အယ်လဆက် လိုရိန်းနယ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အယ်လဆက်လိုရိန်းနယ် သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ပြင်သစ်နှင့် ဂျာမနီ နယ်စပ် တွင် တည်ရှိသည်။ မြောက်ဘက်တွင် လပ်ဇင်ဗူးနိုင်ငံ၊ တောင်ဘက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျာမနီ နိုင်ငံတို့ တည်ရှိသည်။ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံတို့သည် ထိုနယ်မြေပိုင်ဆိုင်ရေးအတွက် စစ်ပွဲအကြိမ်ကြိမ်ခင်း၍ နယ်လုခဲ့ ကြသည်။ အယ်လဆက် လိုရိန်းနယ်ဟူ၍ အမည်ကို ပေါင်းစပ် ခေါ်ထားသော်လည်း စင်စစ်အားဖြင့် ထိုဒေသသည် ပထဝီ အနေအထားအရသော်လည်းကောင်း၊ သမိုင်းအရသော်လည်း ကောင်း၊ သီးခြားကွဲပြားသော နယ်နှစ်နယ်ဖြစ်လေသည်။ ဗော့ဇ တောင်တန်းက ထိုနယ်များကို ပိုင်းခြားထားသည်။ အယ်လ ဆက် လိုရိန်းနယ်သည် အကျယ်အဝန်းအားဖြင့် ၅၆ဝ၅ စတု ရန်းမိုင်ခန့်ရှိ၍ လူဦးရေမှာ နှစ်သန်းခန့်ဖြစ်သည်။


အယ်လဆက်နယ်သည် အနောက်ဘက်တွင် ဗော့ဇတောင်တန်းနှင့် အရှေ့ဘက်တွင် ဘလက်ဖောရက်တို့အကြား ရိုင်းမြစ်ဝှမ်း၌တည်ရှိရာ ပြင်သစ်နိုင်ငံနှင့် ဂျာမနီနိုင်ငံစပ်ကြား တွင် သဘာဝအလျောက် ပွင့်လျက်ရှိသော ခရီးလမ်းပေါက် ဖြစ်လေသည်။ မြေဩဇာထက်သန်၍ သစ်အမြောက်အမြားထွက်သည်။ ရေနံနှင့် ပိုတက်ကို တူးဖော်ရရှိသည်။ အယ်လဆက်နယ်သားတို့သည် ဂျာမန်နှင့်ဘာသာတူ အသံကွဲ စကားကို ပြောဆိုကြသည်။


ထရပ်စဗူးမြို့သည် အယ်လဆက်နယ်တွင် အကြီးဆုံး မြို့ဖြစ်၍ ပြင်သစ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံ အသီး သီးသို့သွားရာ ခရီးလမ်းပေါ်တွင် ကျလျက်ရှိခြင်းကြောင့် စီးပွား ရေးနှင့် စစ်ရေးစစ်ရာအတွက် အရေးပါအရာရောက်သောမြို့ ဖြစ်သည်။ ၁၅၆၇ ခုနှစ်ကတည်ထောင်ခဲ့သော တက္ကသိုလ် ကျောင်းနှင့် ဂေါ့သဗိသုကာပုံစံ ကသီဒရယ် ဘုရားရှိခိုးကျောင်း တို့သည် ထင်ရှား၏။


လိုရိန်းနယ်သည် အရှေ့ဘက် ဗော့ဇတောင်တန်းမှ အနောက်ဘက် ရှမ်ပိန်းနယ်အထိ ကျယ်ပြန့်၍ ၁၂ ရာစုနှစ် ကတည်းက ပြင်သစ်တို့နှင့် တစ်သွေးတစ်သားတည်း အဖြစ် တည်ရှိခဲ့သော နယ်ဖြစ်သည်။ နယ်သားတို့သည် ပြင်သစ် ဘာသာစကားကိုပင် ပြောဆိုကြသည်။ သံနှင့် ကျောက်မီးသွေး ထွက်သည်။ အကြီးဆုံးမြို့မှာ မိုဇဲမြစ်ပေါ်ရှိ မက်ဇမြို့ဖြစ်သည်။ ရှေးအခါက ဥရောပတိုက်တွင် မင်းမူခဲ့ကြသော ဧကရာဇ်မင်းတို့သည် အယ်လဆက်နှင့် လိုရိန်းနယ်တို့ကိုအကြိမ် ကြိမ်ဝင်ရောက် သိမ်းပိုက်ခဲ့ကြပြီးနောက် ၁၇ ရာစုနှစ် ၁၄ ဆက်မြောက် လူဝီဘုရင် လက်ထက်၌ အယ်လဆက်နယ်သည် ပြင်သစ်ပိုင်နက်အတွင်းသို့ ရောက်ရှိခဲ့သည်။ သို့ရာတွင် ၁၈၇၁ ခုနှစ်၌ ဂျာမန်တို့က ထိုနယ်ကိုသိမ်းပိုက်ခဲ့လေသည်။ ပထမ ကမ္ဘာစစ် (၁၉၁၄·၁၉၁၈) ပြီးဆုံးသည့်နောက် အယ်လဆက် နှင့်လိုရိန်းနယ်များကို ပြင်သစ်နိုင်ငံက ပြန်၍ရရှိခဲ့လေသည်။


တစ်ဖန် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄ဝ ပြည့်နှစ်တွင် ဂျာမန် တို့က ပြင်သစ်နိုင်ငံကို သိမ်းပိုက်ခဲ့ကြသဖြင့် အယ်လဆက် လိုရိန်းနယ်သည်လည်း ဂျာမန်တို့၏လက်အောက်သို့ ကျရောက် ခဲ့လေသည်။ ၁၉၄၅ ခုနှစ်တွင် ဂျာမန်တို့စစ်ရှူံးသဖြင့် ထို နယ်မြေကို ပြင်သစ်တို့လက်သို့ ပြန်၍ပေးအပ်ခဲ့ရလေသည်။ ယခုအခါ အယ်လဆက်နယ်ကို ခရိုင်နှစ်ခုခွဲထားရာ အထက်ပိုင်းရိုင်းခရိုင်နှင့် အောက်ပိုင်းရိုင်း ခရိုင်ဟူ၍ ဖြစ်သည်။ လူဦးရေမှာ အထက်ပိုင်းရိုင်းခရိုင်တွင် ၅၈၅၄၁၈ (၁၉၆၈) ယောက်ရှိ၍၊ အောက်ပိုင်းခရိုင်တွင် ၈၂၇၃၆၇ (၁၉၆၈)ယောက် ရှိသည်။ လိုရိန်းနယ်မှာ မိုဇဲခရိုင်ဖြစ်နေရာ လူဦးရေ ၉၇၁၃၁၄ (၁၉၆၈) ယောက် နေထိုင်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)