အမြိတ်ပန်းထည်
အမြိတ်ပန်းထည်
[ပြင်ဆင်ရန်]မြန်မာ့အနုပညာရပ်တွင် အမြိတ်ပန်းထည် ရက်လုပ်ခြင်း အတတ်သည် သီးခြား ထင်ရှားခြင်း မရှိခဲ့သော်လည်း မြန်မာ ရက်ကန်းအတတ်တွင် အမြိတ်ဆင်အချိတ်ဆင်များ၊ ရွှေချည်ထိုး ငွေချည်ထိုး အထည်များသည် အထူးထင်ရှားခဲ့ပေသည်။ မြန်မာ ရက်ကန်းအတတ်တွင် အမြိတ်ကောက်ခြင်း၊ အချိတ်ကောက် ခြင်းတို့သည်လည်း အမြိတ်ပန်းထည်ရက်လုပ်ခြင်းနှင့် များစွာ နီးစပ်ပေသည်။
အမြိတ်ပန်းမှာ အထည်တွင် ရက်ရိုးတိုင်ချည်၊ ဖောက်ချည် များဖြင့် ရိုးရိုးရက်လုပ်သကဲ့သို့ မဟုတ်ပဲ တိုင်ချည်တွင် အဆင်စုံအသွေးစုံချည်များဖြင့် လိုရာပုံစံကို ကောက်၍ ယူခြင်း ပင် ဖြစ်ပေသည်။ မြန်မာတို့၏ အမြိတ်ထည် အချိတ်ထည် များမှာ များသောအားဖြင့် မင်းသုံးပိုးသားပုဆိုးများ၊ ထဘီများ သာဖြစ်၍ အနောက်တိုင်း အမြိတ်ပန်းထည်များမှာ ထိုသို့ မဟုတ်ချေ။ နန်းတော်အိမ်တော်စသည့် ခန့်ညားသော အဆောက်အအုံကြီးများ၏ အတွင်းခန်းနံရံတို့တွင် အလှအပ ချိတ်ဆွဲထားသော ကန့်လန့်ကာကြီးများ ဖြစ်၏။ သဘောချင်း တူသော်လည်း အနောက်တိုင်းအမြိတ်ပန်းထည်ကြီးများသည် မြန်မာ့အသုံးအဆောင်တို့တွင် ပန်းချီကားကြီး များ၊သို့မဟုတ် အခင်းကော်ဇောကြီးများသဖွယ်သာ ဖြစ်ပေလိမ်မည်။ အဘယ် ကြောင့်ဆိုသော် မြန်မာတို့တွင် နံရံကို အမြိတ်ပန်းကန့်လန့်ကာ ဖြင့် အုပ်သော အလေ့အထ များစွာ မရှိခဲ့သောကြောင့် ဖြစ်၏။ အနောက်တိုင်း ရှေးအခါက ဆောက်လုပ်ခဲ့သော ရဲတိုက် နန်းတော်စသည့် အဆောက်အအုံကြီးများတွင် နံရံများသည် ချောမွေ့ညီညာခြင်း မရှိခဲ့သေး၍ ထိုသို့ မညီညာသော နံရံ များကို ဖုံးကွယ်ထားရန် နံရံပြည့် ပန်းချီကားကြီးများ၊ အဆိုပါ အမြိတ်ပန်းထည်ကြီးများကို သုံးကြသည်။ ထိုကြောင့် အနောက် တိုင်း အမြိတ်ပန်းထည်ကြီးများသည် အနုပညာရပ်တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရပ်များကဲ့သို့ပင် အရေးပါအရာရောက်ခဲ့ ခြင်း ဖြစ်ပေသည်။
မြန်မာ့ရက်ကန်းအတတ်တွင် အမြိတ်ကောက်အတတ်ကို အလွန်ကျွမ်းကျင်တတ်မြောက်သော ရက်ကန်းသည်များသာ လျှင် ရက်လုပ်တတ်ကြသကဲ့သို့ အနောက်တိုင်း အမြိတ် ပန်းထည်များကိုလည်း ပန်းချီနှင့် ရက်ကန်းအတတ်၌ အထူး လက်ရာမြောက်သူများသာလျှင် ရက်လုပ်နိုင်ပေသည်။ အမြိတ် ပန်းထည်ရက်လုပ်ခြင်းမှာ သီးခြားပညာရပ်တစ်ခုအဖြစ် သင် ယူမှ တတ်မြောက်နိုင်၏။
အမြိတ်ပန်းထည်ကို မြန်မာနိုင်ငံ၌ ကန့်လန့်ကာကြီးများ အဖြစ် သုံးလေ့သုံးထ မရှိလှသော်လည်း တရုတ်နှင့် ဂျပန် တို့တွင် ရှေးအခါက သုံးခဲ့သည်။ သို့ရာတွင် အနောက်တိုင်း အမြိတ်ပန်းထည်များနှင့်ကား မတူလှပေ။ တရုတ်လူမျိုးတို့သည် ပိုးချည်ကို နိုင်နင်းသူများဖြစ်၍ ပိုးဖြင့် ရုပ်စုံကန့်လန့်ကာကြီး များ ရက်လုပ် သုံးစွဲခဲ့ကြသည်။ အနောက်တိုင်း အမြိတ်ပန်း ထည်များမှာမူ သိုးမွေးချည်နှင့် ရွှေချည်ငွေချည်များဖြင့် ရက် လုပ်ကြ၏။ မြန်မာအမြိတ်ပန်းများမှာ များသောအားဖြင့် ပုဆိုး မြိတ်များတွင် လှပဆန်းကျယ်စွာ တွေ့ရတတ်၍ ပိုးသားတွင် ရွှေချည်ငွေချည်ဖြင့် ရက်လုပ်လေ့ရှိခဲ့ပေသည်။ အမြိတ်ပန်း ထည်များမှာ ရိုးရိုး ရက်လုပ်သော ပိုးထည်၊ ချည်ထည်၊ သိုးမွေးထည်များကဲ့သို့ မဟုတ်ပဲ ပန်းချီဆေးရေးကားကြီးများ ကဲ့သို့ ခန့်ညားလှပ၍ အဖိုးများစွာ ထိုက်တန်၏။ ပန်းထိုး ပန်းချုပ်အတတ်ဖြင့်လည်း ရက်နိုင်သည်။ ခြားနားချက်မှာ ပန်းထိုး ပန်းချုပ်တွင် ရိုးရိုးတိုင်ချည်ဖောက်ချည်ဖြင့် ရက်လုပ် ပြီးအထည်ပေါ်၌ နောက်ထပ် လိုရာချည်ဖြင့် လိုရာပုံစံကို ချုပ်လုပ်ရ၍၊ အမြိတ်ပန်းမှာ တိုင်ချည်တွင် လိုရာချည်ဖြင့် လိုရာပုံစံကို ရက်ယူခြင်းပင် ဖြစ်သည်။
အမြိတ်ပန်းထည်ရက်လုပ်ခြင်း၏ သမိုင်းအစသည် လူတို့၏ ယဉ်ကျေးမှုသမိုင်းအစလောက်ကပင် စတင်ခဲ့သည်ဟု ဆိုရပေ မည်။ အမြိတ်ပန်းထည်များတွင် ရှေးအကျဆုံးပစ္စည်းမှာ ခရစ် မပေါ်မီ ၄ဝဝ ပြည့်နှစ်ခန့်က ရက်လုပ်သည်ဟု ခန့်မှန်းရသော ကန့်လန့်ကာကြီးများဖြစ်၍ ကရိုင်းမီးယားကျွန်းဆွယ်တွင် တွေ့ ရှိခဲ့ကြ၏။ ထိုမှတစ်ပါး ရှေးအကျဆုံးရုပ်စုံကန့်လန့်ကာမှာ ပြင်သစ်နိုင်ငံ ဗေယူပြတိုက်ရှိ ဗေယူအမြိတ်ပန်းထည်ကြီးဖြစ်၍ ၁ဝ၆၆ ခုနှစ်၌ အင်္ဂလန်ပြည်ကို ဝီလျံဘုရင် တိုက်ခိုက် အောင်မြင်ခဲ့စဉ်က စစ်ပွဲများအကြောင်း ကမ္ဗည်းနှင့် ရုပ်ပုံများ ရက်လုပ်ထားခဲ့သည်။ သို့ရာတွင် ဗေယူအမြိတ်ပန်းထည်မှာ အမြိတ်ပန်းထိုးပန်းချုပ်အတတ်ဖြင့် ပြုလုပ်ခဲ့သော ရုပ်စုံ ကန့်လန့်ကာကြီးမျှသာ ဖြစ်သည်ဟု ဆိုကြလေသည်။
ဥရောပတိုက်တွင် ၁၁ရာစုနှစ်များအထိ အမြိတ်ပန်းထည်များ ခေတ်စားခဲ့၍ ရဲတိုက်ကြီးများ၊ နန်းတော်ကြီးများနှင့် ဘုရားရှိခိုး ကျောင်းကြီးများတွင် အများအပြား သုံးခဲ့လေသည်။ ထိုခေတ် များက အဆိုပါ အဆောက်အအုံတစ်ခုခု၏ ကြီးကျယ်ခမ်းနားပုံ ကို ဖော်ပြရာတွင် အမြိတ်ပန်း ကန့်လန့်ကာကြီးများ မပါလျှင် မစုံလင်နိုင်ချေ။
အမြိတ်ပန်းထည်ရက်လုပ်ရာတွင် အတိုင်ချည်ကို အလျား လိုက်၊ သို့မဟုတ် ထောင်လိုက် ရက်ကန်းရှယ်သကဲ့သို့ ထား၍ ရက်လေ့ရှိကြ၏။ ယင်းအတိုင်ချည်တွင် ရိုးရိုးရက်ကန်းရက် သကဲ့သို့ လွန်းဖြင့် ထိုး၍ မရက်ပဲ အရောင်စုံချည်ရက်ဖောက် များဖြင့် လိုရာအရောင်တစ်ခုချင်းကို သွင်း၍ ဘီးသွားဖြင့် ဖိ ပေးရသည်။ အတိုင်ချည်များ အောက်ဘက်၊ သို့မဟုတ် ရက် လုပ်သူ၏အခြားဘက်၌ ရက်လုပ်ရန် ပုံစံပန်းချီကားကိုထား၍ ထိုကားအတိုင်း အတိုင်ချည်များ အကြားမှ ကြည့်၍ ချည်သွင်း ရသည်။ တစ်နည်းမှာ ပုံစံကားကို ရက်သူ၏ နောက်မှထား၍ ရှေ့ဘက်တွင် မှန်တစ်ချပ်ထောင်ထားကာ ထိုမှန်ထဲတွင် မြင်ရ သည့်အတိုင်း ချည်သွင်းသည်။ ရက်လုပ်သူသည် အမြိတ်ထည် ၏အလှဘက်ကိုလည်း မှန်ထဲတွင်သာကြည့်ရ၏။ အဘယ် ကြောင့်ဆိုသော် အမြိတ်ပန်းထည်၏ အလှဘက်မှာ ရက်လုပ်သူ ၏အခြားဘက်၌သာရှိသောကြောင့်တည်း။
ဤသို့ရက်လုပ်ရာတွင် များသောအားဖြင့် သိုးမွေးချည်ကို သုံး၏။ ရက်လုပ်ရာတွင် ခက်ခဲလက်ဝင်လှရုံမက စေ့စပ်သေချာ ရန်လည်း များစွာလိုသောကြောင့် ရက်သတ္တတစ်ပတ်လျှင် တစ် ပေပတ်လည်မျှသာ ပြီးစီးတတ်၏။ ခက်ခဲမှုမှာ ရက်လုပ်ရသည့် ပုံစံနှင့် ချည်ရောင်အလိုက်ဖြစ်၍ အချို့မှာ ထိုထက်ပိုမို၍ ကြာ နိုင်ပေသည်။ တစ်စတစ်စ တိုးတက်လာခဲ့သော အမြိတ်ပန်း ထည် ရက်လုပ်ခြင်းအတတ်သည် ၁၇ နှင့် ၁၈ ရာစု လများ တွင် ရှေးကကဲ့သို့ မဟုတ်တော့ပဲ ပန်းချီကျော်ကြီးများ ရေးဆွဲ ပေးသည့် ပန်းချီကားကြီးများအတိုင်း တသဝေမတိမ်းတူအောင် ရက်လုပ်နိုင်ခဲ့ကြ၍ ပန်းချီကားကြီးများနည်းတူ ထင်ရှား ကျော်ကြားခဲ့ပေသည်။
အမြိတ်ပန်းထည်များ ခေတ်စားခဲ့သော ၁၇ ရာစုနှစ် အတွင်းက ပြင်သစ်နိုင်ငံ ၁၄ ဆက်မြောက် လူဝီ ဘုရင်သည် ဥရောပအနှံ့အပြားရှိ အမြိတ်ပန်းထည် ရက်လုပ်သူများအား စုဆောင်းခေါ်ယူ၍ ဂိုဗီလင်မြို့တွင် အလုပ်ရုံကြီးတစ်ခု ဖွင့်လှစ် ကာ အမြိတ်ပန်းထည်များ ရက်လုပ်စေလေသည်။ ထိုအနုပညာ သည်များ၏ လက်ရာတို့သည် ယခုတိုင် ထင်ရှားသော ပြင်သစ် နိုင်ငံ၏ရတနာများအဖြစ် ကျန်ရစ်ခဲ့ပေသည်။ ဂိုဗီလင် အလုပ်ရုံ မှ ထွက်သော လက်ရာများအနက် ၁၄ ဆက်မြောက် လူဝီ ဘုရင်၏ နန်းတက်ပွဲပုံ၊ လက်ထပ်ပွဲပုံ၊ စစ်ပွဲပုံစသည်တို့ဖြင့် ဝေဝေဆာဆာ ရှိလှသော အမြိတ်ပန်းထည်များနှင့် ၁၅ ဆက် မြောက် လူဝီဘုရင်၏ တောအမဲလိုက်ခန်းကိုပြသည့် ရုပ်စုံ ကန့်လန့်ကာကြီးများမှာ ပန်းချီအကျော်အမော်တို့၏ လက်ရာ များကဲ့သို့ပင် သေသပ်၍ သဘာဝရှုခင်းကို အထူးပေါ်လွင်စေ လေသည်။ ဤကား အမြိတ်ပန်းထည်ဖြစ်၏ဟု သိမထားသူတို့ အဖို့ ပန်းချီကားဟုပင် ထင်မြင်မိမှားလောက်အောင် ကောင်းမွန် ၏။
ယခုခေတ်တွင် အမြိတ်ပန်းထည်များကို သုံးစွဲလျက်ပင် ရှိသေးသော်လည်း စက်မှုပညာထွန်းကားလာသော ကြောင့် စက်ရက်အမြိတ်ပန်းထည်များ ပေါ်ပေါက်လာသည်။ စက်ရက် အမြိတ်ပန်းထည်များသည် လက်ရက် ထည်များကဲ့သို့ မကောင်း မွန်လှသော်လည်း တွင်ကျယ်စွာ ရက်လုပ်နိုင်သဖြင့် လက်ရက် အမြိတ်ပန်းထည်များသည် တစ်စတစ်စ တိမ်ကောလာခဲ့ရလေ သည်။ သို့ရာတွင် လုံးဝပျောက်သွားသည်မဟုတ်ပဲ အရေ အတွက် မများလှသော်လည်း အဖိုးများစွာ ထိုက်တန်သော လက်ရက်အမြိတ်ပန်းထည်များကို ရက်လုပ်လျက်ပင် ရှိပေ သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)