အလီ၊ မိုဟာမက်

ဝီကီပီးဒီးယား မှ
ကတ်စီးယတ်စမာစီလတ်စ ကလေး(ဂျူနီယာ)

မိုဟာမက်အလီသည် ၁၉၄၂−ခုနှစ်၊ ဇန္နဝါရီလ (၁၇)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ လူးဝီးစ္စဗီးလမြို့၌ မွေးဖွားခဲ့ သည်။ ဆင်းရဲသားကပ္ပလီ လူမည်းမောင်နှံဖြစ်သော ကတ်စီးယတ်စမာစီလတ်စကလေး (စီနီယာ)နှင့် အိုဒက်ဆာ ကလေးတို့မှ ဖွားမြင်သည်။ အမည်ရင်းမှာ ကတ်စီးယတ်စမာစီလတ်စ ကလေး(ဂျူနီယာ) ဖြစ်သည်။ အခြား ကပ္ပလီ လက်ဝှေ့သမားများထက် သူ၏ မိဘများက စီးပွားရေးချောင်လည်သောကြောင့် ငယ်စဉ်ကပင် ပညာသင်ကြားနိုင်ခဲ့သည်။ ကလေးသည်ငယ်စဉ်ကတည်းက လူကောင်ကြီးထွားသည်။

ပညာသင်ကြားစဉ်က ကလေး၏ မှတ်စုစာအုပ်များတွင် ကျောင်းစာများ ရေးမှတ်ထားခြင်း မရှိပဲ လက်ဝှေ့သမားများနှင့် ကောင်းဘွိုင်ပုံများကိုသာ ရေးဆွဲလေ့ရှိခဲ့သည်။ အသက် ရှစ်နှစ်အရွယ်ကပင် အားကစားမျိုးစုံကို လေ့လာလိုက်စားခဲ့သည်။ ထိုစဉ် က ရေကူးနည်းကို ပိုမိုအားသန်ပြီး ထူးချွန်ခဲ့သည်။ လူးဝီးစ္စဗီးလမြို့ ဝိုင်အမ်စီအေ အသင်းမှ အားကစား ထူးချွန်သူ လူငယ် ၆၃ ဦးရွေးချယ်ရာတွင် အသက်ရှစ်နှစ် သာရှိသေးသူ ကလေးလည်း တစ်ဦး အပါအဝင်ဖြစ်သည်။ ငယ်ရွယ်စဉ်က ခရစ်ယာန်သီလရှင် ကျောင်းစာကြည့်တိုက်၌ သန့်ရှင်းရေးလုပ်၍ မုန့်ဖိုးရှာခဲ့သည်။

အသက် ၁၂ နှစ်အရွယ်တွင် လက်ဝှေ့နည်းပြဆရာ ဂျိုးမာတင်ထံတွင် လက်ဝှေ့ထိုးပညာကို သင်ယူခဲ့သည်။ ကလေးသည်အသက် ၁၂ နှစ်အရွယ်ကပင်ကိုအလေးချိန် ၁၁၂ ပေါင်ရှိနေခဲ့သည်။ ကလေးသည် ပွဲဦးထွက် အပျော်တမ်း လက်ဝှေ့ပွဲအဖြစ် ရွန်နီအိုကီဖေးဆိုသူ လူဖြူလူငယ်တစ်ဦးနှင့် သုံးချီထိုးသတ်ရာ အမှတ်ဖြင့်အနိုင်ရခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အပျော်ထမ်းလက်ဝှေ့ပြိုင်ပွဲတွင် အရေးပါဆုံးဖြစ်သော ရွှေလက်အိတ်များ လက်ဝှေ့ပြိုင်ပွဲ အတွက် လူရွေးပွဲကျင်းပရာ ကတ်စီးယပ်စကလေး ရှုံးနိမ့်သဖြင့်နည်းပြဆရာ ဂျိုးမာတင်ထံမှ နည်းပြဆရာ စတုန်းနာထံသို့ ရွှေ့ ပြောင်းလေ့ကျင့် ခဲ့လေသည်။

၁၉၅၉ ခုနှစ် ရွှေလက်အိတ်များ လက်ဝှေ့ပြိုင်ပွဲ၌ ကတ်စီးယတ်စကလေးသည် လိုက်ဟဲဗီးဝိတ်တန်း၌ ဗိုလ်စွဲခဲ့သည်။ ၁၉၆ဝ ပြည့်နှစ်တွင် ရွှေလက်အိတ်များ ပြိုင်ပွဲနှင့် အမေရိကန်နိုင်ငံများဟူသော ပြိုင်ပွဲနှစ်ရပ်စလုံးတွင် ကလေးဗိုလ်စွဲခဲ့သည်။ ထိုနှစ် ရောမကမ္ဘာ့အိုလံပစ်ပွဲအတွက် အမေရိကန် လက်ဝှေ့လူရွေးပွဲကို ဆန်ဖရန်စ္စကိုမြို့၌ ကျင်းပခဲ့ရာလိုက်ဟဲဗီးဝိတ်တန်းမှ ရွေးချယ်ခြင်း ခံခဲ့ရသည်။ ကလေးသည် အသက် ၁၈ နှစ် အရွယ်တွင် ရောမအိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ဗိုလ်စွဲ၍ ရွှေတံဆိပ်ရခဲ့သည်။

ရောမ အိုလံပစ်ပွဲမှ ပြန်လာပြီးနောက် ၁၉၆ဝ ပြည့်နှစ်၊ အောက်တိုဘာလတွင် ကြေးစား လက်ဝှေ့သ မားအဖြစ်ခံယူကာ နည်းပြဆရာသစ် အန်ဂျလိုဒန်ဒီနှင့် လေ့ကျင့်ခဲ့လေသည်။

၁၉၆ဝ ပြည့်နှစ်အောက်တိုဘာ ၂၉ ရက်နေ့တွင် ကလေးသည် လူးဝီးစ္စဗီးလမြို့၌ ပထမဆုံး ကြေးစားဟဲဗီးဝိတ်လက်ဝှေ့ပွဲ အဖြစ် တန်နေဟန်ဆာကာနှင့် စတင်ထိုးသတ်ရာ ၆ ချီထိုးပြီး အနိုင်ရသည်။ ဒေါ်လာ ငွေ ၂ဝဝဝ ရသည်။ ထိုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့၌ ကြေးစားပွဲ ဒုတိယပွဲကို မီယာမီတွင်ဟတ်ဆီလာဆိုသူနှင့် ထိုးသတ်ရာ ကလေးက စတုတ္ထအချီ၌ အလဲထိုးအနိုင် ရသည်။ ယင်းပွဲနိုင်၍ ဒေါ်လာငွေ ၂ဝဝ ရသည်။

ကလေးသည် ၁၉၆၁ ခုနှစ်အတွင်း ကြေးစား ပွဲပေါင်း ရှစ်ပွဲထိုးသတ်ခဲ့ရာ ရှစ်ပွဲစလုံးတွင် အနိုင်ရခဲ့သည်။ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ပက်တာဆင်သည် အသက် ၂၁ နှစ်အရွယ်တွင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရာကလေးက အသက် ၂ဝ အရွယ်တွင် ကမ္ဘာ့ချန်ပီယံဖြစ်ရန် ကြိုးပမ်းခဲ့သည်။

ကလေးသည် ကြေးစားပွဲပေါင်း ၁၉ ပွဲ ထိုးသတ်အနိုင်ရခဲ့ပြီးမှ ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ သရဖူလုပွဲကို ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မီယာမီ၌ ချန်ပီယံ ဆန်နီလစ္စတန်နှင့် ထိုးသတ်ရရာ ၇ ချီတွင် ဒိုင်ပွဲရပ်အနိုင်ရသဖြင့် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ဖြစ်လာလေသည်။ နောက်တစ်နေ့ (အောက်တိုဘာလ ၂၆ ရက်)တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီးသူသည် ခရစ်ယန် ဘာသာဝင်အဖြစ်မှ အစ္စလမ် ဘာသာဝင် အဖြစ်သို့ ပြောင်းလဲကာအမည်မှာလည်း မိုဟာမက်အလီဟု ခေါ်တွင်မည် ဖြစ်ကြောင်းကြေညာခဲ့သည်။ ထို့နောက်အလီသည် ကုလသမဂ္ဂဌာနချုပ်နှင့် အာဖရိကတိုက်မှ ဂါနာနိုင်ငံနှင့် အီဂျစ်နိုင်ငံများသို့သွား ရောက်လည်ပတ်ခဲ့သည်။

အလီသည် ၁၉၆၄ ခုနှစ် ဩဂုတ်လတွင် အစ္စလမ် ဘာသာဝင် ကပ္ပလီအမျိုးသမီး ဆွန်ဂျီနှင့်ထိမ်းမြား လက်ထပ်သည်။ အလီသည် ၁၉၆၅ ခုနှစ် မေ ၂၅ ရက်နေ့တွင် လူးဝစ်စတွန်၌ ဆန်နီလစ္စတန်နှင့် ဒုတိယအကြိမ် ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးအနိုင်ရခဲ့သည်။

အလီသည် ၁၉၆၅ ခုနှစ် နိုဝင်ဘာ ၂၂ ရက် နေ့တွင် လတ်စဗေးဂတ်စ၌ ချန်ပီယံဟောင်း ပတ်တာဆင်နှင့်ထိုးသတ်ခဲ့ရာ ၁၁ ချီ၌ အလဲထိုးပြီး အနိုင်ရခဲ့သည်။ ထို့နောက်သရဖူကာကွယ်ပွဲ ငါးပွဲဆက်တိုက် ထိုးသတ်ခဲ့ရာ လေးပွဲအလဲထိုးနိုင်ပြီး တစ်ပွဲ သာအမှတ်ဖြင့် နိုင်သည်။

ထို့နောက် ၁၉၆၇ ခုနှစ်ဖေဖွာရီ ၆ ရက်နေ့တွင်ဟူစတန်၌ ကမ္ဘာ့လက်ဝှေ့ အဖွဲ့ချုပ် ချန်ပီယံအာ နီတာရဲလနှင့် ထိုးသတ် ရာ ၁၅ ချီထိုး၍ အမှတ်ဖြင့် အနိုင်ရသည်။

၁၉၆၇ ခုနှစ် ဧပြီလတွင် စစ်မှုထမ်းရန် ဆင့်ခေါ်မှုကို ငြင်းဆန်သဖြင့် မိုဟာမက်အလီကို လက်ဝှေ့ ထိုးသတ်ခွင့်ပိတ် ပင်လိုက်ပြီး ချန်ပီယံအဖြစ်မှလည်း ဖယ်ရှားခဲ့လေသည်။ အမေရိကန် တရားရုံးတွင် အမှုကို ရင်ဆိုင်ရလေသည်။

၁၉၇ဝ ပြည့်နှစ် စက်တင်ဘာလတွင် မိုဟာမက်အလီကို အမေရိကန်တရားရုံးက အနိုင်ပေးခွင့်လွှတ်လိုက်ရာ လက်ဝှေ့ထိုး သတ်ခွင့်လည်း ပြန်လည်ရလာသည်။ ထိုနှစ်အောက်တိုဘာ ၂၆ ရက်နေ့တွင် အက်လန်တာ၌ ဂျယ်ရီကွာရီနှင့် စတင်ထိုးသတ်ရာ သုံးချီ၌ အလဲထိုးအနိုင်ရသည်။ ထိုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် နယူးယော့၌ ဒုတိယပွဲစဉ်အဖြစ် အော်စကာ ဘိုနာဗီးနားနှင့်လက် ရည်စမ်းခဲ့ရာ ၁၅ ချီ၌ အလဲထိုး အနိုင်ရခဲ့သည်။

၁၉၇၁ ခုနှစ် မတ်လ ဂ ရက်နေ့တွင် နယူးယော့၌ဂျိုးဖရေဇီယာနှင့် သရဖူလုပွဲ ပြုလုပ်ခဲ့ရာ ဂျိုးဖရေဇီယာက မိုဟာမက် အလီကို ၁၅ ချီအပြည့်ထိုးသတ်ပြီး အမှတ်ဖြင့် အနိုင်ရကာချန်ပီယံဖြစ်လာခဲ့သည်။ အလီအဖို့ ကြေးစားလက်ဝှေ့သမား ဘဝတွင် ပထမဦးစွာ ရှုံးနိမ့်ခြင်းဖြစ်သည်။

ချန်ပီယံသရဖူကို စွန်လွှတ်ခဲ့ရသူ အလီသည် ဇူလိုင်၂၆ ရက်နေ့တွင် ဟူစတန်၌ ဂျင်မီအဲလစ်စနှင့် ထိုးသတ်ခဲ့ရာ ၁၂ ချီတွင် အလဲထိုးပြီး အနိုင်ရခဲ့သည်။ ဖရေဇီယာကို ရှုံးပြီးနောက် အလီသည် ၁ဝ ပွဲဆက် တိုက်အနိုင်ရခဲ့သည်။ ၁၉၇၃ မတ်လ ၃၁ ရက်တွင် ဆန်ဒီဂို၌ ကင်နော်တန်နှင့် ထိုးသတ်ခဲ့ရာ ၁၂ ချီ အပြည့်ထိုးရပြီး အလီအမှတ်ဖြင့် ရှုံးနိမ့်သွားရသည်။ ပထမအချီ ကပင် အလီမေးရိုးကျိုးသွားရသည်။ စက်တင်ဘာလ၁ဝ ရက်နေ့ ကင်နော်တန် နှင့် စိတ်မကျေပွဲကို လော့စအိန်ဂျလီစ၌ပြုလုပ်ခဲ့ရာ ၁၂ ချီ အပြည့်ထိုးသတ်ရပြီး အလီအမှတ်ဖြင့် အနိုင်ရသည်။

အလီသည် ဟဲဗီးဝိတ်သရဖူကို ဒုတိယအကြိမ် ပြန်လည် ရယူနိုင်ရန် အလီကြိုးပမ်းနေစဉ် ချန်ပီယံ ဂျိုးဖရေဇီယာကိုဂျော့ချ် ဖိုမန်က အလဲထိုးအနိုင်ရပြီး ချန်ပီယံသရဖူကို ရယူသွားသည်။

ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ သရဖူကို စွန့်လွှတ်ထားရသူ ဂျိုးဖရေဇီယာနှင့် ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ နယူးယောက်မြို့ တွင် ဒုတိယ အကြိမ်မြောက် ဆင်နွှဲခဲ့ရာ ၁၂ချီအပြည့်ထိုးသတ်ရ ပြီး အလီအမှတ် ဖြင့်နိုင်ကာ ပထမ အကြိမ်ရှုံးကြွေးကို ပြန်ဆပ် နိုင်ခဲ့သည်။ တစ်ဖန် ၁၉၇၄ ခုနှစ် အောက်တိုဘာ ၃ဝ ရက်နေ့ တွင်ဇိုင်ယာနိုင်ငံ ကင်ရှာဆာမြို့၌ ချန်ပီယံ ဂျော့ချ်ဖိုမန်နှင့် အလီ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာရှစ်ချီတွင် အလီက အလဲထိုး အနိုင်ယူ လိုက်သဖြင့် ဟဲဗီးဝိတ်လက်ဝှေ့သရဖူကို ဒုတိယအကြိမ်ပြန်လည် ရယူနိုင်ခဲ့သည်။

၁၉၇၅ ခုနှစ်တွင် သုံးပွဲ နိုင်ပြီးနောက် အလီသည် ဂျိုးဖရေဇီယာနှင့် တတိယအကြိမ် ယှဉ်ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် ၁၄ ချီ၌ ဒိုင်ပွဲရပ်ဖြင့် အလီအနိုင်ရခဲ့သည်။

အလီသည် ၁၉၇၆ ခုနှစ်တွင် ဂျိန်းပီရီကွတ်ပ်မန်းကို ငါးချီ၌အလဲထိုး အနိုင်ရပြီးနောက် ဂျင်မီယန်းကို ၁၅ချီအပြည့် ထိုးရကာ အမှတ်ဖြင့်သာ အနိုင်ရသည်။ ထိုနှစ် တတိယပွဲစဉ်၌ ဥရောပ ချန်ပီယံ ရစ်ချတ်ဒန်းကို ပဥ္စမအချီတွင်အလဲထိုးအနိုင်ရသည်။

၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဂျပန်နိုင်ငံတိုကျို မြို့၌ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ အလီနှင့် ကမ္ဘာ့နပမ်းချန်ပီ ယံ အန်တိုနီယိုအီနိုကီတို့ ပြိုင်ပွဲကျင်းပရာ ကမ္ဘာတစ်ဝန်းလုံးမှ မကြုံစဖူးထူးကဲသော ပွဲကြီးအဖြစ် စိတ်ဝင်စားခဲ့ကြသည်။

၁၉၇၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကင်နော် တန်နှင့် နယူးယော့၌ တတိယအကြိမ် ထိုးသတ်ရာ ၁၅ချီအပြည့် ထိုးသတ်ရပြီးနောက် အလီအမှတ်ဖြင့် အနိုင်ရခဲ့သည်။

၁၉၇၇ ခုနှစ်တွင် အလီသည် သရဖူကာကွယ်ပွဲနှစ်ပွဲသာ ထိုးသတ်ခဲ့ပြီး နှစ်ပွဲစလုံးအမှတ်ဖြင့်အနိုင် ရခဲ့သည်။ ၁၉၇၈ခုနှစ် ဖေဖွာရီ ၁၅ ရက်နေ့၌ ထိပ်တန်းစိန်ခေါ်သူ ၁ဝ ဦး စာရင်းဝင် လီယွန်စပင့်နှင့် လက်စဗေးဂတ်စမြို့၌ ထိုးသတ်ခဲ့ရာ ၁၅ ချီ အပြည့် ထိုးသတ်ရပြီး အလီအမှတ်ဖြင့် ရှုံးနိမ့်သွားသည်။ ဟဲဗီး ဝိတ်လက်ဝှေ့ သရဖူကို ဒုတိယအကြိမ် စွန့်လွှတ်လိုက်ရသည်။

၁၉၇၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် နယူး အော်လင်း၌ အလီနှင့် ချန်ပီယန်စပင့်တို့ ဒုတိယ အကြိမ်ဆုံတွေ့ ရာ ၁၅ ချီ အပြည့်ထိုးရပြီး အလီကအမှတ်ဖြင့် အပြတ်အနိုင်ယူ ကာ ဟဲဗီးဝိတ်လက်ဝှေ့သရဖူကို တတိယအကြိမ်ရယူနိုင်ခဲ့သည်။

ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့သမိုင်း၌ သရဖူကို ဒုတိယ အကြိမ်စွန့် လွှတ်ခဲ့ရပြီးမှ တတိယအကြိမ်ပြန်လည်ရယူနိုင်သူ တစ်ဦးမျှမရှိ သေးပဲ အလီတစ်ဦးသာ ရှိပေသေးသည်။

အလီသည် ပထမအိမ်ထောင်ရှင် ဆွန်ဂျီနှင့် ၁၉၆၅ခုနှစ် ဇွန် ၂ ရက်နေ့တွင် ကွာရှင်းခဲ့ပြီးနောက် ဘလင်ဒါဘွိုက် ဆိုသူ ကပ္ပလီမကလေးနှင့် လက်ထပ်ခဲ့ရာ သမီးသုံးဦး၊ သားတစ်ဦးမွေး ဖွားခဲ့သည်။ ထို့နောက် ဂျိုးဖရေဇီယာနှင့် မနီလာတွင် တတိယပွဲ ထိုးပြီးနောက် အသားညို ကပ္ပလီမကလေး ဗာရိုနီကာနှင့် လက် ထပ်ပြန်ရာ ကလေးတစ်ဦးရသည်။

မိုဟာမက်အလီသည် ကမ္ဘာအနှံ့သို့ သွားရောက် လည်ပတ်ခဲ့ရာ ဆိုဗီယက် ပြည်ထောင်စု သို့လည်းရောက်ရှိခဲ့သည်။ ကိုလန်ဘီယာ ရုပ်ရှင်ကုမ္ပဏီမှ အလီ၏ အတ္ထုပတ္တိ စာအုပ်ကို ရုပ်ရှင်ရိုက်ကူးခဲ့ရာ အလီကိုယ်တိုင် ပါဝင်သရုပ်ဆောင်ပြီး သူ့နည်းပြဆရာ ဒန်ဒီအဖြစ် ကမ္ဘာကျော် မင်းသားကြီး အားနက်စ်ဘိုဂါနင်က သရုပ်ဆောင်လေသည်။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် အသက်ရှုလမ်းကြောင်းအခြေအနေဖြင့် ဆေးရုံတက်ခဲ့ရသည်။ အစောပိုင်းတွင် ကောင်းမွန်ခဲ့သော်လည်း[၂] နောက်ရက်များတွင် အလီ၏ အခြေအနေသည် ဆိုးရွားလာခဲ့ပြီး အသက်ကယ်အကူအညီများ ပေးထားခဲ့ရသည်။[၃][၄] အခြေအနေသည် တိုးတက်လာမှု မရှိပဲ ဇွန် ၃ ရက်နေ့တွင် သေဆုံးပြီဖြစ်ကြောင်း ကြေညာခဲ့သည်။[၅][၆][၇]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
  2. "Muhammad Ali hospitalized with respiratory issue"၊ CNN၊ June 2, 2016။ June 3, 2016 တွင် ပြန်စစ်ပြီး 
  3. Dahlberg, Tim (June 3, 2016)။ Ali remains hospitalized for 'serious' issuesAP News။ 3 June 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ June 3, 2016 တွင် ပြန်စစ်ပြီး။
  4. Perez, Chris (June 3, 2016)။ Muhammad Ali placed on life supportNew York Post။ June 3, 2016 တွင် ပြန်စစ်ပြီး။
  5. Schuppe၊ John (June 3, 2016)။ Muhammad Ali, 'The Greatest of All Time', Dead at 74။ NBC News။ June 3, 2016 တွင် ပြန်စစ်ပြီး။
  6. Marlins prematurely announce death of Muhammad Ali။ SI (June 3, 2016)။ June 3, 2016 တွင် ပြန်စစ်ပြီး။
  7. Muhammad Ali Dies: 'The Greatest' Boxer Dead at 74