အယ်လက်ဇန္ဒာဘုရင်(ယူဂိုဆလားဗီးယား)

ဝီကီပီးဒီးယား မှ

အယ်လက်ဇန္ဒာဘုရင်(ယူဂိုဆလားဗီးယား)(ခရစ်၁၈၈၈-၁၉၃၄)[ပြင်ဆင်ရန်]

ပထမအယ်လက်ဇန္ဒာဘုရင်သည် ဆားဗီးယားပြည့်ရှင် ပီတာ ဘုရင်၏ ဒုတိယသားတော်ဖြစ်၍ ၁၈၈၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖွားမြင်သည်။ နောင်တော်အိမ်ရှေ့မင်းသား ဂျော့သည် ထီးမွေနန်းမွေကိုစွန့်လွှတ်သဖြင့် အယ်လက်ဇန္ဒာ သည် နန်းလျာဖြစ်လာလေသည်။ ငယ်စဉ်က ဂျီနီးဗားမြို့နှင့် ရုရှနိုင်ငံ ၏မြို့ဟောင်းဖြစ်သော လီနင်ဂရက်မြို့တို့တွင် ပညာဆည်းပူးခဲ့ရ သည်။ ၁၉၁၂ ခုနှစ်တွင် ဗော်လကန်စစ်ပွဲ ဖြစ်ပွားသောအခါ ဆားဗီးယားတပ်ကိုဦးစီး၍ တူရကီနှင့် ဗူလဂေးရီးယန်းစစ်တပ် များကို တိုက်ခိုက်သည်။ ၁၉၁၄ ခုနှစ်တွင် ခမည်းတော် နာမကျန်းဖြစ်သောကြောင့် နန်းစောင့်အဖြစ် ဆားဗီးယားပြည်ကို အုပ်ချုပ်ရလေသည်။

ပထမကမ္ဘာစစ်အတွင်းက အယ်လက်ဇန္ဒာသည် ဆားဗီးယားတပ် များ၏ သေနာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် ခမည်းတော် ပီတာဘုရင် ကွယ်လွန် သောအခါ အယ်လက်ဇန္ဒာသည် ဆားဗီးယား၊ ဆလိုဗင်းနီးယား နှင့် ကရိုအေးရှားပြည်များကို စည်းရုံးပူးပေါင်း၍ ဖြစ်ပေါ်လာ သော ယူဂိုစလားဗီးယားနိုင်ငံသစ်၏ ဘုရင်ဖြစ်လာလေသည်။ ၁၉၂၂ ခုနှစ်တွင် အယ်လက်ဇန္ဒာဘုရင်သည် ရူမေးနီးယား ဘုရင်၏ သမီးတော်နှင့် လက်ထပ်ခဲ့သည်။


အယ်လက်ဇန္ဒာဘုရင်လက်ထက်တွင် ပြည်တွင်းနိုင်ငံ ရေး လှုပ်ရှားမှုများဖြစ်ပေါ်လာရာ စည်းလုံးညီညွတ်ရေး ပျက်စီး မည့်အခြေသို့ ဆိုက်ရောက်လာလေသည်။ ထို့ကြောင့် ၁၉၂၉ ခုနှစ်တွင် ဘုရင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်၍ အာဏာရှင်အဖြစ် နိုင်ငံကိုအုပ်ချုပ်သည်။ ၁၉၃၁ ခုနှစ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ကြေညာ၍ အုပ်ချုပ်ရေးစံနစ်ကို ပြောင်းလဲခဲ့သော်လည်း ပြည်တွင်းဆူပူမှုများမှာ မပြေလည်ချေ။ အထူးသဖြင့် ကရိုးအက်လူမျိုးတို့က ဘုရင်၏အုပ်ချုပ်ပုံကို မကျေနပ်ကြချေ။

၁၉၃၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အယ်လက်ဇန္ဒာဘုရင်သည် ပြင်သစ်နိုင်ငံ မာဆေးမြို့သို့ ဆိုက် ရောက်လာစဉ် မိမိနိုင်ငံသား ကရိုးအက်လူမျိုးတစ်ယောက်က သေနတ်နှင့်ပစ်၍လုပ်ကြံသဖြင့် ဘုရင်နှင့်တကွ အတူပါလာ သော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အမ်၊ဗားတူးလည်း ကျဆုံးခဲ့ ရလေသည်။ ထိုအခါ ၁၁ နှစ်အရွယ်ရှိ သားတော်ပီတာက ခမည်းတော်၏ ညီတော်ဝမ်းကွဲ ပေါမင်းသားကို ရင်ခွင်ပိုက် အုပ်စိုးစေကာ ယူဂိုစလားဗီးယားနိုင်ငံ၏ ထီးနန်းကိုဆက်ခံလေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)