အလင်္ကာရသ

ဝီကီပီးဒီးယား မှ

အလင်္ကာရသဆိုသည်မှာ မြန်မာစာပေလောကရှိ လင်္ကာဖွဲ့ဆိုရာ၊ ဝတ္ထုရေးသားရာ၊ စကားပြေရေးသားရာတွင် ပါဝင်သည့် စိတ်ခံစားမှုကို ကိုယ်စားပြုသည့် စာပေအရေးအသားတို့ကို ခေါ်ဆိုခြင်းဖြစ်သည်။ အလင်္ကာရသ ကိုးပါးရှိလေသည်။ ၎င်းတို့သည် အခန်းအားလျော်စွာ အကြောင်းအရာ အားလျော်စွာ တည်ရှိကြပေသည်။ ၎င်းတို့၏ အမည်ခေါ်ဝေါ်ပုံမှာ

  1. ချစ်ရေးကြိုက်ရေးပြသည့်ရသကို သိင်္ဂါရ ရသ၊
  2. ရယ်ရွင်ဖွယ်ပြသည့်ရသကို ဟဿရသ၊
  3. သနားကြင်နာဖွယ်ပြသည့်ရသကို ကရုဏာ ရသ၊
  4. ညှဉ်းဆဲနှိပ်စက်သည့် စိတ်ခက်ထန်ဖွယ် ဒေါသဖြစ်ဖွယ်ရသကို ရုဒ္ဓရသ၊
  5. ရဲရင့်စိတ်ပြသည့် ရသကို ဝီရရသ၊
  6. ကြောက်ဖွယ် ထိပ်လန့်ဖွယ်ပြသည့်ရသကို ဘယာနကရသ၊
  7. စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည့် ရသကို ဝိဘစ္ဆရသ၊
  8. အံ့ဩဖွယ်ပြသည့်ရသကို အဗ္ဘုတရသ၊
  9. ကိုယ်စိတ်ငြိမ်းချမ်းဖွယ်ပြသည့်ရသကို သန္တရသ ဟူ၍ ခေါ်ဝေါ်သည်။