အလက်ဇန်းဒါး ပုရှ်ကင်

ဝီကီပီးဒီးယား မှ
အလက်ဇန်းဒါး ပုရှ်ကင်

အလက်ဇန်းဒါး ဆာဂျီရေဗစ် ပုရှ်ကင် (Alexander Sergeyevich Pushkin) ( ဇွန်လ ၆ရက်၊ ၁၇၉၉ - ဖေဖော်ဝါရီလ ၁၀ရက်၊ ၁၈၃၇) သည် ရိုမန်တစ် ခေတ်ကာလ က ရုရှားစာရေးဆရာ တစ်ဦး ဖြစ်ပြီး အလွန်တော်သော ရုရှားကဗျာဆရာတစ်ဦး နှင့် ခေတ်သစ် ရုရှားစာပေကို တည်ထောင်သူ တစ်ဦး အဖြစ်လည်း အများက မှတ်ယူကြသည်။

မော်စကိုမြို့ရှိ ရုရှား သူကောင်းမျိုးအတွင်း မွေးဖွားခဲ့ပြီး ၁၅ နှစ်သားတွင် ပထမဆုံး ကဗျာကို ရေးသားဖြန့်ချိခဲ့သည်။ အထက်တန်းစား လူငယ်တို့ တက်ရောက်သင်ကြားလေ့ ရှိသော ဇာကိုရီ ဆီလို အင်ပီရီယယ် လိုင်ဆီယမ် ကျောင်းမှ ဘွဲ့ရပြီးချိန်တွင် စာပေနယ်ပယ်တွင် ကောင်းမွန်စွာ နေရာရရှိပြီး ဖြစ်နေပြီ ဖြစ်သည်။

ဇာဘုရင်၏ နိုင်ငံရေး ပုလိပ်များ တင်းကြပ်စွာ စောင့်ကြပ်ကြည့်ရှုနေမှုကြောင့် ထုတ်ဝေဖြန့်ချိမှု မပြုနိုင်သော အချိန်တွင် ပုရှ်ကင်သည် သူ၏ အထင်ရှားဆုံး ပြဇာတ်ဖြစ်သော ဘောရစ် ဂိုဒိုနော့ကို ရေးသားခဲ့သည်။ ကဗျာစာသားနှင့် ရေးသားထားသော ဝတ္ထုတစ်ပုဒ် ဖြစ်သည် ယူဂျင်း အိုနီဂျင်ကို ၁၈၂၅ နှင့် ၁၈၃၂ ကြားတွင် ရေးသားခဲ့သည်။

သူ၏ ဂုဏ်သိက္ခာနှင့် ပတ်သက်လျှင် ဆတ်ဆတ်ထိမခံသူ အဖြစ် နာမည်ဆိုး ထွက်ခဲ့ပြီး ပုရှ်ကင်သည် တစ်ဦးချင်း စိန်ခေါ်ပွဲ ၂၉ ခုတွင် ပါဝင် တိုက်ခိုက်ခဲ့သည်။ ဂျော့ရှ် ချားလ် ဒီ ဟက်ကရင်း ဒီ အန်သေး ဆိုသူသူ နှင့် တစ်ဦးချင်း ယှဉ်ပြိုင်တိုက်ခိုက်သော ပွဲတွင် သေလုမျောပါး ဒဏ်ရာ ရခဲ့သည်။ ထိုသူမှာ ကဗျာဆရာ၏ ဇနီးဖြစ်သူ နာတာလျာ ပုရှ်ကီနာကို မြူဆွယ်ရန် ကြံစည်နေသော ပြင်သစ် စစ်တပ်မှ အရာရှိ တစ်ဦး ဖြစ်သည်။ ပုရှ်ကင် အသက် ၃၇ နှစ် အရွယ်တွင် စောစီးစွာ ကွယ်လွန်သွားခြင်းကို ရုရှားစာပေ၏ ကပ်ဆိုက်သော အဖြစ်အပျက်တစ်ခု အဖြစ် မှတ်ယူကြဆဲပင် ဖြစ်သည်။