အလိုအလျောက်ကိရိယာ

ဝီကီပီးဒီးယား မှ

ပြာသာဒ် တံတိုင်း ခုနစ်ထပ် အတွင်းဝယ် အသင်ရှင်သော လူယောက်ျားများကဲ့သို့ သစ်သားဖြင့်ပြီးသည့်ယန္တရားစက်ရုပ်တို့ ရှိကြ၏။ ထိုယန္တရားစက်ရုပ်တို့သည် ကြောက်မက်ဖွယ်ကောင်း သောလက်နက်တို့ကို စွဲကိုင်လျက် လူကဲ့သို့ ပြေးလွှားကာ စောင့်ကြည်နေကြ၏ ဟူ၍ အံ့ဩဖွယ် ရှေးယန္တရား စက်ရုပ်တို့၏အကြောင်းကို ရှေးပေစာများ၌သာ ဖတ်ဖူးကြသည်။ ယန္တရား စက်ရုပ်ကဲ့သို့ သော် ယခုခေတ် အလိုအလျောက်ကိရိယာများသည် လူကဲ့သို့ လူအလုပ်များကို လုပ်ကိုင်လျက် ရှိသည်ကို ကျွန်ုပ်တို့ မျက်ဝါး ထင်ထင် တွေ့မြင်ကြရလေပြီ။ ခေတ်သစ် စက်မှုအလုပ်ရုံတစ်ခု ဖြစ်သော မုံ့ဖိုတစ်ခုသို့ဝင်၍ ကြည့်သည် ဆိုပါစို့။ ထိုမုံ့ဖိုတွင် မုံ့လုပ်ရန်ပစ္စည်းအမျိုးမျိုး ထည့်ထားသည့် အိုးများစည်များကို တွေ့ရပေမည်။ ခလုတ်ကို နှိပ်လိုက်ရုံမျှဖြင့် အိုးများ၊ စည်များမှ အမယ်များကို အလိုအလျောက် လူကဲ့သို့ တိကျစွာ ချိန်တွယ်၍ ရောစပ်ပြီးလျှင် အရွယ်တော် ပြတ်တောက် လျက် ဖိုထဲသို့ သွင်း လိုက်လေသည်။ ဖိုတွင် ကျက်အောင်ဖုတ်ပြီးလျှင် အပြင်သို့ ထုတ်၍ မမှားအောင် ရေတွက်ကာ စက္ကူဖြင့် သေသပ်စွာ ထုတ်လျက် လိုအပ်သော အရပ်သို့ပို့ရန် အရံသင့် စီထား၏။

ဤလုပ်စဉ်များသည် အလိုအလျောက်ကိရိယာဖြင့် တစ်ဆက် တည်း လုပ်ကိုင်သွား၍ လူတစ်ယောက်သာ စောင့်ကြည့်နေရ သည်။ အလိုအလျောက် စက်များကြောင့် လက်လုပ်လက်စား သမားများ အမြောက်အမြား လျော့နည်းသွားသည့်ပြင် ထုတ် ကုန်များမှာလည်း ရှေးကကဲ့သို့မဟုတ်ပဲ တပုံစံထည်း ထွက်လာ သည့်အလျောက် ယင်းစက်များကို တစ်နေ့ထက်တစ်နေ့ တိုးတက် အသုံးပြုလာကြသည်။

လက်လုပ်သင်ဓုန်းဓားများသည် အချိုးအစား မကျသည့်ပြင် တစ်လက်တစ်လက် အပြီးသတ်လုပ်ကိုင်ရာမှာလည်း အချိန် အတော်ကြာခဲ့၏။ တစ်လက်ထည်းမှ ထွက်သောသင်ဓုန်းဓား များပင် တစ်ခုနှင့်တစ်ခု မတူချေ။ ယခုအခါတွင် သတ္တုတစ် ချောင်းကို တစ်ခုသောအလိုအလျောက် စက်အစွန်မှ ထည့်ပေး လိုက်သောအခါ စက်၏အခြားတစ်ဖက်အစွန်မှ သင်ဓုန်ဓားဖြစ် ပြီးသား ဈေးတွင်တင်ရောင်းရန် အရံသင့် ထွက်လာ၏။ လူ့ လက်နှင့် မထိဘဲ ဓားများသည် ဖောက်ပြီးသား၊ သွေးပြီးသား၊ ဆေးပြီးသား၊ ထုတ်ပြီးသား အရံသင့် ဖြစ်နေလေသည်။ အတွေ့ရအများဆုံး အလိုအလျောက် ကိရိယာများမှာ စက် သဘောစစ်စစ် မူအရပေါ်တွင် ပြုလုပ်ထားသော အချက်အချာ နေရာများမှာ ဂီယာများ၊ မောင်းတံများနှင့် ရွှေ့ပြောင်းဖုများ ဖြစ်ကြသည်။ မော်တော်ကား၊ အင်ဂျင်စက်ရှိ အဆို့ရှင်များ ပွင့်ခြင်း၊ ပိတ်ခြင်းတို့သည်လည်းကောင်း၊ မီးပွင့်များပွင့်ခြင်း သည်လည်းကောင်း အလွန်အချိန်မှန် တိကျစွာဖြင့် ပေါ်လာ သကဲ့သို့ စက်၏အစိတ်အပိုင်းမျာ တိကျမှန်ကန်စွာ လှုပ်ရှား စေရန် ထိုဂီယာ၊ မောင်းတံနှင့် ရွှေ့ပြောင်းဖုများက မိမိတို့၏ ဝတ္တရားများကို တိကျမှန်စွာ ဆောင်ရွက်ကြရပေသည်။ ပိုမို ရှုပ်ထွေး၍ သိမ်မွေ့သော အလိုအလျောက် ကိရိယာများကိုမူ လျှပ်စစ်သံလိုက်၊ အလင်းလျှပ်စစ်အိမ်စသော အလွန် သေးငယ် သည့်လျှပ်စစ်ဓာတ်စီးကြောင်း၊ အသံနှင့် အလင်းတန်းများကိုပင် တုံ့ပြန်ကာ လှုပ်ရှားကြသည့် လျှပ်စစ်ကိရိယာများဖြင့် ထိန်းသိမ်းလုပ်ကိုင်ကြလေသည်။

ကိရိယာအမျိုးမျိုး ပေါ်ထွက်လာသည်နှင့်အမျှ အလို အလျောက်စက်များသည်လည်း အလွန်အသုံးဝင်လာကြသည်။ ပုံစံအားဖြင့် စက်တစ်ခုသည် လိမ်မော်သီး အစိမ်းနှင့်အမှည့်ကို ရွေးချယ်၏။ ကွဲနေသော၊ သို့မဟုတ် ပုပ်နေသာ လိမ်မော်သီး နှင့်တွေ့သည့်အခါ စက်သည် မရွေးချယ်တော့ပဲ အသံမြည်လာ ကာ အလိုအလျောက် ရပ်သွားတော့၏။ ထိုအခါ စောင့်ကြည့် နေသောသူက ထိုလိမ်မော်သီးအပုပ်ကို ထုတ်ယူလိုက်သော အခါမှ စက်လည်ပြန်သည်။ ရွေးချယ်ထားသော လိမ်မော်သီး အမှည့်များကို သစ်သားပြားများနှင့်တကွ အခြားစက်တစ်ခုသို့ ထည့်ပေးလိုက်ပြန်ရာ လိမ်မော်သီးများသည် သစ်သားသေတ္တာ တွင် ထည့်ပြီးသား၊ တံဆိပ်ရိုက်ပြီးသား အနေဖြင့် ထွက်လာ လေသည်။ လျှပ်စစ်ဓာတ်မီးလုံးများ၊ ထုတ်လုပ်ရာ၌ တစ်ခု တည်းသောစက်ထဲသို့ ဖန်သီးများ၊ အဆို့ရှင်များ၊ အတံများ၊ ပလက်တီနမ်နန်းသေးကြိုးများ၊ ဝိုင်ယာကြိုးများနှင့် ထုတ်သည့် ပစ္စည်းများကို ထည့်ပေးလိုက်ရာတွင် ဓာတ်မီးလုံးများကို လေ ထုတ်ပြီးသား၊ တံဆိပ်ရိုက်ပြီးသား၊ စမ်းသပ်ပြီးသား၊ ထုတ်ပြီး သား၊ သင်္ဘောတင်ရန် အစစလုပ်ပြီးသား အရံသင့် ထွက်လာ သည်။

ဂျိုင်ရိုစကုပ်သည် သင်္ဘောကြီးများနှင့် လေယာဉ်များကို ထိန်းသိမ်းရာ၌ အလွန်အသုံးဝင်သော အလိုအလျောက် ကိရိယာဖြစ်သည်။ မြို့ကြီးများရှိ လမ်းဆုံများတွင် တပ်ဆင် ထားသော လမ်းသွားလမ်းလာ အချက်ပြ မီးရောင်စုံများသည် ယာဉ်အမျိုးမျိုးတို့၏ သွားရေးလာရေး မရှုပ်ထွေးရအောင် မည်မျှ ကူညီ ထိန်းသိမ်းသည့်အလိုအလျောက် အချက်ပြ မီးများသည် အံ့ဩစရာပင်ဖြစ်သည်။ ရှေးကရုံးများ၊ အလုပ်ရုံ စက်ရုံများတွင် စာရင်းအင်းပြုလုပ်ရာ၌ စာရေးများစွာ ထား၍ ဂဏန်းများကို ပေါင်းပေးရသည်။ ယခုအခါတွင် အလိုအလျောက် ကိရိယာများဖြစ်သည့် ဂဏန်းပေါင်းစက်များ ပေါ် လာရာ ထိုစက်များဖြင့် စာရင်းအင်းများကို အချိန် အနည်းငယ် အတွင်း လူအနည်းငယ်မျှဖြင် ပြီးစီးသွားနိုင်သည်။ စာတိုက်ကြီး များတွင် ထောင် သောင်းများစွာသောစာများကို ရွေးခြင်း၊ ရက်စွဲရိုက်ခြင်းများကို ယခုအခါ အလိုအလျောက် ကိရိယာများ ဖြင့် လုပ်ကိုင်နိုင်လျက်ရှိရာ အချိန်ကြန့်ကြာခြင်း၊ ပင်ပန်းခြင်း တို့မှ ကင်းရှင်းသွားလေသည်။ မြို့ကြီးများရှိ သန်းခေါင်စာရင်း ဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ ရေးမှတ်ခြင်း စသည်တို့ ပြုလုပ်ရာ၌ အလိုအလျောက်ကိရိယာကို ယခုအခါ အသုံးပြုကြသည်။ အိမ်များ၊ ဇာတ်ရုံများနှင့် အစိုးရရုံးများတွင် အပူအအေး မျှတအောင် အလိုအလျောက်ကိရိယာဖြင့် ထိန်း သိမ်းထားသည်။ ယခုအခါ ခေတ်စား၍ အသုံးပြုလျက် ရှိသော အလိုအလျောက်စကားပြောကြေးနန်း (တယ်လီဖုန်း)များသည် မိမိအလိုရှိသော နံပါတ်ကိုလှည့်ပေးရုံဖြင့် စကားပြောနိုင်သည် သာမက ပြောသည့်အချိန်ကိုပင် သိနိုင်လေသည်။ ထို့ပြင် လမ်းမကြီးများပေါ်တွင်ထားသည့် လူအများသုံး အလို အလျောက် စကားပြောကြေးနန်းများ၌လည်း ၂၅ ပြားစေ့ ထည့် လိုက်ရုံဖြင့် စကားပြောနိုင်သည်။ ဤသို့စကားပြောနိုင်ခြင်းကား အလိုအလျောက်ကိရိယာတို့၏ အစွမ်းကြောင့်ပေတည်း။ အလိုအလျောက်ကိရိယာများသည် မတော်တဆဖြစ်မှုများ ကာကွယ်ရာ၌ ပို၍ပင် ထိရောက်သေးသည်။ မြေအောက် ဓာတ်ရထားမောင်းသမားသည် မောင်းနေရင်း မူးမေ့သွားရာ သူ၏လက်သည် လူသေလက်ကိုင် ဟုခေါ်သော လက်ကိုင်မှ လွတ်ကျသွား၏။ လွတ်ကျသွားသည်နှင့်တပြိုင်နက် ဓာတ်အား ပြတ်သွားကာ ဗရိတ်သို့ ရောက်သွားသဖြင့် ဓာတ်ရထားမှာ အလိုအလျောက် ရပ်သွားတော့၏။ သို့ဖြင့် ဓာတ်ရထားတိုက်မှု ဘေးအန္တရာယ်မှ လွတ်မြောက်သွားသဖြင့် ရာပေါင်းများစွာသော ဓာတ်ရထားစီး ခရီးသည်တို့၏ အသက်ချမ်းသာရာ ရရှိသွား လေသည်။ မြေအောက်ဓာတ်ရထား အထူးသဖြင့် ဗြိတိသျှ လျှပ်စစ်ဓာတ်ရထားနှင့် မြေအောက်ဓာတ်ရထားများတွင် အလို အလျောက်အချက်ပြများကို အမြောက်အမြား အသုံးပြုလာကြ သည်။ မြန်မာနိုင်ငံ မီးရထားဌာန၌လည်း အလိုအလျောက် အချက်ပြမီးများကို စတင်အသုံးပြုလျက်ရှိသည်။ ဤ ဓာတ် ရထား အလိုအလျောက် အချက်ပြသည် အချိန်နှင့်လုပ်အား ချွေတာနိုင်သည်သာမက ကုန်ကျစရိတ် သက်သာ၍ ခရီး သည်တို့၏ လုံခြုံရေးလည်း စိတ်ချရလေသည်။

အံ့ဩဖွယ်ကောင်းသည့်ကိရိယာမှာအလင်းလျှပ်စစ်အိမ် (ဖိုတိုအီလက်တြစ်ဆဲ)ဖြစ်သည်။ ယင်းကိရိယာမျိုးတွင် အလင်းတန်းတစ်ခုကို တစ်ဦးတစ်ယောက် ဖြတ်သွားမိလျှင် တံခါးသည် အလိုအလျောက် ပွင့်သွား၏။ လေပြင်းမုန်တိုင်း ကျ၍ ကောင်းကင်တွင် မိုးသားများ တက်ပြီးမှောင်ကျသွားသည့် အခါ အလုပ်ရုံများရှိ လျှပ်စစ်မီးများသည် အလိုအလျောက် လင်းလာ၏။ မီးပြဗော်ယာနှင့် မီးပြတိုက်မီးအိမ်များသည် မှောင်လာသည့်အခါဖြစ်စေ၊ မြူပိတ်နေသည့်အခါဖြစ်စေ အလို အလျောက် မီးလင်းလာ၏။ သူခိုးလာလျှင် အသံမြည်သော အလိုအလျောက်ကိရိယာများလည်းရှိသည်။ လျှပ်စစ်သံလိုက်နှင့် လျှပ်စစ်မိုတာများဖြင့် စီမံပြုလုပ်ထားသော လူစက်ရုပ်သည် လူအမိန့်ပေးသည့်အတိုင်း ထနိုင်၊ ထိုင်နိုင်၊ လက်ဟန်၊ ခြေဟန် ဖြင့် ပြုလုပ်ပြသည့်ပြင် စကားပင်ပြောနိုင်သည်။ ( အလင်းလျှပ်စစ်အိမ်။)

အလိုအလျောက် စက်ကိရိယာအမြောက်အမြား ပေါ်ထွက်လာ၍ အသုံးများလာမှုကြောင့် စက်မှုလက်မှု လုပ်ငန်းများလည်း အမြောက်အမြား ထွက်ပေါ်လာရာ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းသွားနိုင်မည် ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)