မာတိကာသို့ ခုန်သွားရန်

အယ်လ်နီညို

ဝီကီပီးဒီးယား မှ

အယ်လ်နီညို-တောင်ပိုင်းလှုပ်ရှားမှု (El Niño–Southern Oscillation, အတိုကောက်အားဖြင့် ENSOEl Niño) ဆိုသည်မှာ ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်လေ့ရှိသော သဘာဝဖြစ်စဉ်တစ်ခုကို ခေါ်ဆိုသည့် ဝေါဟာရဖြစ်သည်။ ၎င်းကို အယ်လ်နီညို (El Niño) နှင့် လာနီညာ (La Niña) ဟူ၍လည်း ခေါ်ဆိုကြသည်။ စပိန်ဘာသာစကားဖြင့် ၎င်းတို့သည် "ယောက်ျားလေး" နှင့် "မိန်းကလေး" ဟု အဓိပ္ပာယ်ရသည်။

အယ်လ်နီညို (El Niño) ဆိုသည်မှာ အစွန်းရောက်သဘာဝဘေးတစ်ခုဖြစ်ပြီး အလွန် ပူနွေးခြောက်သွေ့သည့်ဖြစ်စဉ်တစ်ခုဟု အကြမ်းဖျင်းမှတ်သားနိုင်သည်။ တိတိကျကျဆိုရလျှင် အယ်လ်နီညိုသည် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ရေမျက်နှာပြင်တွင် ပင်လယ်ရေအပူချိန် မြင့်တက်လာသောအခါ ဖြစ်ပွားတတ်သည်။ တောင်အမေရိကတိုက်၏အနောက်ဘက် ကမ်းရိုးတန်းနိုင်ငံများ ဖြစ်သည့် အီကွေဒေါနှင့် ပီရူးနိုင်ငံများဆီကို ခရစ်စမတ်ကာလတွင် တိုးဝင်လာတတ်ကြသော အားပျော့သည့် ပင်လယ်ရေပူစီးကြောင်းများကို ဒေသခံတံငါသည်များက ခေါ်ဝေါ်ထားသောအမည်ဖြစ်သည်။

ယေဘုယျအားဖြင့် ပစိဖိတ်သမုဒ္ဒရာတွင် ဤဖြစ်စဉ်သည် နှစ်နှစ်မှ ငါးနှစ် (သို့မဟုတ်) ငါးနှစ်မှ ခုနစ်နှစ်အတွင်း တစ်ကြိမ်ခန့် ဖြစ်ပေါ်တတ်သည်။ ယခုနောက်ပိုင်းတွင် နှစ်နှစ် သုံးနှစ်အတွင်းလည်း ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ အဆိုပါ ရေပူစီးကြောင်းသည် ရက်သတ္တပတ်အနည်းငယ်မှ တစ်လ သို့မဟုတ် တစ်လထက်ပို၍သာ ကြာမြင့်တတ်သော်လည်း၊ သုံးနှစ်မှ ခုနစ်နှစ်တစ်ကြိမ်တွင်မူ အယ်လ်နီညိုဖြစ်စဉ်သည် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

အယ်လ်နီညိုဖြစ်စဉ်သည် အားကောင်းပါက တောင်အမေရိကနိုင်ငံများမှတစ်ဆင့် တစ်ကမ္ဘာလုံး ပျံ့နှံ့ဖြစ်တည်တတ်ပြီး ရာသီဥတုဖောက်ပြန်မှုများ ပြင်းထန်လာတတ်သည်။ များသောအားဖြင့် အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေရှားပါးခြင်းတို့ကို ဖြစ်ပေါ်စေတတ်သည်။ ဩစတြေးလျနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် မိုးခေါင်ရေရှားမှုများ ကြုံတွေ့ရနိုင်သော်လည်း၊ ပီရူးနိုင်ငံ၏ သဲကန္တာရများတွင်မူ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်တတ်သည်။ အရှေ့အာဖရိကတွင်မူ ဤဖြစ်စဉ်နှစ်ရပ်စလုံးကို ကြုံတွေ့ရနိုင်သည်။ လာနီညာ (La Niña) ဖြစ်စဉ်တွင်မူ ရာသီဥတုပုံစံများသည် အယ်လ်နီညိုနှင့် ပြောင်းပြန်ဖြစ်သွားတတ်သည်။

Impacts of El Niño on climate
Impacts of La Niña on climate
အယ်လ်နီညို (El Niño) နှင့် လာနီညာ (La Niña) ဖြစ်စဉ်များအတွင်း အပူချိန်နှင့် မိုးရေချိန် ပြောင်းလဲမှုများသည် တစ်ခုနှင့်တစ်ခု မတူညီကြဘဲ၊ ရာသီအလိုက်လည်း ကွဲပြားခြားနားမှု ရှိကြသည်။[]

သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိမှုနှင့် တောင်ပိုင်းလှုပ်ရှားမှုညွှန်းကိန်း

[ပြင်ဆင်ရန်]

တောင်ပိုင်းလှုပ်ရှားမှု (Southern Oscillation) ကို ၁၉၂၃ ခုနှစ်တွင် ဆာ ဂီလ်ဘတ် ဝေါ်ကာ (Sir Gilbert Walker) က ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာအကြား လေထုဖိအား၏ "လွှဲချက်" (seesaw) တစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဩစတြေးလျနိုင်ငံ ဒါဝင်မြို့ (Darwin) နှင့် တောင်ပစိဖိတ်သမုဒ္ဒရာရှိ တဟီတီကျွန်း (Tahiti) ဟူသော နေရာနှစ်ခုတွင် တိုင်းတာရရှိသည့် လေထုဖိအားများအကြား ပြောင်းပြန်ဆက်နွှယ်မှု ရှိနေသည်။ တောင်ပိုင်းလှုပ်ရှားမှုညွှန်းကိန်း (SOI) ဆိုသည်မှာ တဟီတီကျွန်းနှင့် ဒါဝင်မြို့တို့တွင် တိုင်းတာရရှိသော ပင်လယ်ရေမျက်နှာပြင် လေထုဖိအား ကွာခြားချက်ဖြစ်သည်။[]

အီကွေတာအနီးရှိ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့၏ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အပူချိန်သည် နှစ်စဉ်ရာသီစက်ဝန်းမှ မည်မျှသွေဖည်နေသည်ကိုမူ Cold Tongue (CT) ညွှန်းကိန်းဖြင့် တိုင်းတာသည်။ ဤတိုင်းတာချက်နှစ်ခုသည် ပြောင်းပြန်ဆက်နွှယ်နေသောကြောင့် အနှုတ်လက္ခဏာပြသော SOI ညွှန်းကိန်းသည် အယ်လ်နီညိုဟု လူသိများသည့် ပုံမှန်မဟုတ်သော သမုဒ္ဒရာရေနွေးစီးကြောင်းနှင့်အတူ ဒွန်တွဲနေလေ့ရှိသည်။

၁၉၈ဝ ပြည့်နှစ်များအစောပိုင်းတွင် အယ်လ်နီညိုနှင့် တောင်ပိုင်းလှုပ်ရှားမှုတို့သည် ဆက်စပ်နေကြောင်း ထင်ရှားလာခဲ့ပြီးနောက်၊ ဤအကြီးစားရာသီဥတုဖြစ်စဉ်ကို ဖော်ပြရန် ENSO ဟူသော အတိုကောက်စာလုံးကို အသုံးပြုခဲ့ကြသည်။

သမိုင်းတစ်လျှောက် ပြင်းထန်သော အယ်လ်နီညိုဖြစ်စဉ်များနှင့် ထိခိုက်မှုများ

[ပြင်ဆင်ရန်]

တစ်ဖက်တွင်လည်း လာနီညာဖြစ်စဉ်ကြောင့် ဩစတြေးလျအရှေ့ဘက်ကမ်းရိုးတန်းသို့ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ် ကွင်းစလန်း (Queensland) ရေကြီးမှုကို ဖြစ်ပေါ်စေခဲ့သည်။ ဩစတြေးလျနိုင်ငံ၏ အခြားသော ရေကြီးမှုကြီးများသည်လည်း ၁၉၁၆၊ ၁၉၁၇၊ ၁၉၅၀၊ ၁၉၅၄-၁၉၅၆ နှင့် ၁၉၇၃-၁၉၇၅ ခုနှစ်များအတွင်း လာနီညာဖြစ်စဉ် ဖြစ်ပွားချိန်၌သာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀-၂၀၁၁ ကွင်းစလန်းရေကြီးမှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ဩစတြေးလျဒေါ်လာ ဘီလီယံ ၃၀ ခန့် ရှိခဲ့သည်။[]

၁၉၈၂-၁၉၈၃ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့်အယ်လ်နီညိုသည် အင်အားပြင်းထန်ခဲ့သည်။ လွန်ကဲပြင်းထန်သောရာသီဥတုဖောက်ပြန်မှုများကို ကမ္ဘာအနှံ့ထိတ်လန့်ဖွယ်ရာ တွေ့ကြုံခံစားခဲ့ကြရသည်။ ၁၉၈ဝ ပြည့်နှစ်နှင့် ၁၉၉ဝ ပြည့်နှစ်များမတိုင်မီ ငါးနှစ်မှ ခုနစ်နှစ်တစ်ခါလောက်သာဖြစ်တတ်သည့်အယ်လ်နီညိုသည် ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း နှစ်နှစ်မှ သုံးနှစ်တစ်ခါခန့်ဖြစ်လာခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ကာလအတွင်း ပူပြင်းခြောက်သွေ့သော ကာလတစ်ခုအဖြစ် မှတ်တမ်းတင်ခဲ့သည်။

၁၉၉၇-၁၉၉၈ ခုနှစ်တွင် ထပ်မံဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုသည် အဆိုးရွားဆုံးအပြင်းထန်ဆုံးဖြစ်လာခဲ့သဖြင့် တစ်ကမ္ဘာလုံး အလူးအလဲခံစားခဲ့ကြရသည်။ ယင်းအယ်လ်နီညိုကြောင့် အထွေထွေအရပ်ရပ် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ ရှိခဲ့သည်။ သေဆုံးသူပေါင်း ၂၄ဝဝဝ၊ ဒဏ်ရာရရှိသူပေါင်း ၅၃၃ဝဝဝ၊ ရွှေ့ပြောင်းသူပေါင်း ခြောက်သန်း၊ ထိခိုက်သူပေါင်း ၁၁၁ သန်းနှင့် ထိခိုက်သော မြေဧကပေါင်း ၅၆ သန်းရှိခဲ့သည်။ ထိုဖြစ်စဉ်များကြောင့် အယ်လ်နီညိုကို ကမ္ဘာသူ ကမ္ဘာသားများက ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး အယ်လ်နီညိုကို ခုခံကာကွယ်နိုင်ရန် တတ်နိုင်သလောက် ကြိုတင်ပြင်ဆင်ခဲ့ကြသည်။

မြန်မာနိုင်ငံနှင့် လာနီညာဖြစ်စဉ်ကြောင့် ဖြစ်ပွားခဲ့သော ရေကြီးမှုများ

[ပြင်ဆင်ရန်]

ထိုကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် အယ်လ်နီညိုကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရှိ မြို့ကြီး ၁၈ မြို့တွင် အပူချိန်အမြင့်ဆုံး စံချိန်သစ်များတင်ခဲ့သည်။ မြို့ကြီး ၁၅ မြို့တွင် မိုးရေချိန်အနည်းဆုံး စံချိန်သစ်များ တင်ခဲ့သည်။

၂ဝ၁၅-၂ဝ၁၆ ကာလအတွင်းတွင် ဖြစ်ပွားခဲ့သည့် အားကောင်းသော အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် စံချိန်တင်ပူပြင်းခြောက်သွေ့မှုများ ကြုံတွေ့ခဲ့ရပြီး အယ်လ်နီညိုအန္တရာယ်ကာကွယ်ရေးကို လွှတ်တော်တွင်ဆွေးနွေးရသည်အထိ အခက်အခဲကြုံတွေ့ခဲ့ရသည်။ []၂ဝ၁၆ ခုနှစ်အတွင်း စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ ပူပြင်းခြောက်သွေ့မှုနှင့်တိုက်ရိုက်ဆက်စပ်သောရောဂါများ၊ သောက်သုံးရေရှားပါးမှုများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Wald၊ Lucien (2021)။ "Definitions of time: from year to second"။ Fundamentals of solar radiation။ Boca Raton: CRC Press။ ISBN 978-0-367-72588-4
  2. About Sir Gilbert Walker walker-institute.ac.uk 12 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2011 တွင် ပြန်စစ်ပြီး။
  3. Counting cost of Queensland floods News Corp Australia 19 January 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 January 2011 တွင် ပြန်စစ်ပြီး။
  4. Eleven Broadcasting (2016-02-23)။ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် ဖြစ်လာနိုင်သော သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သောအရေးကြီးအဆို.... 2026-05-22 တွင် ပြန်စစ်ပြီး။