အရောင်ချွတ်ဆေး

ဝီကီပီးဒီးယား မှ

ချည်ထည်၊လင်နင်ထည်၊ လျှော်ဖျင်နှင့်အခြားအထည်များကို နဂိုရှိရင်းစွဲ အရောင်မှ ဆွတ်ဆွတ်ဖြူလာအောင် ပြုလုပ်ခြင်းကို အရောင်ချွတ်ခြင်းဟု ခေါ်သည်။ ယင်းအထည်များကို ဖြူအောင် လုပ်သည့် ရှေးရိုနည်းမှာ နေတွင် လှန်းခြင်း ဖြစ်သည်။ နေရောင် နှင့်လေသည် သဘာဝအရောင် ဆေးကို အောက်ဆီဂျင်နှင့်ပေါင်းစပ် သွားစေပြီးလျှင် အရောင်မရှိသော အောက်ဆီဂျင်ဒြပ်ပေါင်းအဖြစ်သို့ ပြောင်းသွားစေ လေသည်။ ကောက်ရိုးဦးထုပ်များကို နေပူတွင် ဆောင်းဖန်များ ၍ ကြာလာသောအခါ ဖြူသွားခြင်းမှာ နေရောင်ကြောင့် ဖြစ်သည်။ ရှေးက ချည်ထည်နှင့် လင်နင်ထည်များကို ကော့စတစ် ရည်နှင့် ပြာရည်များတွင် အဖန်ဖန် အထပ်ထပ် ပြုတ်ပြီးလျှင် နေတွင် လှန်း၍ အရောင်ချွတ်ကြသည်။

ကလိုရင်းဓာတ်ငွေ့နှင့် ယင်းဒြပ်ပေါင်းများသည် အလွန် ကောင်းသော အရောင်ချွတ်ပစ္စည်းများ ဖြစ်ကြောင်း ခရစ် ၁၉၇ဝ ပြည့်နှစ်လောက်၌ တွေ့ရှိလာပြီးသည့်နောက်တွင် အရောင်ချွတ်ဆေးမှုန့်ကို အသုံးပြုလာကြသဖြင့် ယခင်က လနှင့်ချီ၍ အရောင်ချွတ်ရသော လုပ်ငန်းသည် ရက်လောက်နှင့် ပြီးစီးသွားလေသည်။ အရောင်ချွတ် ဆေးမှုန်ကို ကလိုရိုက် အော့(ဖ)လိုင်းဟု ခေါ်၍ မဖောက်ထုံးကို ကလိုရင်းဓာတ်ဖြင့် ပြုလုပ်ယူသည်။ သို့ဖြင့် ကလိုရင်းနှင့် ယင်း၏ဒြပ်ပေါင်းများ သည် ရေငွေ့ရှိမှသာ အရောင်ချွတ်နိုင်သည်။ ရေငွေ့၊ သို့မဟုတ် အစိုဓာတ် မရှိပါက အဝတ်စုတ်ကိုပင် အရောင်မချွတ်နိုင်။ အရောင်ချွတ် ဆေးမှုန့်ကို ရေတွင်ဖျော်လိုက်သောအခါ ယင်းမှ အောက်ဆီဂျင်ဓာတ် အများအပြား ထွက်လာ၏။ ထို အောက်ဆီဂျင်ဓာတ်သည် သဘာဝအရောင်ဆေး၊ (သို့မဟုတ် အထည်များတွင် ရှိသော ဆိုးဆေး)နှင့် ပေါင်းစပ်သွားပြီးလျှင် အရောင်မရှိသော ဒြဗ်ပေါင်း ဖြစ်လာသည်။ စင်စစ် အထည်မှ အရောင်ကို ထုတ်ယူလိုက်သဖြင့် ဖြူလာခြင်း ဖြစ်သည်။ ချည် ထည်၊ လင်နင်ထည်စသော အထည်များကို အရောင် ချွတ်ရာ၌ ယင်းတို့ကို အရောင်ချွတ် ဆေးမှုန့်ရည်တွင် ဖြူလာသည့်တိုင် အောင် အကြိမ်ကြိမ် နှစ်ပေးရသည်။ ထိုနောက် ကလိုရင်း ဓာတ်၊ သို့မဟုတ် အရောင်ချွတ်ဆေးမှုန့် အားလုံး စင်သွား သည်တိုင်အောင် ရေနှင့်လျှော် ပစ်လိုက်ရသည်။ သို့တည်း မဟုတ် အရောင်ချွတ်ပစ္စည်းကို ဓာတ်ပြယ်သွားစေသည့် ဓာတ် ဆေးရည် တစ်ခုခု တွင် နှစ်ပေးရသည်။ ခဝါသည်၊ ပင်းမင်း သည်များသည် အရောင်ချွတ်ဆေးမှုန့်အစား ဆိုဒီယမ် ဟိုက်ပို ကလိုရိုက်ကိုလည်း အသုံးပြုကြသေးသည်။ ကလိုရင်းသည် သိုးမွေး၊ ကောက်ရိုး စသော ပစ္စည်းများကို ပျက်စီးစေသဖြင့် အရောင်ချွတ်ဆေးမှုန့်ကဲ့သို့ သတ္တိရှိသော ဟိုက်ဒရိုဂျင်ပါရောက် ဆိုဒ်၊ ဆာလဖာဒိုင်အောက်ဆိုဒ်နှင့် အခြားပစ္စည်းများကို အသုံးပြုကြသည်။

အရောင်ချွတ်ဆေးမှုန့်မှ ထွက်လာသော အောက်ဆီဂျင်ဓာတ် နှင့် ကလိုရင်းဓာတ်တို့ကြောင့် ယင်းကို ပိုးနှိမ်ဆေး၊ ပိုးသတ် ဆေးများတွင် များစွာ အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)