အယ်လဖွန်းဆိုဘုရင်များ(စပိန်)

ဝီကီပီးဒီးယား မှ

အယ်လဖွန်းဆိုဘုရင်များ(စပိန်)[ပြင်ဆင်ရန်]

စပိန်နိုင်ငံတွင် အယ်လဖွန်း ဆို ဘွဲ့အမည်ခံ ဘုရင် ၁၃ ပါး စိုးစံခဲ့သည်။ ယင်းတို့အနက် ရှေးဦးပိုင်းကျသော အယ်လဖွန်းဆိုဘုရင်များသည် စပိန်နိုင်ငံကို မူးဝါးလူမျိုးတို့ နှစ်ပေါင်း ၅ဝဝ ခန့် အုပ်စိုးခဲ့စဉ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့သည့် တိုင်းငယ်ပြည်ငယ်များ၏ ဘုရင်များ သာဖြစ်သည်။ မူးဝါးတို့အား တုံ့ပြန်တိုက်ခိုက်ခဲ့ကြသည်၊ ထင်ရှားသော အယ်လဖွန်းဆိုဘုရင်များမှာ အောက်ပါဘုရင်တို့ ဖြစ်လေသည်။


ဆဋ္ဌ အယ်လဖွန်းဆိုဘုရင်(ခရစ် ၁ဝ၃ဝ·၁၁ဝ၉)[ပြင်ဆင်ရန်]

ဆဋ္ဌ အယ်လဖွန်းဆိုဘုရင်သည် ၁ဝ၆၅ ခုနှစ်တွင် လေအွန်ပြည့်ရှင် အရာကို ခမည်းတော် ပထမ ဖာဒီနန်ထံမှ ဆက်ခံရရှိသည်။ ညီတော် ကက်စတီးမင်း ဒုတိယဆန်ချိုနှင့်စစ်ခင်းရာ စစ်ရေးနိမ့် သဖြင့် မူးဝါးတို့လက်တွင်းရှိ တိုလီဒိုမြို့သို့ထွက်ပြေး တိမ်း ရှောင်ခဲ့ရသည်။ ၁ဝ၇၂ ခုနှစ်တွင် ဆန်ချို အသတ်ခံရသဖြင့် ကက်စတီးပြည်နယ်ကို သိမ်းပိုက်၍ အုပ်စိုးသည်။ ဂလစ်ရှား ပြည်နယ်ကိုလည်း မိမိလက်အောက်သို့ သိမ်းသွင်းခဲ့သည်။

ထို့နောက် စပိန်တောင်ပိုင်းသို့ စစ်ချီတိုက်ခိုက်ရာ မူးဝါးတို့ လက်မှ တိုလီဒိုမြို့ကိုရသဖြင့် မြို့တော်အဖြစ်တည်သည်။ ဤ မင်းလက်ထက်တွင် စပိန်နိုင်ငံကို မူးဝါးတို့ကြီးစိုးမှုအောက်မှ လွတ်မြောက်ရန်အတွက် ကြိုးပမ်းရာ၌ ဆစ်အမည်ရ စပိန် အမျိုးသားအာဇာနည်၏ သူရသတ္တိမှာ အထူးထင်ရှားပေသည်။

သတ္တမ အယ်လဖွန်းဆို ဘုရင်(ခရစ် ၁၁၉၄ -၁၁၅၇)[ပြင်ဆင်ရန်]

သတ္တမ အယ်လဖွန်းဆိုဘုရင်သည် ဆဋ္ဌ အယ်လဖွန်းဆို၏ မြေးတော်ဖြစ်သည်။ ၁၁၂၆ ခုနှစ်တွင် မယ်တော် ယူရေးကား ဘုရင်မ ကွယ်လွန်သောအခါ ကက်စတီးနှင့် လေအွန်ပြည်နယ် တို့ကို ဆက်ခံအုပ်စိုးသည်။ စပိန်နိုင်ငံရှိ ခရစ်ယာန်မင်းတို့ အုပ်စိုးသော ပြည်နယ်များကို ခေါင်းဆောင်၍ မူးဝါးတို့ကို တိုက်ခိုက်သည်။ ၁၁၃၅ ခုနှစ်တွင် ဧကရာဇ် ဘွဲ့ကို ခံယူသည်။ ကက်စတီးပြည်နယ်ကို တတိယ ဆန်ချိုအားလည်းကောင်း၊ လေအွန် ပြည်နယ်ကို ဒုတိယ ဖာဒီနန်အားလည်းကောင်း အုပ်ချုပ်ရန် လွှဲအပ်ပေးခဲ့သည်။

အဋ္ဌမ အယ်လဖွန်းဆို ဘုရင် (ခရစ် ၁၁၅၅-၁၂၁၅)[ပြင်ဆင်ရန်]

အဋ္ဌမ အယ်လဖွန်းဆိုဘုရင်သည် တတိယဆန်ချို၏ သားတော် ဖြစ်၍ ၁၁၈၅ ခုနှစ် အသက်သုံးနှစ်ခန့်အရွယ်တွင် ကက်စတီး ပြည်နယ်ကို ဆက်ခံအုပ်စိုးရသည်။ အရွယ်ရောက်သောအခါ အင်္ဂလန်နိုင်ငံ ဒုတိယဟင်နရီဘုရင်၏ သမီးတော် အယ်လီနာ နှင့် ထိမ်းမြားလက်ထပ်သည်။ နောင်အခါ၌ သူတို့၏သမီးတော် ဗလန်ချီမင်းသမီးသည် ပြင်သစ်ပြည့်ရှင် အဋ္ဌမလူဝီ၏ မိဖုရား ဖြစ်လာသည်။ အဋ္ဌမ အယ်လဖွန်းဆို ဘုရင်သည် အိမ်နီးချင်း ပြည်ထောင်မင်းများနှင့် ပူးပေါင်း၍ မူးဝါးတို့၏ ကြီးစိုးမှုကို ခုခံတိုက်ခိုက်ခဲ့သည်။ စပိန်နိုင်ငံတွင် ပထမဦးဆုံး တက္ကသိုလ် ကျောင်းကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

၁၁ ဆက်မြောက်အယ်လဖွန်းဆိုဘုရင်(ခရစ်၁၃၁၁-၁၃၅ဝ)[ပြင်ဆင်ရန်]

၁၁ ဆက်မြောက်အယ်လဖွန်းဆို ဘုရင်သည် ကက်စတီးနှင့် လေအွန်ဘုရင် စတုတ္ထဖာဒီနန်၏ သားတော်ဖြစ်သည်။ ဂရား နားဒါးနယ်တွင် ခြေကုတ်ယူထားသော မူးဝါးတို့ကို စစ်ချီ တိုက်ခိုက်သည်။ ခရစ်ယာန်နိုင်ငံများဖြစ်သော ပေါ်တူဂီနိုင်ငံ၊ နာဗားရားပြည်နယ်၊ အာရဂွန်ပြည်နယ်တို့နှင့် ပူးပေါင်း၍ ၁၃၄ဝ ပြည့်နှစ်တွင် မူးဝါးတို့ကို တိုက်ခိုက် အောင်မြင်ခဲ့သည်။ ဂျီဘရောဗားရှိ မူးဝါးတို့ကို တိုက်ခိုက်နေစဉ် အနိစ္စရောက် သည်။

၁၂ ဆက်မြောက်အယ်လဖွန်းဆိုဘုရင်(ခရစ်၁၈၅၇-၁၈၈၅)[ပြင်ဆင်ရန်]

၁၂ ဆက်မြောက်အယ်လဖွန်းဆို ဘုရင်သည် ဒုတိယအဇ္ဇဗဲလား ဘုရင်မ၏ တစ်ဦးတည်းသော သားတော်ဖြစ်သည်။ ဘုရင်မ၏ ဘထွေးတော် ဒွန်ကာလိုမင်းသားက မိမိသာလျှင် စပိန်ထီးနန်း၌ စိုးစံထိုက်သည်ဟုဆို၍ ဘုရင်မကို တစ်ဖက်မှတော်လှန် ပုန်ကန် သဖြင့် ၁၈၈၈ ခုနှစ်တွင် အဇ္ဇဗဲလားနှင့် သားတော်တို့သည် နိုင်ငံမှ ထွက်ခွာခဲ့ရလေသည်။ နှစ်နှစ်ကြာသော် ဘုရင်မက ထီးနန်းကို သားတော်အားလွှဲအပ်သည်။ အယ်လဖွန်းဆိုသည် ပြင်သစ်၊ အင်္ဂလန်နှင့် ဩစတြီးယားနိုင်ငံများ၌ ပညာသင်ကြား ခဲ့သည်။ ၁၈၇၅ ခုနှစ်တွင် ပြည်တွင်းဆူပူမှုများကို ရွံရှာလာကြ ပြီဖြစ်သော စစ်ဖက်အာဏာပိုင်တို့က ၁၂ ဆက်မြောက် အယ် လဖွန်းဆိုအား စပိန်ထီးနန်းကို အပ်နှင်းခဲ့ကြသည်။ အယ်လ ဖွန်းဆိုသည် ၁၈၇၆ ခုနှစ်တွင် ကာလိုသူပုန်ကို အပြီးအပိုင် နှိမ်နှင်းခဲ့သည်။

၁၃ ဆက်မြောက်အယ်လဖွန်းဆိုဘုရင်(ခရစ်၁၈၈၆-၁၉၄၁)[ပြင်ဆင်ရန်]

၁၃ ဆက်မြောက်အယ်လဖွန်းဆို ဘုရင်သည် ၁၂ ဆက်မြောက် အယ်လဖွန်းဆိုဘုရင်နှင့် ဩစတြီးယားမင်းသမီး မာရီယာ ခရစ္စတီးနားတို့မှ ဖွားမြင်သော သားတော်ဖြစ်သည်။ အယ်လ ဖွန်းဆိုကို ဖွားမြင်သည့်အခါ ခမည်းတော်သည် ကွယ်လွန် ပြီးဖြစ်၍ ၁၉ဝ၂ ခုနှစ်အထိ မယ်တော်က ရင်ခွင်ပိုက်အုပ်ချုပ် ခဲ့ရသည်။ ၁၉ဝ၆ ခုနှစ်တွင် အင်္ဂလန်ပြည့်ရှင် ဝိတိုရိယ ဘုရင်မ၏ မြေးဗက်တင်ဗတ် မင်းသမီးနှင့် ထိမ်းမြားလက်ထပ် သည်။ ထိုအချိန်တွင် စပိန်နိုင်ငံ၌ နိုင်ငံရေးဆူပူလှုပ်ရှားမှုများ ပေါ်ပေါက်လျက်ရှိသဖြင့် လက်ထပ်ပွဲနေ့၌ပင် ဘုရင်နှင့် မိဖုရား တို့ကို သုတ်သင်ပစ်ရန် ကြံစည်ခြင်းခံခဲ့ရသည်။ ပြည်တွင်း၌ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေတို့သည် တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့ရာ ၁၉၃၁ ခုနှစ်သို့ရောက်သော် အယ်လဖွန်ဆို ဘုရင်သည် စပိန်နိုင်ငံမှ ထွက်ပြေးတိမ်းရှောင် သွားရလေသည်။ ထီးနန်းကိုမူကား မစွန့်လွှတ်သေးချေ။ ၁၉၃၆ ခုနှစ် မှ ၁၉၃၉ ခုနှစ်အထိ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်ဖရန်ကို ခေါင်းဆောင်သော ဖက်ဆစ်အစိုးရအဖွဲ့က အုပ်ချုပ်ရေးအာဏာ ကို သိမ်းပိုက်လိုက်လေသည်။


အယ်လဖွန်းဆို ဘုရင်သည် စပိန်နိုင်ငံမှ ထွက်ခွာခဲ့ပြီးနောက် အီတလီနိုင်ငံတွင် များသောအားဖြင့် နေထိုင်သည်။ ၁၉၄၁ ခုနှစ်တွင် ရောမမြို့၌ အနိစ္စရောက်သည်။ အယ်လဖွန်းဆို ဘုရင်သည် မကွယ်လွန်မီ တတိယသားတော် ဒွန်ဂျူအန်အား စပိန်ထီးနန်း အရိုက်အရာလွှဲအပ်ခဲ့သည်။ ဖရန်ကိုအစိုးရက သူ၏ရုပ်အလောင်းကို စပိန်နိုင်ငံတွင် သင်္ဂြိုဟ်ခွင့်ပြုသည်။ ၁၉၆၉ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်ဖရန်ကိုနှင့် ကောတေး ဥပဒေပြုလွှတ်တော်တို့က ဒွန်ဂျူအန်၏သားတော် ဂျူအန်ကာလိုမင်းသားကို ဗိုလ်ချုပ်ဖရန်ကို မရှိသည့်နောက် စပိန်နိုင်ငံ၏ဘုရင်အဖြစ် ဆက်ခံရန် သတ်မှတ်ပြဋ္ဌာန်းပေးခဲ့လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)