အလုပ်သမားသမဂ္ဂ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

စက်မှုလက်မှု ထွန်းကားလျက်ရှိသော နိုင်ငံတိုင်းလိုလို၌ပင် အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းများ ရှိကြသည်။ ထိုအဖွဲ့အစည်းများသည် ၁၉ ရာစု နှင့် ၂ဝ ရာစုတို့တွင် အထူးခေတ်စားလာကြသည်။ လုပ်ငန်းတစ်ရပ်ရပ်တွင် လုပ်ကိုင်နေကြသော အလုပ်သမားများသည် မိမိတို့ ဘဝတူချင်းစည်းရုံးကာ အကျိုးတူ ခံစားခွင့်များကို လှုံ့ဆော် အားပေးရန်နှင့် ကာကွယ်စောင့်ရှောက်ရန် ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားကြသည့်အလျောက် ထိုအဖွဲ့အစည်း သမဂ္ဂများသည် အလယ်ခေတ်တစ်လျှောက် ထွန်းကားခဲ့ကြသော လုပ်ငန်းဘုံ အသင်းများမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု အချို့က ယူဆလိုကြသည်။ သို့ရာတွင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခြင်းစနစ်မှာ ခေတ်သစ် စက်မှုလက်မှုလုပ်ငန်းရပ်များ၏ အခြေအနေတို့ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီးလျှင် အရင်းရှင်စနစ်က ထိုသမဂ္ဂများ ပေါ်ပေါက်လာရေးကို ဖန်တီးပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထိုသမဂ္ဂများသည် စီးပွားရေးလုပ်ငန်းတွင် အလုပ်သမား များ၏ အခွင့်အရေးရရှိမှုနှင့် အလုပ်သမားများ၏ အဆင့် အတန်း မြင့်တက်မှုတို့ကို အဓိကထားကာ ဆောင်ရွက်နေကြ သည့်အားလျော်စွာ တဖြည်းဖြည်း အင်အားကြီးမားသော အဖွဲ့ အစည်းများ ဖြစ်လာကြသည်။ လုပ်ခတွင်ဖြစ်စေ၊ လုပ်ခင်း ကိုင်ခင်း အခြေအနေ များတွင်ဖြစ်စေ စုပေါင်းစည်းလုံးကာ အရေးဆိုကြခြင်း၊ သပိတ်မှောက်ကြခြင်း စသော သမဂ္ဂတို့၏ လက်နက်များသည် တစ်ခါတစ်ရံ အလုပ်ရှင်တို့အား အထူးပင် ထိရောက် စူးရှတတ်သည်ကို တွေ့ရှိရပေသည်။

၁၉၂၆ ခုနှစ်တွင် အလုပ်သမားသမဂ္ဂများ၏ လွှတ်တော်ဖြစ် သော အလုပ်သမားသမဂ္ဂကွန်ဂရက်အဖွဲ့ချုပ်ကြီး(တီး၊ ယူ၊ စီ) က ကြေညာ၍ မှောက်လိုက်သော အထွေထွေသပိတ်ကြီးသည် အင်္ဂလန်ပြည်တဝှန်းလုံးရှိ လုပ်ငန်းအသီးသီးတို့နှင့်တကွ ကူးသန်းရောင်းဝယ်မှု အစုစုတို့ကို ဆယ်ရက်မျှ ရုပ်သေးကြိုး ပြတ်ဖြစ်ကာ ရပ်စဲ သွားစေအောင် စွမ်းဆောင်ခဲ့လေသည်။ ၁၉၄၆ ခုနှစ်၌လည်း အမေရိကန်နိုင်ငံရှိ မော်တော်ကား လုပ်ငန်း၊ သံမဏိလုပ်ငန်းစသော လုပ်ငန်းကြီး အသီးအသီး တို့တွင် သပိတ်မှောက်မှုများ ပေါ်ပေါက်ခဲ့သည့်အတွက် လုပ် ရက်ပေါင်း ၁ဝဝဝဝဝဝဝဝဝ ကျော်မျှ နစ်နာဆုံးပါးခဲ့ရသည်ဟု ဆိုလေသည်။

၁၈၂၄ ခုနှစ်တွင် ဖွဲ့စည်းရေး အက်ဥပဒေများကို ဖျက်သိမ်း လိုက်သည်မှစ၍ အလုပ်သမားသမဂ္ဂလုပ်ငန်း များသည် အထူး တိုးတက်လာခဲ့ကြသည်။ အထူးသဖြင့် ပုံနှိပ်လုပ်ငန်း၊ ရက်ကန်း လုပ်ငန်း၊ သံမဏိလုပ်ငန်း၊ ကျောက်မီးသွေးတွင်းလုပ်ငန်းနှင့် အဆောက်အအုံဆိုင်ရာ လုပ်ငန်းတို့တွင် သမဂ္ဂများ၏အင်အား မှာ အကောင်ဆုံး ဖြစ်ခဲ့ကြသည်။ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် အခြားလုပ်ငန်းသစ်တို့ဘက်တွင်မူ များစွာ မဖွံ့ဖြိုး ခဲ့ကြချေ။

သမဂ္ဂလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းလမ်း နှစ်ရပ်ကို အသုံးပြုခဲ့ကြသညင်။ ယင်းတို့မှာ စက်မှုလက်မှု လုပ်ငန်းဘက်ဆိုင်ရာ ဆောင်ရွက်ပုံစံစနစ်နှင့် လုပ်ခင်းကိုင်ခင်း အခြေအနေဆိုင်ရာ အုပ်ချုပ်မှုတို့တွင် စည်းရုံးပြီးသော အလုပ် သမားအင်အားစုများသည် အခွင့်အရေး ပိုမို ရရှိရမည်ဟူသော အချက်နှင့် အဓိကဖြစ်သော လုပ်ငန်းများကို ပြည်သူပိုင်ပြုလုပ် ရမည်ဟူသော အချက်တို့ပင် ဖြစ်ကြလေသည်။ ယခုအခါ သမဂ္ဂများ၏ တောင်းဆိုချက်တစ်ရပ်ဖြစ်သည့် အုပ်ချုပ်မှုဘက်တွင် အခွင့်အရေး ပိုပေးရမည် ဟူသည့် အချက် နှင့်စပ်လျဉ်း၍ အခွင့်အလမ်းပေးမှုကို ရရှိပြီဖြစ်သော်လည်း လုပ်ငန်းများကို ပြည်သူပိုင် ပြုလုပ်ရေးမှာမူ နိုင်ငံရေးသက် သက်နှင့်ဆိုင်သော ပြဿနာတစ်ရပ်အဖြစ်နှင့်သာ ရှိနေချေ သေးသည်။ သို့အားလျော်စွာ အလုပ်သမားသမဂ္ဂများသည် ယင်းသို့ မျိုးစေ့ချကာ တည်ဆောက်ခဲ့သော လေဘာပါတီ အလုပ်သမား အဖွဲ့ကြီးနှင့် ပူးပေါင်းလျက် ထိုပြဿနာကို နိုင်ငံရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးပမ်း၍ နေကြ လေသည်။

အလုပ်သမားသမဂ္ဂများသည် အထက်ပါလုပ်ငန်းများအပြင် အခြားသော လုပ်ငန်းများကိုလည်း ဆောင်ရွက် ကြရသေး၏။ အလုပ်အကိုင်မရှိသော သမဂ္ဂဝင်များအား အလုပ်လက်မဲ့ ထောက်ပံ့ကြေးများပေးခြင်း၊ သပိတ် လက်နက်စွဲကိုင်ကြသော သပိတ်သမားများအား စောင့်ရှောက်ကျွေးမွေးရခြင်းစသော လုပ်ငန်းတာဝန်များမှာ လုပ်ငန်းဆိုင်ရာ သမဂ္ဂများ၏ အခြား ဆောင်ရွက်ဖွယ်များပင် ဖြစ်ကြပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)