အမျိုးသားစုစည်းမှု

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

အမျိုးသားစုစည်းမှုသည် နိုင်ငံတစ်ခု၏ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် စီးပွားရေးနှင့် တိုက်ရိုက်မသက်ဆိုင်သော အကြောင်းတရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ်မှု (National Unity) နှင့် အမျိုးသားစုစည်းမှု (National Integratoin) ဟူသော ဝေါဟာရနှစ်ရပ်၏ အဓိပ္ပါယ်သည် များစွာ ကွာခြားသည်။ ခေါင်းဆောင်မှုအတွင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထုအတွင်း နှင့် ပြည်သူလူထုအချင်းချင်းအတွင်း အပြန်အလှန် နားလည်လက်ခံမှုနှင့် အသိအမှတ်ပြုမှုတို့ အားနည်းခြင်းနှင့် ပြည်သူ တို့၏ လူမှုရေးစည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းတို့သည်လည်း အမျိုးသားစုစည်းမှုအားနည်းခြင်း၏ သဘော လက္ခဏာများအဖြစ်ရှိနေပေသည်။ ယင်းသို့ အမျိုးသားစုစည်းမှုအားနည်းခြင်းသည် ယင်းနိုင်ငံများကို မဖွံ့ဖြိုးမတိုးတက် အောင် တားဆီးထားသည့် အဓိကအကြောင်းတစ်ရပ်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ဖော်ပြခဲ့သည်။

အမျိုးသားစုစည်းမှုသည် ရုပ်ပိုင်းဆိုင်ရာအခြေအနေထက် စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပိုမိုသက်ဆိုင်ပေသည်။ နိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများ စည်းလုံးညီညွတ်နေခြင်းသည် တိုင်းရင်းသားအားလုံး၏ သဘောထား အယူအဆနှင့် အတွေးအမြင်များ ညီညွတ်နေခြင်းကို ဖော်ပြသည့်အခြင်းအရာပင်ဖြစ်သည်။ ထို့အတူ ခေါင်းဆောင်မှု အတွင်း ညီညွတ်မှု၊ ခေါင်းဆောင်နှင့် ပြည်သူအကြားညီညွတ်မှုနှင့် ပြည်သူအချင်းချင်းတို့၏ ညီညွတ်မှုများသည်လည်း အပြန်အလှန် နားလည်မှုနှင့် အသိအမှတ်ပြုမှုဟူသော စိတ်ပိုင်းဆိုင်ရာ အခြင်းအရာများပင်ဖြစ်ပေသည်။ ပြည်သူတို့၏ တရားဥပဒေကို ရိုသေလေးစားမှုနှင့် လူမှုရေး စည်းကမ်းထိန်းသိမ်းမှုတို့မှာလည်း လူတို့၏ သဘောထားပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများပင်ဖြစ်သည်။ သို့ဖြစ်၍ အချို့ပညာရှင်များက အမျိုးသားစုစည်းမှုကို စိတ်ပိုင်းဆိုင်ရာ စုစည်းမှု (Emotional Integration) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပေသည်။

အမျိုးသားစုစည်းမှုဟုဆိုရာတွင် လူ့အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်နိုင်ငံတွင်အကွဲကွဲအပြားပြားဖြစ်နေသော အခြေအနေများကို တစ်လုံးတစ်စည်းတည်းသဘောဖြစ်အောင် စုစည်းခြင်း၊ တစ်နည်းအားဖြင့် သေးငယ်သော လူ့အဖွဲ့ အစည်းများကို ခေတ်မီနိုင်ငံတစ်ခု၏ ဥပဓိရုပ်ပေါ်လွင်သော အနေအထားမျိုးသို့ရောက်အောင် စုစည်းတည်ဆောက်ခြင်း ပင်ဖြစ်သည်။

နိုင်ငံ၏အချုပ်အချာအာဏာသည် တစ်နိုင်ငံလုံးသို့ လွှမ်းခြုံပျံ့နှံ့မှုအားနည်းပါက အစိုးရ၏အာဏာသည် ထိရောက် ထက်မြက်မည်မဟုတ်ပေ။ ထိုအခါ ပြည်သူလူထုအတွင်း တရားဥပဒေစိုးမိုးရေးမှာလည်း အားနည်းလာမည် ဖြစ်ပေသည်။ ထိုသို့သော အခြေအနေရှိလာပါက ပြည်သူတစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် တရားဥပဒေ ဘောင်အတွင်းမှ လုပ်ကိုင်ဆောင်ရွက်နေသည်ထက် တစ်ဦးချင်း၏စိတ်ဆန္ဒနှင့် အကျိုးစီးပွားပေါ်တွင်သာ အခြေခံ လှုပ်ရှားနေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အတူ ခေါင်းဆောင်သူအချင်းချင်း၊ ခေါင်းဆောင်နှင့် ပြည်သူလူထု၊ ပြည်သူ လူထုအချင်းချင်း စသူတို့ အပြန်အလှန်နားလည်မှုနှင့် လက်ခံအသိအမှတ်ပြုမှုများ အားနည်းပါက အချင်းချင်း ပြဿနာ များကို ဖြေရှင်းရင်းဖြင့် အချိန်ကုန်ပြီး မည်သည့်အမျိုးသားရေးလုပ်ငန်းတာဝန်ကိုမျှ ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

အမျိုးသားစုစည်းမှုအားကောင်းသော နိုင်ငံတစ်ခုသည် သိပ်သည်းကျစ်လျစ်ပြီး တစ်လုံးတစ်စည်းတည်းသဘော ကို ဆောင်ယူနေသဖြင့် တည်ငြိမ်ခန့်ညားသော ဥပဓိရုပ် ပေါ်လွင်ထင်ရှားနေတတ်ပေသည်။ သိပ်သည်းခြင်းသည် ကျစ်လျစ်မှုကိုဖြစ်စေပြီး ကျစ်လျစ်မှုက ခိုင်မာအားကောင်းမှုကို ဖြစ်စေပြန်ရာ ယင်းသို့သော နိုင်ငံများ၏ အတွင်းအား များသည် ပြည့်ဖြိုးနေတတ်သည်ဟုဆိုပေသည်။ အတွင်းအားများ ပြည့်ဖြိုးနေသည့် နိုင်ငံတစ်ခုသည် မည်သည့် အခက်အခဲကိုမဆို ကျော်လွှားနိုင်ပြီး မည်သည့်အမျိုးသားရေးတာဝန်ကိုမဆို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက် နိုင်ပေသည်။ သို့ဖြစ်ရာ ယင်းနိုင်ငံမျိုးသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းသည့်နိုင်ငံမျိုးပင်ဖြစ်ပေသည်။ [၁]


ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. စိုးတင်ဝင်း(ဘဏ်)၏ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများစာအုပ်