အရှင်တိလောက

ဝီကီပီးဒီးယား မှ
သေက္ချတောင် အရှင်တိလောက
ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၂၃၃ခု၊ တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့၊ စနေနေ့၊ ညနေ ၃ ချက်တီးအချိန်
မုံရွာခရိုင်၊ ယင်းမာပင်မြို့နယ်၊ ခေါ်သန္တီရွာ

သေက္ချတောင် ဦးတိလောက (၁၈၇၂-၁၉၃၂) သည် သေက္ချတောင်တွင် မှီတင်းကာ သာသနာသုံးရပ် ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သည့် ရဟန်းကျော် ဖြစ်သည်။ [၁]

ငယ်ဘဝ[ပြင်ဆင်ရန်]

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ခေါသန္တီကျေးရွာ (ယခင် ပန်းချီတိုက်)၌ သက္ကရာဇ် ၁၂၃၃ ခု၊ တန်ဆောင်မုန်းလဆန်း ၉ ရက်၊ စနေနေ့ညနေတွင် မွေးသည်။

ငယ်စဉ်က ခေါသန္တီ၏တောင်ဘက် ငှက်ပျောတောရွာ၌ သီတင်းသုံးသော မောင်းထောင်းတိုက်ထွက်၊ တိပိဋကဓရဟု ထင်ရှားသည့် ဦးဇဝနထံတွင် သာမဏေပြုသည်။ ၁၂၅၃ ခု၊ နယုန်လတွင် ယင်းဆရာတော်အား ဥပဇ္ဈာယ်ပြုကာ ပဉ္ဇင်းတက်သည်။ ဝါဆိုလရောက်သော် မုံရွာရှိ လယ်တီဆရာတော်ထံသွားကာ ပညာယူသည်။

နေ့အခါ စာတက်ခြင်း၊ သာမဏေများအား စာသင်ခြင်း ပြုရ၍ ညဉ့်မှသာ စာကြည့်သည်။ မီးအိမ်မှာ မှိုင်းချွတ်ရခြင်း၊ မီးစာလဲရခြင်း၊ ဆီဖြည့်ရခြင်း စသော ဗလိဗောဓများလှရာ ရေနံဆီပုံးကို အပေါ်ပေါက်ဖောက်၍ ညဉ့်ပေါက်အောင် စာကြည့်သည်။ ကြာသော် မျက်စိနာ စွဲကာ မျက်လုံးများရောင်လာသည်။လွန်မင်းလှရာ လယ်တီဆရာတော်က ရှင်တိလောကအနီးရှိ ပေများအား သိမ်းရန်ပင် မိန့်ခဲ့ရသည်။ ရောဂါပျောက်ပြီးမှ အချိန်ကန့်ကာ စာကြည့်ခွင့် ပြန်ပေးခဲ့သည်။ လယ်တီတိုက်၌နေစဉ်ပင် "နေက္ခမ္မဝိဓာန ဒီပနီ" ကို ရေးသည်။

တောထွက်ခြင်း[ပြင်ဆင်ရန်]

တရားအားထုတ်ရန် အကြံဖြင့် ၁၂၅၉ ခုတွင် လယ်တီမှခွာကာ ကမ္မဋ္ဌာန်းအားထုတ်ရန် နေရာရှာသည်။ ကျိုက်ထိုမြို့အရှေ့ဘက် ၂ မိုင်အကွာရှိ သေက္ချတောင်ကို ရွေးချယ်ဖြစ်သည်။ ထိုမှစ၍ သေက္ချတောင် ဦးတိလောက ဟု ထင်ရှားလာသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၂၉၃ ခု၊ ဒုတိယဝါခေါင်လပြည့်ကျော် ၉ ရက်တွင် လေထိုးနာစွဲရာ ဆရာအများ ကုသော်လည်း မသက်သာဘဲ လပြည့်ကျော် ၁၃ ရက် ညဉ့် ၂ ချက်တီးတွင် စံလွန်လေသည်။ [၂]

ရေးသားခဲ့သော စာပေများ[ပြင်ဆင်ရန်]

  • နေက္ခမ္မဝိဓာန ဒီပနီ (၁၂၅၈)
  • အရိယာမဂ္ဂ ဒီပနီ (၁၂၆၂)
  • ပဏ္ဍိတဝေဒနိယ ဒီပနီ (၁၂၆၇)
  • နိရုတ္တိပဒ ဗျဉ္စနီ ပါဠိသဒ္ဒါကျမ်း
  • တိုင်းကြီးသေဠက အဆုံးအဖြတ်ကျမ်း
  • ဝိနိစ္ဆယ ပကာသနီ
  • အဘိဓမ္မတ္ထသရူပ ဒီပနီ
  • စတုဗ္ဗိဓာဗျာကရဏ ကျမ်း
  • မင်္ဂလာအဆုံးအဖြတ် စသော ဝိနစ္ဆယအမျိုးမျိုး

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်စိုးထိုက် (သုံးဆယ်)။ "ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး - သမိုင်းစုံ၊ အံ့ဖွယ်ရာများနှင့် ဗုဒ္ဓ၊ ဓမ္မ သံဃ ပူဇာ"။ ရန်ကုန်မြို့၊ အမေ့သားထိုက်စာပေ၊ ၂၀၁၅၊ မေ။
  2. ကျော်နန္ဒအောင်။ "ကျေးဇူးတော်ရှင် သေက္ချတောင် ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းအကျဉ်း"။ အပ္ပမာဒ။ စာ ၈၂-၈၅။