ်မှုတစ်ခုမှာ အမျိုးအစား၂ဆီးချိုရောဂါ နှင့် ဖြစ်သည်။ ဆီးချိုဖြစ်နေသော အမျိုးသားများတွင် ခန္ဓာကိုယ်အဆီများ ပိုလျှံနေမှုသည် ၆၄% တွင်တွေ့ရပြီး အမျိုး သမီးများတွင် ရ၇% တွင်တွေ့ရသည်။

အကြောင်းရင်းများ[ပြင်ဆင်ရန်]

လူတစ်ဦးချင်းစီ အနေတွင် ကယ်လိုရီ အလွန်အကျွံစားသုံးခြင်း နှင့် ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည် အဝလွန်ခြင်း အများစုအား ရှင်းပြနိုင်သည်ဟု ထင်ခဲ့ကြသည်။အနည်းငယ်သော အဖြစ်များမှာ ပင်ကိုယ်အားဖြင့် မျိုးရိုး၊ ဆေး ပညာဆိုင်ရာအကြောင်း သို့မဟုတ် စိတ်ကျန်းမာရေးမကောင်းမွန်မှုတို့ကြောင့် ဖြစ်ရသည်။ ယှဉ်ကြည့်လျှင် လူနေမှုဝန်းကျင်တွင် အဝလွန်မှုနှုန်းတိုးလာရခြင်းမှာ အလွယ်တကူရရှိ စားသောက်နိုင်သော စားသောက်မှုပုံစံကားများ နှင့် စက်ပစ္စည်းထုတ်ကုန်များ အပေါ် မှီခိုမှုများလာခြင်း တို့ကြောင့် ဖြစ်သည်။

စားသောက်မှုပုံစံ[ပြင်ဆင်ရန်]

ကျယ်ကျယ်ပြန့်ပြန့်ရယူနိုင်သော အာဟာရဆိုင်ရာလမ်းညွှန်များသည် အလွန်အကျွံစားခြင်းနှင့် ညံ့ဖျင်းသော စားသောက်မှုပုံစံရွေးချယ်ချက်တို့၏ ပြဿနာများကို အနည်းငယ်သာ ထောက်ပြနိုင်သည်။၁၉၇၁ မှ ၂၀၀၀ အထိ အမေရိကန်ပြည်ထောင်စုတွင် အဝလွန်မှုနှုန်းသည် ၁၄.၅% မှ ၃၀.၉% သို့တက်လာသည်။ထိုအချိန်တွင်းမှာပင် ပျမ်းမျှကယ်လိုရီ စားသုံးသည့် ပမာဏမှာလည်း မြင့်တက်လာသည်။ အမျိုးသမီးများအတွက် တစ်နေ့လျှင် ပျမ်းမျှ ၃၃၅ ကယ်လိုရီ တိုးလာပြီး (၁၉၇၁ တွင် ၁၅၄၂ ကယ်လိုရီ နှင့် ၂၀၀၄ တွင် ၁၈၇၇ ကယ်လိုရီ) အမျိုးသားများအတွက် တစ်နေ့လျှင် ပျမ်းမျှ ၁၆၈ ကယ်လိုရီ တိုးလာသည် (၁၉၇၁ တွင် ၂၄၅၀ ကယ်လိုရီ နှင့် ၂၀၀၄ တွင် ၂၆၁၈ ကယ်လိုရီ)။ အများစုသော ထိုအပို ကယ်လိုရီတို့မှာ အဆီစားသုံးမှုထက် ကစီဓါတ်စားသုံးမှု တိုးလာခြင်းကြောင့်မှ ဖြစ်သည်။ထို အပို ကစီဓါတ်တို့၏ မူလရင်းမြစ်မှာ ယနေ့ အမေရိကန်ရှိ လူငယ်များ၏ နေ့စဉ် ကယ်လိုရီ၏ ၂၅ရာနှုန်း အဖြစ် ရှိနေသည့် အချိုရည်များ ပင်ဖြစ်သည်။အချိုရည်များ သောက်သုံးခြင်းသည် အဝလွန်ခြင်း မြင့်တက်လာနှုန်း၏ ပါဝင် ပတ်သက်မှုဖြစ်ကြောင်း ယုံကြည်ကြသည်။

လူနေမှုဝန်းကျင်တို့မှ စွမ်းအင်သိပ်သည်းသော၊ အရွယ်အစားကြီးကြီး၊ အသင့်စားအစာများပေါ်တွင် ပိုမို မှီခိုလာသည် နှင့်အမျှ အသင့်စားအစာများစားသုံးခြင်းနှင့် အဝလွန်ခြင်းတို့အကြား ဆက်နွယ်မှုသည် ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာ သည်။အမေရိကန်ပြည်ထောင်စုတွင် အသင့်စားအစာ စားသုံးမှုသည် သုံးဆမြင့်လာပြီး၊ ထိုအစာများမှ ကယ်လိုရီ ရရှိမှုသည် ၁၉၇၇ နှင့် ၁၉၉၅ အတွင်း လေးဆ မြင့်လာသည်။အမေရိကန်ပြည်ထောင်စု နှင့် ဥရောပ တွင် စိုက်ပျိုးရေးမူဝါဒ နှင့် နည်းပညာတို့ မှ အစားအစာဈေးနှုန်းတို့အား နှိမ့်ချရန် ဦးတည်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် အမေရိကန်လယ်ယာသုံးစရိတ် မှတဆင့် ပြောင်းဖူး၊ ပဲ၊ ဂျုံ နှင့် ဆန် တို့အား ငွေကြေးကူညီမှုပြုခြင်းသည် ပြင်ဆင်ထုတ်ပိုးသောအစားအစာတို့၏ ပင်မရင်းမြစ်အား သစ်သီးနှင့် ဟင်းသီး ဟင်းရွက်တို့နှင့် ယှဉ်လျှင် သက်သာစေခဲ့သည်။

လှုပ်လှုပ်ရှားရှားမရှိသော ဘဝနေမှုပုံစံ[ပြင်ဆင်ရန်]

လှုပ်လှုပ်ရှားရှားမရှိသော ဘဝနေမှုပုံစံ သည် အဝလွန်မှုတွင် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်သည်။ကမ္ဘာအနှ့ံ တွင် လုပ်အားကိုသုံးရသောအလုပ်များ နည်းလာစေရန် အကြီးအကျယ်ပြောင်းလဲလာသည်နှင့်လက်ရှိ ကမ္ဘာ့လူဦးရေ၏ အနည်းဆုံး ၆၀% မှာ လေ့ကျင့်ခန်းလုံလောက်စွာ မရကြပေ။ယင်းမှာ အဓိကအားဖြင့် စက် ပစ္စည်းသုံး သယ်ယူပို့ဆောင်ရေးတို့ သုံးစွဲမှုတိုးလာခြင်းနှင့် အိမ်တွင်အလုပ်သမား မလိုအပ်အောင်ပြုထားသော နည်း ပညာတို့ အကြီးအကျယ် တိုးပွားလာခြင်းတို့ကြောင့် ဖြစ်သည်။ကလေးများတွင် လမ်းလျှောက်နည်းခြင်း နှင့် ကာယလေ့ကျင့်ခန်းနည်းခြင်းတို့ကြောင့် ကိုယ်ကာယလှုပ်ရှားမှု အတိုင်းအတာလျော့နည်း လာနိုင်သည်။ကမ္ဘာလုံးဆိုင်ရာဦးတည်ချက်များဖြစ်သည့် အနားယူချိန်တွင် သွက်လက်တက်ကြွသည့် ကိုယ်ကာယလှုပ်ရှားမှု ဟူ သည်တို့မှာ မှေးမှိန်လာသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မှ ဖော်ပြထားသည်မှာ ကမ္ဘာအနှံ့ရှိ လူများသည် တက်ကြွမှု နည်းသော အပန်းဖြေမှုများ သုံးစွဲလာကြသည်မှာ ပိုမိုများလာသည်ဟု ဖင်လန်မှလေ့လာချက်မှ ဆိုထားပြီး၊ အမေရိကန်မှ လေ့လာချက်မှာမူ အပန်းဖြေချိန် ကိုယ်လက်လှုပ်ရှားမှုတို့သည် သိသာစွာ ပြောင်းလဲခြင်းမရှိကြောင်း ဆိုသည်။

မျိုးရိုးဗီဇ[ပြင်ဆင်ရန်]

အခြားသောဆေးပညာဆိုင်ရာ အခြေအနေများကဲ့သို့ပင် အဝလွန်ခြင်းသည် မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အချက် များအကြား အပြန်အလှန်သက်ရောက်မှု ရလဒ်ဖြစ်သည်။ အစာစားလိုမှု နှင့် ဇီဝဖြစ်စဉ် တို့ကို ထိန်းချုပ်သော အမျိုးမျိုးသော မျိုးရိုးဗီဇ ပုံစံများစွာရှိခြင်း သည် လုံလောက်သော ကယ်လိုရီရှိသောအခါ အဝလွန်ခြင်းသို့ အလား အလာ ဖန်တီးစေသည်။ တိကျသော မျိုးဗီဇထက် မျိုးရိုးဆက်ခံမှု ပုံသဏ္ဍာန်များကို အထူးပြုလေ့လာထားမှုများမှ အဝလွန်သည့် မိဘမှ ပေါက်ဖွားလာသူ မျိုးဆက်တို့တွင် ၈၀%မှာ ပုံမှန် ကိုယ်အလေးချိန်ရှိသည့် မိဘနှစ်ပါးမှ ပေါက်ဖွားလာသူ မျိုးဆက်တို့ ၁၀%နှင့် နှိုင်းယှဉ်သည်တွင် အဝလွန်ကြသည်ကို ရှာဖွေတွေ့ရှိရသည်။

လူမှုရေးဆိုင်ရာ ဆုံးဖြတ်မှုများ[ပြင်ဆင်ရန်]

မျိုးရိုးဗီဇလွှမ်းမိုးမှုတို့သည် အဝလွန်စေခြင်းတွင် အရေးကြီးကြောင်း နားလည်နိုင်သော်လည်း အချို့နိုင်ငံများအတွင်း သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာ လက်ရှိ သိသာစွာ တိုးတက်လာနေခြင်းကို ရှင်းမပြနိုင်ပေ။ကယ်လိုရီစားသုံးမှုသည် သုံးစွဲမှုထက်လွန်ကဲလျှင် အဝလွန်ခြင်းကို ဦးတည်သည်ကို တစ်ဦးချင်းအနေနှင့် လက်ခံနိုင်သော်လည်း ထိုအ ချက်နှစ်ချက် ပြောင်းလဲမှုများ အကြောင်းရင်းသည် လူနေမှုဝန်းကျင်အနေတွင် အငြင်းပွားဖွယ် ရှိနေသည်။ အကြောင်း ရင်းခံအတွက် များစွာသော သဘောတရားတို့ရှိနေသော်လည်း အများစုမှ ယင်းသည် အချက်ပေါင်းစုံတို့ ပေါင်းစပ် ထားခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။

လူနေမှုအဆင့်အတန်း နှင့် BMI အကြား ပူတွဲဆက်နွယ်မှုသည် ကမ္ဘာနှင့်အဝှမ်းကွာခြားနိုင်သည်။၁၉၈၉တွင်ပြန်လည်သုံးသပ်မှုတစ်ခုမှဖွံ့ဖြိုးပြီး နိုင်ငံတို့တွင်လူနေမှုအဆင့်အတန်းမြင့်မား သော အမျိုးသမီးတို့မှာ အဝလွန်ရန် အခွင့် နည်းပါးသည်ကို တွေ့ရသည်။ ကွဲပြားသော လူနေမှုအဆင့်အတန်းမှ အမျိုးသားများအကြားတွင် ထင်ရှားသော ကွဲပြား မှု မရှိပေ။ ဖွ့ံဖြိုးဆဲကမ္ဘာတွင် လူနေမှုအဆင့်မြင့်မားသော အမျိုးသမီး၊ အမျိုးသား နှင့် ကလေးများတွင် အဝလွန်ခြင်း ဖြစ်မှုနှုန်း ပိုများသည်။ထိုပြန်လည်သုံးသပ်မှုအား ၂၀၀၇ တွင် အသစ်မွမ်းမံမှုပြုရာ တူညီသော ဆက်နွယ်မှုများကို တွေ့ရှိသော်လည်း ယင်းတို့မှာ ပိုမိုအားနည်းသည်။ ပူးတွဲဆက်နွယ်မှု အင်အားကျဆင်းခြင်းမှာ ကမာ့္ဘရွာဖြစ်လာခြင်း ၏အကျိုးကြောင့် ဖြစ်သည်။ဖွံ့ဖြိုးပြီးနိုင်ငံများအတွင်း အရွယ်ရောက်သူများ အဝလွန်ခြင်း ပမာဏနှင့် ဆယ်ကျော် သက်ကလေးများ ကိုယ်အလေးချိန်ပိုနေသည့် ရာခိုင်နှုန်းတို့သည် ဝင်ငွေ မမျှတခြင်း နှင့် ပူးပေါင်းဆက်နွယ်နေသည်။ အမေရိကန်ပြည်နယ်များအတွင်း ထိုနည်းတူ ဆက်နွယ်မှုအား တွေ့မြင်ရသည်။ မမျှတမှုပိုများသော ပြည်နယ်များတွင် လူနေမှုအဆင့်အတန်း ပို၍မြင့်မားသည့် အဆင့်ပင်ရှိသော်လည်း အရွယ်ရောက်သူများသည် ပိုမို၍ အဝလွန်ခြင်း ဖြစ်ကြသည်။ဖွံ့ဖြိုးနေသောကမ္ဘာတွင် မြို့ပြဆန်လာခြင်းသည် အဝလွန်ခြင်း တိုးပွားနှုန်းတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေ သည်။ တရုတ် နိုင်ငံတွင် အဝလွန်မှုအားလုံး၏နှုန်းမှာ ၅% အောက်ရှိသည်။ သို့သော်လည်း အချို့သော မြို့များတွင် အဝလွန်မှုနှုန်းမှာ ၂၀% အထက်တွင်ရှိသည်။ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဝအစောပိုင်း၌ အာဟာရမပြည့်စုံခြင်း သည် အဝလွန်မှုတိုးလာနှုန်းတွင် အခန်းကဏ္ဍတစ်ခု အ ဖြစ်ပါသည်။အာဟာရမပြည့်စုံသည့် အချိန်ကာလများအတွင်း ဖြစ်ပေါ်လာသော ဟော်မုန်းထုတ်ပေးသော အန်ဒိုခရိုင်းဂလန်းများ ပြောင်းလဲမှုများသည် ကယ်လိုရီ ပိုမိုရရှိသည့်အချိန်တွင် အဆီကို သိမ်းဆည်းထားခြင်းကို ပိုမိုတိုးပွားစေသည်။

ပြုစုကုသပုံ[ပြင်ဆင်ရန်]

အဝလွန်ခြင်းအတွက် အဓိကကုသမှုမှာ အစားအသောက်ကိုထိန်းသိမ်းခြင်း နှင့် ကိုယ်လက်လေ့ကျင့်ခန်း တို့ ပါဝင် သည်။[62] အစားအသောက်ထိန်းသိမ်းမှု အစီအစဉ်သည် အချိန်တိုအတွင်း ကိုယ်အလေးချိန်ကျ စေနိုင်သော်လည်းထိုအလေးချိန်ကျခြင်းကို ထိန်းသိမ်းရသည်မှာ အတော်လေးခက်ခဲပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့် မိမိဘဝနေမှုပုံစံတွင် ကယ်လိုရီနည်းသော အစားအစာပုံစံ တစ်သက်လုံးပါဝင်သွားရန် လိုအပ်သည်။ဘဝနေထိုင်မှုပုံစံ ပြောင်းလဲ ခြင်းဖြင့် ရေရှည် ကိုယ်အလေးချိန်လျော့ချ ထိန်းသိမ်းထားနိုင်ခြင်း အောင်မြင်မှုနှုန်းမှာ ၂ မှ ၂၀% အောက် နည်းနေ သည်။ အဝလွန်ခြင်းကို အထိရောက်ဆုံး ကုသမှုမှာ အစာအိမ်အူလမ်းကြောင်းကို ဖြတ်ထုတ်သည့် ခွဲစိတ်ကုသနည်း(bariatric surgery) ဖြစ်သည်။

အလွန်ဆိုးရွားသော အဝလွန်မှုတို့အတွက် ခွဲစိတ်ခြင်းသည် ရေရှည်ကိုယ်အလေးချိန်လျော့ချခြင်း နှင့် အသက်ဆုံးရှုံးနိုင်မှု အားလုံး လျော့ချနိုင်မှုတို့နှင့် သက်ဆိုင်သည်။ လေ့လာမှုတစ်ခုမှ ၁၀ နှစ်တွင် ၁၄% နှင့် ၁၅% ကြား အလေးချိန် လျော့ကျသွားခြင်း (ပြုလုပ်သော လုပ်ထုံးအမျိုးအစားပေါ်တွင် မူတည်၍) သည်၊ စံပြုအလေးချိန် ချခြင်းအတိုင်းအတာတို့နှင့်ယှဉ်လျှင်အသေအပျောက်ဖြစ်စေကြောင်း အားလုံး၏ ၂၉% လျော့ကျသွားခြင်း ဖြစ်သည်ဟု တွေ့ရသည်။သို့သော်လည်း ယင်းအတွက် ကုန်ကျမှုများနှင့် အန္တရာယ်ရှိသော နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် စူးစမ်းသူများမှာ အခြားသော ထိရောက်မှုရှိပြီး ကိုယ်ခန္ဓာတွင်းသို့ ထွင်းဖောက်စရာ နည်းနိုင်သမျှနည်းသော ကုထုံးများကို ရှာဖွေလျက် ရှိသည်။

ပျံ့နှံ့ဖြစ်ပွားပုံ[ပြင်ဆင်ရန်]

၂၀ ရာစုမတိုင်ခင်ထိ အဝလွန်ခြင်းမှာ ရှားပါးသေးသည်။၁၉၉၇ တွင် WHO မှ အဝလွန်ခြင်းအား ကမ္ဘာလုံးဆိုင်ရာ ပျံ့နှံ့ဖြစ်ပွားမှုရောဂါအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့သည်။၂၀၀၅ တွင် WHO မှ အနည်းဆုံး ၄၀၀ မီလီယံ သော အရွယ်ရောက်သူများ (၉.၈%) မှာ အဝလွန်နေပြီး၊ အမျိုးသားများထက် အမျိုးသမီးများတွင် ဖြစ်ပွားမှုနှုန်း ပိုမြင့်ကြောင်း ခန့်မှန်းတွက်ချက်ခဲ့သည်။[အဝလွန်မှုနှုန်းသည် အသက်ကြီးလာသည်နှင့်အတူ အနည်းဆုံး ၅၀ သို့မဟုတ် ၆၀ ကျော်သူများတွင်လည်း တိုးလာပြီးအမေရိကန်၊ ဩစတြေးလျ နှင့် ကနေဒါ တို့တွင် ဆိုးရွားသော အဝလွန်မှုသည် အဝလွန်မှုအားလုံးထက်ပိုမို၍ လျင်မြန်စွာ တိုးတက်လာသည်။

ယခင်ကဝင်ငွေမြင့်မားသည့်နိုင်ငံများ၏ပြဿနာအဖြစ်သာ သတ်မှတ်ထားရမှအဝလွန်မှုနှုန်းမှာ ကမ္ဘာတစ်လွှားတိုးမြင့်လာပြီး ဖွံ့ဖြိုးဆဲရော ဖွံ့ဖြိုးပြီးကမ္ဘာနှစ်မျိုးလုံးကို ရိုက်ခတ်လာသည်။ ထိုတိုးပွားမှုများအား မြို့ပြနေထိုင်မှု တို့တွင် ထင်ရှားစွာ ခံစားတွေ့ရှိအရဆုံးဖြစ်သည်။အဝလွန်ခြင်း တွေ့ရလေ့မရှိသည့် တစ်ကမ္ဘာလုံးတွင် ကျန်ရှိနေ သေးသော တစ်ခုတည်းသော ဒေသမှာ အာဖရိကဆာဟာရအောက်ပိုင်း ပင်ဖြစ်သည်။

လူထုကျန်းမာရေး[ပြင်ဆင်ရန်]

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ကိုယ်အလေးချိန်ပိုခြင်း နှင့် အဝလွန်ခြင်း တို့သည် သမားရိုးကျ လူထုကျန်းမာရေး စိုးရိမ်မှုဖြစ်သော အာဟာရမပြည့်ဝမှု နှင့် ကူးစက်တတ်သောရောဂါများ အစား ကျန်းမာရေးညံ့ဖျင်းခြင်း၏ သိသာသော အကြောင်းရင်းအဖြစ် မကြာမီပင် နေရာလဲလှယ်ဝင်ယူတော့မည်ဟု ခန့်မှန်းသည်။အဝလွန်ခြင်း၏ ပျံ့နှ့ံဖြစ်ပွားမှု၊ ကုန်ကျမှုများ နှင့် ကျန်းမာရေးဆိုးကျိုးများတို့ကြောင့် လူထုကျန်းမာရေး နှင့် မူဝါဒရေးရာ ပြဿနာဖြစ်လာသည်။လူထုကျန်းမာရေးအင်အားတို့မှ လူထုအတွင်း အဝလွန်မှု ဖြစ်ပွားပျံ့နှံ့ခြင်း များပြားလာမှုအတွက် အဓိကဖြစ်စေသော ပတ်ဝန်းကျင်အချက်များကို နားလည်ရန်ကြိုးစားခြင်း၊ မှန်ကန်အောင်ပြုပြင်ခြင်း တို့ကြိုးစားလာကြသည်။ ကယ်လိုရီ စားသုံးခြင်း ပိုမိုမှုဖြစ်စေသော အချက်များနှင့် ကိုယ်လက်လှုပ်ရှားမှု ကိုတားဆီးထားသော အချက်များကို ပြောင်းလဲ ခြင်းတို့ကိုကြည့်၍ အဖြေတို့ထုတ်ကြသည်။ အင်အားစုတွင် ကျောင်းများတွင် အစိုးရထောက်ပံ့မှုပြုသော အစားအစာ အစီအစဉ်၊ ကလေးများအား (အလွယ်တကူပြင်၍ ရောင်းချလေ့ရှိသော) အာဟာရမမြောက်သောအစာများ ကို ကန့် သတ်ခြင်း၊နှင့် ကျောင်းများတွင် အချိုရည်များရရှိနိုင်မှုကို လျော့ချခြင်းတို့ ပါဝင်သည်။မြို့ပြပတ်ဝန်းကျင်တို့ တည်ဆောက်သောအခါတွင် ပန်းခြံများ ပိုမိုတိုးပွားလာစေရန် နှင့် ကားလမ်းကြောင်းများ ပိုတိုးတက်လာစေရန် အားစိုက်ထုတ်ခြင်း ပြုလာသည်။

စီးပွားရေးရာ သက်ရောက်မှု[ပြင်ဆင်ရန်]

အဝလွန်ခြင်းသည် ကျန်းမာရေးသက်ရောက်မှုများအပြင် အလုပ်အကိုင်တို့တွင် အကျိုးဆုတ်ယုတ်မှုများနှင့် လုပ်ငန်းကုန်ကျစရိတ်တို့တက်လာခြင်းအပါအဝင် များစွာသောပြဿနာများကို ဦးတည်စေပါသည်။ ယင်းသက်ရောက် မှုတို့ကို လူ့ပတ်ဝန်းကျင်ရှိ တစ်ဦးချင်းမှ အဖွဲ့အစည်းလိုက်၊ နောက်အစိုးရတို့အထိ အလွှာအားလုံးတို့မှ ခံစားရသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

အနောက်နိုင်ငံလူမှုဝန်းကျင်တွင် ၂၀ရာစုအစ ကတည်းက ကျန်းမာသောကိုယ်အလေးချိန်နှင့် ပတ်သက်သော ပြည်သူ့ အမြင်များသည် စံပြုထားသည့်ကိုယ်အလေးချိန်နှင့်ပတ်သက်သောအမြင်တို့မှ ကွာခြားလာပြီး ပြောင်းလဲလာကြသည်။ ၁၉၂၀ ကတည်းကစ၍ စံပြအဖြစ်မြင်ထားသော ကိုယ်အလေးချိန်သည် လျော့နည်းလာသည်။ ယင်းကို မယ်အမေရိ ကားဘွဲ့ရသူတို့၏ ပျမ်းမျှအရပ်သည် ၁၉၂၂ မှ ၁၉၉၉ အထိ ၂% တိုးလာပြီး ပျမ်းမျှ အလေးချိန်မှာ ၁၂% လျော့သွားသည့် အချက်ဖြင့် ဖော်ပြနိုင်သည်။တစ်နည်းပြောရလျှင် ကျန်းမာသောကိုယ်အလေးချိန်နှင့် ပတ်သက် ၍ လူတို့အမြင်သည် ပြောင်းပြန်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဗြိတိန်နိုင်ငံတွင် ၁၉၉၉ တုန်းက လူတို့ မိမိကိုယ်ကို ကိုယ်အလေးချိန်ပိုနေသည်ဟု ယူဆသော အလေးချိန်သည် ၂၀၀၇ တွင် သိသာစွာပိုမြင့်လာသည်ကို တွေ့ရ သည်။ထိုပြောင်းလဲမှုများသည် ၀လာခြင်းနှုန်းများ တိုးလာခြင်းသည် ပုံမှန်ထက် ကိုယ်တွင်အဆီများ ပိုလာသည် ဟု လက်ခံလာခြင်း များလာခြင်းကြောင့်ဟု ယူဆရသည်။အဝလွန်ခြင်းသည် အာဖရိက ဒေသအများအပြားတွင် ချမ်းသာခြင်းနှင့် နေထိုင်ကောင်းခြင်းတို့၏ ပြယုဂ်အဖြစ် မြင်နေ ကြဆဲဖြစ်သည်။ ယင်းမှာ HIV (အိတ်ချ်အိုင်ဗွီ) ပြန့်ပွားကူးစက်ခြင်း စဖြစ်ကတည်းက သိသာစွာ ပိုမြင်ရသည်။


ကိုးကား[ပြင်ဆင်ရန်]