အလင်း လျှပ်စစ်ကိရိယာ

ဝီကီပီးဒီးယား မှ

အလင်း လျှပ်စစ်ကိရိယာ။ ။ အလင်း လျှပ်စစ်အိမ်ကို အကြောင်းပြု၍ အလင်းလျှပ်စစ် ကိရိယာ အမျိုးမျိုး ပေါ်ပေါက်လာခဲ့ပေသည်။ ( အလင်း လျှပ်စစ်အိမ်။)

အလင်းလျှပ်စစ်အိမ်ပေါ်သို့ အလင်းကျရောက်သည့်အခါ ယင်း၏ ကက်သုတ်ခေါ် ဓာတ်မတိုင်မှ အီလက်ထရွန်များ တန်း၍ ထွက်လာ၏။ ထိုအီလက်ထရွန် တန်းသည် အလင်းအိမ်နှင့် ဆက်ထားသည့် ဆာကစ်(ဓာတ်စီးပတ်လမ်း)တွင် လျှပ်စီး ကြောင်းကို ဖြစ်စေလေသည်။ သို့သော် ကက်သုတ်ပေါ်သို့ အလင်းအကျ ရပ်သွားသည်နှင့် လျှပ်စစ်စီးကြောင်းလည်း ပြတ် သွားတော့၏။ အခြား အလင်းလျှပ်စစ်အိမ်တစ်မျိုးမှာ အလင်း လျှပ်စစ်အကျိုးဟုခေါ်သော အလင်းအားကောင်း သလောက် လျှပ်စီးကြောင်း ဖြစ်ပေါ်စေသည်။ တတိယအမျိုးကား ယင်း၏ ကက်သုတ်ပေါ်သို့ အလင်းကျရောက်သည့်အခါတွင် လျှပ်စစ် တားပြောင်းလဲမှုကို ဖြစ်စေလေသည်။ မည်သည့်အမျိုးကို သုံး သည်ဖြစ်စေ အတူတူပင် ဖြစ်သည်။

အလွယ်ဆုံးလျှပ်စစ်အိမ်သည် အလင်းနှင့်အမှောင်ကို ခွဲခြား ရန်သာ ဖြစ်သည်။ ယင်းအပေါ်သို့ အလင်း ကျရောက်သည့် အခါ လှုပ်ရှားလာ၏။ သို့တည်းမဟုတ် ယင်းကို အလင်းတန်း တစ်ခုတွင် တပ်ဆင်ပြီးလျှင် ထိုအလင်းတန်းကို အရာဝတ္ထု တစ်ခုခုနှင့် ကာဆီးပေးလိုက်သည့်အခါ အလင်းတန်း ပြတ်သွား သဖြင့် အလင်းအိမ်သည် လှုပ်ရှားလာ၏။ ဤပထမအမျိုး ဖြစ် သည့် အလင်းလျှပ်စစ်အိမ်၏ ပုံစံမှာ လျှပ်စစ်ဖြင့် စီမံ ပြုလုပ် ထားသော မော်တော်ကားရုံ ဖြစ်သည်။ မော်တော်ကားထိပ်မီး များမှ မီးရောင်သည် မော်တော်ကားရုံ တံခါးပေါ်သို့ ကျရောက် သည်နှင့် တံခါးသည် အလိုအလျောက် ပွင့်သွား၏။ ဒုတိယ အမျိုး၏ ပုံစံတစ်ခုမှာ မျက်လှည့်သဖွယ် အလိုအလျောက် ပွင့် နိုင်သော တံခါးများ ဖြစ်သည်။ တံခါးမှတစ်ကိုက်၊ နှစ်ကိုက်မျှ ဝေးသောနေရာတွင်ရှိသည့် အလင်းတန်းကို တစ်စုံတစ်ယောက် က သွား၍ ကိုယ်ဖြင့် ကာဆီးပိတ်ပင် ပေးလိုက်လျှင် တံခါး သည် အလိုအလျောက် ပွင့်သွားတော့၏။ သူခိုးလှန့် ခေါင်း လောင်းများကိုလည်း ဤမူအတိုင်းပြုလုပ်ထားနိုင်ရာ သူခိုး ကပ်လာသည်နှင့် ခေါင်းလေင်းအလိုအလျောက် မြည်သဖြင့် အိမ်ရှင် နိုးလေသည်။

စက္ကူဖြတ်စက်၊ ကြိတ်စက်ကဲ့သို့ ဘေးအန္တရာယ်များသည့် စက်ကိရိယာများကို လုပ်ကိုင်သူ၏လက်များ မဖြတ်မိ၊ မကြိမ် မိနိုင်အောင် အလင်းလျှပ်စစ်အိမ်တစ်မျိုး စီမံတပ်ဆင်ထား သည်။ တပ်ဆင်ထားပုံမှာ လုပ်ကိုင်သူ၏ လက်များသည် စက် အတွင်းရှိ အလင်းတန်းကို ကာဆီးပိတ်ပင်ထားသမျှ ကာလပတ် လုံး ဓားသည် အပေါ်မှ မကျလာတော့ပေ။ လက်များ ဘေး ကင်းသည့် ခပ်ဝေးဝေးနေရာသို့ ယူထုတ်လိုက်သောအခါမှ ဓားကျလာတော့၏။ အလိုအလျောက် ဓာတ်လှေကား (စက် လှေကားမတ်)တံခါးများကို ဤနည်းအတူ တပ်ဆင်ထားနိုင် သည်။ သို့ဖြင့် ဓာတ်လှေကားတံခါးများ ပိတ်စပြုနေသော် လည်း နောက်ဆုံး အလျင်စလိုဝင်လာသည့်လူက အလင်း တန်းကို ကားဆီးပိတ်ပင်လိုက်သဖြင့် တံခါးအပိတ်ရပ်သွားသည် သာမက ပြန်၍ပွင့်သွားသေးသည်။ အလင်းလျှပ်စစ်အိမ်ကို တစ်မျိုး စီမံပြုလုပ်ထားခြင်းအားဖြင့် ယင်း၏ လျှပ်စစ်မျက်စိဟု ခေါ်သော ရေတွက်သည့် စက်သည် လျှောမှ ကျဆင်းလာ သော ပစ္စည်းများကိုလည်းကောင်း၊ ဥမင်ကို ဖြတ်သွားသော မီးရထားစင်းရေများကို လည်းကောင်း လူသားတို့ထက် အလွန် လျင်မြန်စွာနှင့် တိကျမှန်ကန်စွာ ရေတွက်နိုင်သည်။ အချို့သော ကိစ္စများမှာ အလင်းနှင့် အမှောင်ကိုသာမန် ခွဲခြားရုံမျှမက အလင်းပြင်းအားကိုလည်း တိုင်းတာရန် လိုအပ်ပေသည်။ ဤကဲ့သို့သော ပြဿနာများ ဖြေရှင်းရန်မှာ အလင်းလျှပ်စစ်အိမ်သည် အသင့်တော် ဆုံးသော ကိရိယာ ဖြစ်သည်။ လူသား၏ မျက်လုံးသည် အလင်းရောင်ကိုကြည့်ရာ ၌ မျက်စိသူငယ်အိမ်ကို ဖြည်းညှင်းစွာ မှိတ်ချည်ဖွင့်ချည် ပြုလုပ်၍ ကြည့်ရသောကြောင့် အလင်း၏ တောက်ပမှုကို တိကျစွာ မခွဲခြား နိုင်ချေ။ လုံးလုံးမှောင်နေသော အခန်း တစ်ခုမှ မီးမှိန်မှိန်ထွန်းထားသော အခန်းတစ်ခုသို့ ရောက် လာသော လူတစ်ယောက်က ထိုအခန်းသည် အလွန် လင်း သည်ဟု ပြော၏။ ထိုမီးမှိန်မှိန်ထွန်းထားသော အခန်းထဲသို့ပင် အလွန်လင်းသောနေရာမှ ရောက်လာလျှင် ထိုအခန်းသည် သူ့အတွက် မှောင်နေသဖြင့် မသွားတတ်မလာတတ် ဖြစ်နေ တတ်သည်။ အလင်းလျှပ်စစ်အိမ်ကား ထိုသို့ မဟုတ်ပေ။ အလင်းပြင်းအားကို တိကျမှန်ကန်စွာ တိုင်းတာနိုင်သည်။ မီလီဗို့မီတာနှင့် တွဲထားသော အလင်းလျှပ်စစ်အိမ်မျိုးသည် အလင်းပြင်းအားကို အလွန်တိကျ မှန်ကန်စွာ တိုင်းတာနိုင် သောကြောင့် ဓာတ်ပုံရိုက် ကိရိယာတွင်ထည့်၍ အသုံးပြုကြ သည်။

လမ်းများ၊ စာသင်ခန်းများနှင့် ရုံးခန်းများရှိ မီးဖွင့်ခလုတ် များအတွက်လည်း အလင်းလျှပ်စစ်အိမ်ကို အသုံးပြုကြသည်။ အကြောင်းတစ်ခုခုကြောင့် ထင်ထင်ရှားရှား မမြင်နိုင်လောက် အောင် နေရောင် မှေးမှိန်သွားသည့်အခါ အလင်းလျှပ်စစ်အိမ် ကြောင့် မီးဖွင့်ခလုတ်များ အလိုအလျောက် ပွင့်လာကြသည်။ စက်မှုလုပ်ငန်းများတွင် အသုံးပြုသော ဂီယာဖြင့်ထိန်းထား သည့် အလိုအလျောက် ဂီယာအထိန်းများသည် အလင်းပြင်း အား အမျိုးမျိုးကို တိုင်းတာသည့်မူပေါ်တွင် အခြေခံထားသည်။ ထိုကိရိယာများတွင် ဆေးဆိုးရန်အတွက် ဒလိမ့် များပေါ်တွင် လည်ပတ်လျက်ရှိသော ပိတ်အရှည်တန်း၏ အနားကို စောင့် ကြည့်နေသည့် လျှပ်စစ် မျက်စိကိရိယာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အကယ်၍ ပိတ်အုပ်အနားသည် သွားရိုးသွားစဉ် လမ်းမှန်မှ သွေဖည်ထွက်သွားပါက အလင်းလျှပ်စစ်အိမ်သို့ ကျရောက်သည့် အလင်းသည် မှိန်သော်လည်း မှိန်သွားလိမ့် မည်။ သို့မဟုတ် တိုးသော်လည်း တိုးလာလိမ့်မည်။ ထိုအခါ သွေဖည်ထွက်သွားသည့်ပိတ်အနားသည် ချက်ချင်း နေရာမှန်သို့ ပြန်ရောက်အောင် အထိန်းက အလိုအလျောက် ထိန်းပေးလေ သည်။ ဘီစကွတ်ထုပ်သည့် စက်များသည်ပင် ထုပ်သည့် စက္ကူ ပေါ်တွင် မှတ်ပုံတင်အမှတ်များ၊ သို့မဟုတ် အစက်ကလေးများ နေရာတကျ ရိုက်နှိပ်ထားမှု ရှိမရှိကိုကြည့်ရန် လျှပ်စစ်မျက်စိ ကိရိယာကို အသုံးပြုကြရသည်။ ဤသို့ အသုံးပြုခြင်းအားဖြင့် စက္ကူသည် ပုံနှိပ်စဉ်က မည်မျှ ရှည်ထွက်လာသည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ တိုဝင်သွားသည်ဖြစ်စေ ပဓာနမဟုတ်ပဲ စက္ကူ၏ အရွယ်အစား မှန်မှန်ရရှိအောင် စက္ကူလိပ်မှ ဖြတ် တောက်ပေးလေသည်။ ဤအလုပ်ကား လူတို့ ဤမျှ လျင်မြန် တိကျအောင် ပြုလုပ်ပေးနိုင်သော အလုပ်မဟုတ်ပေ။ အလင်းလျှပ်စစ်အိမ်သည် ရုပ်ရှင်ရုံများ၌ ပြသသော အသံ ထွက် ရုပ်ရှင်ကားများ၏ အခြေခံ ဖြစ်သည်။ စကားပြောသံ၊ သီချင်းဆိုသံ၊ တူရိယာသံ စည်တို့ကို တစ်လက်မ၏ ဆယ်ပုံ တစ်ပုံခန့်မျှ အကျယ်ရှိသော အသံလမ်းကြောင်းဟုခေါ်သည့် ဖလင်ပြား၏ အနားသေးသေးဘက်တွင် အသံသွင်းယူထားခြင်း ဖြစ်သည်။ ဤအသံလမ်းကြောင်းသည် မူလစကားပြောသံမှ ထွက်ပေါ်လာသော တုန်နှုန်း အတက်အကျ၊ အနည်းအများ ကိုလိုက်၍ အမည်းနှင့်အဖြူဖြင့် ဓာတ်ပုံရိုက် အသံသွင်းထား ခြင်း ဖြစ်သည်။ ဖလင်ပြားသည် ရုပ်ရှင် ပြစက်ထဲမှ ထွက် လာပြီးနောက် အသံထွက်အောင် လှုံ့ဆော်ပေးသည့် လျှပ်စစ် မီးလုံးဆီသို့ ရောက်လာ၏။ ထိုမီးလုံးမှအလင်းသည် အလွန် သေးငယ်သော အသံလမ်းကြောင်းပေါ်သို့ စုဆုံကျရောက် လာပြီးလျှင် ထိုမှ တစ်ဖန် ဆက်လျက်ရှိသော အလင်းလျှပ်စစ် အိမ်ပေါ်သို့ ဖြာ၍ကျလာပြန်လေသည်။ အလင်းလျှပ်စစ်အိမ် သည် ထိုအလင်းကို လျှပ်စီးကြောင်းအဖြစ်သို့ ပြောင်းပေး လိုက်လေသည်။ ဤလျှပ်စီးကြောင်းသည် အသံချဲ့စက်သို့ ရောက်ရှိသွားရာမှ အသံဖြစ်ပေါ်လာကာ အသံထုတ်ကိရိယာသို့ ရောက်သွားပြန်လေသည်။ ယင်းအသံအဖြစ်ဖြင့် လူအများကြား ကြသည်။ သို့ဖြင့် ရုပ်ရှင်ကြည့် ပရိသတ်သည် ရုပ်ရှင်နှင့်အသံ ကို တစ်ချိန်တည်းလောက်မှ မြင်ရကြားရလေသည်။

မည်သည့် အသံသွင်းယူခြင်းကိုမဆို ဤနည်းအတိုင်း ပြုလုပ်ယူနိုင်သည်။ ထပ်ကာထပ်ကာ အသံသွင်းသည်ဖြစ်စေ၊ အသံဖွင့်သည်ဖြစ်စေ ဤနည်းသည် အကောင်းဆုံးနည်း ဖြစ် ပေသည်။ ဓာတ်စက်ဓာတ်ပြားများမှာကဲ့သို့ အပ်ဖြင့် အသံဖွင့်ရ သည်မဟုတ်သောကြောင့် စားခြင်း၊ ပွန်းခြင်း မရှိချေ။ မြို့ကြီး များရှိ တယ်လီဖုန်း(စကားပြောကြေနန်း)ရုံများတွင် အလို အလျောက် အချိန်ပြောသောနာရီများ တပ်ဆင်ထားကြသည်။ အိမ်တွင် တယ်လီဖုန်းရှိသူတစ်ဦးက အချိန်အတိအကျသိလိုက အချိန်ပြောနာရီရှိရာသို့ ဆက်လိုက်လျှင် ချက်ချင်းပင် အချိန် အတိအကျကို ကြားရသည်။ ဤကိရိယာတွင် အသံလမ်း ကြောင်း အမျိုးမျိုးကို ဖန်အသံသွင်းချပ် ဝိုင်းများပေါ်၌ အသံ သွင်းထားသည်။

သတင်းစာများတွင် ကြေးနန်းဖြင့်ဖြစ်စေ၊ ကြိုးမဲ့ကြေးနန်း ဖြင့်ဖြစ်စေ ပို့သော အရေးကြီးသည့် သတင်း ဓာတ်ပုံများကို မကြာခဏ တွေ့ကြရသည်။ ဓာတ်ပုံပို့သောစက်တွင် လည်နေ သော စည်တစ်ခုရှိရာ ယင်းပေါ်တွင် ပို့မည့်ဓာတ်ပုံကို တပ် ထားသည်။ စည်လည်နေစဉ် အလင်းစက်ကလေးတစ်ခုသည် အလင်းလျှပ်စစ်အိမ်ပေါ်သို့ ပြန်ရိုက်လာရာမှအစ ဓာတ်ပုံပို့သည့် အစီအစဉ်သည် ဖြစ်ပေါ်လျက်ရှိလေသည်။ အလင်းလျှပ်စစ် ကိရိယာများအကြောင်းနှင့် စပ်လျဉ်း၍ ကျယ်ဝန်းစွာ ဖော်ပြ နိုင်သော်လည်း သိပ္ပံပညာသည် အစဉ်တိုးတက် လျက်ရှိရကား ပြည့်စုံပြီဟု မဆိုနိုင်သေးချေ။ နီရဲနေအောင် မီးပြင်းတိုက်ထား သော သံမဏိပြား၏ အပူချိန်ကို တိုင်းတာသည့် အလင်း လျှပ်စစ်ပိုင်ရိုမီတာ (အပူပြင်းတိုင်း) စာပုံနှိပ်စက်ပေါ်၌ တင် ထားသော စက္ကူများထဲ တွင် စက္ကူအစုတ်များ ပါမပါ စစ်ဆေး သည့်ကိရိယာ၊ ဗွိုင်လာအိုးမှ ထွက်နေသည့် မီးခိုးသည် အဖြူ ဖြစ်သည်။ အမည်းဖြစ်သည်ကို စောင့်ကြည့်နေသည့် ကိရိယာ စသည်တို့သည် အလင်းလျှပ်စစ်ကိရိယာများတွင် အပါအဝင် ဖြစ်ကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)