အယ်ရစ္စတော့ဖနီး

ဝီကီပီးဒီးယား မှ

အယ်ရစ္စ တော့ဖနီး(ဘီစီ ၄၄၆ ခန့်-၃၈၇ ခန့်)သည် ထင်ရှားသော ဂရိပြဇာတ်ရေးဆရာ ဖြစ်သည်။ သူရေးသော ပြဇာတ်များမှာ အသောပြဇာတ်များဖြစ်၍ ထိုခေတ် က အေသင်မြို့တွင် တွေ့ကြုံရသော နိုင်ငံရေးနှင့် လူမှုဆက်ဆံရေး အခြေအနေတို့ကို သရုပ်ဖော်ထားသည်။ အယ်ရစ္စတော့ဖနီး ရေးခဲ့သည့် အသောပြဇာတ် ၅၄ ပုဒ်အနက် ၁၁ ပုဒ်သာ ယခု ထက်တိုင် ကျန်ရစ်လေသည်။

အယ်ရစ္စတော့ဖနီး မွေးဖွားသည့်ခုနှစ်ကိုလည်းကောင်း၊ ကွယ်လွန်သည့် ခုနှစ်ကိုလည်းကောင်း အသေအချာ မသိရချေ။ သူ၏ ဇာတိနေရပ်သည်လည်း အီဂျိုင်းနားကျွန်းဖြစ်မည်ဟု ထင်ရသည်။ သူ၏ အတွေးအခေါ်များသည် အလွန်ရှေးဆန်သဖြင့် ခေတ်ဆန်သမျှတို့ကို မုန်းတီးသည်။ ထို့ကြောင့် တိမ်တိုက်များ အမည်ရှိ ပြဇာတ်တွင် ဂရိပညာရှင် ဆိုကရေးတီး၏ ပညာရေးအယူအဆသစ်ကို လှောင်ပြောင်ခဲ့သည်။ ဖားများ အမည်ရှိပြဇာတ်တွင်လည်း အလွမ်းပြဇာတ် ဆရာ ယူရစ်ပီးဒီးကို သရော်ခဲ့သည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အမျိုးသမီးများဝင်ရောက်ရေး၊ ဆိုရှယ်လစ်အယူအဆအစရှိသော ထိုခေတ်တိုးတက်မှုတို့ကို မကြိုက်မနှစ်သက်သူ ဖြစ်သည့်အလျောက် မိမိရေးသောပြဇာတ်များ၌ အပြောင်အလှောင် အသောအရွှမ်းတို့ဖြင့် သရော်ခဲ့လေသည်။


အယ်ရစ္စတော့ဖနီးရေးသော ပြဇာတ်များသည်များသော အားဖြင့် ပါဝင်သီဆိုကပြသူတို့ သရုပ်ဆောင်သည့် ပုံသဏ္ဌာန်ကိုလိုက်၍အမည်တွင်ခဲ့သည်။ ထို့ကြောင့် ထင်ရှားသောပြဇာတ်အချို့၌ အမည်များမှာ နိုက်သူရဲကောင်းများ၊ တိမ်တိုက်များ၊ နကျယ်ကောင်များ၊ ငှက်များ၊ ဖားများဟူ၍ ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)