အယ်လက်ဇန္ဒာ၊ လော့

ဝီကီပီးဒီးယား မှ

အားဘွဲ့ရ ဟဲရိုးရူးပတ် လီယိုမရစ် ဂျော့ အယ်လက်ဇန္ဒာသည် ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များကို ဥရောပတိုက် ဒန်းကတ်ဆိပ်ကမ်းမှ ဆုတ်ခွာရာ၌လည်းကောင်း၊ ဗြိတိသျှတပ် များကို မြန်မာနိုင်ငံမှ ဆုတ်ခွာရာ၌လည်းကောင်း စီမံခန့်ခွဲခဲ့ရ သော ဗိုလ်ချုပ်ဖြစ်သည်။


အယ်လက်ဇန္ဒာသည် စတုတ္ထကယ်လီဒွန် အားဘွဲ့ရ မှူးမတ်ကြီး၏ တတိယသားဖြစ်၍ ၁၈၉၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အိုင်ယာလန်မြောက်ပိုင်းနယ် တိုင်ရုန်းခရိုင် ကယ်လီဒွန် ရဲတိုက်၌ ဖွားမြင်သည်။ ဟဲရိုးကျောင်းတွင် ပညာသင်ကြားပြီးနောက် ဆင်ဟတ်စစ်တက္ကသိုလ်သို့ သွား ရောက်၍ စစ်ပညာကို သင်ယူခဲ့လေသည်။ ၁၉၁၁ ခုနှစ်တွင် အိုင်းရစ်တပ်ဖွဲ့၌ အရာရှိကလေးအဖြစ် ဝင်ရောက်၍ စစ်မှုထမ်း သည်။ ပထမကမ္ဘာစစ်အတွင်းက အယ်လက်ဇန္ဒာသည် ပြင်သစ် နိုင်ငံတွင်တပ်ရင်းမှူးအဖြစ်ဖြင့် ရန်သူကိုတိုက်ခိုက်ခဲ့ရာ၌ ထူးချွန် သော စွမ်းရည်သတ္တိကြောင့် ဒီ၊ အက်စ၊ အို ဘွဲ့တံဆိပ်နှင့် အမ်၊ စီ ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းခံရသည်။


၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူးအဆင့်သို့ တိုးတက် ခန့်အပ်ခြင်းခံရ၍ တပ်မဟာ ၁ ကို အုပ်ချုပ်ရသည်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ပွားသောအခါ ဗိုလ်ချုပ်အယ်လက်ဇန္ဒာသည် တပ် မဟာ ၁ ကို ဦးစီး၍ ပြင်သစ်နိုင်ငံသို့ စစ်ထွက်ခဲ့လေသည်။ ၁၉၄ဝ ပြည့်နှစ်တွင် ပြင်သစ်နိုင်ငံနှင့် ဘယ်လဂျီယန်နိုင်ငံတို့၌ ဂျာမန်တပ်များနှင့် ဆိုင်၍တိုက်ခိုက်ခဲ့သည်။ ထိုနှစ် မေလ ၃ဝ ရက်နေ့တွင် ဂျာမန်တို့၏ ထိုးစစ်ဒဏ်ကြောင့် ပြင်သစ်နိုင်ငံ မြောက်ပိုင်းရှိ ဒန်းကတ်မြို့သို့ဆုတ်ခွာလာရသော မဟာမိတ် တပ်များကို အုပ်ချုပ်ရန် လော့ဂေါ့ထံမှ တာဝန်လွှဲပြောင်းယူ၍ ရနိုင်သမျှသော ရေယာဉ်အမျိုးမျိုးတို့ဖြင့် ရန်သူတို့၏ ပြင်းထန် သောတိုက်ခိုက်မှုအကြားမှ တပ်သားပေါင်းများစွာကို အင်္ဂလန် ကမ်းခြေဘက်သို့ အောင်မြင်စွာသယ်ယူ ပို့ဆောင်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် တစ်ဖန် ဗိုလ်ချုပ်အယ်လက်ဇန္ဒာသည် ဗြိတိသျှတပ်များကို အင်အားချင်းမမျှ၍ မြန်မာနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့ အောင်မြင်စွာဆုတ်ခွာနိုင်ရန်အတွက် တာဝန်ယူရပြန် လေသည်။


ထိုနှစ်ဩဂုတ်လတွင် အာဖရိကမြောက်ပိုင်း၌ ဂျာမန် နှင့် အီတာလျံတပ်များသည် အီဂျစ်နိုင်ငံ အယ်လက်ဇန္ဒြီးယားမြို့ အနီးသို့ချဉ်းကပ်လာသဖြင့် ဗိုလ်ချုပ်အယ်လက်ဇန္ဒာကို ဗြိတိသျှ တပ်၏ သေနာပတိအဖြစ် စေလွှတ်ခဲ့သည်။ ဗိုလ်ချုပ် အယ်လက်ဇန္ဒာသည် ဝင်ရိုးတန်းနိုင်ငံမှ တပ်များကို အီဂျစ် နိုင်ငံမှလည်းကောင်း၊ လစ်ဗျနိုင်ငံမှလည်းကောင်း အောင်မြင်စွာ တိုက်ခိုက်နှင်ထုတ်ခဲ့လေသည်။ ထိုနောက် ဗိုလ်ချုပ်အိုင်ဆင် ဟောင်းဝါးလက်အောက်တွင် မဟာမိတ်တပ်များ၏ ဒုတိယ သေနာပတိအဖြစ် ဆောင်ရွက်ရ၍ တျူနစ်ဇီးယားနိုင်ငံသို့ ဆုတ်ခွာလာခဲ့သော ဝင်ရိုးတန်းနိုင်ငံမှတပ်များကို တိုက်ခိုက် အောင်မြင်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ် အယ်လက်ဇန္ဒာသည် အမှတ် ၁၅ တပ်စုကိုဦးစီး၍ စစ္စလီကျွန်း ပေါ်သို့လည်းကောင်း၊ စက်တင်ဘာလတွင် အီတလီပြည်မပေါ် သို့လည်းကောင်း တက်ရောက်ခဲ့သည်။ မဟာမိတ်တပ်များလက် သို့ ရောမမြို့တော်ကျသော ၁၉၄၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ တွင် ဗိုလ်ချုပ်အယ်လက်ဇန္ဒာကို ဖီးမာရှယ်ရာထူးအဆင့်သို့ တိုးမြှင့် ပေးပြီးလျှင် အီတလီနိုင်ငံရှိ မဟာမိတ်တပ်များကို ကွပ်ကဲရန် တာဝန်လွှဲအပ်ပေးလေသည်။ ထိုနှစ် နိုဝင်ဘာ လတွင် ဖီးမာရှယ် အယ်လက်ဇန္ဒာသည် မြေထဲပင်လယ် စစ်မျက်နှာရှိ မဟာမိတ်တပ်များအတွက် သေနာပတိချုပ်အဖြစ် ဆောင်ရွက်ရသည်။


ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖီးမာရှယ်အယ်လက်ဇန္ဒာအား ဗိုင်းကောင့်ဘွဲ့ဖြင့် သူကောင်းပြုချီးမြှင့်ပြီးလျှင် ဧပြီလ၌ ကနေဒါနိုင်ငံ ဘုရင်ခံချုပ်အဖြစ် ခန့်အပ်ခဲ့လေသည်။ ၁၉၅၂ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ဗြိတိသျှအစိုးရအဖွဲ့တွင် ကာကွယ် ရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ၁၉၅၂ ခုနှစ်တွင် အားဘွဲ့ ချီးမြှင့်ခြင်း ခံရလေသည်။ ၁၉၆၉ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)