အမျိုးသမီး
အမျိုးသမီး သို့မဟုတ် မိန်းမ တစ်ဦးဆိုသည်မှာ လူသား အမသတ္တဝါတစ်ဦး ဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦး၏ လိင်သက်သေခံတစ်ခု ဖြစ်သည်။[၁] အရွယ်ရောက်ပြီး အမသတ္တဝါတစ်ဦးကို ရည်ညွှန်းပြီး ကလေး သို့မဟုတ် ဆယ်ကျော်သက်အရွယ်ကို ကောင်မလေး သို့မဟုတ် မိန်းကလေး ဟု သုံးသည်။ သို့သော်လည်း အမျိုးသမီး အသုံးအနှုန်းကို လူသားအမများအတွက် အသက်အရွယ်မရွေး သုံးစွဲတတ်ကြသည်။ (ဥပမာ "အမျိုးသမီး အခွင့်အရေး") အမျိုးသမီးများတွင် ပျိုဖော်ဝင်ချိန်မှ သွေးဆုံးချိန်အထိ မီးဖွားခြင်းကဲ့သို့သော သီးသန့်လိင်ဖြစ်တည်မှု ရှိသည်။
မြန်မာကျမ်းများရှိ ဖော်ပြချက်များ
[ပြင်ဆင်ရန်]မိန်းမ လေးမျိုး
[ပြင်ဆင်ရန်]လောကီ ဣတ္ထိသျှတ္တရကျမ်းတွင် ဖော်ပြထားသော မိန်းမလေးမျိုးမှာ-
- ပဒုမ္မနီ မိန်းမမျိုး- ခါးစည်း, ရင်ကျယ်, သေးသွယ်ချောမောသော လက်ချောင်းများ, အသားဖြူ, ကိုယ်ရနံ့ ကြာညိုကဲ့သို့မွှေး, ရသာချို၏။ သံသာမြည်ကြွေး, စက္ကဝက်ငှက်မကဲ့သို့ သွားလာမှု ယဉ်ကျေးခြင်း လက္ခဏာများရှိ၏၊ ဆင်ကဲ့သို့ ကြည့်တတ်သည်ဟူ၏။
- သင်္ခရနီ မိန်းမမျိုး- အသားညိုညက်, ကိုယ်ရနံ့ကား ငရုပ်ပန်းနံ့ ပျံ့ပျံ့သင်းသင်းရှိ ၏, ရသာချဉ်၏၊ ဟင်္သာမကဲ့သို့ သွားလာ၏၊ လက်ချောင်းကြီး၏၊ မျက်နှာထူ လည်ကုတ်တို ရင်ကြားစေ့ , ဆံပင်နီ ရှိတတ်သည်၊ ကျားကဲ့သို့ ကြည့်တတ်သည် ဟူ၏၊၊
- စိတ္တရနီ မိန်းမမျိုး- ဝါရွှေဝင်းသော အသားရောင်ရှိ၏၊၊ ကိုယ်ရနံ့ကား ကျင်ငယ်နံ့ ကဲ့သို့ရှိ၏၊ ရသာဖန်ဖန်ရှိ၏၊ ဒိန်ညင်း ငှက်ကဲ့သို့သွားလာတတ်၏၊ ကျီးကန်းကဲ့သို့ ကြည့်တတ်၏၊ ရင်ကုန်း တင်ကျယ်၏, ချက်နက်, ဖမိုးမွေး လက်မွေးရှည်, လက်သည်းအိမ်တို၍ ဒူးဆစ်အောက်ပိုင်း တိုတတ်သည်၊ ဆန်းကျယ်စွာ ပြင်ဆင်ဝတ်စားတတ်သည် ဟူ၏၊၊
- ဟတ္ထိနီ မိန်းမမျိုး- အသားနီ ပန်းရောင် ကိုယ်ရနံ့ ညှိဟောင်ဟောင်အရသာ စပ်ရှားရှား။ ဆင်ကဲ့သို့သွားခြင်းများ, ယင်ကောင်ကဲ့သို့ ကြည့်ခြင်းအလားရှိ၏၊ ဝမ်းပြင်း ပိုက်ကျယ် သားမြတ်ရှည်တွဲ၍ ခေါင်းသီးကြီး၏။ ဆံကောက်၍ မေးရိုးကြီးကြီးရှိတတ်သည် ဟူ၏၊၊
မိန်းမတို့၏ အလှဂုဏ်အင်္ဂါ ၆ ပါး
[ပြင်ဆင်ရန်]- မဖြူ၊
- မညို၊
- မနိမ့်၊
- မမြင့်၊
- မပိန်၊
- မဝ၊
ဤ ၆-ဋ္ဌာန ညီမျှစွာရှိခြင်း။[၂]
မိန်းမတို့ အား ၅ ပါး
[ပြင်ဆင်ရန်]မာတုဂါမတို့ မာန်တက်ကြောင်း အား ၅ပါး[၃]
- ရူပဗလ-အဆင်းအသွင် လှခြင်း၊
- ဘောဂဗလ-ပစ္စည်း ဥစ္စာ ပေါများခြင်း၊
- ဉာတိဗလ-ဆွေမျိုးတောင့်ခြင်း၊
- ပုတ္တဗလ-သားရတနာရှိခြင်း၊
- သီလဗလ-ကိုယ်ကျင့်သီလရှိခြင်း။
- မှတ်ချက်။ ။ ဉာတိဗလ အစား ‘လိမ်မာခြင်းနှင့် မပျင်းရိခြင်း ကို ထည့်၍လည်း သဠယတန၌ ဟောသေး၏။
မိန်းမတို့၏ ဆွဲငင်ဓာတ် ၈ ပါး
[ပြင်ဆင်ရန်]ယောက်ျား တို့ကို စွဲမက်အောင် ပြုမူခြင်း မာယာငယ် ဂ-ပါး ဟူဖြစ်၏။ မာယာ ၄၀-မှ။
- သိတံ- ချိုပြုံးသော မျက်နှာပေး၊
- ဟာသ-ညှင်းညှင်း သာသာ ရယ်သံ၊
- ဘယ- ကြောက်လန့်ထိတ်ဟန်ပြု၊
- လဇ္ဇ-ရှက်ဟန် အသွင်ပြု၊
- မန္ဓဝါစာ-မကြားတကြား ပြောသောစကားသံ၊
- အဒေက္ခဏာ-မျက်နက်ထောင့်ကပ်၍ ကြည့်ခြင်းမျိုး၊
- ရုဒ-ကျူကျူ ကြာကြာ ရှိုက်သံ၊ ငိုသံပေးခြင်း
ဤသံကလဟ-စကားပြန်ရရန် မခံချင်စရာကို စိတ်မဆိုးအောင် ဆွပေး ပြောဆိုခြင်းမျိုး၊
- မာယာ ၄၀-၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်။
မိန်းမ မာယာ (၄၀)
[ပြင်ဆင်ရန်]မိန်းမတို့၏ အပြစ် ၇ ပါး
[ပြင်ဆင်ရန်]- အရပ်ရှည်လွန်းသော မိန်းမ၊
- အရပ်ပုလွန်းသူ၊
- အသားဖြူလွန်းသူ၊
- အသားမည်းလွန်းသူ၊
- ဝလွန်းသူ၊
- ပိန်လွန်းသူ ဟူ၏
- စကားများလွန်သူ
မိန်းမတို့၏ အပြစ် ၇ ပါး (တနည်း)
[ပြင်ဆင်ရန်]များသောအားဖြင့် မိန်းမတို့မှာ ဖြစ်တတ်ကြောင်းကို ဟိတောပဒေသကဆို၏၊၊
- အသတ်-ဖောက်ပြန်မှားယွင်း, မိစ္ဆာစာရ အကျင့်မျိုးကို ပြုတတ်ခြင်း၊
- သာလာသာ-မစူးစမ်းမဆင်ခြင်, အမှုကိစ္စကို အဆောတလျင်ပြုတတ်ခြင်း။
- မာယာ-ကောက်ကျစ်မတည်၊ လိမ်လည်လှည့်ဖြားတတ်ခြင်း၊
- မစ္ဆရိယ - ဝန်တိုမိစ္ဆာ များစွာဖြစ်တတ်ခြင်း၊
- အတိလုဒ္ဒ-တဏှာရာဂ၊ လောဘရမ္မက် ထက်မြက်ဖိစီး လွန်အားကြီးခြင်း၊
- နိဂ္ဂုဏတွံ-ခမ်းနားကြီးကျယ်သော ပြုလုပ်ဖွယ်တို့၌ ရေလည်စွာ မသိမလိမ်မာခြင်း၊
- အသောစတွံ-အတွင်းပြင်ပ နှစ်ဌာနဝယ် မစင်ကြယ် မသန့်ရှင်းခြင်း။
မိန်းမတို့၏ အပြစ် ၉ ပါး (နောက်ထပ်တနည်း)
[ပြင်ဆင်ရန်]- အ သစိ-မစင်ကြယ်ခြင်း၊
- ဒု ဂန္ဇ-မကောင်းသော အနံ့ရှိခြင်း၊
- သဘီရူ-အအိပ်ကြီးခြင်း၊
- သ ပဋိဘယ-ကြောက်လန့်တတ်ခြင်း၊
- ကောဓန-အမျက်ထွက်လွယ်ခြင်း၊
- ဥပနာဟ-ရန်ငြိုးဖွဲ့ တတ်ခြင်း၊
- ဃောရဝိသ- ရာဂထူထပ်ခြင်း၊
- ဒုဇိဝှ-လျှာနှစ်ခွရှိခြင်း၊
- မိတ္တဒုဗ္ဘိ-မိတ်ပျက်လွယ်တတ်ခြင်း။
မိန်းမတို့၏ ပျက်စီးခြင်း အကြောင်း ၉ ပါး
[ပြင်ဆင်ရန်]- မိမိတယောက်တည်း လှည့်လည် သွားလာ နေထိုင်ခြင်း၊
- လင်ကိုပစ်ထား မိဘနေအိမ်သွား၍ များစွာနေတတ်ခြင်း၊
- လူများစွာ စည်းဝေးသော အရပ်သို့ သွားလာ ထွက်ဝင်တတ်ခြင်း၊
- ပွဲလမ်းသဘင် အပျော်အရွှင် လိုက်စားတတ်ခြင်း၊
- ယောက်ျား ပုဂ္ဂိုလ်တို့နှင့် ပူးကပ်ရောဝင်စွာ နေတတ်ခြင်း၊
- အမြဲပြုဘွယ် အလုပ်အကိုင်မရှိ ပျင်းရိနေခြင်း၊
- လင်ယောက်ျား အိုမင်း၍ ကာမမှု၌ မစွမ်းနိုင်ခြင်း၊
- လင်ယောက်ျားနှင့် ၃-၄ လ ကင်း၍ နေခြင်း၊
- ဝတ်စားဘွယ်ရာ ဥစ္စာချို့တဲ့ခြင်း။
မိန်းမတို့ ဖောက်ပြန် ပျက်စီးခြင်း အကြောင်းတရား ၁၃ ပါး
[ပြင်ဆင်ရန်]- သ ပဋ္ဌာန- ကိစ္စတိုင်း၌ ကိုယ်တိုင် စိုးမိုးလုပ်ကိုင်အာဏာပိုင် ပြဋ္ဌာန်းမှု ရနေခြင်း၊
- ပိတု မန္ဒိရ နိ၀သန- အဘနှင့်သာ ကြာမြင့်စွာ အုပ်ထိန်းခံ၍ နေရခြင်း၊
- ယာတြောဿဝ အင်္ဂတိ- အထူးစီစဉ်သော ပျော်ပွဲသဘင်တို့၌ ပါဝင်ဆင်နွှဲခြင်း၊
- ပုရိသ သနိဓိဂေါဋ္ဌီ- ယောက်ျားတို့နှင့် ဝိုင်းဖွဲ့ရယ်မော တသောသော နေထိုင်ခြင်း၊
- အ နိယမဝါသ- အိမ်တကာ လျှောက်လည်၍ နေခြင်း၊
- ဝိဒေသဝါသ- တမြို့တရွာ တနယ် တရပ်သို့ အမြဲမတည် တယောက်တည်း လှည့်လည်နေထိုင်ခြင်း၊
- သ ကုလဋ သံသဂ္ဂ- လော်လီ သောသွမ်းသော မိန်းမရမ်းတို့နှင့် အတူ ပေါင်းသင်း နေထိုင်ခြင်း၊
- နိဇာယ ဝုတ္တိ ဗျသန- သက်မွေးဝမ်းကျောင်း ကောင်းသောလုပ်ငန်း၏ မကြာခဏ ပျက်စီးဆုတ်ယုတ်ခြင်း၊
- ပတိ ဝုဒ္ဓက- လင်ယောက်ျား၏ သက်ကြီးရွင်းယို အရွယ်အိုခြင်း၊
- ဣဿိတ- လင်ဖြစ်သူက အချောင်မယား အမြှောင်ထား၍ ပျော်ပါးကာနေခြင်း၊
- ပဝါသန-လင်ယောက်ျားနှင့် ကွေကွင်းကွဲကွာ ကြာမြင့်စွာ နေရခြင်း၊
- ပါန- သေအရက်သောက်ခြင်း၊
- သုပ္ပ- ယောက်ျားတပါးနှင့် ပျော်ပါး ပေါင်းဖက်ရသည်ဟု အိပ်မက်ခါ လွန်မင်းစွာ အိပ်ခြင်း။
စောင့်ရှောက်အုပ်ထိမ်းမှု ရှိသင့်သော မိန်းမ ၂၁-မျိုး
[ပြင်ဆင်ရန်]စောင့်ရှောက်ထိန်းသိမ်းမှု အမြဲရှိနေအပ်သော မိန်းမမျိုး နှစ်ကျိပ်တစ်ပါး (နှစ်ဆယ့်တစ်မျိုး) ရှိ၏။
မှတ်ချက်။ ။ ဤနှစ်ကျိပ် တစ်ပါးသော မိန်းမများအနက် တစ်ဦးတစ်ယောက်သောမိန်းမကပင် မိမိ၏ကာမကို သဘောတူပေါင်းသင်းရန် ပေးသော်လည်း အုပ်ထိန်းသူတို့၏အခွင့်ကိုမရဘဲ ပေါင်းသင်းသောယောက်ျားအား ကြီးလေးသောအပြစ်ဒဏ်ကိုပေးရမည်ဟု မနုကျယ် ဓမ္မသတ် ဆဋ္ဌမတွဲ ပုဒ်မ ၂၈-တွင် ဆိုလေသည်။
အုပ်ထိန်းခြင်းရှိသော မိန်းမ ၂၀
[ပြင်ဆင်ရန်]အုပ်ထိန်းခြင်းရှိသဖြင့် ယောက်ျားတို့ မသွားလာအပ် (မကျူးလွန်အပ်) သော မိန်းမ ၂၀-ဖြစ်သည်။
- မာတု ရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊
- ပိတု ရက္ခိတ- အဘအုပ်ထိန်းသော မိန်းမ၊
- မာတာပိတု ရက္ခိတ- မိဘ ၂-ပါးအုပ်ထိန်းသော မိန်းမ၊
- ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသောမိန်းမ၊
- ဘဂိနိ ရက္ခိတ- အစ်မကြီးအစ်မငယ်အုပ်ထိန်းသောမိန်းမ၊
- ဉာတိ ရက္ခိတ- ဆွေမျိုးအုပ်ထိန်းသောမိန်းမ၊
- ဂေါတ္တရက္ခိတ- အနွယ်တူ အုပ်ထိန်းသောမိန်းမ၊
- ဓမ္မရက္ခိတ- သီတင်းသုံးဖော်စောင့်ရှောက်အုပ်ထိန်းသောမိန်းမ။[note ၁]
- သာရက္ခာ- ထိမ်းမြားကြောင်းလမ်းပြီးသူ 'လက်ထပ်ပြီးသူ' လင်အုပ်ထိန်းသောမိန်းမ၊
- သ ပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန်သတ်မှတ်လျက် ဒဏ်ထားပြီးလျှင် အုပ်ထိန်းသောမိန်းမ၊
- ဓနက္ကီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသောမိန်းမ၊
- ဆန္ဒ ဝါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊
- ဘောဂ ဝါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊
- ပဋဝါသိနီ- ပုဆိုးပေး၍ ပုဆိုး တန်းတင်ပြု၍နေသောမိန်းမ၊
- ဩဒ ပတ္တကိနီရေခွက်၌ လက်ဆုံချ၍မိဘနှစ်ပါး ထိန်းမြားပေးသောမိန်းမ၊
- ဩဘဋ စုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားအဖြစ်နေသော မိန်းမ၊
- ဒါသီ စ ဘရိယာ စ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
- ကမ္မကာရီ စ ဘရိယာ စ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊
- ဓဇာ ဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သောမိန်းမ၊
- မုဟုတ္တိကာ- တစ်ခဏ္ဏမျှ ပေါင်းဖော်ရန်ငှားရမ်းထားသော ခေတ္တမယားဖြစ်သူမိန်းမ။
မှတ်ချက်။ ။ ၎င်း ၁၂-ယောက်သောမိန်းမများကို သွားလာလွန်ကျူးခဲ့မူ လင်ရှိမယားဖြစ်၍ မိန်းမရောယောက်ျားပါ နှစ်ဦးစလုံး ကံထိုက်သည်ဟူ၏။
မှတ်စုများ
[ပြင်ဆင်ရန်]- ↑ ၎င်း ၈-ယောက်သောမိန်းမတို့ကား သူတို့မှာ ကံမထိုက်၊ သွားလာလွန်ကျူးသူ ယောက်ျားများမှာသာ ကံထိုက်သည်ဟူ၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Sexual Orientation and Gender Expression in Social Work Practice, edited by Deana F. Morrow and Lori Messinger (2006, ISBN 0231501862), page 8: "Gender identity refers to an individual's personal sense of identity as [man] or [woman], or some combination thereof."
- ↑ မဟာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၅၉။
- ↑ သဠာယတန သံယုတ် ။ ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။
- ↑ မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။
- ↑ ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။
- ↑ လောကနီတိ အဖွင့်
- ↑ ဟိတောပဒေသကျမ်း
- သုတေသနသရုပ်ပြအဘိဓာန်
- ပါရာဇိကဏ်ပါဠိတော်အဋ္ဌကထာဋီကာ။
- အဋ္ဌသာလိနီ အဋ္ဌကထာ၊ မူလဋီကာ။
- မနုကျယ်ဓမ္မသတ်။
- လောကီ ဣတ္ထိသျှတ္တရကျမ်း
- မဟာဝဂ္ဂသံယုတ် ။ဋ္ဌ။ ၂၅၉။
- ဟိတောပဒေသ
- ပဉ္စင်္ဂုတ္တ။ ပါ။ ၂၂၇-၂၂၈-နှင့် ။ဌ။ ၈၂။
- သဠာယတန သံယုတ် ။ ပါ။ ၄၄၃-၄၄၆ ။ဋ္ဌ။ ၁၂၆။
- လောကနီတိ