အရှိုချင်း သမိုင်း

ဝီကီပီးဒီးယား မှ

သမိုင်းပညာရှင်များ၏ သုတေသနပြုချက်အရ အရှိုချင်းလူမျိုးများသည် တရုတ်ပြည်ယူနန်ဒေသမှ ၂၅ဘီစီ ဝန်းကျင်ခန့်တွင် တရုတ်ပြည်မြောက်ပိုင်း ဟန်ဘုရင်တက်လာပြီးလူမျိုးစုငယ်တိုင်းရင်းသားများအား ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့သောကြောင့် နယ်မြေသစ်ရှာဖွေရင်း ထွက်လာရာမှ လက်ရှိမြန်မာပြည်တွင် အခြေချနေထိုင်လာခဲ့ကြသည်။ အရှိုပဋ္ဌာန်းဆရာကြီးများ၏အဆိုအရ အရှိုဖခင်ကြီး ဘိုးဆလိုင်းထွန်းဆူ၏ သားနှစ်ဦးဖြစ်သူ လှုဆွန်နှင့် ဟွန်ဟူ ညီအစ်ကိုနှစ်ယောက်မှ အစ်ကိုဖြစ်သူ လှုဆွန်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုမိသားစုသည် လက်ရှိကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းဒေသ ချင်းတွင်းမြစ်ဒေသတွင် နှစ်အနည်းငယ်နေခဲ့ကြရာမှ ဖခင်ကြီးဆင်နင်းသေဆုံးရာမှ အစ်ကိုဖြစ်သူ ရိုးရာအရ အသုဘကို ဆင်ထက်ကြီးသောအကောင်ဖြင့်သင်္ဂြိုဟ်ရန် ဆုံးဖြတ်ပြီးသွားရောက်ရှာဖွေအမဲလိုက်ရာမှမတွေ့သဖြင့် နောက်ဆုံးအစ်ကိုဖြစ်သူမပြန်တော့ဘဲ ချင်းတွင်းမြစ်အတိုင်းစုန်ဆင်းပြီး ကလေးကဘော်ချိုင့်ဝှမ်းတွင် အေဒီ ၁ ရာစု မှ ၄ ရာစုအထိ ရွာများတည်ထောင်ကာနေခဲ့ကြသည်။ ထို့နောက် ချင်းတွင်းမြစ်ဝှမ်းရေလွှမ်းသဖြင့် ကွဲပြားကြပြီး အရှိုချင်းများသည် ဧရာဝတီမြစ်နားဘက်ကို ကူးလာပြီး ရွာတစ်ရွာ တည်ထောင်ခဲ့ကြသည်။ နှစ်ပေါင်းများစွာကြာသောအခါ ထိုရွာများသည်မြို့ဖြစ်လာ၍ ယနေ့တကောင်းမြို့ဟု ယူဆကြပေသည်။

ထိုနေရာမှ ရေကြည်ရာ မြက်နုရာ ရှာကြခြင်းဖြင့်လည်းကောင်း၊ အိမ်နီးချင်းဗမာလူမျိုးများ၏ အနိုင်ကျင့်ခြင်းခံနိုင်ရာမှ ထပ်မံနယ်မြေသစ်ရှာဖွေကြရာတွင် လက်ရှိပုပ္ပါးဒေသတွင် နေထိုင်ခဲ့ကြသည်။ ပုပ္ပါးဒေသတွင် နေထိုင်ကြရင်း ပြေးရင်းလွှားရင်းသွားလာရာမှ မလုပ်ဖြစ်သော ပျောက်ဆုံးလုနီးဖြစ်နေသော ရိုးရာအရပူဇော်ပသပွဲကို ပုဂံပြည့်ရှင် စုက္ကတေးမင်းကြီး၏ အကူအညီဖြင့်ပြန်လည်ကျင်းပခွင့်ရခဲ့ကြသည်။ အကြောင်းမှာ ထိုခေတ်တွင် ပုဂံဒေသ မိုးအကြီးအကျယ်ခေါင်သဖြင့် နတ်ပေါင်းစုံပူဇော်ပသရာမှာ နောက်ဆုံးအရှိုချင်းနတ်ကိုပူဇော်ရာမှ မိုးရွာလာသောကြောင့် ဘုရင်ကိုယ်တော်တိုင် မိုးကောင်းနတ်ပွဲဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။

နောက်ဆုံး အရှိုချင်းလူမျိုးများ ကိုးကွယ်သောနတ်ဘုရားကို နတ်ဟုမခံယူပဲ ဖန်ဆင်းရှင် "အောက်အူသယောင်"လှီ အပါသရောင်နှိမ် တစ်ဆူတည်းသောအခြားဘုရားဟု ယနေ့တိုင်လက်ခံလာခဲ့ကြသည်။ အခြားနတ်များက ဘယ်ကလာသနည်းဟုမေးစရာရှိသည် ရိုးရာပဋ္ဌာန်းဆရာကြီးဦးဆွန်၏အဆိုအရ အရှိုများကိုပူဇော်နေရသောနတ်သည် အိမ်နီးချင်းဗမာများမှပုံတူကူးသောနတ်ဖြစ်သည်။ အရှိုသမိုင်းကို ဆက်ပြောရလျှင် ပုပ္ပါးတောင်ဒေသမှ ဧရာဝတီမြစ်အတိုင်းစုံဆင်းလာရာမှယနေ့ ငဖဲ/မင်းတုန်း/မင်းလှ/စေတုတ္တရာဒေသတွင် ၁၉ရာစုမတိုင်ခင်နှင့် ၁၉ရာစုဦးပိုင်းခန့်တွင် ရောက်ရှိအခြေချဟန်ရှိသည်။

ထို့နောက်အခြားဒေသများသို့ ပြန့်နှံ့သွားပြီး မြန်မာပြည်အနှံ့တွင် ပြန့်နှံ့နေထိုင်လာခဲ့ကြသည်။ အရှိုလူမျိုးများတွင် လူတိုင်းမလုပ်မဖြစ်လုပ်ရသောရိုးရာယဇ်ပူဇော်ပသခြင်းများရှိသည်။

  1. မွေးလျှင်ကင်ပွန်းတပ်ပွဲ
  2. အသုဘပွဲ
  3. သေပြီးအရိုးတိုင်ထူပွဲနှင့် မင်္ဂလာဆောင်ပွဲတို့ဖြစ်သည်။

ထို့ပြင် မိုးကောင်းယဇ်ပူဇော်ပွဲနှင့် ရွာလည်ယဇ်ပူဇော်ပွဲဟု နှစ်မျိုးတွေ့ရသည်။ ကျန်နတ်ပွဲများသည် မိတ်သဟာယယဇ်များသာဖြစ်သည်။

အရိုးတိုင်ယဇ်ပူဇော်ပွဲ[ပြင်ဆင်ရန်]

အရှိုချင်းများ အဘယ်ကြောင့် အရိုးတိုင်ယဇ်ပူဇော်ကြရတာသနည်း။ အရှိုများသေပြီး အသုဘပွဲသည် အဓိကအရေးကြီးဆုံးဖြစ်သည်။ ထိုအသုဘပွဲသည် အရိုးတိုင်သည် အဓိကအနေဖြင့်ပါဝင်သည်။ သေပြီးသူသည် မောင်ရှိန်းအင်းကိုရောက်ဖို့ရန် ပဆန်းရာများ၏နည်းမှန်မှန်ပို့ခြင်း၊ မပို့ခြင်း၏ကအဓိကကျပါသည်။ အကယ်၍သေချာစွာမပို့ပါက ငရဲရောက်သွားပါမည်။ ထိုကဲ့သို့ ကောင်းကောင်းပို့ခြင်းမခံရသောသူများအတွက် အရိုးတိုင်ထူပွဲကိုတတ်လုပ်ပေးရပါသေးသည်။

ယခုဖော်ပြသော အရှိုသမိုင်းနှင့် ယဇ်ပူဇော်ပွဲသမိုင်းနှင့် ရိုးရာယဉ်ကျေးမှုအကြောင်းမှာ အပြည့်အစုံမဟုတ်သေးပါ။ သို့သော်အရှိုချင်းလူမျိုးများအတွက် အနည်းအငယ်အထောက်အကူပြုမယ်ဟု ယုံကြည်ပါသည်။

စာရေးဆရာ "ရိုဆန်း"ရေးသည့် ချင်းလူမျိုးများဆင်းသက်ဝင်ရောက်သည့် လမ်းကြောင်းစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ တောင်သားမြောက်ဘက်မှ လူမျိုးစုအချို့ မင်းတပ်နယ်အရှိုချင်းအနွယ်များ ချင်းပုံများသည် စောစီးစွာကပင် ကျောက်ချောခေတ်သို့ ကူးပြောင်းရောက်ရှိခဲ့ပြီး ဖြစ်ပေမည်။ အရှို မင်းတပ်နယ် တောင်သားတို့တွင် သင်တိုင်းဝတ်ဆင်ခြင်း၊ ရင်ဖုံးဝတ်ဆင်ခြင်းများကို အစောပိုင်းကတည်းကပင် ကူးပြောင်းပြီးဖြစ်သည်။ အရှင်ပဒုမ္မာ ကလေးမြို့သမိုင်းစာအုပ် စာ-၁၃တွင် သာသနာသက္ကရာဇ်(၉၂)ခုနှစ် နွယ်ပတ်မြို့မတည်မှီ မင်းသားကစ္စနရာဇာသည် မဟာဝုန်မြို့ကို သလ္လဝတီမြစ်အရှေ့ဘက်(ချင်းတွင်းမြစ်)တွင် ကဒူး၊ ကစက်၊ သက်ကွမ်းရင် စသည့်လူမျိုးများဖြင့် တည်ခဲ့သည်ဟုဆိုသည်။ ဘီစီ(၄၅၂) သာသနာသက္ကရာဇ်(၉၂)သည် ဘီစီ(၅)ရာစုခန့်ဖြစ်ပေသည်။ နောက်ပိုင်းတွင် အနောက်ဘက်သို့ ပြောင်းရွေ့ကြပြီး ချင်းလူမျိုးများဖြစ်လာကြောင်းဆိုသည်။[၁]

ချင်းလူမျိုးများနှင့် ရှေးဟောင်းယဉ်ကျေးမှုရပ်ဝန်း၏ဆက်နွယ်မှု[ပြင်ဆင်ရန်]

သမိုင်းမတိုင်မီက ချင်းတွင်းမြစ်ဝှမ်းတွင်လူမျိုးတစ်အုပ်စု အရှေ့ဘက်စမုံမြစ်ဝှမ်းနှင့် အပေါ်တစ်လျှောက်တွင် တစ်အုပ်စုဟူ၍ အကြမ်းအားဖြင့်တွေ့ရှိပေသည်။ ထိုအချက်နှင့်ဆက်စပ်၍ စာရေးသူ၏အမြင်မှာ ကျောက်ခေတ်နှောင်းနှင့် ကြေးခေတ်ကတည်းက ရှေးမြန်မာအနွယ်ဝင် အစောပိုင်းချင်းတို့သည် အနောက်မြောက်လမ်းကြောင်းဖြင့် ဧရာဝတီမြစ်ဝှမ်းအတိုင်းစုန်းဆင်းလာကြပေသည်။ တကောင်းဒေသသို့ အဘိရာဇာနှင့် နောက်လိုက်ဗိုလ်ပါများ ဝင်ရောက်လာစဉ်က ဒေသခံလူများကိုစည်းရုံးလျှက် မြို့ရွာများတည်ထောင်ကြောင်းတွေ့ရသည်။ ထို့အပြင် တကောင်းမြို့သည်သက်လူမျိုးတို့၏ အခြေပြုဒေသဟုလည်းကောင်း၊ ကဒူး ကနန်းလူမျိုးများလည်း ပါဝင်ကြောင်းတွေ့ရသည်။ အဘိရာဇာမင်းကြီး၏သားတော်ကံရာဇာကြီးသည် ဧရာဝတီကို စုန်ဆင်းလာရာ ပျူ၊ သက်၊ ကမ်းရံတို့က ဘုရင်တောင်းသည်ဟုဆိုသည်။ ထိုအချိန်၌ အလည်ပိုင်းတလျှောက်တွင် တိုင်းရင်းသားများ ရှိနေနှင့်ကြောင်းလည်းဆိုနိုင်သည်။ ကံရာဇာမင်းကြီးနောက်ပိုင်း နှစ်(၅၀)အကြာတွင် အိန္ဒိယမှ မန္ဒသာမင်း၏သားတော် နာဂဒသာသည် နောက်လိုက်ဗိုလ်ပါများများဖြင့် ရာဇဂြိုဟ်တွင် နွယ်ပတ်မြို့ဟုခေါ်ကာ မင်းပြုသည်။ သားတော် ကစ္စနမင်းသည်လည်း ချင်းတွင်းမြစ်အရှေ့ဘက်တွင် မဟာဝုန်မြို့ကိုတည်စဉ် သက်၊ ကစက်၊ မလင် အင်ကြယ်၊ ကွမ်းရင်လူမျိုးများရှိကြောင်းလည်း ဆိုပြန်သည်။ ကံရာဇာကြီး၏သားတော် မုဒုစိတ္တကား ဧရာဝတီမြစ်အနောက်ဘက် လယ်ကိုင်းစကုစသောသုနာပရန္တတိုင်း၌ ပျူ၊ ကမ်းရံ၊ သက်တို့အပေါ် မင်းပြုသည်ဆိုသောကြောင့် ၎င်းတို့မှာ ရှေးဦး မွန်ဂိုလွိုက်တိဘက်မြန်မာ အရှေ့ဘက်လမ်းကြောင်းမှ ဆင်းသက်လာသော အနွယ်ဖြစ်ပေသည်။

၎င်းအချိန်သည် ရှေးဟောင်းချင်း အနွယ်မှလွဲ၍ မည်သည့်တိဘက်-မြန်မာအစုဝင်များ၊ ရှမ်းအနွယ်များ မဝင်ရောက်ရသေးသောကြောင့် အထက်ဖော်ပြပါ ရှေးဟောင်း ပျူ၊ကမ်းရံ၊သက်ဟု ရာဇဝင်ဆရာတို့ဆိုသော လူတို့မှာ ရှေးဟောင်း ချင်းအနွယ်ရှေ့ဘက်လမ်းကြောင်းမှ တောင်ပိုင်းချင်းအုပ်စုဝင်ဖြစ်ပေသည်။ ထိုအချိန်(အဘိရာဇာတကောင်းတည်ချိန်)တွင် မြန်မာနိုင်ငံအထက်ပိုင်းအရှေ့တွင် ပျူလူမျိုး၊ ၎င်းအနောက်ဘက်နှင့်တောင်ဘက်တွင် ကမ်းရံလူမျိုး၊ မြောက်ဘက်တွင် သက်လူမျိုးများရှိသည်ဟုဆိုသည်။ ၎င်းအားဖြင့် စမှံမြစ်ဝှမ်းဒေသ၌ ရှေးခေတ်ဟောင်းလူများ နေထိုင်ကြကြောင်း တွေ့မြင်နေရပေသည်။ ထို့ကြောင့် အလယ်ပိုင်းကို ဖြတ်သန်းဝင်ရောက်လာသော တောင်းပိုင်းအနွယ်စုကြီး၏ ဝင်ရောက်လာရာ လမ်းကြောင်းကို ခန့်မှန်းနိုင်ပေသည်။ မန္တလေးစမုံမြစ်ဝှမ်းတစ်လျှောက်ရှိ ကြေးခေတ်အတွင်းတွင် တောင်ဘက်အုပ်စုကြီး ဝင်ရောက်ရောနှောနေပေဦးမည်။ ၎င်းတို့ကို ပျူဟူ၍လည်းကောင်း၊ အရှေ့အမြောက်မှ ထပ်မံဝင်ရောက်လာသော တိဘက်-မြန်မာရောနှောလာခြင်းကိုလည်းကောင်း ပျူဟုခေါ်ပေသည်။ ထိုတောင်ဘက်အုပ်စုကြီးသည် နောက်ဝင်လာသောအနွယ်များကို နေရာပေးရင်း အဓိကအုပ်စုနှစ်စု ကွဲမည်ဟုယူဆရသည်။ ချိုးအုပ်စုချင်းပုံ နှင့် အရှိုအုပ်စုတို့ဖြစ်နိုင်ပေသည်။ ၎င်းတို့၏ ဘာသာစကားမှာ အလွန်ပင်နီးကပ်ယှဉ်တွဲလျက် ရှိသကဲ့သို့ နှုတ်ရာဇဝင်တွင် မိမိတို့မူလဒေသဆိုင်ရာ ပုပ္ပါး၊ ကျောက်ဆည်ဒသို့ပင် ညွန်ပြပေသည်။

အရှိုအုပ်စုမှာ စမှံမြစ်ဝှမ်းမှ စလင်း၊ မင်းဘူးဒေသသို့ ရောက်ရှိလာပေသည်။ ထို့ကြောင့် ခမာတို့ရန်ကြောင့် တချို့က ဧရာဝတီအနောက် စလင်း မုန်းမြစ်ရိုးတစ်လျှောက် လယ်ကိုင်း၊ စကုသို့လည်းကောင်း တချို့က အောက်ဘက်သရက်၊ မင်းတုန်းဒေသသို့ ခွဲဖြာသွားကြပေသည်။ အချို့ကား အရှေ့ဘက်တစ်လျှောက်သို့ဖြစ်ပေသည်။ ရှေးဦးဗိသာနိုးတည်သူမှာ ၎င်းတို့ပင်ဖြစ်နိုင်ပြီး ဒုတိယဗိသာနိုးကို နှောင်းပိုင်းပျူတို့က တည်ထောင်သည်ဟုဖြစ်သည်။ တောင်ဘက်ဖျားရှိ အရှိုချင်းအနွယ်ဝင်များ၏ ရှေးဟောင်းသီချင်းတွင် ၎င်းတို့၏ဘိုးဘေတို့သည် ရှေးဟောင်းအုတ်မြို့ရိုးဖြင့်နေထိုင်ခဲ့ပြီး ယင်းမှ ရွေ့ပြောင်းလာကြကြောင်း ဖော်ပြပါရှိသည်။ ၎င်းသီချင်းလာ မြို့ဟောင်းနှင့်အုတ်မြို့ရိုးမှာ အစောဆုံးမြို့ဖြစ်သော ဗိသာနိုးပင်ဖြစ်လေသည်။ ထိုသို့ဆိုသော် ဗိသာနိုးမြို့နှင့် သရေခေတ္တရာမြို့ဟောင်းအနီးတွင် ချင်းများနေထိုင်ခဲ့ကြဖူးပေမည်။ ချင်းဆိုရာတွင် (ပျူ၊ သက်၊ကမ်းရံ) တဖြစ်လဲရှိနေခဲ့ကြပေမည်။ ဗိသာနိုးရှိ ပန်ထွာဘုရင်မကိုယ်တိုင်မှာလည်း အိန္ဒိယအနွယ်ဝင်နှင့် မွန်ဂိုလွိုက်အနွယ်တို့ သွေးနှောဟန်ရှိပေသည်။ ပုပ္ပါးတွင် ရက္ခပူရဟူသော မြို့ဟောင်းရှိကြောင်းလည်းတွေ့ရပေသည်။ ရှေးခေတ်ဟောင်း ချင်းရွာ(၅)ရှိခဲ့ခြင်း မယ်ဝဏ္ဏဘီလူးမ နေထိုင်ရာဖြစ်ခြင်း၊ ပါးပုတ်ဟူသည်ချင်းနှင့် မြန်မာတို့အိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်ရာမှ ပါးပုတ်၊ ပုပ္ပါးဟူသောစကားပေါ်လာခြင်း၊ အနော်ရထာ၏ ပတ္တမြားငမောက်မှာ ချင်းငမောက်ထံမှ ရကြောင်း ဆိုခြင်းတို့ကဗမာလူမျိုးများပုပ္ပါးသို့ မရောက်ခင် ချင်းလူမျိုးများရှိကြောင်း ထင်ရှားပါသည်။ ထို့ကြောင့် ချင်းတို့၏ ရှေးဟောင်းဌာနေဖြစ်ကြောင်း သိရပေသည်။ ၎င်းချင်းလူမျိုးတို့သည် နရပတိစည်သူမင်း လက်ထက်တိုင်အောင် ရှိနေကြောင်း တွေ့ရပေသည်။ ဗိသာနိုးမြို့သည် တိဘက်မြန်မာအုပ်စုဝင် ကဒူးတို့နေထိုင်ပြီး သရေခေတ္တရာတွင် ပျူ ပြီးနောက် ဗမာတို့နေထိုင်ကြောင်း ဆိုသည်။ ထို့သို့ဆိုသော် ကဒူးလူမျိုးများ၏ ပြန့်ကျဲနေထိုင်ပုံကို ကြည့်ပါက သမိုင်းမတိုင်မီခေတ်မှ ယနေ့တိုင်အောင် ကဒူးလူမျိုးတို့သည် ဧရာဝတီမြစ်ဆုံအောက်ပိုင်းသို့ ရောက်ရှိခြင်းမရှိကြောင်း တွေ့ရပေသည်။ တောင်တွင်းကြီးဒေသ ချင်းတွင်းမြစ် အနောက်ဘက်ရှိ ချင်းနယ်များကို သိမ်းယူခြင်းသည်လည်းကောင်း၊ ရှေးဦးမြန်မာများနှင့် အလယ်ပိုင်းရှိ ပဲခူးရိုးမအရှေ့နောက်တလျှောက် ပြည်မြို့ပတ်ဝန်းကျင်တွင် ရှေးကတည်းက ရှိနေသောလူမျိုးနွယ်စုများမှာ အရှိုများပင်ဖြစ်ဟန်တူသည်။ နောက်ပိုင်း မွန်အနွယ်များ အားကောင်းလာသောအခါ ဧရာဝတီမြစ်အနောက်ပိုင်းဒေသများသို့လည်းကောင်း၊ ရခိုင်ရိုးမဒေသများသို့လည်းကောင်း ပြောင်းရွေ့ကြဟန်တူပေသည်။ သရေခေတ္တရာ ပျက်ရခြင်းအကြောင်းတွင် သရေခေတ္တရာကိုတိုက်သောသူများမှာလည်း မြစ်ကြော၊ ချောင်းရိုးနေအရှိုလူမျိုးအနွယ်ပင်ဖြစ်ပြီး ကမ်းရံလူမျိုးများမှာလည်း ကျောက်စာဝန်ဦးဖိုးလအဆိုအရ သံတွဲဘက်မှ အရှိုချင်းများဖြစ်နိုင်ပေသည်။ ကွဲသွားသောပျူများအနက် တစ်စုမှာ ကျပင်းသူယူသည်ဆိုသည်မှာ မင်းဘူးစလင်းနယ်ဘက် တက်ကာရှိနှင့်သော ယော၊ ချင်းပုံအနွယ်များဖြစ်ပြီး တစ်စုကို သက်ယူရာ ၎င်းဘက်မှာလည်း အရှိုချင်းများပင်ဖြစ်နိုင်ပြန်ပါသည်။ ကျန်သောတစ်စုမှာ အဆင့်ဆင့်ပြောင်းလျှက် သရက်၊ မင်းတုန်းတွင်နေထိုင်ကာ ရခိုင်ဘုရင်မင်းထီးတိုက်လာသော အရှေ့သက်ခေါ်အရှိုချင်းများပင် ဖြစ်ပြန်ပါသည်။ ၎င်းတို့မှာသိမ်းယူခြင်းခံရ၍ အမ်းဘက်သို့ပြောင်းကာ အရှိုအနွယ်များ ဖြစ်ကြပေလိမ့်မည်။ နန်စောမင်းက သရေခေတ္တရာကိုတိုက်၍ ပျူလူမျိုး ၃၀၀၀ကိုဖမ်းခေါ်ကာ ယူနန်ပြည်နယ်တွင် အရှိုချင်းများနှင့် စကားတူသောသူများကိုတွေ့ရသောကြောင့် ပျူဆိုသူများမှာ အရှိုချင်းများကိုပင် တဖန်ဆိုကြောင်း ပျူ၊စကြော၊ ကျပင်း၊ သက်နှင့်ကမ်းရံအဖြစ် အပြန်ပြန်အလှန်လှန်ဆိုထားသည်။ တောင်ပိုင်းချင်းဘာသာစကား(အရှိုချင်း) သည် တောင်းပိုင်းအိန္ဒိယစကားပါဝင်မှု များကြောင်းလည်း တွေ့ရပြန်ပါသည်။ အကြောင်းမှာ တွက်ဆရသောကြောင့်ပင်ဖြစ်သည်။

အိန္ဒိယအမည်ခံမင်းများအုပ်စိုးပြီး နောက်ပိုင်းတွင် မွန်ဂိုလွိုက်တိုင်းရင်းသားအမည်များ ပိုမိုများပြားလာသည်။ ၎င်းခေတ်များကို တိုင်းရင်းသားအမည်ခံမင်းဆက်များ လွှမ်းမိုးသောခေတ်ဟု ဆိုနိုင်သည်။ အမည်ရောနှောနေပါက အင်အားမတောင့်သေးသော အချိန်ပင်ဖြစ်ပြီး ဆက်တိုက်ပါဝင်လာပါက တိုင်းရင်းသားများအစုလိုက်အပြုံလိုက်ရွှေ့ပြောင်းလာပြီးဖြစ်ကြောင်းတွေ့နိုင်ပေသည်။ အာရိယာန်များမရောက်ရှိမီ တိုင်းရင်းသားများမှာ ဒေသလိုက်၍သော်လည်းကောင်း အုပ်စိုးသူများကိုစွဲ၍သော်လည်းကောင်းသက် ပျူ၊ ကမ်းရံ၊ ရခိုင်၊ ကဒူး၊ ချင်း၊ စကြော စသည်တို့ဖြင့် ခေါ်ဝေါ်ပေသည်။ ၎င်းတို့ကိုခြုံကာ ပျူအကြိုလူသားများ(proto-pyu)ဟုလည်း ခေါ်ဆိုနိုင်သည်။ ၎င်းလူသားများမှတဆင့် နောက်ပိုင်းအာရိယာန်လူမျိုးများ အားနည်းလာသောအခါ မြန်မာနိုင်ငံရှိလက်ရှိတိုင်းရင်းသားများ ပေါက်ဖွားလာကြောင်း ယုံကြည်ရသည်။

အင်္ဂလန်နိုင်ငံလန်ဒန်တက္ကသိုလ်မှ အီးအိပ်ချ်မူးရ်ကလည်း ကျောက်ချောခေတ်ယဉ်ကျေးမှုကို ကျင့်သုံးလျက် ရှိသော ရှေးဦး တိဘက်-မြန်မာအုပ်စုဝင်များ ရောနှောလျက်မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာကာ ရခိုင်ကမ်းရိုးတန်းအထိပင် သွယ်တန်းသွားကြောင်း ဆိုပေသည်။ အဆိုပါကျောက်ချောခေတ်ယဉ်ကျေးမှုတွင် ပျူ၊ သက်၊ ကဒူး၊ ချင်းများ ရောနှောလျက်ပါဝင်နေကြောင်း နှုတ်ရာဇဝင်များလည်း ရောနှော၍နေကြောင်းဆိုသည်။ အလယ်ပိုင်းလွင်ပြင်များတွင် ရောနှောရာမှ သက်၊ ချင်းတို့က ချင်းတွင်းမြစ်ဝှမ်း ပျူက ဧရာဝတီမြစ်ဝှမ်းသို့ခွဲဖြာကြောင်း ဆိုပေသည်။ ထိုသို့ဆိုလျှင် ရှေးကျောက်ချောခေတ်တွင် ပျူ၊ သက်၊ ကမ်းရံ ချင်းဟူ၍ခွဲခြားမရကောင်းပေ။ နောက်ပိုင်းမှ အိန္ဒိယအငွေ့အသက်များစွာ လွှမ်းမိုးမှုကိုခံရသောသူများကို ပျူဟူ၍လည်းကောင်း၊ ဖြစ်လာပြီး မခံရသောအုပ်စုများတွင် ပါဝင်သောအုပ်စုများမှာ မြောက်ဘက်ရှိချင်းများ၊ အနည်းငယ်ခံရသော တောင်ဘက်မှ ချင်းအစုဝင်များ ဖြစ်လာပေသည်။ တောင်ဘက်တွင်ခံရသော သက်လူမျိုးများဆိုသည်မှာ အရှိုချင်းများနှင့် ကျမ္မလူမျိုးများဖြစ်ပေသည်။ ချင်းလူမျိုးများသည် ကျောက်ခေတ်ယဉ်ကျေးမှုကို ဆက်လက်ထိမ်းသိမ်းလာပြီး ကြေးခေတ်၊ သံခေတ်သို့ ဝင်ရောက်ရှိကာ အချိန်ကာလကြာမြင့်စွာပင် သံခေတ်အတွင်းရှိနေကြောင်း၊ သံခေတ်အတွင်းမှာပင်လျှင် ရွှေ့ပြောင်းမှုစတင်ကြောင်း ယူဆရပေသည်။ ခေတ်သစ်ကမ္ဘာမှ ချင်းလူမျိုးများကို စတင်ထိတွေ့ချိန်မှာ သံခေတ်မှ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူပြောင်းရှိချိန်ဖြစ်ပေသည်။ ပုဂံခေတ်မတိုင်မီဟု ဆိုရာတွင် အထူးသဖြင့် ဗမာလူမျိုးတူစုများလွှမ်းမိုးခြင်းမခံရခင်က ခေတ်ကိုဆိုလိုခြင်းပေဖြစ်သည်။ ထို့ကြောင့် အေဒီ၈-၉ရာစု မတိုင်မီက လူမျိုးများကို ဆိုလိုသည်။ ကျောက်ချောခေတ်မှစတင်၍ ဝင်ရောက်လာသော တိဘက်မြန်မာအုပ်စု အဦးပိုင်းသည်အလယ်ပိုင်းသို့ရောနှောဝင်ရောက်လာပေသည်။ သီးသန့်လူမျိုးစုဟူ၍ မှတ်တမ်းတင်ခြင်းမရှိသောကြောင့် တိဘက်-မြန်မာအစောပိုင်းအုပ်စုဟု ဆိုရပေမည်။ ၎င်းတို့တွင် ချင်း၊ သက်၊ ပျူ၊ ကမ်းရံ၊ ကျင်းပ၊ ယောင်၊ စကြော၊ ကဒူး၊ သောင်၊ ကစက်၊ ကွမ်းရီအစရှိသဖြင့် ခေါ်ဝေါ်ခဲ့ကြပေသည်။ အချို့က နယ်မြေဒေသကိုလိုက်၍ အခေါ်ခံရသောသူများ၊ အချို့ကယဉ်ကျေးမှုကိုလိုက်၍ အခေါ်ခံရသောလူမျိုးများအဖြစ် အမည်တွင်လေသည်။ အာရိယာန်နွယ်ဖွားများလွှမ်းမိုးလာသောအခါ အိန္ဒိယမြောက်ပိုင်းယဉ်ကျေးမှုလွှမ်းမိုးခံရသောသူများကို သက်ဟုလည်းကောင်း တောင်ပိုင်းယဉ်ကျေးမှုလွှမ်းမိုးခံရသောသူများကို ပျူဟူ၍ လည်းကောင်း အကြမ်းအားဖြင့် သတ်မှတ်နိုင်သည်။ တောင်ပိုင်းအိန္ဒိယယဉ်ကျေးမှုကိုကျင်းသုံသူများက ပိုမိုတိုးတက်ကြောင်းယူဆရသည်။ ၎င်းယဉ်ကျေးမှုအောက်တွင် အနည်းငယ်သာ လွှမ်းမိုးမှုခံရသောသူများသည်လည်းကောင်း မခံနိုင်သောသူများသည်လည်းကောင်း အနောက်ဘက်တောင်တန်းဒေသများသို့ ကူးပြောင်းရွှေ့ပြောင်းကြပေသည်။ ၎င်းတို့နောက်တွင် မြောက်ပိုင်းယဉ်ကျေးမှု လွှမ်းမိုးသောသူများလည်း အနောက်ဘက်သို့ ရွှေ့ပြောင်းကြောင်းတွေ့နိုင်သည်။ အလယ်ပိုင်းတွင် ကျန်ရစ်သော ပျူများမှာ နောက်ရောက်လာသောသူများနှင့် ရောနှောကာ ပိုမိုဖွံ့ဖြိုးတိုးတက်ကြောင်းယူဆရသည်။ ထိုအချိန်တွင် ရောက်နှင့်နေသော ကရင်အစုဝင်များကို လွှမ်းမိုးလာသော မွန်-ခမာအနွယ်ဝင်များက စစ်တောင်းမြစ်အတိုင်း အထက်သို့ ဩဇာအာဏာချဲ့ထွင်လာရာ ဗိဿာနိုးစမှံမြစ်ဝှမ်းဒေသသို့တိုင်အောင် ရောက်ရှိလာသည်။ ၎င်းအခြေအနေမှာ ရှေး မွန်ခမာအုပ်စုဝင်များ ကရင်အုပ်စုများနှင့် ရှေးဦး ချင်းအနွယ်ဝင် အရှို၊ မြို၊ ကျမ္မားတို့ အကြားဘာသာစကားရောယှက်မှုကို အမှတ်ရစေသည်။ မြန်မာအစုဝင်များသည် ပုပ္ပါးဒေသတွင် ချင်းတို့နှင့် စတင်တွေ့ရှိပုံ သက်စိုးတောင်တွင် သက်တို့နှင့်တွေ့ရပုံ အထက်တကောင်းပြည်ကို သက်တို့ထံမှ သိမ်းယူရပုံ အထက်တကောင်းပြည်ကို သက်တို့ထံမှ ဝယ်ယူမှုများသည်လည်းကောင်း ချင်းတွင်းအနောက်ဘက်ရှိ ချင်းနယ်များကို သိမ်းယူခြင်းသည်လည်းကောင်း ရှေးဦးမြန်မာများနှင့် အလယ်ပိုင်းရှိ ကနေဦးချင်းအနွယ်ဝင်ဒေသခံများ၏ အားပြိုင်မှုကိုဖော်ပြနေသည်။

ကံးရံ(ကမ်းရံ)[ပြင်ဆင်ရန်]

ယင်းတို့၏ မူရင်းအရပ်မှာ သံတွဲပင်လယ်ကမ်းခြေတစ်လျောက်မှစ၍ တောင်စဉ်ခုနှစ်ခရိုင်ဖြစ်သည်ဟုဆိုသည်။ သို့ရာတွင် ရိုးမတောင်အရှေ့ဘက်တစ်လျောက် ဧရာဝတီမြစ်ကြောတိုင်အောင်လည်း ယင်းသို့ ဆင်းသက်နေထိုင်လျက် ရှိကြသည်ဟု ထင်မြင်ဖွယ်ရှိသည်။ သရေခေန္တရာပြည်ကြီး ပထမအကြိမ်ပျက်စီးသောအခါ ယင်းတို့လည်း လူမျိုးတစ်စုအနေဖြင့်ကွဲထွက်သွားကာ ပျူတို့နှင့်စစ်ဖြစ်ကြပြီးသော် အရေးရှုံးနိမ့်သဖြင့် ထွက်ပြေးတိမ်းရှောင်သွားကြသည်ဟုဆိုသည်။ ထို့နောက် ကမ်းရံတို့ အကြောင်းတိမ်မြုပ်သွားပြီးသော် ပုဂံခေတ်နောက်ပိုင်းလောက်ကျမှ ကျောက်စာတို့တွင် ပေါ်ထွက်လာပြန်သည်။ ကမ်းရံလူမျိုးများမှာ ယခင်က ရှေးရခိုင်လူဟောင်းကို ဆိုခြင်းဖြစ်ပေရာ ရခိုင်ရှေးဟောင်းလူမျိုးနှင့် ယနေ့ရခိုင်တို့သည် ဆက်နွယ်မှုသိမ်မရှိပေ။ မူလက အာရိယာန်အနွယ်ဝင်ကမ်းရံများဖြစ်ခဲ့ကြမည်ဟုယူဆကာ ရခိုင်ရှေးဟောင်းလူမျိုးများဖြစ်သော မြို၊ သက်၊ ချင်းတို့ကို ဆိုလိုခြင်းဖြစ်ပေသည်။ တောင်စဉ်ခုနှစ်ခရိုင်တွင် နေထိုင်သောလူမျိုးများမှာ ယနေ့ ချင်းအစုဝင် အရှိုချင်းအနွယ်ဝင်များပင်ဖြစ်ပြီး အစောဆုံးလည်းဖြစ်ပေသည်။ ဦးဖိုးလတ်မှလည်း ကမ်းရံတိုသည်မှာ ချင်းအနွယ်ဖြစ်နိုင်ကြောင်း ဆိုပေသည်။ ကံးရံ(kanyang)ဟု အသံထွက်မှာလည်း ချင်း သို့မဟုတ် ရခိုင်မြောက်ဘက် စစ်တကောင်းရှိ ချင်းအနွယ်တစ်မျိုးဖြစ်သော ခယန်း(khyang)ကို ဆိုလိုနိုင်ပေသည်။ မန္တလေး မဟာမုနိကန္ဓကုဋိ မြောက်မျက်နှာ ပြာသာဒ်ကြီးကျောက်စာကျောဘက် စာကြောင်း ၉-၁၀တွင် ဆွမ်းတော်တင်၊ မျက်နှာတော်သုတ်၊ တံမြတ်ခင်၊ ကျီးနှင်စာခြောက်၊ ပျူလူမျိုးတစ်ထောင်၊ မွန်ငါးရာ၊ ကမ်းရံငါးရာ၊ ကုလားတစ်ထောင်၊ မြုံလူမျိုးငါးရာ၊ ချင်းလူမျိုးငါးရာ၊ စုစုပေါင်းလေးထောင်ဟု ရေးထိုးထားသည်။ သက်တို့အကြောင်းကိုလည်း သရေခေတ္တရာရာဇဝင်၌ပင် စတင်တွေ့ရပေသည်။ ပုဂံခေတ်သို့ရောက်သောအခါ ကျောက်စာတို့တွင် သက်တို့အကြောင်းက ကမ်းရံတို့အကြောင်းထက် များစွာပို၍ပါဝင်လာသည်။ သက်လူမျိုးတို့သည် တိဘက်မြန်မာအုပ်စုဝင် များဖြစ်ကြပြီး မြန်မာမြောက်ဖျားမှဝင်ရောက်လာကာမဏိပူရ၊ ကဘော်ချို့ဝှမ်း၊ ဟူးကောင်းဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြသည်။ တကောင်းမှာ ရှေးကသက်လူမျိုးတို့၏ မြို့တော်ဟောင်းဖြစ်ကြောင်း ယူဆရပေသည်။ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အကြားတွင် သောင်ဟူသော လူမျိုးတစ်မျိုးကိုလည်း ကျောက်စာများတွင် တွေ့ရပေသည်။ အချို့သောပညာရှင်များက ထို သောင် လူမျိုးများကို သက်အနွယ်ဝင်လူမျိုးများဟု ထင်မြင်ကြပေသည်။ ထိုကြောင့် သင် ဟူသောစကားလုံးကို သောဟု အသံဖလှယ်သည်။ အခြားအယူဆတခုမှာ သင်ကို ဆို/ရှိုဟု အသံဖလှယ်ခြင်းပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်း စကားလုံးအချို့တွင် (ဆ)အသံကို (သ)ဖြင့် ရေးသားလေသည်။ ထိုသိုဆိုသော် သက်အနွယ်ဝင်တဖြင့်လဲ တောင်ဘက်အကျဆုံး ကန်တူလူမျိုးများဟု ယူဆခဲ့ကြသော ထိုလူမျိုးများသည် သင်လူမျိုးဟု ထင်းရှားခဲ့သောလူမျိုးများသည် အရှိုလူမျိုးများပင်ဖြစ်သည်။

မစ္ဆဂီရိနှင့်တောင်စဉ်ခုနှစ်ခရိုင်[ပြင်ဆင်ရန်]

မစ္ဆဂီရိဒေသမှာ ချင်းလူမျိုးများ၊ သက်လူမျိုးများနှင့် သက်ဆိုင်ကြောင်းမှတ်တမ်းအဆက်ဆက်ကတိုပေသည်။ သက်လူမျိုးများသည်မြန်မာနိုင်ငံမြောက်ဘက်မှဝင်ရောက်လာပြီး တောင်ဘက်သို့ဆင်းလာကြပေသည်။ ပုဂံခေတ်ဦးတွင် အလယ်ပိုင်းဇုံကိုလွှမ်းမိုးရန် ဗမာတို့ကြိုးစားရာ သက်လူမျိုးများမှာ ဗမာတို့၏ အဓိကပြိုင်ဘက်ပင် ဖြစ်လေသည်။ သက်တို့က မစ္ဆဂီရိမြို့ကိုတည်ထောင်လေသည်။ မစ္ဆဂီရိမှာ ယနေ့သရက်မြို့ပင်ဖြစ်ဟန်တူသည်။ အလောင်းစည်တူမင်းနှင့် ခေတ်ပြိုင်ဖြစ်သော သက်မင်း ကတုံမှာ မစ္ဆဂီရိကိုအုပ်စိုးသောဘုရင်ဖြစ်သည်။ အချို့က မစ္ဆဂီရိကို ရခိုင်ပြည်မြောက်ယွန်းယွန်း ကစ္ဆပနဒီမြစ်ညာ၌ရှိကြောင်းဆိုသည်။ သို့သော် များသောအားဖြင့် ပုဂံမြို့၏အနောက်ဘက်၌ရှိကြောင်းဆိုသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မြောက်ဘက်တွင် ဒလက်ချောင်းအမည်ရှိသော ချောင်းတစ်ချောင်းရှိပေသည်။ ၎င်းချောင်း၏အထက်ပိုင်းတွင် ချောင်းလက်တက်ငယ်တခုရှိပေရာ "သက်ချောင်း"ဟုအမည်ရှိသည်။ ထိုချောင်း၏အနောက်ဘက်တွင် တောင်တန်းငယ်နခုရှိသည်ဟုဆိုပေသည်။ ထိုတောင်တန်းအနီးတွင် ပေ၈၀ခန့်ရှိသော ကုန်းမြင့်ငယ်တစ်ခုရှိပေသည်။ ထိုအရပ်သည် သက်မြို့စားနန်းစိုက်ရာ အရပ်ဟုဆိုပေသည်။ ယခင်က ဤနေရာတွင် ရပ်စု/ရွာစုများနှင့် သက်လူမျိုးများနေခဲ့သော သက်မြို့တော်နေရာဟုဆိုပေသည်။ ထို့အပြင်ယနေ့ စစ်တကောင်းတောင်တန်းဒေသတွင် "ရှို"ဟုခေါ်သောသူများရှိပေသည်။ ၎င်းတို့ကိုခရမ်းများဟုလည်းခေါ်သည်။ ယနေ့ အရှိုချင်းများနှင့် ရင်းမြစ်တူဟန်ရှိပေသည်။ ယင်းတို့၏သမိုင်းတွင် မူလကရခိုင်ရိုးမတောင်တန်းပေါ်တွင် နေထိုင်ခဲ့ကြပြီး စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးလာခဲ့ကြကြောင်းဆိုသည်။ ထို့ကြောင့်မူလနေထိုင်ခဲ့သောအရပ်မှာ ထိုသက်မြို့ပေလော (သို့မဟုတ်) သရက်မြို့ပေလောစဉ်းစားစရာပေ။ ပုဂံခေတ်ဦးက ဓညဝတီနှင့်တောင်စဉ်ခုနှစ်ခရိုင် ကျန်စစ်သား၏သားတော် မင်းသီရိခေတ္တ(ရာဇကုမာရမင်းသား)က စာကြောင်းဆိုပေသည်။ ထိုသို့ဆိုသော် ယနေ့ စေတုတ္တရာတောင်စဉ်ခုနှစ်ခရိုင်အပါဖြစ်ပေသည်။ ကုန်းဘောင်ခေတ်မတိုင်မီကတည်းကပင် အုပ်ချူပ်ရေးအရ မင်းတုန်းတောင်စဉ်ခရိုင်ကို ဖွဲ့စည်းပြီးသားဖြစ်လေသည်။ ထိုမင်းတုန်းတောင်စဉ်ခရိုင်တွင် မင်းတုန်း၊ မင်းတပ်၊ တိုင်းသား၊ မြို့သစ်၊ ပန်းတိမ်း၊ ငဖဲ၊ နန်းသောတို့ ပါဝင်ပေသည်။ သရေခေတ္တရာပျက်ချိန်တွင် ကွဲသွားသူများအနက်အချို့ကို ကျပင်းသူယူ၏ဟုဆိုပေရာ ထိုအချိန်က ကျပင်းအရပ်တွင် နေထိုင်သောသူများမှာ ယော၊ ချင်းစသည့် လူမျိုးများသာဖြစ်ကြောင်း ကျောက်စာဝန်ဦးဖိုးလပ်ကဆိုပေသည်။ အရှိုချင်းများ စေတုတ္တရာချင်းများ ရခိုင်ဘက်မှချင်းလူမျိုးများ၏ဆင်းသက်ရာလမ်းကိုကြည့်လျှင်လည်း ပုပ္ပါးဒေသမှတစ်ဆင့် ဆိပ်ဖြူ၊ မင်းဘူး၊ စလင်းဒေသများသို့ ပြေင်းရွှေ့လာပြီးမှ အခြားနေရာများသို့ ပြောင်းရွှေ့ကြောင်းတွေ့ရပေသည်။ ထိုကြောင့် ရာဇဝင်သမိုင်းလာ ကျပင်းသူဆိုသူများမှ ရှေးဟောင်းချင်းအနွယ်ဝင်များသာ ဖြစ်ပေမည်ကား အမှန်ပေတည်းရှေး။ သရေခေတ္တရာအပျက်မှ ပြောင်းရွှေ့လာသောသူများသည် အရှိုချင်းများ စေတုတ္တရာ ချင်းများအတွင်းသို့ရောနှောမည် ဟုယူဆဖွယ်ရှိပေသည်။ "ချင်းလင်းအပြိုင် ရခိုင် သံတွဲ၊ သက်ခပဲး"ဟူသော ကျောက်စာပါစကားလုံးများအရ လင်းဆိုသော ရှေးဟောင်းလူးမျိုးတစ်မျိုးမှာ ချင်းတို့နှင့်နီးစပ်သောသူများဖြစ်နိုင်ပေသည်။ ပုပ္ပါးတောင်မှ အနောက်တောင်ဘက်သို့ ပြောင်းရွှေ့လာသောချင်းလူမျိုးများသည် ကျောက်ပန်းနောင်းမြို့နယ်တွင် ခြေထောက်ကိုထောက်လျှက် မိမိတို့နေရင်း ပုပ္ပါးတောင်ဘက်သို့လှည့်ကြည့်လေသည်။ ခိုနေရာကိုချင်းခြေထောက် သို့မဟုတ်လင်းခြေထောက်ဟု ခေါ်လေသည်။ ဦးကံမင်းက လင်းဆိုသောစကားလုံးသည် တူညီကြောင်းတွေ့ပေသည်။

ယနေ့ချင်းလူမျိုးများသည် မြန်မာနိုင်ငံအတွင်းသို့ ရှေးဦးစွာဝင်ရောက်ခဲ့သော လူမျိုးများဖြစ်သည်ဟု ပညာရှင်များကယူဆပါသည်။ ထို့ကြောင့် ယနေ့ချင်းလူမျိုးများနှင့် ရှေးဟောင်းလူမျိုးဆက်စပ်မှု အထောက်အထားရှိကြောင်း တွေ့ရလျှင် ဤလူမျိုးများတွင် အတိတ်ကာလတခု၌ ပတ်သက်မှုရှိမည်ဖြစ်သည်။ ၎င်းဆက်စပ်မှုများကို သမိုင်း၊ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုအစရှိသည်တို့ဖြင့် ချိန်ထိုးလေ့လာကြည့်ရမည် ဖြစ်သည်။ အနော်ရထာမင်းကြီး ပုပ္ပါးဘက်၌တောကစားထွက်ရာတွင် လမ်းမှားကာ "ချင်းငမောက်၏တဲသို့ရောက်ကာ ၎င်း၏ သမီးများ ညအခါပတ္တမြားလုံးကိုအလယ်၌ထား၍ ဗိုင်းငင်ကြောင်းအနော်ရထာမင်းကြီးတည်ခိုရင်း ဆုလာဒ်နှင့် ဝယ်ယူကာ သယ်ဆောင်လာကြောင်း အနော်ရထာမင်း နန်းတက်သောအခါ ချင်းငမောက်မှလွမ်းဆွတ်၍ လာရောက်လည်ပတ်ရာ တံခါးစောင့်မှမောင်းထုတ်ကြောင်း ၎င်းကို အနော်ရထာမင်းမှသိရှိပြီး ပြန်လည်ခေါ်ယူ နားခိုစေရာ ကျေးဇူးဆပ်ခဲ့ကြောင်း ချင်းငမောက်ထံမှရသောပတ္တမြားဖြစ်၍ ပတ္တမြားငမောက်ဖြစ်လာကြောင်း နှုတ်ရာဇဝင်ရှိခဲ့သည်။ အနော်ရမင်းကြီး ပုပ္ပါးသို့ လာရောက်မီခိုသောအခါ ပုပ္ပါးတောင်အရှေ့စောင်းသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်ဟု သိရသည်။ ချင်းများနေထိုင်ဖူးသော နေရာများကိုလည်း ယနေ့တိုင်တွေ့ရသည်။ ပုဂံသူရဲကောင်းဗျတ္တသည် နန်းတော်သို့ပန်းတက်ရန် ပုပ္ပါးနှင့်ပုဂံကူးလမ်းအတက်တွင် ပန်းစားဘီလူးမ မယ်ဝဏ္ဏနှင့် ချစ်ကြိုက်သည်ဟုဆိုသည်။ ထိုသို့ဘီလူးမဟုဆိုသော်လည်း သမိုင်းသသောအရလူသားပင်ဟုယူဆနိုင်ပေသည်။ ပါးရဲထိုးသောထုံးစံနှင့် ပန်းပွင့်ကို ဟင်းလျှာပြုလုပ်စားသောက်သောကြောင့် ဖြစ်သည်ဟု ယူဆနိုင်ပေသည်။ ထို့အပြင် ယနေ့တုရင်တောင်ဟု ခေါ်သောတောင်သည် ယခင်ကသက်စိုးတောင်ဟုခေါ်သည်။ သက်လူမျိုးများ နေထိုင်ခဲ့ကြောင်း အထောက်အထားလည်း တွေ့ရှိရသည်။ ထိုကြောင့်၎င်းသက်နှင့် ပုပ္ပါးရှိချင်းတို့ဆက်စပ်မှုရှိမည်ဖြစ်သည်။ မြေပြန့်အရှိုချင်းများကလည်း ၎င်းတို့ကို သက်လူမျိုးများမှ ဆင်းသက်လာကြောင်း နှုတ်ရာဇဝင်ရှိခဲ့သည်။ သရေခေတ္တရာမြို့ ပတ်ဝန်းကျင်များတွင် အရှိုချင်းများကို ထူးဆန်းစွာတွေ့ရပေသည်။ ၎င်းတို့အကြားရှိဆက်စပ်မှုကို မသိနိုင်သောပေ။ ရှေးက တောင်စဉ်ခုနှစ်ခရိုင်ဟုခေါ်သော မစ္ဆဂီရိ၊ မင်းဘူး၊ သရက် အလယ်ပိုင်းဒေသများသည် ရှေးကပျူများ အနွယ်တူလူမျိုးများနေထိုင်ပြီး ၎င်းတို့နှင့်သက်ဆိုင်သော မြို့ဟောင်းမြို့ပျက်များ၊ ဘုရားပုထိုးများနှင့် အခြားဝတ်ပြုကိုးကွယ်သော အဆောက်အဦးပစ္စည်းများ ဆောက်ထွင်းရုပ်စုများ ကျောက်စာ၊ ရွှေပေလွှာ၊ ရွှေဒင်္ဂါးနှင့် အခြားပစ္စည်းများကို တွေ့ရှိရသည်ဟုဆိုသည်။ ၎င်းမစ္ဆဂီရိသည် သမိုင်းအရ ဧရာဝတီအနောက်ဘက်ရှမ်းမှအရှိုများနေထိုင်သော သရက်ဒေသဖြစ်သောကြောင့် ရှေးယခင်က ဆက်နွယ်မှုများလည်းရှိမည်ဖြစ်သည်။ ထွန်းရွှေခိုင်၏ အဆိုအရအရှိုများ သက်ဟုလည်းကောင်း၊ ဗူးသီတောင် မောတောဒေသရှိ သက်လူမျိုးများကို အနောက်သက်ဟုလည်းကောင်း ခေါ်ဆိုသည်။ အချို့သော အထောက်အထားတွေ့ရှိချက်များအရ ပထမဝင်ရောက်သော တိဘက်-မြန်မာအနွယ်ဝင်များသည် ခရစ်သက္ကရောဇ်မတိုင်မီကပင် ရောက်ရှိနေပြီးဖြစ်ကြေင်း တွေ့ရသည်။ ယနေ့ ချင်းအနွယ်ဝင်တို့၏ ဘိုးဘေးတို့သည် မတူညီသာအချိန်နှစ်ခုတွင် အနည်းဆုံးလမ်းကြောင်း (၂)ကြောင်းဖြင့် ဝင်ရောက်လာသည်။ ပထမပြောင်းရွှေ့မှုသည် စီစီလူးဝစ်၏ယူဆချက်အရ ဧရာဝတီနှင့် ဗြဟ္မပုတြမြစ်ဝှမ်အကြားတွင် ခရဇ်သက္ကရာဇ်မတိုင်မီ အနည်းငယ်တွင် စတင်နေထိုင်ပြီးဖြစ်သည်။ ၎င်းအစုကို ရှေးကူးကီးချင်းအစုများ(old kuki chon)ဟု သတ်မှတ်နိုင်ပြီး ၎င်းတို့ဘုရင်ကို ရှို(shou)ဟုခေါ်ပေသည်။ ဒုတိယအုပ်စုမှ ခရစ်သက္ကရာဇ် ရာစုနှစ်အစောပိုင်းလောက်က ဝင်ရောက်ပေသည်။ အထက်ပါအချက်များအရ ပထမအုပ်စုတွင်အရှေးတောင်ပိုင်းအုပ်စုများ(အရှို) အနောက်ဘက်အုပ်စုများ(သက်-မြို)နှင့် ၎င်းအုပ်စုနှစ်၏ နောက်မှလိုက်လာသော ရှေးကူးကီးချင်းအစုများ(old kuki) ကသည်းများဖြစ်ကြပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. အရှိုအလင်းစာစောင်မှ ဆမိုဟာကြူလီ၏ ဆောင်းပါး