အယ်လ်ကိုဟော
အယ်လ်ကိုဟောဟူသော ဝေါဟာရ သည် အာရပ်စကားဖြစ်၍ ရှေးခေတ်က မျက်တောင်မွှေးနှင့် မျက်ခွံများကို အမဲဆိုးရန်အတွက် အသုံးပြုသော လက်ဆာလ ဖိုက်(ဒ)နှင့် အန်တီမိုနီဆာလဖိုက်(ဒ) တို့ကို ခေါ်လေသည်။ ယခုခေတ်၌မူ ကာဗွန်ဒြပ်ပေါင်းများဖြစ်ကြသည့် အရက်နှင့် အရက်ပြန်များကို အယ်လ်ကိုဟောဟု ခေါ်ကြ၏။
အယ်လ်ကိုဟောအမျိုးအစား များစွာရှိသည့်အနက် မက်သဲအယ်လ်ကိုဟော CH3OH နှင့် အက်သဲအယ်လ်ကိုဟော C2H5OHတို့သည် များစွာအသုံးဝင်လေသည်။ မက်သဲအယ်လ်ကိုဟောသည်အရောင်ကင်းမဲ့သောအရည် ဖြစ်၍ အငွေ့ဖြစ်လွယ်ပြီးလျှင် မီးလောင်လွယ်သည်။ မက်သဲ အယ်လ်ကိုဟောကို သစ်သားမှ ချက်ယူရရှိသောကြောင့် သစ် အရက်ပြန်ဟုလည်း တစ်နည်းခေါ်သည်။ ယခုခေတ်တွင် မက်သဲ အယ်လ်ကိုဟောကို အလွန်အသုံးများလာသဖြင့် သစ်သားမှ ချက်မယူတော့ဘဲ အခြားနည်းဖြင့် အကြီးအကျယ်ဖော်ယူ ရောင်းချလျက်ရှိလေသည်။ ဖော်ယူနည်းမှာ ကာဗွန်မွန်အောက် ဆိုက် CO နှင့် ဟိုက်ဒြိုဂျင်တို့ကို ကက်တလစ်ဓာတ်ကူပစ္စည်း ဖြစ်သော ဇင့်အောက်ဆိုက်နှင့် ကရိုမီယမ်အောက်ဆိုက်တို့၏ အကူအညီဖြင့်ပေါင်းစပ်ရာမှ ရရှိလေသည်။
ပုံစံအားဖြင့် -
CO | + | 2H2 | = | CH3OH |
---|---|---|---|---|
ကာဗွန်မွန်အောက်ဆိုက် | + | ဟိုက်ဒြိုဂျင် | = | မက်သဲ အယ်လ်ကိုဟော |
မက်သဲအယ်လ်ကိုဟောသည်အဆိပ်ဖြစ်သည်။ အက်သဲ အယ်လ်ကိုဟော ကိုးဆနှင့် မက်သဲ အယ်လ်ကိုဟော တစ်ဆကို ရောစပ်ထားသောအရည်ကို မက်သီလိတ်တက်စပစ်ရစ် (အရက်ပြန်)ဟုခေါ်၏။ အရောင်တင်ဆေးများနှင့် ချိတ်များသည် မက်သဲ အယ်လ်ကိုဟောတွင် ကောင်းစွာပျော်ဝင်ကြ၏။ ဆေးများ ဖော် စပ်ရာ၌ မက်သဲအယ်လ်ကိုဟောသည် များစွာအသုံးဝင်လေ သည်။
အက်သဲအယ်လ်ကိုဟောကို ကောက်နှံအရက်ဟူ၍လည်း ခေါ်တတ်၏။ ကောက်နှံမှ ကဇော်ဖောက်ယူ ရရှိသောကြောင့် ကောက်နှံအရက်ဟုခေါ်ခြင်းဖြစ်၏။
မက်သဲအယ်လ်ကိုဟောကဲ့သို့ပင် အက်သဲ အယ်လ်ကို ဟောသည် အရောင်ကင်းမဲ့၍ အငွေ့ဖြစ်လွယ်သည်။ မီးရှို့ကြည့် သည့်အခါ မီးရှိန်မှာအလွန်ပူ၍ မီးတောက်အရောင်မှာ ပြာလဲ့လဲ့ဖြစ်၏။ သို့သော်လည်း မက်သဲအယ်လ်ကိုဟောလောက် အဆိပ်မပြင်း လှချေ။
အယ်လ်ကိုဟောစစ်စစ်သည် အဆိပ်ရှိသည့်အပြင် ရေရော၍သောက်လျှင် မူးယစ်စေတတ်သည်။ မူးယစ်စေတတ်သော သေရည်သေရက်တို့တွင် အယ်လ်ကိုဟော အဓိကပါဝင်၏။ သကြားကို တဆေးဖြင့် ကဇော်ဖောက်ယူခြင်းဖြင့် အယ်လ်ကိုဟောကို ရရှိနိုင်သည်။ သကြားအမျိုးမျိုးရှိရာ သစ်သီးမှရရှိသော သကြားကိုသာ ကဇော်ဖောက်၍ အယ်လ်ကိုဟောကို ချက်ယူ လေ့ရှိ၏။ စပျစ်သီး၊ သစ်သော့သီး စသော အသီးများမှရသော အရည်ထဲသို့ တဆေးကိုထည့်လိုက်သောအခါ ကဇော်ပေါက်လာ ၍ အယ်လ်ကိုဟောနှင့် ကာဗွန်ဒိုင်အောက်ဆိုက်တို့ကိုရရှိ၏။ သစ်သီးများမှရရှိသော သကြားသာမက ကောက်နှံများမှရရှိသော သကြားများမှလည်း အယ်လ်ကိုဟောကို ဖောက်ယူနိုင်သည်။ ပြောင်း၊ မြင်းစားဂျုံ၊ မုယောစသည်တို့ကို ရေတွင်နှစ်၍ ကြမ်း ပေါ်တွင် ဖြန့်ထားသောအခါ မကြာခင် အစို့ကလေးများထွက် လာကြ၏။ ယင်းသို့ အစို့ကလေးများထွက်လာသောအခါ ကောက်နှံများ၌ရှိသော စတာ့(ကစီ)သည် သကြားအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနောက် အစို့ထွက်လာသော ကောက်နှံ များကို ရေဖြင့်ရော၍ ကဇော်ဖောက်ပေး၏။ ယင်းသို့ ကဇော် ဖောက်၍ရသော အယ်လ်ကိုဟောကို ပေါင်းခံသောနည်းဖြင့် ရေမှခွဲထုတ်ယူရသည်။
ဗရမ်ဒီ၊ ဝီစကီ၊ ရမ်၊ ဂျင်တို့သည် ပေါင်းခံယူနည်းဖြင့် ရယူသော အရက်များဖြစ်၍ အယ်လ်ကိုဟော ၂၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ ပါဝင်၏။ သစ်သီးမှရသော သကြားရေကို ကဇော်ဖောက်ပြီးနောက် ပေါင်းမခံဘဲရရှိသော အရက်များတွင် အယ်လ်ကိုဟော ရာခိုင်နှုန်း ၆ မှ ၁၄ အထိ ပါဝင်၏။ ပြောင်းဆန်၊ မုယော စသောကောက်နှံတို့ကို ကဇော်ဖောက်၍ ရသော ဗျစ်ရည်များတွင် အယ်လ်ကိုဟော ရာခိုင်နှုန်း ၂ မှ ၉ အထိသာပါဝင်၏။ အယ်လ်ကိုဟောကို သောက်လိုက်သည့်အခါ မူးယစ်လာ၍ ကိုယ်လက်အင်္ဂါများလည်း ထိုင်းမှိုင်းပြီးလျှင် နောက်ဆုံး သတိမရသည်အထိ ဖြစ်သွားတတ်သည်။ အများ အပြား သောက်ပါမူ အသည်းလောင်ကျွမ်းပြီးလျှင် အသက် ကိုပင်ရန်ရှာတတ်သည်။ သို့သော် အကျိုးရှိအောင် အသုံးပြု နိုင်ပါက များစွာအသုံးဝင်လေသည်။ အယ်လ်ကိုဟောသည် အအေးဒဏ်ကိုခံနိုင်၍ မခဲလွယ်သောကြောင့် အေးသော တိုင်းပြည်များ၌ ပြဒါးတိုင်များတွင် ပြဒါးကိုမထည့်ပဲ အယ်လ် ကိုဟောကို အသုံးပြုကြ၏။ ထို့ပြင် ဆေးများဖျော်ရာ၌ လည်းကောင်း၊ ရေမွှေးချက်ရာ၌လည်းကောင်း၊အရောင်တင်ဆေး၊ ချိတ်နှင့် ဆိုးဆေး သုတ်ဆေးများ ပြုလုပ်ရာ၌လည်းကောင်း၊ ဒဏ်ရာဒဏ်ချက်များကို ကုသရာ၌ ပိုးသတ်ဆေးအဖြစ် လည်းကောင်း အယ်လ်ကိုဟောကို အမြောက်အမြားအသုံးပြု ကြသည်။ အယ်လ်ကိုဟောကို ဗင်ဇော၊ အီသာ၊ သို့မဟုတ် ဓာတ်ဆီနှင့်ရော၍ မော်တော်စက်များမောင်းနှင်ရန် အသုံးပြုနိုင် သည့်အပြင် မီးရှို့သည့်အခါ မှိုင်းမရှိသောကြောင့် ဓာတ်စမ်းခန်းများတွင်လည်း များစွာအသုံးပြုနိုင်လေသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)