အမြစ်

ဝီကီပီးဒီးယား မှ
အမြစ်
အမြစ်

အမြစ်သည် သစ်ပင်တစ်ပင်လုံး၏ မှီခိုအားထားရာဖြစ်သည်။ အမြစ်များသည် မြေကြီးအတွင်း၌ ဖြာထွက်လျက်ရှိပြီးလျှင် မြေကြီးကို ခိုင်မြဲစွာ ကုတ်ထားခြင်းကြောင့် လေပြင်းမုန်တိုင်း ကျရောက်သည့်အခါတွင် ယိုင်လဲမသွားပဲ မတ်မတ်မားမား ရပ်တည်နေနိုင်သည်။ ရေတိုက်စားခြင်းမှလည်း ရုတ်တရက် ပါမသွားနိုင်သည့်ပြင် အပင်တစ်ပင်လုံး၏ အသက်ရှင်ရေးနှင့် ကြီးထွားရေးအတွက် သဘာဝအလျောက် မြေကြီးထဲတွင် ဖြစ်ပေါ်နေသော ရေနှင့်ဓာတ်ဆားရည်များကို တစ်ပင်လုံးသို့ ဖြန့်ဖြူးရာ အချက်အချာ ဌာနလည်း ဖြစ်သည်။ မြေကြီးထဲမှ စုတ်ယူရရှိသောရေနှင့် ဓာတ်ဆားရည်တို့သည် အပင်စာချက် လုပ်ရာ၌ အဓိက လိုအပ်သည့် ပစ္စည်းကြမ်းများ ဖြစ်ကြသည်။ သရက်စေ့၊ ပဲစေ့၊ လိမ်မော်စေ့စသော အချို့အပင်များ၏ အစေ့တို့တွင် အစေ့ရွက် နှစ်ခုစီ ရှိကြသည်။ စပါး၊ ပြောင်း၊ ဝါး၊ ထန်းမျိုးနှင့် မြက်စသော အခြားအပင်များ၏ အစေ့ တို့တွင် အစေ့ရွက်တစ်ခုစီသာ ရှိကြသည်။ အစေ့ရွက်နှစ်ခု ရှိသော အစေ့ရွက်စုံအပင်နှင့် အစေ့ရွက် တစ်ခုစီရှိသော အစေ့ ရွက်ထီး အပင်တို့မှ ထွက်သော အမြစ်တို့သည် ခြားနားကြ သည်။ အစေ့ရွက်စုံပင်မှ ထွက်သော အမြစ်တွင် ဗဟိုအမြစ်မ ကြီးရှိ၍ ယင်းမှ တစ်ဆင့် အမြစ်ငယ်များ ပြန့်ထွက်သွားကြ သည်။ အစေ့ရွက်စုံပင်မှ ထွက်သောအမြစ်တွင် ဗဟိုအမြစ်မ ကြီးရှိ၍ ယင်းမှတစ်ဆင့် အမြစ်ငယ်များ ပြန့်ထွက်သွားကြသည်။ ထိုအရင်းခံအမြစ်မကြီးကို ရေသောက်မြစ် ဟုခေါ်သည်။ ရေသောက်မြစ်သည် မြေဆီလွှာအောက်သို့ နက်စွာ ဝင်ရောက်ထိုးဖောက်သွား တတ်သည်။ အစေ့ရွက်စုံပင်၏ ထူးခြားချက် တစ်ရပ်မှာ ရေသောက်မြစ်ရှိခြင်းပင်ဖြစ်သည်။ အစေ့ရွက်ထီးပင် ၌ကား ရေသောက်မြစ်ဟူ၍ မရှိချေ။ အမြစ်များသည် သေးငယ် ၍ အရွယ်အစားခြင်းလည်း တူညီသလောက် ရှိကြသည်။ ဤ သို့သောအမြစ်များကို အမြစ်ဖွားများဟုခေါ်သည်။ ယင်း အမြစ် ဖွားများသည် အပေါ်ယံမြေဆီလွှာ၌သာ ပေါက်လေ့ရှိသည်။ မုန်လာဥဝါ၊ မုန်လာဥနီနှင့် မုန်လာဥဝိုင်းစသော အချို့အပင် တို့၏ ရေသောက်မြစ်တို့မှာ ပွယောင်းနေသည်။ ယင်းသို့ ပွ ယောင်းနေသည်မှာ ယင်းတို့၌ အပင်စာအပိုများ သိုထားခြင်း ကြောင့်ဖြစ်သည်။

အမြစ်များသည် များသောအားဖြင့် မြေအောက်သို့သာ ထိုး ဖောက်ဝင်သွားပြီးလျှင် ရေနှင့်ဓာတ်ဆားများကို ရှာဖွေကြသည်။ သို့သော် အချို့အနည်းငယ်မျှသော အပင်တို့၏ အမြစ်များသည် မြေပေါ်တွင် ထွက်ကြသည်။ ဤကဲ့သို့ မြေပေါ်တွင် ပေါက် ရောက်ကြခြင်းဖြင့် ထိုအမြစ်များသည် ပင်စည်ကို ပိုမိုခိုင်မြဲ စေသည်။ ယင်းတို့ကို မြေထောက်မြစ်များဟုခေါ်သည်။ ပြောင်း ဖူးပင်၊ ညောင်ပင်စသည်တို့တွင် မြေထောက်မြစ်များ ရှိကြ သည်။ ထိုအမြစ်မျိုးကို လေရှူမြစ်ဟုခေါ်သည်။ ဤလေရှူမြစ် များသည် လေထဲမှ ရေငွေ့ကို ယူ၍ အသက်ရှင်ကြသည်။ ဗေဒါပင်ကဲ့သို့သော အပင်၏အမြစ်များသည် ရေထဲတွင်သာ ပေါက်၍ အသက်ရှင်ရကား ယင်းအမြစ်များကို ရေမြစ်ဟု ခေါ်သည်။

အပင်၏ အမြစ်တက်များသည် အဘက်ဘက်သို့ ဖြာထွက် လျက် ရေနှင့်ဓာတ်ဆားများကို ရှာဖွေကြသည်။ အမြစ်တက်များ ဖြစ်သော အမြစ်ငယ်များ၏ ထိပ်ဖျားအနီး၌ အမြစ်မွေးဟုခေါ် သော နုနယ်သည့် အမွေးကလေး များရှိသည်။ အမြစ်ထိပ်ဖျားမှ တစ်စင်တီမီတာလောက် အတွင်း၌ ထိုအမြစ်မွေးများကို မတွေ့ရ ချေ။ ထိပ်ဖျားအနီး၌သာ တွေ့ရသည်။ ရင့်သော အမြစ်ပိုင်း၌ လည်း ထိုအမြစ်မွေးများ မရှိချေ။ မြေဆီလွှာရှိရေနှင့် ဓာတ် ဆားရေတို့သည် ထိုအမြစ်မွေးတို့မှတစ်ဆင့် အပင်ထဲသို့ ဝင် ရောက်နိုင်သည်။ အခြားအမြစ်၏ အစိတ်အပိုင်းများမှ မဝင် ရောက်နိုင်ချေ။ ဝင်ရောက်ရာ၌လည်း တစ်ဖက်သပ်စိမ့်၍ ဝင် လာခြင်းဖြစ်သည်။ အပင်ပေါက်ကလေးတစ်ပင်ကို ဆွဲနုတ်လိုက် သည့်အခါ အမြစ်မွေးများ အားလုံလိုလိုပင် ပျက်စီးကုန်ကြ သည်။ ထိုကြောင့် အပင်များကို ပြောင်းရွေ့စိုက်ပျိုးသည့်အခါ အမြစ်များကိုရံလျက် မြေဆီလွှာမြောက်မြားစွာ ပါလာစေရန် သတိပြုကြရမည်။ သို့မဟုတ်လျှင် အမြစ်မွေးများ ပျက်စီးကုန် လိမ့်မည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)