အလေးချိန်နှင့် အခြင်အတာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အလေးချိန်နှင့် အခြင်အတာ။ ။ အလွန်ရှေးကျသောအခါက လူများသည် အရာဝတ္ထုတို့၏ အလေးချိန်များကို တိကျစွာ မသိနိုင်ခဲ့ကြပဲ လက်ဖြင့်သာဆ၍ မည်သည့်ပစ္စည်းသည် မည်သည့်ပစ္စည်းထက် ပို၍ လေးမည်ကို ခန့်မှန်းရုံမျှသာ ခန့်မှန်းနိုင်ခဲ့ကြသည်။ နောင်များမကြာမီ တဖြည်းဖြည်းနှင့် ချိန်ခွင်မောင်းတံသဘောကို ကံ အားလျော်စွာ တွေ့ရှိနားလည်လာပြီးလျှင် ရိုးရိုးချိန်ခွင်မျိုးသည် ပထမဦးဆုံး အရာဝတ္ထုတို့အား ချိန်တွယ်သည့် ကိရိယာဖြစ်ခဲ့လေသည်။

ပစ္စည်းတစ်ခုကို ချိန်တွယ်ရာ၌ ထိုပစ္စည်းနှင့် ချိန်စက်ရသည့် အလေးအဖြစ် ပထမဆုံး ဂျုံစေ့များကို အသုံးပြုခဲ့ကြ၏။ ထိုဂျုံစေ့တို့ကို အသုံးပြုရာမှ ဂျုံစေ့အဓိပ္ပါယ်ရှိသော ဂရိန်သည် ဂျုံစေ့တစ်စေ့ ၏ အလေးချိန်ဖြစ်ပြီးလျှင် ယခုတိုင် အင်္ဂလိပ်သုံးအလေးချိန် စနစ်များ ပါဝင်လျက်ရှိသေးသည်။ မြန်မာနိုင်ငံတွင်လည်း ရှေးကတည်းကစ၍ ယနေထက်တိုင် ရွေးစေ့များကို အသုံးပြုကြ ၏။ ရွေးစေ့များကို စိန်ရွှေရတနာများ ချိန်တွယ်ရာတွင် အထူး အသုံးပြုကြပေသည်။

အတိုင်းအတာဘက်၌ ရှေးက ယခုကဲ့သို့ ပေ၊ မီတာစသည့် စံကိန်းများဖြစ်သော ပေတံ၊ ကိုက်တံများ မရှိခဲ့ကြစေကာမူ လူ၏ခန္ဓာအစိတ်အပိုင်းတို့နှင့် တိုင်းတာခဲ့ကြလေသည်။ လက်ညိ|ုး တစ်ဆစ်ကို လက် တစ်ဆစ်၊ တံတောင်ဆစ်မှ လယ်ခလယ်ဖျားအထိကို တစ်တောင်၊ လက်နှစ်ဘက် ဆန့်တန်း ပြီး လက်တစ်ဖက်၏ လက်ခလယ်အဖျားမှ အခြားလက် တစ် ဖက်၏လက်ခလယ်အဖျားအထိကို တစ်လံ စသည်ဖြင့် ခေါ်ဝေါ် ၍ ထိုအတိုင်းတို့နှင့် တိုင်းတာခဲ့ကြသည်။ ထိုသို့ တိုင်းတာခြင်း မျိုးမှာ ကမ္ဘာပေါ်ရှိ လူအသီးအသီးတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်လုံးကိုယ်ထည် ထွားကြိုင်းပုံချင်း မတူညီကြသဖြင့် ညီညွတ်သော အတိုင်းအတာကို ရနိုင်မည် မဟုတ်ချေ။ ပုံစံ အားဖြင့် အထည်ဝယ်ယူရာ၌ တန်ဖိုးချင်းအတူတူပင် ဖြစ်လင့် ကစား အရပ်မြင့်မြင့် လက်တံရှည်ရှည်နှင့်လူမှာ အခြားသူများ ထက် ပိုမိုရရှိမည်ဖြစ်၏။ သို့သော် ဤသို့သော မညီမျှမှုမျိုးမှာ ကြာရှည်စွာ ဖြစ်ပွားနေနိုင်မည်မဟုတ်သဖြင့် မကြာမြင့်မီပင် စံတင်ထားရန် အကြံရလာကြပေသည်။ ရောမတို့ ကောင်းစား စဉ်ခေတ်က ရောမဧကရာဇ်ဘုရင်တို့သည် အချိန်အတွယ် အတိုင်းအတာများကို တညီတညွတ်တည်း စံတင်ပြုလုပ်ထားရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။

အိန္ဒိယနှင့်မြန်မာနိုင်ငံတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းနှင့် ပြုလုပ်သည့် အတိုင်းအတာတို့ကိုမူတည်၍ ယူဇနာ ထိအောင် ကျယ်ပြန့်သော အတိုင်းအတာစနစ်ကို အသုံးပြုခဲ့ကြသည်။ ရောမအင်ပါယာကြီး ပြိုကွဲသွားပြီးနောက် အလယ်ခေတ် တိုင်အောင် အတိုင်းအတာ အချိန်အတွယ်တို့သည် တစ်နေရာ နှင့်တစ်နေရာ မညီမညွတ်ရှိခဲ့ပြန်သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် စနစ်တကျ ဖြစ်သည်ထက် ဖြစ်လာခဲ့ပေ သည်။ ပုံစံအားဖြင့် ထရွိုင်းမြို့ကြီးကဲ့သို့ အရောင်းအဝယ် ဗဟို ဌာနကြီးတစ်ခုမှ ဦးစီးခေါင်းဆောင် အသုံးပြုသော အချိန် အတွယ် စနစ်တစ်ခုကို အခြားနေရာတို့တွင် လိုက်၍ အသုံး မပြုပဲ မနေနိုင်ခဲ့ကြပေ။ ထိုကြောင့် ထရွိုင်းအလေးချိန်စနစ် ပေါ်ပေါက်လာရခြင်း ဖြစ်လေသည်။ ထိုစနစ်ကို စိန်ရွှေရတနာ ချိန်စက်ရာ၌ အသုံးပြုကြသည်။

ယခုအသုံးပြုလျက်ရှိသော လက်မ၊ ပေ၊ ကိုက် အစရှိသည့် အတိုင်းအတာတို့မှာ ၁၆ ရာစုခေတ်လောက်ကမှ စတင်ခဲ့သည်။ ထိုအတိုင်းအတာတို့သည် အမှန်အားဖြင့် ရှေးအခါက ကိုယ် အင်္ဂါအစိတ်အပိုင်းနှင့် တိုင်းတာခဲ့သော အတိုင်းအတာတို့ကို မူတည်ခဲ့ခြင်းဖြစ်သည်။ တစ်လက်မမှာ လက်မအတိုင်းအတာနှင့် နီးစပ်သဖြင့် လက်မဟုခေါ်ခြင်းဖြစ်သော်လည်း ဥရောပတိုက်၌ မုယောစပါးစေ့ သုံးစေ့ အလျားအတိုင်းအတာကို ခေါ်ဝေါ်သော အတိုင်းအတာဖြစ်သည်။ ပေမှာ အင်္ဂလိပ်ဘာသာဖြင့် ဖွတ် (ခြေဖဝါး)ဖြစ်၍ ခြေဖဝါး၏အလျား အတိုင်းအတာပင် ဖြစ် သည်။ ကိုက်မှာမူ အင်္ဂလိပ်ဘုရင်တစ်ပါးဖြစ်သော ပထမ ဟင်နရီသည် သူ၏နှာခေါင်း ဖျားမှ လက်မထိပ်ဖျားအထိကို ကိုက်ဟူ၍ ထွင်ပေးခဲ့သည့်အတိုင်းပင် ဖြစ်သည်။

ထိုပြင် မိုင်ဆိုသည်မှာလည်း လက်တင်ဘာသာဖြင့် မီလီယာ ပက်ဆူအပ်ဟုခေါ်သော ငါးပေမျှရှိသည့် ခြေလှမ်းကြီး ၁ဝဝဝ ကို ဆိုလိုသည်။ ဖာလုံ၊ ရော့ စသည်တို့မှာလည်း သက်ဆိုင်ရာ နီးစပ်ရာစကားလုံးများမှ ဆင်းသက်လာသည့် အတိုင်းများသာ ဖြစ်ကြပေသည်။

ထိုအတိုင်းအတာစနစ်တို့ဖြင့် တိုင်းတာရာတွင် အတတ်ပညာ အလိုက် အသီးအသီး နှစ်သက်သလို အသုံးပြုကြ၏။ အထည် ကုန်သည်များသည် ကိုက်၊ လက်မတို့ကိုသာ သုံးစွဲ၍ ပေကို အသုံးမပြုချေ။ လက်သမား များက ပေနှင့်လက်မကိုသာ သုံးစွဲ ၍ ကိုက်ကို အသုံးမပြုကြချေ။ အင်ဂျင်နီယာများနှင့် မြေတိုင်း ဌာနများတွင်မူ လက်မဟူ၍ အသုံးပြုလေ့မရှိ။ ပေကိုသာလျှင် ဒသမစိတ်ကာ အသုံးပြုကြလေသည်။ အလျား အတိုင်းအတာမှ တစ်ဆင့် ပွားလာသည့်အကျယ်အဝန်း အတိုင်းအတာတို့မှာ လက်မ၊ ပေတို့ကို စတုရန်းဖွဲ့၍ တွက်ယူသော အတိုင်းအတာ ဖြစ်ကြသည်။ ထိုအတိုင်းအတာတို့တွင် ဧကဟူသော စကား ပိုလာသည်။ တစ်ဧကမှာ ၄၈၄ဝ စတုရန်းကိုက်နှင့်ညီမျှ၍ ဧကပေါင်း ၆၄ဝ သည် စတုရန်း တစ်မိုင်ဖြစ်သည်။ အင်္ဂလိပ်လူမျိုးနှင့်အမေရိကန်လူမျိုးတို့ ယခုအသုံးပြုလျက် ရှိသော အလေးချိန်စနစ်မှာ ထရွိုင်းအလေးချိန် စနစ်ကဲ့သို့ပင် ပေါင်ကို အဓိကမူတည်ထားသော စနစ်ဖြစ်သည်။ ပေါင်မှာ ရောမစကား လိုင်ဗရာမှလာသည်။ အင်္ဂလိပ်ပေါင်မှာ ဂရိန် ပေါင်း ၇၆၈ဝ ရှိ၍ ထရွိုင်ပေါင်မှာ ဂရိန်ပေါင်း ၅Ý၇၆ဝ သာ ရှိလေသည်။

အလေးချိန် အတိုင်းအတာများအပြင် ထုထည်အတိုင်းအတာ ခြည်တွယ်ရာ၌လည်း အင်္ဂလိပ်စနစ်တွင် ဗွတ်ရှဲကို အဓိက မူတည်ထား၏။ ဝင်ချက်စတာဗွတ်ရှ်မှာ ၂၁၅ဝ ့၄၂ ကုဗ လက်မ ရှိ၍ မြောက် အမေရိကတိုက်တွင် အသုံးပြုကြ၏။ ၁၈၂၆ ခုနှစ်တွင် ဗြိတိနိုင်ငံ၌ ပြဋ္ဌာန်းလိုက်သော အင်ပီးရီးယဲ ဗွတ်ရှဲမှာမူ ၂၂၁၈ ့၁၉၂ ကုဗလက်မ ရှိလေသည်။ ဖော်ပြခဲ့သည့်အလေးချိန်နှင့်အခြင်အတာတို့မှာ အင်္ဂလိပ်စနစ် ဖြင့် တိုင်းတာချိန်တွယ်ခြင်းမျှသာ ဖြစ်၏။ အင်္ဂလိပ်စနစ်ဖြင့် တိုင်းတာချိန်တွယ်ပုံတွင် ကိန်းတစ်ခုနှင့်တစ်ခု ဆက်သွယ်သွား သည့် ဂဏန်းတို့မှာ ရှုပ်ထွေး များပြားသဖြင့် မေ့လျော့မှားယွင်း တတ်သည့်ပြင် အရပ်ဒေသအလိုက် အလယ်ခေတ်ကကဲ့သို့ပင် တစ်နေရာနှင့် တစ်နေရာ တိုင်းတာပုံချင်း မတူညီပေ။ အင်္ဂလိပ် နှင့် အမေရိကန်တို့သည် ၅၂၈ဝ ပေ၊ သို့မဟုတ် ၁၇၆ဝ ကိုက်ကို တစ်မိုင်ဟုခေါ်ကြသော်လည်း ရုရှမိုင်မှာ ၁၁၅၅ ကိုက်၊ အီတာလျံ မိုင်မှာ ၁၆၁၄ ကိုက်၊ ဆွီဒစ်မိုင် မှာ ၁၇ဝဝ ကိုက်၊ စကော့မိုင်မှာ ၁၉၈၄ ကိုက် စသည်ဖြင့် အမျိုးမျိုး ကွဲပြားလျက် ရှိကြလေသည်။ အလေးချိန်တွင်လည်း အင်္ဂလိပ် တန်မှာ ၂၂၄ဝ ပေါင်ရှိ၍ အမေရိကန်တန်မှာ နှစ်မျိုးရှိကာ တစ်မျိုးမှာ ပေါင် ၂ဝဝဝ ရှိပြီးလျှင် ကျန်တစ်မျိုးမှာ ပေါင် ၂၂၄ဝ ရှိသည်။

ထိုသို့သော မညီညွတ်မှုများအတွက် တွေ့ကြုံရသော အခက် အခဲတို့ကို လွန်မြောက်နိုင်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ဝ လောက်က ပြင်သစ်နိုင်ငံမှ ဘုရင်တစ်ပါးသည် တညီတညွတ် တည်း အသုံးပြုနိုင်ကြမည့် စနစ်တစ်ခုကို တီထွင်ရန် သိပ္ပံ ပညာရှင်ကြီးများအား ခေါ်ယူပြီးလျှင် အဖွဲ့ငယ်တစ်ခု ဖွဲ့စည်း ကာ ခန့်အပ်ခဲ့လေသည်။ ထိုအဖွဲ့ငယ်တွင် တခြားနိုင်ငံတို့မှ သိပ္ပံပညာရှင်ကြီးများအား ဖိတ်ကြားခဲ့သော်လည်း ပြင်သစ် တော်လှန်ရေးကြီး ရုတ်တရက် ဖြစ်ပွားလာသည့်အတွက် ထို သိပ္ပံပညာရှင်များ မသွားရောက်နိုင်ကြချေ။ ပြင်သစ် သိပ္ပံ ပညာရှင်ကြီးတို့ချည်းသာလျှင် တတ်နိုင်သမျှ ကြိုးစားကြံစည် ခဲ့ရာ နောက်ဆုံးတွင် အောင်မြင် ခြင်း ပန်းတိုင်သို့ ရောက်လာ ခဲ့လေသည်။ သူတို့ ပြုလုပ်အောင်မြင်ခဲ့သည့် စနစ်မှာ တွက် ချက်ရာ၌ လွန်စွာလွယ်ကူသက်သာသည့်အပြင် အတိုင်းအတာ အလေးချိန် ထုထည်စသည့်အားလုံးသော အတိုင်းအတာ အချိန် အတွယ်တို့နှင် သက်ဆိုင်ပေသည်။

ထိုမျှ ကောင်းမွန်၍ စနစ်ကျလှသော စနစ်မျိုးဟူ၍ ယခု ထက်တိုင် ထိုစနစ်တစ်ခုသာလျှင် ရှိခဲ့သည်။ ထိုစနစ်မှာ မက်ထရစ်စနစ် ဖြစ်လေသည်။ ( မက်ထရစ်စနစ်။)

ယခုအခါ ကမ္ဘာပေါ်၌ အဓိကအားဖြင့် ဗြိတိသျှစနစ်နှင့် မက်ထရစ်စနစ်ဟူ၍ စနစ်ကြီးနှစ်မျိုးသာ သုံးစွဲလျက်ရှိကြ သည်။ ဗြိတိသျှစနစ်သုံး နိုင်ငံတို့မှာ ဗြိတိသျှအင်ပါယာနှင့် မြောက်အမေရိကတိုက်တို့ဖြစ်၍ အခြားသောနိုင်ငံတို့မှာ မက်ထရစ်စနစ်ကိုသာ သုံးစွဲကြသည်။ မက်ထရစ်စနစ်မှာ သိပ္ပံနည်းကျသော စနစ်ဖြစ်သည့် အလျောက် မည်သည့် လူမျိုးမဆို သိပ္ပံပညာရှင်တိုင်း မက်ထရစ်စနစ်ကိုသာ အသုံးပြုသည်။

ထိုစနစ်နှစ်ခုအပြင် အလုပ်အကိုင် နေရာဌာနအလိုက် သုံးစွဲသော သီးခြား အလေးချိန်နှင့် အခြင်အတာ များရှိသေး သည်။ လေးလက်မနှင့်ညီမျှသော လက်တစ်ဝါး အတိုင်း အတာကို မြင်းအရပ် တိုင်းတာရာ၌ သုံးစွဲ၏။ ရေကြောင်းဘက် တွင် ရေအနက်ကိုဖာသမ်ခေါ် တစ်လံနှင့်ညီမျှသော အတိုင်း အတာနှင့် တိုင်းတာကြသည်။ ရေယာဉ်တို့၏ အသွားနှုန်း တွက်ချက်ရာ၌ ရေမိုင်နှင့် တွက်ချက်ရ၍ ရေမိုင်တစ်မိုင်သည် ရိုးရိုးကုန်းမိုင် ၁ ့၁၅ မိုင်နှင့် ညီမျှသည်။ တစ်နာရီလျှင် သွားသော ရေမိုင်အသွားနှုန်းကို နော့ဟုခေါ် လေသည်။ အထက်တွင် ဖော်ပြခဲ့သည်တို့မှာ အနောက်နိုင်ငံများမှ စတင်တီထွင် သုံးစွဲလာသော အလေးချိန်နှင့် အခြင်အတာ များသာ ဖြစ်သည်။

ကျွနု်ပ်တို့ မြန်မာနိုင်ငံမှာလည်း ရှေးအခါကစ၍ ယဉ်ကျေး သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့်အလျောက် ရှေးကပင် ကိုယ်ပိုင် အလေးချိန်နှင့် အခြင်အတာများ ရှိခဲ့၏။ မြန်မာ့ယဉ်ကျေးမှု သည် အိန္ဒိယမှဆင်းသက် လာခဲ့သည်ဖြစ်၍ အိန္ဒိယသုံးစနစ် တို့နှင့် များသောအားဖြင့် တူကြသည်။ အလျား၊ အကျယ် အဝန်း၊ အတိုင်းအတာတို့မှအပ အခြား အလေးချိန်နှင့် အခြင် အတာတို့မှာ ယခုထက်တိုင် ရှေးအတိုင်းပင် အသုံးပြုလျက် ရှိကြပေသည်။ မြန်မာသုံးအလေးချိန်နှင့် အခြင်အတာ စနစ် များကို ပူးတွဲပါဇယားတွင် ဖော်ပြထားသည်။

ချိန်တွယ်သည့် ကိရိယာများထဲတွင် ယနေ့တိုင် အသုံးပြု လျက်ရှိသော ချိန်ခွင်မှာ ရှေးအကျဆုံး အရိုးဆုံး ဖြစ်၏။ ချိန်ခွင်ကို နှစ်ပေါင်း ၄၅ဝဝ လောက်ကစ၍ အီဂျစ်လူမျိုးတို့က အသုံးပြုခဲ့ကြသည်။ အစကတည်းက ချိန်ခွင်ခွက်နှစ်ခုကို ချိန်ခွင်မောင်းတံ အစွန်းနှစ်ဖက်၌ ဆွဲထားပြီးလျှင် ထိုခွက်တို့ အထဲတွင် တစ်ဖက်နှင့် စံတင်အလေးချိန်ကို ထည့်ပြီးလျှင် တစ်ဖက်၌ ချိန်တွယ်မည့်ပစ္စည်းကိုထည့်၍ ချိန်တွယ်ရသည်။ ထိုနောက် ရောမခေတ်သို့ ရောက်သောအခါ ချိန်ခွင်မောင်းတံ နှစ်ဖက်သည် တစ်ဖက်ကတို၍ တစ်ဖက်က ရှည်ပြီးလျှင် တို သောဘက်သို့ ချိန်တွယ်မည့်ပစ္စည်းကိုထည့်လျက် ရှည်သည့် ဘက်တွင် အလေးကို ချိတ်ဆွဲ ထားသည်။ နှစ်ဘက်မျှသည် အထိ အမှတ်စိတ်များတွင် အလေးရောက်နေသော အမှတ်ကို ကြည့်၍ အလေးချိန်ကို မှတ်သားသည်။ ထိုချိန်ခွင်မျိုးကို စတီးယာ့ဟုခေါ်သည်။ စတီးယာ့၏ သဘောမှာ ယခု အသုံး ပြုလျက်ရှိသော ကတ္တား၏အခြေခံ မူလသဘောပင်ဖြစ်သည်။ ကတ္တားမှာ ယခုအခါတွင် ကုန်ထုပ်များချိန်တွယ်ရာ၌ အထူး အသုံးပြု၍ မောင်းတံအစီအစဉ်ဖြင့် ချိန်တွယ်ရသည်။

ချိန်ခွင်များတွင် စိန်ရွှေရတနာချိန်သော ချိန်ခွင်များနှင့်သိပ္ပံ ပညာသုံး ချိန်ခွင်များမှာ အကောင်းဆုံး ဖြစ်၏။ ထိုချိန်ခွင် မျိုးတွင် မောင်းတံ၏အလယ်ရှိ လည်ချက်တွင် အလွန်ထက်လှ သည့် ဓားသွားခေါ် အသွားဖြင့် ခံထားသဖြင့် ဆံချည်မျှင် တစ်မျှင်မျှ၏အလေးချိန်ကို ချိန်တွယ်၍ ရနိုင်လောက်အောင်ပင် သိမ်မွေ့လှပေသည်။ ထိုချိန်ခွင်များထားသောနေရာတွင် ခြောက် သွေ့၍ တည်ငြိမ်သော လေရှိနေရပြီးလျှင် အပူချိန်မှာလည်း တသမ္မတ်တည်းရှိနေရမည် ဖြစ်၏။ ထိုကြောင့် ထိုချိန်ခွင်များ ကို မှန်သေတ္တာငယ်နှင့် ထည့်ထားလေ့ရှိကြသည်။

စပရိန်ချိန်ခွင်ခေါ် လက်ဆွဲပေါင်ချိန်မျိုးမှာ ချိတ်တွင် ပစ္စည်းကို စပရိန်နှင့်တွဲလွဲချလိုက်၍ စပရိန်ဆန့်လာသည်တွင်အောက်သို့ မည်မျှဆန့်လာသည်ကို ချိန်ခွင်နောက်ခံတိုင်၌ ရေးမှတ်ထားသော စကေးပေါ်တွင် စပရိန်၌ တပ်ဆင်ထားသော လက်တံငယ်ရွှေ့ရှား ပုံကို ကြည့်ရှုမှတ်ယူရသည်။ ထိုချိန်ခွင်မျိုးဖြင့် ချိန်တွယ်ရာ၌ ချိန်တွယ်သည့်ပစ္စည်းအပေါ်တွင် ကမ္ဘာမြေကြီး၏ဆွဲအားကိုသာ ဖော်ပြသဖြင့် ကမ္ဘာမြေကြီး၏မျက်နှာပြင် တစ်နေရာနှင့် တစ်နေရာတွင် ချိန်တွယ်ရာ၌ ပစ္စည်းတစ်ခု တည်းပင် ဖြစ်စေ ကာမူ အလေးချိန်ချင်း တူညီမည် မဟုတ်ပေ။

ထိုကြောင့် ထိုချိန်ခွင်မျိုးသည် မှန်ကန်သည့်အလေးချိန်ကို ပေးစွမ်းနိုင်သည်ဟု မဆိုနိုင်ချေ။ အလေးချိန် တိကျစွာ ရရှိ သည့် အကျိုးမှာ အရာဝတ္ထုများကို ရေတွက်ရာ၌လည်း အလွန် အသုံးဝင်၏။ ပုံစံအားဖြင့် ရွှေဒင်္ဂါးတစ်ပြားစီ၏ အလေးချိန်ကို သိရှိပြီးဖြစ်သည့်အလျောက် ဘဏ်တိုက်ကြီးများတွင် ရွှေဒင်္ဂါး များကို ရေတွက်မနေတော့ပဲ ချိန်တွယ်ခြင်းဖြင့် ရွှေဒင်္ဂါးအရေ အတွက်ကို သိနိုင်ကြပေသည်။

ချိန်ခွင်များအပြင် အတိုင်းအတာဘက်၌လည်း တိုင်းတာခြင်း မျိုးစုံနှင့် လိုက်လျောစွာ တိုင်းတာသည့် ကိရိယာအမျိုးမျိုး ရှိ သေး၏။ မော်တော်ကားထဲတွင်ပင် ကားမောင်းသူရှေ့၌ ကိရိယာအများအပြား ပါရှိနေသဖြင့် ထိုကိရိယာမျိုးအားလုံးကို ရေးသားရလျှင် ဆုံးနိုင်မည်ပင် မဟုတ်တော့ချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)