အမွှေးနံ့သာ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အီဂျစ်၊ ဗက်ဗီလုံးနှင့် တိုင်ယာစသော တိုင်းပြည်များ ကောင်း စားစဉ်ကပင် နံ့သာမွေး၊ လောဗန်စသည့် အမွှေးနံ့သာများဖြင့် နတ်များကို တင်မြေ|ာက်ပသခဲ့ကြ၏။ ရှေးအခါက အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ ပါးရှားနိုင်ငံတို့ရှိ ဘုရားရှိခိုးကျောင်းများ၌ အမွှေး နံ့သာတို့ဖြင့် သင်းပျံ့လျက်ရှိခဲ့ကြသည်။ မိုးမ္ဘက်လက်ထက် တွင် ဂျီဟိုဗာဘုရားအား အမွှေးနံ့သာများဖြင့် ပူဇော်ခဲ့ကြသည် ဟု အမှတ်အသားများ ရှိလေသည်။ ကမ္ဘာ့အရှေ့ပိုင်း ရှေး ယဉ်ကျေးမှုတည်တံ့ရာ ဒေသများမှ အမွှေးနံ့သာ ပုလင်းများကို တူးဖော် ရရှိခဲ့ကြသည်။ ထိုခေတ်အခါက ထွန်းကာခဲ့သည့် စာပေများတွင် လူတို့သည် အမွှေးနံ့သာများ ပြုလုပ်တတ်ကြပုံ ကိုလည်းကောင်း၊ အမွှေးနံ့သာများကို အမြတ်တနိုး သုံးစွဲခဲ့ကြ ပုံကိုလည်းကောင်း တွေ့ရှိကြရ၏။ အလယ်ခေတ်တွင် အာရပ် တို့သည် အမွှေးနံ့သာများပြုလုပ်ရာ၌ အလွန် ထင်ရှား ကျော်ကြားခဲ့ကြသည်။ ရှေးအခါက အမွှေးနံ့သာများကို သုံးစွဲ ကြခြင်းမှာ မီးရှို့၍ ယဇ်နတ်ပူဇော်ရာမှ ထွက်ပေါ်လာသည့်အနံ့ ကို ပပျောက်သွားစေရန် ရည်ရွယ်ရင်း ဖြစ်ဟန်တူသည်။ နောင် အခါ သင်းပျံ့သောအနံ့ကြောင့် အမွှေးနံ့သာများကို လူအများ နှစ်သက်လာကြသည်။ အမွှေးနံ့သာများကို မီးရှို့ပူဇော်ခြင်းမှာ စင်ကြယ်သော အထိမ်းအမှတ်ဖြစ်၍ ယခုအခါ အယူဝါဒတိုင်း၌ လိုလိုပင် မိမိတို့ အယူဝါဒအလျောက် ပူဇော်ပသကြရာတွင် အမွှေးတိုင်၊ လောဗန် စသည်များကို သုံးစွဲလေ့ ရှိကြသည်။

ယခုခေတ်တွင် အသုံးပြုလျက်ရှိသော အမွှေးနံ့သာများကိ များသောအားဖြင့် ပန်းပွင့်များမှ ရရှိကြသည်။ အမွှေးနံ့သာ ပြုလုပ်ရာ၌ ပထမအပွင့်များမှ အဆီကို ထုတ်ယူရ၏။ ထိုနောက် ဤအဆီကို အလွယ်တကူ လွင့်ထွက်မသွားအောင် စီမံပေးကြရ၏။ ယခုအခါ ဓာတုဗေဒပညာမှာ အလွန်ထွန်းကား ခဲ့သည့်အလျောက် သိပ္ပံပညာရှင်များသည် အပွင့်မှ ရရှိသော အမွှေးနံ့သာများနှင့် ဆင်တူရိုးမှား ဖြစ်သည့် အမွှေးနံ့သာများကို ဓာတ်ခွဲခန်း၌ ချက်လုပ်ယူနိုင်ကြပြီဖြစ်၏။ သို့သော် အမွှေး နံ့သာများကို စပ်ယူရသည့် လုပ်ငန်းမှာ ထင်သလောက် မလွယ်ကူသောကြောင့် တစ်ကြောင်း၊ အသုံးပြုသည့်ပစ္စည်းများ တွင် အညစ်အကြေးများ ကင်းစင်ရန် ခဲယဉ်းသောကြောင့် တစ်ကြောင်း လူတို့ စီမံယူသော အမွှေးနံ့သာများသည် ပန်း များမှ ရရှိသည့် အမွှေးနံ့သာများလောက် မကောင်းသေးချေ။ အမွှေးနံ့သာများကို ပွင့်ဖတ်မှ ထုတ်ယူကြရ၏။ အပွင့် တစ်ပွင့်တွင် ပါသည့်အမွှေးနံ့သာမှာ အလွန်နည်းသောကြောင့် တစ်အောင်စခန့် ရရှိရန် အသုံးပြုရသော အပွင့်စုစုပေါင်းမှာ အလေးချိန်အားဖြင့် ပေါင် ၂၅ဝ ခန့်ရှိ၏။ အမွှေးနံ့သာတို့ကို အပွင့်တစ်ခုတည်းမှသာ ရရှိခြင်း မဟုတ်ပေ။ လိ်မ်မော်ပင်တွင် လိမ်မော်ခွံမှ ရရှိ၏။ သစ်ကြံပိုးပင်တွင် အခေါက်များမှလည်း ကောင်း၊ ကရဝေးနှင့် ဇာတိပ္ဖိုလ်ပင်တွင် အစေ့များမှလည်း ကောင်း၊ ကရမက်ပင်တွင် ပင်စည်၊ သို့မဟုတ် အမြစ်များမှ လည်းကောင်း ရရှိကြ၏။ အမွှေးနံ့သာများကို ထုတ်ယူရာတွင် အငွေ့ပျံ့တက်၍ ဆုံးရှုံးမှု မရှိရအောင် အထူးဂရုစိုက်ကြရ၏။ နှင်းဆီပန်းများမှ အဆီကို ထုတ်ယူသည့် လုပ်ငန်းတွင် ပထမ ပန်းများကို ဤကိစ္စအတွက် အထူးသီးသန့်စိုက်ပျိုးကြရ၏။ အပွင့်များ မွှေးကြိုင်လာသောအခါ ခူး၍ ပေါင်းအိုးတွင် ထည့် ပြီးလျှင် ရေနွေးငွေ့ လွှတ်ပေးသည်။ ထိုအခါ အပွင့်တွင် ကိန်း အောင်းနေသည့် အဆီသည် အပူကြောင့် အငွေ့ပျံတက်သွား၍ ရေနွေးငွေ့နှင့် ရောပါသွားသည်။ ရေငွေ့ကို အအေးခံလိုက်သော အခါ ရေအဖြစ်သို့ စုရုံးသွား၍ နှင်းဆီပွင့်မှ အဆီစုပင် ဖြစ်၏။ နှင်းဆီ အဆီတစ်ပေါင် ရရှိအောင် မြေတစ်ဧကမှ ထွက်သော နှင်းဆီပွင့်များကို အဆီထုတ်ယူရ၏။ နှင်းဆီ အဆီသည် အလွန်သတ္တိပြင်းသဖြင့် တစ်ဂါလန်ခန့် ရှိသော ရေမွှေးကို ပြုလုပ်ရာ၌ အစက်တစ်စက်မျှသာ ထည့်ပေးရန် လိုလေသည်။ အခြားပန်းပွင့်များတွင်လည်း များသောအားဖြင့် ဤနည်းကို အသုံးပြုကြသည်။ သို့သော် စံပယ်ပန်းနှင့် နှင်းပန်းတို့သည် အလွန်နုနယ်သဖြင့် ရေနွေးငွေ့ဖြင် အဆီထုတ်ယူသောအခါ ပျက်စီးသွားကြ၏။ ဤသို့ နုနယ်သော ပန်းမျိုးမှ အဆီကို အခြားတစ်နည်းဖြင့် ထုတ်ယူနိုင်သည်။ ထိုနည်းတွင် အမဲဆီ ကဲ့သို့ အဆီသည် အနံ့များကို ထိန်းသိမ်းထားနိုင်သည်ဟူသော အချက်ကို အသုံးပြုသည်။ အသုံးပြုပုံမှာ မှန်များတွင် အမဲဆီ၊ သို့မဟုတ် ဝက်ဆီကဲ့သို့သော အဆီများကို သုတ်လိမ်း၍ ထောင်ထားပြီးလျှင် မှန်ချပ်ကြား၌ ပန်းများကို ထည့်ထား၏။ အဆီက ပန်းများမှ အနံ့ကို စုတ်ယူပြီးသောအခါ ပန်းဟောင်း များကို ဖယ်ရှား ပစ်ပြီးလျှင် ပန်းသစ်များကို ထည့်ပေးရသည်။ ဤသို့ အနံ့ကို စုတ်ယူပြီးစီးရန် အချိန်မှာ နာရီအနည်းငယ် ကြာ၏။ မှန်၌ သုတ်လိမ်းထားသည့် အဆီတွင် ပန်းနံ့ ပြည့်ဝ လာသောအခါ ထိုအဆီကို ခြစ်ယူ၍ ဓာတုဗေဒနည်းဖြင့် ပြုပြင် ပေးပြီးလျှင် ပန်း၏ အဆီကို ထုတ်ယူသည်။ အမဲဆီကဲ့သို့သော အဆီများကို အသုံးပြု၍ ထုတ်ယူသည့် နည်းတွင် အအေးနည်းနှင့် အပူနည်းဟူ၍ နှစ်မျိုးရှိရာ အထက် ပါနည်းမှာ အအေးနည်း ဖြစ်သည်။ ဒုတိယနည်းဖြစ်သော အပူ နည်းတွင် ပန်းများကို ချည်အိတ်များတွင် ထည့်၍ ဒီကရီ ၁၂ဝ တိုင်အောင် အပူတိုက်ပေးထားသည့် အမဲဆီ၊ သို့မဟုတ် ဝက် ဆီအိုး များပေါ်၌ ချိတ်ဆွဲထားရ၏။ ပထမနည်းကဲ့သို့ အဆီ သည် ပန်းမှ အနံ့ကို စုတ်ယူလိုက်ပြီးနောက် ထိုအဆီကို တစ်ဖန် ပြုပြင်ပေးသောအခါ ပန်း၏အဆီကို ရရှိလေသည်။ အခြားထုတ်ယူနည်းတစ်နည်းမှာ အယ်လကိုဟောဖြင့် ထုတ် ယူနည်း ဖြစ်သည်။ ထုတ်ယူပုံမှာ ပန်းပွင့်များကို ချေ၍ အယ် လကိုဟောဖြင် ရောပေးသောအခါ အဆီသည် အယ်လကိုဟော တွင် ပျော်ဝင်သွားသည်။ ထိုအယ်လကိုဟောကို တစ်ဖန် တစ်မျိုးတစ်ဖုံ စီမံပေးသောအခါ ပန်း၏ အဆီကို ရသည်။ အိုင်ရစ်ပန်းမှ အမွှေးနံ့သာများကို ဤနည်းဖြင့်ထုတ်ယူသည်။ ရှောက်သီး၊ လိမ်မော်သီးများမှ အဆီကို ထုတ်ယူသောအခါ ည|စ်၍ ထုတ်ယူကြသည်။

ပန်းများမှ အဆီကို ဤနည်းများဖြင့် ထုတ်ယူပြီးရုံမျှနှင့် အမွှေးနံ့သာလုပ်ငန်းမှာ ဆုံးခန်းတိုင် မရောက်သေးပေ။ ထို အဆီများမှာ အလွန်ထက်မြက်ပြီးလျှင် အနံ့ပြင်း၏။ ပုံစံ အားဖြင့်ဆိုလျှင် နှင်းဆီမှ ရရှိသည့် အဆီစစ်စစ် အနံ့သည် မခံမရပ်နိုင်အောင် စူးရှ၏။ ထိုအတူ အခြားပန်းများစွာမှ အဆီ တို့၏ အနံ့သည်လည်း ဤအတိုင်းပင် ဖြစ်သည်။ ထိုကြောင့် ပန်းများမှ ရရှိသည့်အဆီများကို ပေါ့သွားအောင် အခြား ပစ္စည်း များဖြင့် ရောပေးကြရ၏။ အဖိုးအတန်ဆုံး ရေမွှေးများမှပင်လျှင် ပန်းမှရရှိသည့်အဆီစစ်စစ် အနည်းငယ်မျှသာ ပါ၏။ အပေါစား ရေမွှေးများတွင်မူကား ဓာတုဗေဒနည်းဖြင့် ချက်ယူသော အဆီ များကိုသာ အသုံးပြုကြသဖြင့် ပန်းအဆီဟူ၍ လုံးဝ မပါရှိပေ။ အမျိုးကောင်း အမွှေးနံ့သာများကို ပြုလုပ်ရာ၌ အသုံးပြုလေ့ ရှိသော နည်းများမှာ ထူးဆန်း၍ ငွေကုန်ကြေးကျများသော နည်းများဖြစ်၏။ အမွှေးနံ့သာများမှ အနံ့ ရုတ်တစ်ရက် ပျက် မသွားရန် အပင်အဆီအမျိုးမျိုးနှင့် ကော်အမျိုးမျိုးကို အသုံးပြု ကြရ၏။ ထိုပစ္စည်းများကို ရေမွှေးလုပ်ငန်းအတွက် အထူး သီးသန့် ပြုလုပ်ထားသောကြောင့် ပန်း၏အနံ့ဖြင့် ရောထွေး သွားခြင်း မရှိချေ။တစ်ခါတစ်ရံ ကတိုးကောင်မှ ရရှိသည့် ကတိုးကို ထည့် သွင်း အသုံးပြုကြ၏။


ကတိုးကောင်ကိုအာရှတိုက် အလယ်ပိုင်း၊ အထူးသဖြင့် ဟိမဝန္တာ တောင်တွင် တွေ့ရှိကြရ၏။ အထီး၏ ကိုယ်ခန္ဓာတွင် အိတ်ငယ် တစ်အိတ်အတွင်း၌ မွှေးကြိုင်သော ပစ္စည်းတစ်မျိုးပါရှိသည်။ ထို ပစ္စည်းကို အမွှေးနံ့သာများ ပြုလုပ်ရာ၌ အသုံးပြု၏။ ဤ တိရစ္ဆာန်များသည် တဖြည်းဖြည်း ရှားလာပြီဖြစ်၍ ယခုအခါ ကတိုးကို အဖိုးကြီးပေး၍ ဝယ်ယူကြရလေသည်။ အာရှတိုက် အလယ်ပိုင်းဒေသတွင် နေထိုင်ကြသော သူတို့သည် ကတိုးကို အတွင်းမှ ခဲပြားခံထားသည့် သေတ္တာငယ်များတွင် ထည့်၍ အမွှေးအကြိုင်ပြုလုပ်သော တိုင်းပြည်များသို့ တင်ပို့ရောင်းချ လေ့ရှိ၏။ ကမ္ဘာပေါ်တွင် အဖိုးအတန်ဆုံး ရေမွှေးသည် ငါးကြီး အံဖတ်ပါရှိသော ရေမွှေး ဖြစ်၏။ ငါကြီးအံဖတ်သည် ဖယောင်း နှင့်သဏ္ဌာန်တူ၏။ အရောင်မှ မွဲပြာရောင်ဖြစ်၍ ကြည့် မကောင်းသော ပစ္စည်းများ ဖြစ်၏။ ထိုအံဖတ်ကို မမာမကျန်း သော ဝေလငါးကို ရှာဖွေ ဖမ်းဆီးရန်ကိစ္စမှာ မလွယ်ကူသော ကြောင့် ဤပစ္စည်းသည် အချိန်မရွေး ရရှိနိုင်သော ပစ္စည်းမျိုး မဟုတ်ချေ။ အိန္ဒိယ သမုဒ္ဒရာနှင့် အခြား အပူပိုင်းဒေသရှိ ပင်လယ်ရေပြင်ကြီးများတွင် ပေါလောမျောနေသော ငါးကြီး အံ့ဖတ်တို့ကို မကြာခဏ တွေ့ကြရ၏။ တစ်ခါတစ်ရံ ရေပေါ် တွင်မျော၍ တွေ့ရသော ငါးကြီးအံဖတ်မှာ ပေါင် ၂ဝဝ အထိ ပင် အလေးချိန် စီးတတ်၏။ သို့သော် ဤသို့ ရရှိရန် အလွန် ခဲယဉ်းသောကြောင့် ငါးကြီးအံဖတ်မှာ အလွန် အဖိုးတန်၏။ တစ်ခါက ၂၄၈ ပေါင် စီးသည့် ငါးကြီးအံဖတ်တစ်တုံးကို ပြင်သစ်နိုင်ငံမှ အမွှေးနံ့သာ လုပ်ငန်းပိုင်ရှင်တစ်ဦးက ဒေါ်လာ ၆၆ဝဝဝ ပေး၍ ဝယ်ခဲ့ဘူးလေသည်။


ပြင်သစ်နိုင်ငံသည် အမွှေးနံ့သာ ပြုလုပ်ရာ၌ ကမ္ဘာပေါ်တွင် အကျော်ဆုံးနိုင်ငံ ဖြစ်၏။ နီးစ၊ ကန်းနှင့် ဂရပ်မြို့များ၏ ပတ်ဝန်းကျင်တွင်ရှိသည့် ကွင်းများ၌ ကမ္ဘာပေါ်တွင် နာမည် ကျော် အမွှေးနံ့သာများကို ပြုလုပ်ရန် ပန်းများကို စိုက်ပျိုး ထားသဖြင့် ထိုနေရာတစ်ဝိုက်တွင် သင်းပျံ့သော အနံ့ဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ ကမ္ဘာပေါ်တွင် ထိုအရပ်ဒေသျားထက် သာယာပြီးလျှင် စိတ်ဝင်စားဖွယ်ကောင်းသော အရပ်ဒေသဟူ၍ အလွန် ရှားသည်။ ပန်းအဆီမှ အမွှေးနံ့သာ ပြုလုပ်ယူသော လုပ်ငန်းသည် အတတ်ပညာတစ်ရပ်ပင် ဖြစ်၏။ အမျိုးကောင်း သော အမွှေးနံ့သာများ ပြုလုပ်သူတိုင်း၌ လျှို့ဝှက်သည့်နည်းများ ရှိ၏။ ထိုနည်းများကို အဖမှ သား၊ သားမှ မြေး၊ မြေးမှ မြစ် အစရှိသည့်ဖြင့် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့် ကမ်းခဲ့ကြ၏။ ပန်းများမှ အဆီထုတ် ယူနည်းနှင့် ထိုအဆီမှ တစ်ဖန် အမွှေးနံ့သာ ပြုလုပ်ယူနည်းတွင် ပြင်သစ်လူမျိုးတို့ သည် ပြိုင်ဘက်ကင်းအောင် အထူးကျွမ်းကျင် တတ်မြောက်ကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)