မာတိကာသို့ ခုန်သွားရန်

အမ်း မှတ်၊ လော့

ဝီကီပီးဒီးယား မှ

အင်္ဂလိပ်လူမျိုး နိုင်ငံပြုသုခမိန် လော့အမ်းမှတ်၏ အမည်ရင်းသည် ဝီလျံ ပစ် အမ်းမှတ် ဖြစ်သည်။ အင်္ဂလိပ်- မြန်မာ ပထမစစ်ကို လော့အမ်းမှတ်သည် အိန္ဒိယဘုရင်ခံချုပ် အနေဖြင့် အင်္ဂလိပ်အစိုးရကိုယ်စား ကျေညာခဲ့ရသူဖြစ်သည်။ ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးဆုံးသောအခါ အင်္ဂလိပ်အစိုးရတ ို့ရရှိလိုက်သော တနင်္သာရီ နယ်မှ ကျိုက္ခမီမြို့ကို လော့ အမ်းမှတ်အား ဂုဏ်ပြုသောအား ဖြင့် အမ်းမှတ်မြို့ဟု အင်္ဂလိပ်ဘာသာဖြင့် မှည့်ခေါ်ခဲ့လေသည်။ ( ကျိုက္ခမီမြို့။)

ဝီလျံ ပစ် အမ်းမှတ်ကို ၁၇၇၃ ခုနှစ် ဇန်နဝါရီလတွင် ဖွားမြင်၍ ဖခင်ဖြစ်သူသည် ဗိုလ်ချုပ်ကြီး ဝီလျံ အမ်းမှတ် ဖြစ် သည်။ ၁၇၉၅ ခုနှစ် 0x100သဂုတ်လ ၃၁ ရက်နေ့တွင် ဦးရီးဖြစ်သူ ဗြိတိန်နိုင်ငံ စစ်သေနာပတိချုပ် ဂျက်ဖရီး ဗဲရွန်အမ်းမှတ် ကွယ် လွန်သဖြင့် ဒုတိယဗဲရွန်ဘွဲ့ကို ဆက်ခံရရှိသည်။ ဖခင်နှင့် ဦးရီး ဖြစ်သူတို့သည် ဗြိတိသျှကိုလိုနီနယ်ပယ်များတွင် အထက်တန်း အရာရှိ ရာထူးရာခံရှင်များဖြစ်ရကား ဝီလျံ ပစ် အမ်းမှတ်သည် လည်း နိုင်ငံခြားရေးရာများတွင် ငယ်စဉ်ကပင် အကျွမ်းတဝင် ရှိရုံမက စိတ်ဝင်စားမှုလည်းရှိသည်။

၁၈၁၅ ခုနှစ်တွင် နပိုလီယန်စစ်ပွဲများ ပြီးဆုံး၍ အင်္ဂလိပ်အစိုးရတို့ အေးအေးဆေးဆေး ရှိသွားသောအခါ ကန်တုန်မြို့ရှိ အင်္ဂလိပ်ကုန်သည်များထံမှတစ်ဆင့် ကြားသိရ သော အင်္ဂလိပ်အမျိုးသားများအပေါ် တရုတ်မှူးကြီးမတ်ကြီးများ က မတရားပြုမှုသတင်းများအရ အရေးယူဆောင်ရွက်လေသည်။ တရုတ်ဧကရာဇ်ဘုရင် ကီးကင်းထံ ဗြိတိသျှလူမျိုးများခံစားနေရ သည့် မတရားပြုမှုများနှင့် စပ်လျဉ်း၍ အရေးဆိုဖို့ ပီကင်းမြို့ သို့ လော့အမ်းမှတ်ကို သံအဖြစ်စေလွှတ်သဖြင့် ၁၈၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂလန်ပြည်မှ ထွက်ခွာခဲ့ရာ ကန်တုန်မြို့ သို့ ဇူလိုင်လဆန်းတွင် ရောက်ရှိသည်။

ဝီလျံ ပစ် အမ်းမှတ်ကို ကန်တုန်မြို့မှနေ၍ အငယ် တန်းမှူးမတ်များအားသာ ဆင်းကြိုစေသဖြင့် အမ်းမှတ်သည် ယင်းမှူးငယ်မတ်ငယ်များကို သူ၏အတွင်းဝန်များမှတစ်ဆင့်သာ ဆက်ဆံစကားပြောလေသည်။ ကန်တုန်မြို့တွင် ခေတ္တမျှနေပြီး နောက် တွန်ချောင်မြို့တော်သို့သွားရန် တီယန်ရှင်မြို့သို့ရေလမ်း ခရီးဖြင့် ထွက်ခွာခွင့်ရသည်။ တီယန်ရှင်မြို့မှ တစ်ဖန်တွန်ချောင် မြို့တော်သို့ 0x100သဂုတ်လ ၁၄ ရက်နေ့တွင် ထွက်ခွာလာရာ ထိုလ ၂၉ ရက်နေ့တွင်ရောက်သည်။ ဆိုက်ရောက်သည့်နေ့တွင်ပင် တရုတ်ဧကရာဇ် ဘုရင့်ရှေ့တော်သို့ အခေါ်တော်လွှတ်ရာ တစ်ဖက်နှင့်တစ်ဖက် ဆက်ဆံပုံအဆင်မပြေသဖြင့် အမ်းမှတ်က ရှေ့တော်ဝင်ရန် ငြင်းပယ်လိုက်သည်။ ယင်းသို့ ဆက်ဆံမှု အဆင်မပြေဖြစ်သည်နှင့် ထိုနေ့ညနေပိုင်းတွင် တီယန်ရှင်မြို့သို့ ပြန်လည်ထွက်ခွာရန် တရုတ်ဧကရာဇ်ဘုရင်၏ အမိန့်ချမှတ်ခြင်း ကိုခံရသည်။ အပြန်၌မူ ရေလမ်းခရီးဖြင့်မပြန်ပဲ မဟာ တူးမြောင်းကြီးအတိုင်းသွား၍ နာမည်ကျော် မီးလင်းတောင်ကြား ကို ဖြတ်ကျော်ကာ ကန်တုန်မြို့သို့ ပြန်သွားသည်။ ကန်တုန်မြို့ မှ ၁၈၁၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် အင်္ဂလန်ပြည်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ အင်္ဂလန်ပြည်သို့ မဆိုက်ရောက်မီ နပိုလီယန်ဘုရင် နယ်နှင်ခံရ၍ စံနေရသော စိန်ဟယ်လီနာကျွန်း သို့ ခေတ္တသင်္ဘောကပ်ခဲ့ရာ နန်းကျနပိုလီယန်ဘုရင်နှင့် တစ် ကြိမ်မက တွေ့ဆုံဆွေးနွေးခဲ့ရသည်။

အမ်းမှတ်သည် တရုတ်နိုင်ငံသို့သွားရောက်သည့်ကိစ္စ မအောင်မြင်ခဲ့သော်လည်း အင်္ဂလန်သူ အင်္ဂလန်သားနှင့် အစိုးရ တို့ကမူ မအောင်မြင်ရခြင်း၏ အကြောင်းရင်းမှန်ကိုသိရှိ၍ သူ ၏ဆောင်ရွက်မှုနှင့် စေတနာကို အသိအမှတ်ပြုကြသည့် အလျောက် ၁၈၂၃ ခုနှစ်တွင် အိန္ဒိယဘုရင်ခံချုပ် မားကွစ် ဟေ့စတင်း ရာထူးမှအငြိမ်းစားယူသောအခါ အမ်းမှတ်ကို အိန္ဒိယဘုရင်ခံချုပ်အဖြစ် ခန့်အပ်လေသည်။ ၁၈၂၃ ခုနှစ် 0x100သ ဂုတ်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံကာလကတ္တားမြို့သို့ ဆိုက် ရောက်သောအခါ သူမရောက်မီ ခေတ္တဘုရင်ခံချုပ်အဖြစ် အမှု ထမ်းနေသော ဂျွန်အဒမ်လက်ထက်တွင် သတင်းစာဆရာ မစ္စတာဗတ်ကင်ဟမ်ကို အရေးယူထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်နေသည်ကို တွေ့ကြုံရလေ သည်။

သို့ရာတွင် အမ်းမှတ်သည် ယင်းကိစ္စကို တရား ဥပဒေအရ တင်းမာမှုနှင့် စေ့စပ်ဖြန်ဖြေမှုတို့ဖြင့် အိန္ဒိယနိုင်ငံတွင် အောင် မြင်စွာဖြေရှင်းနိုင်ခဲ့သည်။ အမ်းမှတ်၏ ဘုရင်ခံချုပ် သက်တမ်း တွင် အရေးကြီးဆုံး ရင်ဆိုင်ရသည့် ပြဿနာကား မြန်မာနိုင်ငံ နှင့် အချင်းများမှုဖြစ်သည်။ ထိုအချင်းများမှုကို အကြောင်းပြု၍ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်နေ့တွင် အမ်းမှတ်သည် အိန္ဒိယ ဘုရင်ခံချုပ်အဖြစ် မြန်မာတို့နှင့်စစ်ကြေညာရသည်။

၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ပြီးဆုံးသော အခါ အင်္ဂလိပ်တို့က အာသံ၊ ရခိုင်နှင့် တနင်္သာရီနယ်များကို ရရှိလိုက်သည်ကို တနင်္သာရီနယ်မှ ကျိုက္ခမီမြို့ကို ဘုရင်ခံချုပ် အမ်းမှတ်အား ဂုဏ်ပြုသောအားဖြင့် အင်္ဂလိပ်ဘာသာဖြင့် အမ်းမှတ်မြို့ ဟုမှည့်ခေါ်ခဲ့သည်။ ထိုနှစ်တွင်ပင် အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံနှင့် အချင်းများရာတွင် အောင်မြင်စွာ ဆောင် ရွက်နိုင်မှုကြောင့် ဝီလျံ ပစ် အမ်းမှတ်အား ဒဒအားအမ်းမှတ် အော့ အာရကန်ဒဒ ဘွဲ့ကို ချီးမြှင့်သည်။

မြန်မာနိုင်ငံနှင့် စစ်ပြေငြိမ်းစာချုပ်ချုပ်ဆိုပြီး၍ မကြာမီပင် အိန္ဒိယအနောက်မြောက်ပိုင်းပြည်နယ် တစ်နယ်ဖြစ်သော ဗတ်ပူပြည်နယ်တွင် ငယ်ရွယ်သူစော်ဘွားကလေးအားရာထူးချ၍ အစ်ကိုဝမ်းကွဲတော်သူ ဒူးဂျန်းဆားက ရာထူးလုယူသည့် ကိစ္စ တစ်ရပ်ပေါ်ပေါက်ခဲ့သည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ လော့အမ်း မှတ်သည် စစ်တပ်များစေလွှတ်ကာ နန်းလုသူအားနန်းချ၍ စော်ဘွားငယ်ကလေးအား မူလရာထူးတွင်ပြန်လည် တင်ပေးခဲ့ လေသည်။

၁၈၂၆ ခုနှစ် ကုန်ကာနီးလောက်တွင် လော့အမ်းမှတ်သည် အိန္ဒိယအနောက်မြောက်ပြည်နယ်များသို့ ခရီးထွက်၍ နိုင်ငံရေးငြိမ်သက်အေးချမ်းမှုရှိစေရန် အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့သည်။ နောက်နှစ် နွေရာသီတွင် အိန္ဒိယအနောက်မြောက် တောင်ခြေရင်းမြို့တော်ဖြစ်သော ဆင်းမလားမြို့ကို ဘုရင်ခံချုပ် ၏ နွေရာသီမြို့တော်အဖြစ် သတ်မှတ်လိုက်သည်။

လော့အမ်းမှတ်သည် အလုပ်အလွန်များသည့်အလျောက် ကောင်းစွာမကျန်းမာသဖြင့် ၁၈၂၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုရင်ခံချုပ်အဖြစ်မှနုတ်ထွက်ကာ အင်္ဂလန်နိုင်ငံသို့ပြန်သည်။ အင်္ဂလန်နိုင်ငံရောက်သည့်အချိန်မှစ၍ နိုင်ငံရေးမှအနားယူခဲ့ရာ ၁၈၅၇ ခုနှစ်တွင် အသက် ၈၄ နှစ်အရွယ်၌ကွယ်လွန်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)