အမေရိကန်ပြည်ထောင်စု၏ စစ်ရာဇဝတ်မှုများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အမေရိကန်ပြည်ထောင်စု၏ စစ်ရာဇဝတ်မှုများ မှာ သည်ဟိဂ် သဘောတူညီချက်များ၌ ၁၈၉၉ နှင့် ၁၉၀၇ ခုနှစ်တို့တွင် လက်မှတ် ရေးထိုးပြီးစဉ်မှစ၍ အမေရိကန်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံရသော စစ်ဘက်ရေးရာ ဥပဒေနှင့် ထုံးတမ်းများကို ချိုးဖောက်မှုများဖြစ်သည်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများအား ဥပဒေမဲ့ ကွပ်မျက်ခြင်း ၊ (နှိပ်စက်ညှင်းပန်း) စစ်ဆေးမေးမြန်းစဉ်အတွင်း အကျဉ်းသားများအား လူမဆန်သော ဆက်ဆံမှု ခံရခြင်း ၊ တိုက်ပွဲဝင် မဟုတ်သော အရပ်သားများအပေါ် အကြမ်းဖက်မှုတို့ ပါဝင်သည်။

စစ်ရာဇဝတ်မှုများကို အမေရိကန်ပြည်ထောင်စုအတွင်းတွင် ၁၉၉၆ စစ်ရာဇဝတ်မှုများအက်ဥပဒေဖြင့် တရားစီရင်နိုင်သည်။ သို့သော် အိုင်စီစီတွင် ချိန်ခွင်လျှာညှိမှု မရှိသည့်အတွက်[၁] ၎င်း၏နိုင်ငံသားများအပေါ် အိုင်စီစီ၏ တရားစီရင်မှုကို လက်မခံနိုင်ဟု ဆိုကာ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (အိုင်စီစီ) ပဋိညာဉ်ကို အမေရိကန်အစိုးရက ပြင်းထန်စွာဆန့်ကျင်သည်။[၂][၃]

အဓိပ္ပာယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

စစ်ရာဇဝတ်မှုများကို (၁၈၉၉ နှင့် ၁၉၀၇ သည်ဟိဂ်သဘောတူညီချက်များမှ ချမှတ်ထားသော) စစ်ဘက်ရေးရာ ဥပဒေများနှင့် ထုံးတမ်းများ ကိုဖြစ်စေ ဂျီနီဗာသဘောတူညီချက်များ နှင့် နောက်ဆက်တွဲ ပရိုတိုကော ၁ နှင့် ၂ အား ချိုးဖောက်သည့်လုပ်ရပ်များဟု ဖွင့်ဆိုသတ်မှတ်သည်။[၄] "သိမ်းပိုက်ခံနယ်မြေအတွင်း အစိုးရ၏ ဝတ္တရားများအား ဆောင်ရွက်နေသမျှ" ကာလပတ်လုံး သိမ်းပိုက်အာဏာယူထားသူများအား သဘောတူညီချက်၏ ပြဋ္ဌာန်းချက်များစွာဖြင့် စည်းနှောင်ထားသော်လည်း စစ်တပ် သိမ်းပိုက်ထားစဉ်အတွင်း စစ်မက်ဖြစ်ပွားပြီး ၁ နှစ်တိုင်အောင် လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်မှုမရှိလျှင်သော်မှ အရပ်သားများနှင့် စစ်သုံ့ပန်းများအား အကာအကွယ်ပေးရေးကို ၁၉၄၉ (၄) ကြိမ်မြောက် ဂျီနီဗာသဘောတူညီချက်က ချဲ့ထွင်ခဲ့သည်။[၅][၆]

ပထမကမ္ဘာစစ်[ပြင်ဆင်ရန်]

သမိုင်းပညာရှင် ရစ်ချတ် ရူဘင်၏ အဆိုအရ Meuse-Argonne လှုံ့ဆော်ပွဲ၌ အရင်းရှင်ဂျာမန်တပ်မတော်၏ စစ်သားမှန်သမျှ အပေါ် တူးတူးခါးခါးမုန်းတီးစေရန် အမေရိကန် ဒိုးဘွိုင်းဇ်က ဖန်တီးခဲ့သည်။ "Meuse-Argonne ၌ ဖမ်းမိလာသော ဂျမန်အကျဉ်းသားများကို ရှေ့တန်းသို့ ပြန်ပို့ရမည့်အစား ကွပ်မျက်ပစ်ခဲ့ကြောင်း အစီရင်ခံစာများကို ဟိုနားတစ ဒီနားတစ ဖတ်ခဲ့ရသည်" ဟု ရူဘင်က အခိုင်အမာဆိုသည်။[၇]

ဒုတိယကမ္ဘာစစ်[ပြင်ဆင်ရန်]

ပစိဖိတ်စစ်မျက်နှာ[ပြင်ဆင်ရန်]

၁၉၄၃ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဝါဟူးသည် ဂျပန်သယ်ယူပို့ဆောင်ရေး Buyo Maru ၏ အသက်ကယ်လှေပေါ်ရှိ အသက်ရှင်ကျန်ရစ်သူများအား ပစ်ခတ်ခဲ့သည်။ ဒု-ရေတပ်ဗိုလ်ချုပ်ကြီး ချားလ်စ် အေ လော့ခ်ဝုဒ်က အသက်ရှင်ကျန်ရစ်သူများမှာ ဂျပန်စစ်သားများဖြစ်ကြကာ ရေငုပ်သင်္ဘောရေပေါ်ပြန်တက်လာချိန်တွင် စက်သေနတ် ၊ ရိုင်ဖယ်များဖြင့်ပစ်ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘောစစ်ဆင်ရေးတွင် ထိုကဲ့သို့ အတိုက်အခံပြုခြင်းမှာ မဆန်းကြောင်း ပြောကြားခဲ့ သည်။[၈] ရေငုပ်သင်္ဘော၏ အမှုဆောင်အရာရှိ၏ အဆိုအရ ဂျပန်စစ်သားများအား လှေပေါ်မှ စွန့်ခွာသွားကြစေရန် ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ တမင်ပစ်မှတ်ထားခဲ့ခြင်းမရှိဟု ဆိုသည်။[၉] ရေငုပ်သင်္ဘောအဖွဲ့မှ စတင်ပစ်ခတ်ပြီးနောက်မှ သင်္ဘောပျက်ပေါ်မှ အသက်ရှင်ကျန်ရစ်သူများက ပြောင်းတိုသေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု  သမိုင်းပညာရှင် ကလေးဘလဲက ဖော်ပြသည်။[၁၀] စစ်လက်နက်ပစ္စည်းကုန်လှောင်ရုံ အမှတ် ၂၆ ဂျပန်စစ်တပ်၏ အစောင့်အကြပ်ခံ အိန္ဒိယ တပ်မ ၂ ၊ ပန်ဂျပ် တပ်စု အမှတ် ၁၆ တို့မှ မဟာမိတ် စစ်သုံ့ပန်းများပါဝင်သည်ဟု နောက်ပိုင်းတွင်မှ ဖော်ထုတ် သတ်မှတ်ခဲ့ကြသည်။[၁၁] Buyo Maru တွင် လိုက်ပါလာခဲ့သော ၁၁၂၆ ဦးနက် အိန္ဒိယ ၁၉၅ ဦး နှင့် ဂျပန် ၈၇ တို့မှာ သင်္ဘောမှ ပစ်ခတ်သော တော်ပီဒိုကြောင့်လည်းကောင်း နောက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လည်းကောင်း သေဆုံးခဲ့သည်။[၁၂]

Bismarck ပင်လယ် ရေကြောင်းတိုက်ပွဲ (၁၉၄၃ မတ်လ ၃-၅ ရက်) ဖြစ်ပွားနေစဉ်နှင့် ဖြစ်အပြီးတွင်  (March 3–5, 1943), ယူအက်စ် ပီတီဘုတ်များနှင့် မဟာမိတ်လေယာဉ်များက ဂျပန်ကယ်ဆယ်ရေးသင်္ဘောများသာမက နစ်မြုပ်ဆဲ ဂျပန်တပ်စု သယ်ယူပို့ဆောင်ရေး သင်္ဘော ၈ စင်းမှ အသက်ရှင်သူ ၁၀၀၀ ခန့်ကိုပါ တိုက်ခိုက်ခဲ့သည်။[၁၃] ထုတ်ပြန်ခဲ့သော ဖြေရှင်းချက်မှာ ဂျပန်တပ်သားများသည် ၎င်းတို့၏ ဦးတည်ရာ စစ်မြေပြင်နှင့် နီးကပ်နေသည့်အတွက် တိုက်ပွဲအတွင်း ချက်ချင်းပြန်လည် ဝင်ရောက်နိုင်ခြင်းကြောင့်ဟူ၍ ဖြစ်သည်။[၁၃] မဟာမိတ်လေတပ်သားများစွာမှာ ယင်းတိုက်ခိုက်မှုများကို လိုအပ်သည်ဟု လက်ခံခဲ့ကြသော်လည်း အခြားသူများမှာ စက်ဆုပ်ခဲ့ကြသည်။[၁၄]

နော်တင်ဟမ်တက္ကသိုလ် သမိုင်းပါမောက္ခ ရစ်ချတ် အာလ်ဒရစ်ချ်၏ အဆိုအရ လက်နက်ချဂျပန်စစ်သားများအား အမေရိကန်တပ်သားများက ပစိဖိတ်စစ်ပွဲအတွင်း တမင်သတ်ဖြတ်ခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဩစတြေးလျ စစ်သားများ၏ ဒိုင်ယာရီများအား လေ့လာမှုတရပ်ကို အာလ်ဒရစ်ချ်က ပုံနှိပ်ထုတ်ဝေခဲ့ရာ တခါတရံတွင် စစ်သုံ့ပန်းများကို အစုလိုက်အပြုံလိုက်သတ်ခဲ့ကြောင်း ဒိုင်ယာရီများတွင် မှတ်သားထားသည်။[၁၅] ဂျွန်ဒေါင်ဝါ၏ အပြောအရ "ဖြစ်ရပ်များစွာ၌ …စစ်သုံ့ပန်းဖြစ်သွားသော ဂျပန်တို့မှာ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲလျက် ဖြစ်စေ အကျဉ်းစခန်းသွားရာ လမ်းတွင်ဖြစ်စေ သတ်ဖြတ်ခံရသည်။"[၁၆] ပါမောက္ခအာလ်ဒရစ်ချ်၏အဆိုအရ "အရှင်မထားခြင်း (take no prisoners)" မှာ ယူအက်စ်တပ်ဖွဲ့များ၏ အစဉ်အလာဖြစ်သည်။ ၁၉၄၃ ခုနှစ်၌ "ရေခဲမုန့်နှင့် ခွင့် ၃ ရက်ပေးမည်ဆိုသော ကတိကဝတ်ဖြင့် သာ … လက်နက်ချဂျပန်တို့အား မသတ်ရန် အမေရိကန်တပ်ဖွဲ့များအား ဖြောင်းဖျနိုင်မည်ဟု လျှို့ဝှက် [ယူအက်စ်] ထောက်လှမ်းရေးအစီရင်ခံစာက မှတ်တမ်းတင်ထားကြောင်း" ဗြိတိန်သမိုင်းပညာရှင် နိုင်ယဲလ်ဖာဂူဆန်က ပြောခဲ့ရာ အာလ်ဒရစ်ချ်၏ သုံးသပ်မှုကို ခိုင်မာစေသည်။[၁၇]

ထိုကဲ့သို့ လုပ်ဆောင်မှုများကြောင့် ၁၉၄၄ နှစ်ကုန်ပိုင်းတွင် ဂျပန်သေဆုံးသူ ၁၀၀ လျှင် ဂျပန်သုံ့ပန်း ၁ ဦး အချိုးဖြစ်နေသည် ဟု ဖာဂူဆန်က ဖော်ပြထားသည်။ (ထောက်လှမ်းရေးသတင်းစုစည်းခြင်းအား နှောင့်နှေးစေသည့်အတွက်) ၎င်းတို့ တပ်သားများအကြား "အရှင်မထားခြင်း" အပြူအမူကို ချိုးနှိမ်ရန် နှင့်[၁၇] ဂျပန်တပ်သားများအား လက်နက်ချရေး တိုက်တွန်းရန် မဟာမိတ်တပ်မှူးများက ထိုနှစ်တွင်ပင် အားထုတ်ခဲ့သည်။ မဟာမိတ်တပ်မှူးများ၏ ဆောင်ရွက်ချက်မှာ ၁၉၄၅ နှစ်လယ်တွင် ဂျပန်သုံ့ပန်းနှင့်သေဆုံးသူ အချိုးမှာ ၁:၇ သို့ တိုးတက်ရောက်ရှိ လာခဲ့သည်ဟု ဖာဂူဆန်က ဖြည့်စွက်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ "အရှင်မထားခြင်း" ဆိုသည်မှာ ၁၉၄၅ ဧပြီ-ဇွန်အတွင်း အိုကီနာဝါတိုက်ပွဲအတွင်း အမေရိကန်တပ်ဖွဲ့များအကြားက "စံ လုပ်ထုံးလုပ်နည်း" ဖြစ်နေဆဲပင်။ "ဂျာမန်နှင့် ဂျပန်စစ်သားများ လက်နက်ချရန် ကြောက်ရွံ့ကြသည်မှာ အရေးယူခံရခြင်း သို့မဟုတ် ဂုဏ်သိက္ခာမဲ့မှု ကြောင့်သာမက မည်သို့ပင်ဆိုစေ ရန်သူတပ်၏ သတ်ဖြတ်မှုခံရမည့်အတူတူ ဆက်တိုက်ပွဲဝင်ရန်သာရှိသည်ဟု စစ်သားအများစုက ခံယူကြသောကြောင့်လည်း ဖြစ်သည်" ဟု ဖာဂူဆန်က အကြံပြုသည်။[၁၈]

ရှေ့တန်းရောက် မဟာမိတ်တပ်များမှာ ဂျပန်စစ်သားများအား တူးတူးခါးခါး မုန်းတီးကြသည့်အပြင် လက်နက်ချ မဟာမိတ် တပ်သားများမှာ ဂျပန်တို့၏ "သက်ညှာမှုမခံရ" ဟု ခိုင်လုံမှုရှိစွာ ယုံကြကြသည့်အတွက် သုံ့ပန်းများအား ခေါ်ဆောင်ရန်ဖြစ်စေ ကာကွယ်ရန်ဖြစ်စေ "ဖျောင်းဖြရန်မလွယ်ကူကြ" ကြောင်း ယူအက်စ် ဂျပန်ရေးရာကျွမ်းကျင်သူ အူးလ်ရစ်ချ် စထရောက်စ် က အကြံပြုထားသည်။[၁၉] ၁၉၀၇ ခုနှစ် သည်ဟိဂ် သဘောတူညီချက်များက တားမြစ်ထားသော အစဉ်အလာ ဖြစ်သည့် ရုတ်ချည်းတိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက်လက်နက်ချဟန်ဆောင်ခြင်းကို ဂျပန်စစ်သားများက ပြုလုပ်နိုင်ဖွယ် ရှိသည်ဟု မဟာမိတ်တပ်များအား ပြောကြားထားသည်။[၂၀] "အမေရိကန်တပ်ဖွဲ့များအား မလိုအပ်ဘဲ အန္တရာယ်များစေနိုင်သည် ဖြစ်ရာ[၁၉] စစ်မြေပြင်တွင် သုံ့ပန်းများခေါ်ဆောင်ခြင်းကို အကြီးတန်းအရာရှိများက ကန့်ကွက်ကြ သည်" ဟု  စထရောက်စ် က ဆိုသည်။ ဂွါဒါးလ်တူးမြောင်း၌ သုံ့ပန်းများကို ခေါ်ဆောင်စဉ်က "ခေါ်ဆောင်ရန် ဝန်ပိုသည့်" အတွက် သယ်ယူပို့ဆောင်စဉ် အတွင်း စစ်သုံ့ပန်းများ မကြာခဏ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည်ဟု စစ်တပ်စုံစမ်းစစ်ဆေးသူ ကပ္ပတိန်ဘာဒန်က မှတ်ချက်ပြုခဲ့သည်။[၂၁]

ယူအက်စ်သမိုင်းပညာရှင် ဂျိမ်းစ် ဂျေ ဝိန်းဂါ့တ်နာက ယူအက်စ် စစ်သုံ့ပန်းစခန်းအတွင်း ဂျပန်စစ်သားအရေအတွက် အလွန် နည်းရခြင်းမှာ အကြောင်းရင်း ၂ ချက်ကြောင့်ဖြစ်ပြီး ၎င်းတို့မှာ (၁) ဂျပန်တို့က လက်နက်ချရန် ဝန်လေးခြင်း ၊ (၂) "ဂျပန်တို့မှာ စစ်သုံ့ပန်းတို့အပေါ် ပုံမှန်ပြုမြဲ ဆက်ဆံမှုနှင့် မထိုက်တန်သော 'တိရစ္ဆာန်များ' သို့မဟုတ် 'လူ့တိရစ္ဆာန်များ' ဖြစ်သည် ဟူ၍ အမေရိကန်တို့အကြား အကျယ်တဝင့် ယုံကြည်ကြခြင်း" ဖြစ်သည်။[၂၂] "ရုရှားတို့အပေါ် ဂျာမန်တို့က Untermenschen (အဓိပ္ပါယ်မှာ "လူ့တိရစ္ဆာန်") ဟု မြင်ကြသည့်အတိုင်း မဟာမိတ်တပ်များကလည်း ဂျပန်တို့အပေါ် မြင်ခဲ့ကြသည်" ဟု ဖာဂူဆန်က ဆိုခဲ့ရာ ဒုတိယအကြောင်းရင်းမှာ ခိုင်မာလာသည်။

အဓမ္မကျင့်ခြင်း[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ် အိုကီနာဝါတိုက်ပွဲအတွင်း ယူအက်စ်စစ်သားအချို့မှာ အိုကီနာဝမ်အမျိုးသမီးများအား အဓမ္မပြုကျင့်ခဲ့ကြသည်ဟု ဆိုကြသည်။[၂၃]

နှစ်များစွာ သုတေသနပြုပြီးနောက် (အိုကီနာဝါစီရင်စု သမိုင်းမော်ကွန်းမှတ်တမ်းရုံး ညွှန်ကြားရေးမှူးဟောင်း) အိုကီနာဝမ်သမိုင်းပညာရှင် အိုရှီရိုမာဆယဆုက အောက်ပါအတိုင်းရေးသားခဲ့သည်။

ယူအက်စ်မရိန်းတပ်ဖွဲ့များ ကမ်းတက်ပြီးမကြာမီ မိုတော့ဘု ကျွန်းဆွယ်ပေါ်ရှိ ကျွန်းသူအားလုံးတို့မှာ အမေရိကန်စစ်သားတို့ လက်တွင်းသက်ဆင်းခဲ့တော့သည်။ ထိုစဉ်က လူငယ်အမျိုးသားအားလုံးတို့မှာ စစ်ပွဲသို့ ဆင့်ခေါ်ခံထားရသည်ဖြစ်ရာ အမျိုးသမီးများ ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသာ ရွာအတွင်း ကျန်ရှိခဲ့ကြသည်။ ကုန်းတွင်းဝင်ရောက်ပြီးသည်နှင့် မရိန်းတပ်သားများက တရွာလုံးအား တက်တက်စင်အောင်ရှာဖွေသော်လည်း ဂျပန်တပ်သားများ၏ အရိပ်အယောင်မျှ မတွေ့ရှိခဲ့ရပေ။ ဤအနေအထားကို အခွင့်ကောင်းယူ၍ နေ့ခင်းကြောင်တောင်၌ ‘အမျိုးသမီးများအား အမဲလိုက်ခြင်း’ ကို စတင်လုပ်ဆောင်ခဲ့ပြီး ရွာအတွင်း သို့မဟုတ် နီးစပ်ရာလေယာဉ်ဗုံးခိုကျဉ်းတွင်း၌ ပုန်းအောင်းနေသော အမျိုးသမီးများကို တဦးပြီးတဦး တရွတ်တိုက်ဆွဲထုတ်ခဲ့ကြသည်။[၂၄]

၂၀၀၀ ပြည့်နှစ်တွင် ထုတ်ဝေသော နျူးယော့ခ်တိုင်းမ်းသတင်းစာက ပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ အမေရိကန် ပြည်ထောင်စုက အိုကီနာဝါတိုက်ပွဲတွင် အနိုင်ရပြီးနောက် လက်နက်ကိုင်မရိန်းတပ်သား ၃ ဦး ရွာသို့ အပတ်စဉ် လာရောက်ပြီး ရွာခံအမျိုးသမီးအားလုံးကို စုရုံးပေးရန် ရွာသားများအား အကျပ်ကိုင်၍ တောင်ကုန်းများပေါ်သို့ ခေါ်ဆောင်သွားကာ မုဒိမ်း ကျင့်ခဲ့ကြသည်ဟု အိုကီနာဝမ်သက်ကြီးရွယ်အိုများစွာ၏ ကျိန်တွယ်ထွက်ဆိုခဲ့ကြသည်။ ထိုသတင်းဆောင်းပါးမှာ ဤအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ဖော်ပြခဲ့ပြီး ရွာသူရွာသားများ၏ ဇတ်လမ်းများ အစစ်အမှန်ဟုတ်-မဟုတ်မှာ "အမှောင်ချထားပြီး ကာလကြာရှည် ကွယ်ဝှက်ထားသော လျှို့ဝှက်ချက်" ၏ အစိတ်အပိုင်းဖြစ်ပြီး ယင်းသို့ ဖော်ထုတ်ခံရမှုကြောင့် လျှစ်လျှူရှုခံ စစ်ရာဇဝတ်မှုများအနက်မှ တစ်ခုဟု သမိုင်းပညာရှင်များက ပြောစမှတ်ပြုကြသည့် 'အမေရိကန်တပ်သားတို့၏ အိုကီနာဝါနယ်ခံအမျိုးသမီးများအား အဓမ္မပြုကျင့်မှုများ' အပေါ် တဖန်"အာရုံပြန်စိုက်လာမှု" ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။[၂၅] ဂျပန်တို့၏ အဓမ္မပြုကျင့်ခံရမှုတိုင်ကြားချက်များမှာ ထိုစဉ်က လျစ်လျှူရှုခံခဲ့ရသော်လည်း အိုကီနာဝမ်အမျိုးသမီး ၁ သောင်းအထိ အဓမ္မပြုကျင့်ခံခဲ့ရနိုင်ဖွယ်ရှိကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။ အဓမ္မပြုကျင့်ခြင်းမှာ ကြီးမားကျယ်ပြန့်လွန်းသည့်အတွက် ၂၀၀၀ ပြည့်နှစ်၌ အသက် ၆၅ နှစ်ထက်ကျော်လွန်ပြီးသူ အိုကီနာဝမ်နယ်သား အများစုမှာ စစ်ပြီးကာလ၌ မုဒိမ်းအကျင့်ခံရသည့် အမျိုးသမီး တဦးတယောက်နှင့် သိကျွမ်းသူ သို့မဟုတ် ကြားဖူးသူများ ဖြစ်ကြသည်ဟု ဆိုသည်။[၂၆]

အရှေ့အာရှရေးရာ ပါမောက္ခ နှင့် အိုကီနာဝါအရေး ကျွမ်းကျင်သူ စတိဗ်ရပ်ဘ်ဆန်က "အိုကီနာဝမ်သတင်းစာနဲ့ စာအုပ်ပေါင်းများစွာကို ဖတ်ပြီးခဲ့ပါပြီ ၊ ဒါပေမဲ့ လူအနည်းငယ်သာ ဒီအကြောင်းကို သိတာ ဒါမှမဟုတ် ဒီအကြောင်းကို ပြောလိုကြပါတယ်" ဟု ပြောခဲ့သည်။[၂၆] ဒေသန္တရထုတ်စာအုပ်ဟောင်း ၊ ဒိုင်ယာရီဟောင်း ၊ သတင်းဆောင်းပါးနှင့် အခြားစာရွက်စာတမ်းများစွာတွင် နောက်ခံပေါင်းစုံ နှင့်လူမျိုးစုံ အမေရိကန်စစ်သားများ၏ မုဒိမ်းကျင့်ကြံမှုများကို ညွှန်းဆိုထားကြသည်ဟု သူက မှတ်ချက်ပြုခဲ့သည်။ ယူအက်စ် စစ်တပ်တွင် အဓမ္မပြုကျင့်မှု မှတ်တမ်း မရှိရခြင်းအတွက် ရှင်းလင်းချက်တခုမှာ ကြောက်ရွံ့ခြင်း နှင့် ရှက်ရွံခြင်းကြောင့် အိုကီနာဝမ်အမျိုးသမီးအနည်းငယ်ကသာ စော်ကားမှုကို တိုင်ကြားခဲ့သောကြောင့် ဖြစ်သည်။ အိုကီနာဝမ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရသူတဦးက "နစ်နာသူ အမျိုးသမီးများက အလွန်ရှက်ရွံ့ကြသည့်အတွက် လူသိရှင်ကြားမပြုကြ" ဟု ဆိုသည်။[၂၆] တိုင်ကြားသူများမှာလည်း ယူအက်စ်လုံထိန်းတပ်ဖွဲ့၏ လျစ်လျှူရှုခြင်းခံခဲ့ရသည်ဟု သမိုင်းပညာရှင်များက ယုံကြည်ကြသည်။ အမျိုးသမီးများစွာက အမေရိကန်-ဂျပန်ကလေးများ မလွှဲမရှောင်သာ မွေးဖွားလာပြီးသည့်နောက် မည်သည့်အတွက်ကြောင့် ဤကိစ္စမပေါ်ခဲ့ရသည်ကို လူအများအတွက် စဉ်းစားရ ကြပ်ခဲ့သည်။ မိမိကိုယ်ကိုသတ်သေခြင်းမပြုနိုင်ခဲ့ကြသည့် အဓမ္မပြုကျင့်ခံအမျိုးသမီးအချို့မှာ သွေးနှောကလေးများ မွေးဖွားခဲ့ကြပြီး မွေးဖွားလာသည်နှင့်တပြိုင်နက် ရှက်ရွံ့ ၊ စက်ဆုပ် ၊ ကြောက်ရွံ့ဖွယ်ရာ သွေးပျက်မှုများကြောင့် သတ်ပစ်ခြင်း သော်လည်းကောင်း စွန့်ပစ်ခဲ့ခြင်းသော်လည်းကောင်း ပြုခဲ့ကြသည်ဟု အင်တာဗျူးများတွင် သမိုင်းပညာရှင်များ နှင့် အိုကီနာဝမ်သက်ကြီးရွယ်အိုများက ဖွင့်ဟခဲ့သည်။ များသောအားဖြင့် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများမှာ ရွာခံလက်သည်များ၏ အကူအညီဖြင့် အကြမ်းပတမ်းနည်းဖြင့်ကိုယ်ဝန်ဖျက်ချခဲ့ကြရသည်။ ဤရာဇဝတ်မှုများ၏ အတိုင်းအတာကို ဆုံးဖြတ်နိုင်မည့် ကြိုးပမ်းအားထုတ်မှု ပြုခဲ့ခြင်းမရှိပေ။ စစ်ပြီးနောက် ဆယ်စုနှစ် ၅ ခု ကြာပြီး  ၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် အဓမ္မပြုကျင့်ခံရသည်ဟု ယုံကြည်ရဖွယ်ရှိသော အမျိုးသမီးများမှာ လူသိရှင်ကြား ထုတ်ဖော်ပြောရန် ငြင်းဆိုနေဆဲဖြစ်ပြီး ဆွေမျိုးများ ၊ သမိုင်းပညာရှင်များနှင့် စကော်လာများထံမှတဆင့်သာ ဖွင့်ဟကြသည်။[၂၆]

ဖြစ်ပွားလျက်ရှိသည်များနှင့်ပတ်သက်ပြီး ယူအက်စ်က အတိုင်းအတာတခုအထိ သိရှိခဲ့ကြောင်း ခိုင်မာသော သက်သေအထောက်အထားရှိသည်။ အမေရိကန်စစ်ပြန်များနှင့် မျက်မြင်သက်သေများစွာတို့အနေဖြင့် အရှက်ရကြသည့် အတွက် အဓမ္မပြုကျင့်မှုကို တမင်ထိန်ချန်ထားကြခြင်းဖြစ်နိုင်ကြောင်း နှင့် "ကျတော်တို့ နိုင်ငံအတွက် အမှုထမ်းဖို့ ကျားကုတ်ကျားခဲကြိုးစားပြီးတဲ့နောက် ကျတော်တို့အားလုံးက မုဒိမ်းကောင်တွေချည်းပဲရယ်လို့ လူထုတရပ်လုံးက မြင်သွားကြမှာတော့ မတရားဘူးလေ" ဟု အငြိမ်းစားကပ္ပတိန် ဆမ်မြူရယ်လ်ဆက်စ်တွန်က ရှင်းပြသည်။[၂၆] စစ်ဘက် အရာထမ်းများက အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်ခြင်းကို တရားဝင် ငြင်းဆိုကြသကဲ့သို့ အသက်ရှင်နေဆဲ စစ်ပြန်များက နျူးယော့ခ်တိုင်းမ်စ်၏ အင်တာဗျူးပြုလုပ်ရန် တောင်းဆိုချက်ကို ငြင်းဆန်ခဲ့ကြသည်။ "သမိုင်းကြောင်းအရ မသိကျိုးကျွံပြုမှု အများအပြား ရှိနေဆဲပင်ဖြစ်ပြီး လူအများစုမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို အသိအမှတ်မပြုလိုကြ" ဟု လူမှုဗေဒ ပါမောက္ခ မဆအိအဲအိရှိဟာရက ထောက်ခံပြောဆိုခဲ့သည်။[၂၆] ၁၉၄၆ မတိုင်မီတွင် အိုကီနာဝါ၌ မုဒိမ်းမှု တိုင်ကြားချက် ၁၀ ခု လျော့လျော့သာရှိခဲ့သည်ဟု စာရေးဆရာ ဂျော့ချ်ဖိုက်ဖါက ၎င်း၏ စာအုပ် တန်နိုဇန် - အိုကီနာဝါတိုက်ပွဲနှင့် အက်တော့မစ်ဗုံး စာအုပ်တွင် မှတ်ချက်ပြုခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ "အရှက်ရခြင်းနှင့် ဂုဏ်သိက္ခာညှိုးနွမ်းခြင်းကြောင့်သာမက အမေရိကန်တို့မှာ အောင်နိုင်သူများနှင့် သိမ်းပိုက်သူများဖြစ်ခြင်းကြောင့်လည်းပါဝင်သည်" ဟု သူက ရှင်းပြသည်။ အမှု ထောင်ပေါင်းများစွာရှိနိုင်သော်လည်း နစ်နာသူများ၏ နှုတ်ဆိတ်နေမှုကြောင့် အဓမ္မပြုကျင့်ခြင်းမှာ ကမ်ပိန်း၏ အခြား ညစ်နွမ်းသည့်လျှို့ဝှက်ချက် တစ်ခုဖြစ်စေခဲ့သည်။[၂၇]


ဂျပန်အရပ်သားများမှာ "ရန်သူအမေရိကန်များထံမှ တခြားသူများထက်စာလျှင် လူသားဆန်စွာဆက်ဆံခံရသည့်အတွက် များသောအားဖြင့် အံ့အားသင့်ခဲ့ကြသည်" ဟုလည်း အချို့စာရေးသူများက မှတ်ချက်ပြုခဲ့ကြသည်။[၂၈][၂၉] မာ့ခ်ဆယ်လ်ဒန်၏ အလိုမပြည့်မှု ကျွန်းစုများ - ဂျပန်နှင့် အမေရိကန် အာဏာနှင့်စပ်လျဉ်း၍ အိုကီနာဝမ်တို့၏ တုံ့ပြန်မှုများအရ ဂျပန်စစ်ဘက်အရာထမ်းများက ကြိုတင်သတိပေးထားသကဲ့သို့ပင် အမေရိကန်တို့က အရပ်သားများအား နှိပ်စက်ညှင်းပန်းမှု ၊ အဓမ္မပြုကျင့်မှု နှင့် သတ်ဖြတ်မှု မူဝါဒကို လိုက်နာခြင်းမပြုခဲ့ကြပေ။[၃၀]

ဂျပန်တို့ လက်နက်ချအပြီး ကာနာဂါဝါစီရင်စုအား သိမ်းပိုက်ပြီးနောက် ပထမဆုံး ၁၀ ရက်အတွင်း၌ပင် အဓမ္မမှု တိုင်ကြားချက် ၁၃၃၆ ရှိခဲ့သည်။[၂၃]

ဥရောပစစ်မျက်နှာ[ပြင်ဆင်ရန်]

လကိုးနီးယား လူသတ်ပွဲတွင် အတ္တလန်တစ်ပင်လယ်တွင်း နစ်မြုပ်နေသည့် ဗြိတိသျှ စစ်သင်္ဘောပေါ်မှ အသက်ရှင်ကျန်ရစ် သော ဂျာမန်များကို ယူအက်စ်လေတပ်က တိုက်ခိုက်ခဲ့သည်။ ယူ-ဘုတ်၏ တည်နေရာ ၊ ကြံရွယ်ချက်နှင့် ဗြိတိသျှ ရေတပ်သားများရှိနေခြင်းကို သိသိလျက်နှင့် အမေရိကန်ပြည်ထောင်စု လေတပ်(USAAF) မှ ဘီ ၂၄ လွတ်မြောက်ရေး ဗုံးကြဲလေယာဉ် လေယာဉ်မှူးများက လကောနီးယားမှ အသက်ရှင်နေဆဲသူများကို ဗုံးမိုးရွာချခြင်း စက်သေနတ်ဆွဲခြင်းဖြင့် တိုက်ခိုက်ခဲ့ရာ U-156 အနေဖြင့် ကျန်ရှိသူများအား ပင်လယ်တွင်း ပစ်ချပြီး ဖျက်ဆီးခံမည်ကို စိုးရိမ်သဖြင့် အရေးပေါ် ရုတ်ချည်းဦးစိုက်ငုပ်ဆင်းခြင်း ပြုလုပ်ခဲ့ရသည်။

"Canicattì လူသတ်ပွဲ" တွင် ဒုတိယဗိုလ်မှူးကြီး ဂျော့ချ် ဟားဘတ် မက်ကတ်ဖရေးက အီတာလျံအရပ်သားများအား သတ်ဖြတ်ခြင်း ပါဝင်သည်။ လျှို့ဝှက်စုံစမ်းစစ်ဆေးရေးပြုလုပ်ခဲ့သော်လည်း မက်ဖရေးကို လူသတ်ပွဲနှင့် စပ်လျဉ်းသည့် မည်သည့်ကျူးလွန်မှုနှင့်မျှ အရေးယူခြင်းမရှိခဲ့ပေ။ ၁၉၅၄ ခုနှစ်တွင် သေဆုံးခဲ့သည်။ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူ တဦး၏ သားဖြစ်သူ နျူးယော့ခ်တက္ကသိုလ်မှ ဂျိုးဆက်ဖ် အက်စ် ဆလေးမီက သတင်းပေးခဲ့သည့် ၂၀၀၅ ခုနှစ်မတိုင်မီအထိ ယူအက်စ်၌ ဤဖြစ်ရပ်ကို မသိရှိခဲ့ကြပေ။[၃၁]

အစုလိုက်အပြုံလိုက် လူသတ်မှု ၂ မှု ဖြစ်သည့် "Biscari လူသတ်ပွဲ" ၌ အမေရိကန် ခြေလျင်တပ်ခွဲ အမှတ်၄၅ က စစ်သုံ့ပန်း ၇၅ ဦးခန့်ကို သတ်ဖြတ်ခဲ့ရာ အများစုမှာ အီတာလျံများဖြစ်သည်။[၃၂][၃၃]

Der Spiegel  ပါ Klaus Wiegrefe ၏ သတင်းဆောင်းပါးအရ မဟာမိတ်စစ်သားများ၏ ပုဂ္ဂလိကမှတ်တမ်းများကို ယခုအချိန်အထိ သမိုင်းပညာရှင်များက စိတ်တူသဘောတူ လျစ်လျှူရှုထားခဲ့ကြခြင်းမှာ ဒုတိယကမ္ဘာစစ်ကာလအတွင်း "မျိုးဆက်" ယုံတမ်းစကားများနှင့် သွေဖည်နေသောကြောင့်ဖြစ်သည်။ သို့သော် မကြာသေးမီက အီတလီနိုင်ငံတွင်း မဟာမိတ်တို့၏ စစ်ရာဇဝတ်မှုများအကြောင်း ရေးသားထားသော ရစ်ခ်အတ်ကင်ဆန်၏ တိုက်ပွဲဝင်နေ့ရက်များ ၊ အန်ထော်နီဘီးဗာ၏ ဒီဒေး - နော်မန်ဒီတိုက်ပွဲ ကဲ့သို့ စာအုပ်များနှင့်အတူ အခြေအနေများ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။[၃၄] နော်မန်ဒီ၌ ကျူးလွန်သော မဟာမိတ်တို့၏ စစ်ရာဇဝတ်မှုများမှာ "ယခင်က နားလည်ထားသည်ထက်" ပို၍ ကြီးမားကျယ်ပြန့်ကြောင်း ဘီးဗာ၏ နောက်ဆုံးထုတ်စာအုပ်က အကြံပြုထားသည်။[၃၅]

နော်မန်ဒီကမ်းခြေ၌ ဒီဒေး ကမ်းတက်စဉ်အတွင်း ရန်သူသုံ့ပန်းများအား မခေါ်ဆောင်ကြရန် ယူအက်စ်နှင့် ကနေဒီယန်တပ်ဖွဲ့များအား အမိန့်ထုတ်ထားခဲ့ကြောင်း သမိုင်းပညာရှင် Peter Lieb က တွေ့ရှိရသည်။ ဤရှုမြင်မှုမှာ မှန်ကန်သည်ဆိုပါက ကမ်းတပ်သည့်နေ့တွင် အိုမာဟာကမ်းခြေပေါ်ရှိ စစ်သုံ့ပန်း စုရပ်သို့ရောက်မလာနိုင်သည့် (ဖမ်းဆီးခံရသူ ၁၃၀ အနက်) ဂျာမန်အကျဉ်းသား ၆၄ ဦး၏ ကံကြမ္မာကို သိနိုင်ပြီဖြစ်သည်။[၃၄]

ပြင်သစ်ကျေးရွာ Audouville-la-Hubert အနီးတွင် Wehrmacht သုံ့ပန်း ၃၀ မှာ ယူအက်စ် လေထီးတပ်သားများ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းခံရသည်။[၃၅]

အမေရိကန်စစ်သုံ့ပန်း ၈၀ မှာ ဖမ်းထားသူ ဂျာမန်များ၏ သတ်ဖြတ်ခြင်းခံရသော ၁၉၄၄ မာလ်မဒီ လူသတ်ပွဲ ပြီးနောက် ၁၉၄၄ ဒီဇင်ဘာ ၂၁ ရက်စွဲပါ ယူအက်စ် တပ်မတော် ခြေလျင်တပ်ရင်း အမှတ် ၃၂၈ ဌာနချုပ်မှ ညွှန်ကြားလွှာတစောင်တွင် "အက်စ်အက်စ်တပ်ဖွဲ့များ သို့မဟုတ် လေထီးတပ်သားများအား အရှင်မထားဘဲ တွေ့ရာမဆိုင်း ပစ်သတ်ရန်"။ ဟု ပါရှိသည်။[၃၆] ဗိုလ်ချုပ်ကြီး ရေမန်ဟပ်ဖ်တ် (ယူအက်စ်တပ်မတော်) က ၁၉၄၅ ခုနှစ်၌ ၎င်း၏တပ်ဖွဲ့များကို ရိုင်းမြစ်ကို ဖြတ်ကူးစဉ် [ရန်သူအား] အရှင်မထားရန် အမိန့်ပေးခဲ့သည်။ "စစ်ပွဲအလွန်၌ သူခွင့်ပြုခဲ့သော စစ်ရာဇဝတ်မှုများ အား ပြန်လည်သုံးသပ်သည့်အခါ "တကယ်လို့သာ ဂျာမန်တွေအနိုင်ရခဲ့ရင် သူတို့အစား နူရင်ဘတ်ခုံရုံးကို ကျွန်တော် တက်ရမှာ" ဟု ဝန်ခံပြောကြားခဲ့သည်။[၃၇] စစ်ပြန် ၁၀၀၀ ကျော်ကို အင်တာဗျူးပြီးတဲ့နောက် တဦးတည်းကသာ သုံ့ပန်း တစ်ယောက်ကို ပစ်သတ်ခဲ့ကြောင်း ပြောခဲ့တယ် …. ဒါပေမဲ့ လက်မြှောက်ထားသည့် လက်နက်မဲ့ ဂျာမန်စစ်သုံ့ပန်းများအား အခြား တပ်သားများက ပစ်ခတ်ခဲ့သည်ကို မြင်တွေ့ခဲ့တယ်လို့ စစ်ပြန် သုံးပုံတစ်ပုံလောက်က ဆက်စပ်ပြောခဲ့တယ်" ဟု စတက်ဖန်အမ်းဘရို့စ်က ပြောခဲ့သည်။[၃၈]

အော်ပရေးရှင်းတီးယားဒရော့ပ်တွင် နစ်မြုပ်သွားသည့် ဂျာမန်ရေငုပ်သင်္ဘော ယူ-၅၄၆ မှ ဖမ်းဆီးခံ အသက်ရှင်ကျန်ရစ်သူ ၈ ဦးအား အမေရိကန်စစ်ဘက်အမှုထမ်းများက နှိပ်စက်ညှင်းပန်းမှုပါဝင်သည်။ ယူ-၅၄၆ ၏ အသက်ရှင်ကျန်ရစ်သူမျာအား ထုထောင်းနှိပ်စက်မှုမှာ ဂျာမန်ရေငုပ်သင်္ဘောတပ်များက ကွန်တီနန်တယ်လ်ယူအက်စအပေါ် ဒုံးကျည်ဖြင့် တိုက်ခိုက်နိုင်ဖွယ်ရှိမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက် စစ်ဆေးမေးမြန်းသူများအတွက် လျင်လျင်မြန်မြန် ရရှိရန်လိုအပ်မှုက စေ့ဆော်ခြင်းကြောင့် ဖြစ်ရသည့် တခုတည်းသော ရက်စက်ကြမ်းကြုတ်မှုသာ ဖြစ်သည်ဟု သမိုင်းပညာရှင် ဖီးလစ်ပ် ‌ကေ လွန်ဒီဘာ့ဂ် က ရေးသားဖူးသည်။[၃၉]

လွတ်မြောက်ရေးနေ့တွင် Dachau ချွေးတပ်စခန်း၌ သုတ်သင်ခံရသော SS ချွေးတပ်စခန်းစောင့်တပ်သားများ

(ယူအက်စ် စစ်သား ဓာတ်ပုံ/နိုင်ငံတော်မော်ကွန်းမှတ်တမ်းများ)

"Dachau လူသတ်ပွဲ"တွင် ဂျာမန်စစ်သုံ့ပန်းများ နှင့် Dachau ချွေးတပ်စခန်း၌ လက်နက်ချ အက်စ်အက်စ်စစ်သားများကို သတ်ဖြတ်ခြင်း ပါဝင်သည်။[၄၀]

စစ်ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့သည့် အမေရိကန် ဒုတိယကမ္ဘာစစ်ပြန်များအနက် တစ်ဦးမှာ မာဖီးယားလုပ်ကြံသတ်ဖြတ်ရေးသမားဟောင်း ဖရန့်ခ်ရှီးရန်ဖြစ်သည်။ သူ၏ အတ္ထုပတ္တိရေးသူ ချားလ်စ်ဘရန့်တ်နှင့် အင်တာဗျူးတွင် မိုးကြိုးငှက်တပ်ခွဲတွင် စစ်မှုထမ်းခဲ့စဉ်ကာလမှာ လူ့အသတ်နှုတ်ရန် ဝန်မလေးစိတ် ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သူက ပြန်ပြောင်းပြောပြသည်။ ၎င်းကိုယ်တိုင်၏ ဝန်ခံထွက်ဆိုမှုအရ ၁၈၉၉ နှင့် ၁၉၀၇ သည်ဟိဂ်သဘောတူညီချက်များသာမက ၁၉၂၉ ဂျီနီဗာကွန်ဗင်းရှင်းကိုပါ ချိုးဖောက်ရာရောက်သည့် ဂျာမန်စစ်သုံ့ပန်းများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း နှင့် အစစ်ဆေးအမေးအမြန်းမရှိ ကွပ်မျက်ခြင်းများစွာတွင် ရှီးရန်ပါဝင်ခဲ့သည်။ ဘရန့်တ်နှင့် အင်တာဗျူးတွင် ရှီးရန်က ယင်းကဲ့သို့လူသတ်ပွဲများကို အုပ်စု ၄ ခု ခွဲပြခဲ့သည်။

  1. တိုက်ပွဲပြင်းထန်နေစဉ် လက်စားချေသတ်ဖြတ်ခြင်းများ။ ရင်းနှီးသောသူငယ်ချင်းများအား သတ်ဖြတ်ထားသည်မှာ မကြာသေးသော ဂျာမန်စစ်သားတဦး လက်နက်ချရန် ကြိုးစားသည့်အခါ များသောအားဖြင့် "ငရဲကို ပို့ပေးလိုက်တာပဲ" ဟု ရှီးရန်က ဘရန့်တ်အား ပြောပြခဲ့သည်။ ရဲဘော်ရဲဘက်များ၏ အလားတူအပြုအမူများကိုလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်ဟု သူက ပြောသည်။[၄၁]
  2. မစ်ရှင်အတွင်း တပ်ဖွဲ့ခေါင်းဆောင်များထံမှ အမိန့်များ။ သူ၏ ပထမဆုံး အုပ်စုဖွဲ့ရာဇဝတ်မှုအကြောင်း ပြန်ပြောင်းပြောရာတွင် "အရာရှိတစ်ယောက်က ဂျာမန်သုံ့ပန်းတွေကို စည်းနောက်ခေါ်သွားခိုင်းပြီး "အမြန်ပြန်လာခဲ့" လို့ ပြောလိုက်တာပါပဲ၊ လုပ်ရမဲ့ဟာကို လုပ်လိုက်တာပေါ့။[၄၂]
  3. Dachau လူသတ်ပွဲ နှင့် အခြားသော ချွေးတပ်စခန်းအစောင့်များ နှင့် trustee ထောင်သားများအား လက်တုံ့ပြန်သတ်ဖြတ်ခြင်း။[၄၃]
  4. ဂျာမန်စစ်သုံ့ပန်းများကို လူ့သိက္ခာချရန် နှင့် အဆင့်အတန်းနှိမ်ချရန်အတွက် စီမံကြိုးပမ်းခြင်း ။ "ရှီးရန်၏တပ်ခွဲ Harz ‌တောင်တန်းများပေါ် တက်စဉ်က တောင်ကြောတလျောက် အစာရေစာသယ်ဆောင်လာတဲ့ Wehrmacht မြည်းအုပ်စုနဲ့ တောင်တက်ကြတယ်။ အမျိုးသမီးစားတော်ကဲတွေကို ပထမပိုင်းမှာ ထိကပါးရိကပါးမလုပ်ဘဲနေကြတယ် ၊ ဒီနောက်မှာတော့ ရှီးရန်နဲ့ သူ့ရဲဘော်ရဲဘက်တွေက "ကျတော်တို့စားချင်တာတွေစားပြီး ကျန်တာတွေကို ကျတော်တို့ရဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့အတူ ညစ်ညမ်းအောင် လုပ်လိုက်ကြတယ်။ ပြီးတော့မှ Wehrmacht မြည်းမောင်းသူတွေကို ဂေါ်ပြားပေးပြီးတော့ "ကိုယ့်မြေကျင်း ကိုယ်တူးဖို့" အမိန့်ပေးလိုက်ပါတယ် ၊ သူနဲ့ သူ့ဘော်ဒါတွေ စိတ်များပြောင်းသွားကြမလားလို့ မျှော်လင့်ကြတယ်ထင်ပါရဲ့ စောဒကမတက်ဘဲ နာခံကြတယ်လို့ ရှီးရန်က နောက်ပိုင်း ရယ်ပွဲဖွဲ့ခဲ့တယ်။ ဒါပေမဲ့ ရထားမောင်းသမားတွေဟာ အပစ်ခံကြ ရပြီး သူတို့တူးထားတဲ့ တွင်းထဲမှာပဲ မြေမြုပ်ခံခဲ့ကြရတယ်။ ကျတော်လုပ်ကိုလုပ်ရမဲ့ဟာတွေကို နောက်မတွန့်ခဲ့ဘူးလို့ ရှီးရန်က ရှင်းပြခဲ့တယ်"[၄၄]

အဓမ္မကျင့်ခြင်း[ပြင်ဆင်ရန်]

၁၉၄၂ နှင့် ၁၉၄၅ ခုနှစ်အကြားတွင် အင်္ဂလန်ရှိ မုဒိမ်းမှု ၁၂၆ မှုအပါအဝင် ဥရောပတိုက်၌ အမေရိကန်ပုဂ္ဂလိကတပ်သားများ ကျူးလွန်သော လိင်ရာဇဝတ်မှုပေါင်း ၄၀၀ မှာ ၂၀၀၆ ခုနှစ်ရောက်မှသာ လူအများထံအသိပေးခဲ့သော လျှို့ဝှက် စစ်ကာလဖိုင်တွဲများကြောင့် ထွက်ပေါ်လာသည်။[၄၅] ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန် ၊ ပြင်သစ်နှင့် ဂျာမဏီရှိ အရပ်သူ စုစုပေါင်း ၁၄၀၀၀ မှာ အမေရိကန်တပ်သားတို့၏ အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း ရောဘတ် ဂျေ လီလီက ခန့်မှန်းထားသည်။[၄၆][၄၇] ၁၉၄၄ ဇွန်လမှ စစ်ကြီးပြီးဆုံးချိန်အထိ ပြင်သစ်ရောက် အမေရိကန်တပ်သားတို့ ကျုးလွန်သော မုဒိမ်းမှု ၃၅၀၀ ခန့်ရှိသည်။ လွတ်မြောက်ပြီးပြင်သစ်နိုင်ငံတွင် အမျိုးသမီးများအပေါ်လိင်အကြမ်းဖက်မှုမှာ ဖြစ်ရိုးဖြစ်စဉ်သာဟု သမိုင်းပညာရှင်တဦးက ဆိုခဲ့သည်။[၄၈]

ကိုရီးယားစစ်ပွဲ[ပြင်ဆင်ရန်]

နိုဂွန်ရိလူသတ်ပွဲ[ပြင်ဆင်ရန်]

နိုဂွန်ရီလူသတ်ပွဲမှာ ၁၉၅၀ ခုနှစ် ဇူလိုင် ၂၆-၂၉ ရက်နေ့၌ ဆိုးလ်မြို့ အရှေ့တောင်အရပ် မိုင် ၁၀၀ (၁၆၀ ကီလိုမီတာ) ရှိ နိုဂွန်ရီရွာအနီး ရထားလမ်းတံတားတခုတွင် အရေအတွက် အတိအကျမသိရသော တောင်ကိုရီးယားဒုက္ခသည်များအား မြင်းတပ် တပ်ရင်း ၇ (နှင့် ယူအက်စ်လေကြောင်းတိုက်ခိုက်မှု) အတွင်း အမေရိကန်စစ်သားတို့၏ သတ်ဖြတ်မှုဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် သေဆုံးသို့မဟုတ်ပျောက်ဆုံးသူ ၁၆၃ ဦး (အများစုမှာ အမျိုးသမီး ကလေးသူငယ် နှင့် သက်ကြီးရွယ်အို အမျိုးသားများ) နှင့် ဒဏ်ရာရသူ ၅၅ ဦး၏ အမည်များကို အတည်ပြုတောင်ကိုရီးယားအစိုးရက ထောက်ခံချက်ပေးခဲ့သည်။ အခြားတပါးသောနစ်နာသူများ၏ အမည်များမှာ သတင်းပို့ခြင်းမခံရဟု ဆိုကြသည်။[၄၉] ဤနှစ်များအတွင်း သေဆုံးသူ အရေအတွက်မှာ ၃၀၀ မှ ၅၀၀ အထိရှိနိုင်သည်ဟု အသက်ရှင်ကျန်ရစ်သူများက ခန့်မှန်းထားကြသည်။ ၁၉၉၉ ခုနှစ်၌ အေပီသတင်းဌာနက သတင်းဆောင်းပါးအတွဲလိုက်ကို ထုတ်ပြန်ခဲ့ရာမှတဆင့် ကိုရီးယားစစ်ပွဲ၏ ဤအစောပိုင်းဖြစ်ရပ်မှာ အကျယ်တဝင့်အာရုံစိုက်ခံရသည့်အပြင် နောက်ဆက်တွဲအဖြစ် သတင်းဌာနမှာလည်း စုံစမ်းထောက်လှမ်းရေးသားခြင်း သတင်းပညာဆိုင်ရာ ပူလစ်ဇာဆု ရရှိခဲ့သည်။[၅၀]

ဗီယက်နမ်စစ်ပွဲ[ပြင်ဆင်ရန်]

ဗီယက်နမ်စစ်ရာဇဝတ်မှု အလုပ်အမှုဆောင်အဖွဲ့ ဖိုင်များဆိုသည်မှာ ပင်တဂွန်စုံစမ်းစစ်ဆေးရေးများက ၁၉၇၀ အစောပိုင်း နှစ်များအတွင်း စုစည်းခဲ့သည့် (ယခင်က လျှို့ဝှက်ထားသော) စာရွက်စာတမ်းပေါင်းချုပ်ဖြစ်ပြီး ဗီယက်နမ်စစ်ပွဲအတွင်း ယူအက်စ်တပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများမှာ တရားဝင်အသိအမှတ်ပြုထားသည်ထက် များစွာ ကြီးမားကျယ်ပြန့်ကြောင်း အတည်ပြုပေးခဲ့သည်။[၅၁][၅၂] အဆိုပါစာရွက်စာတမ်းများကို အမေရိကန်ပြည်ထောင်စု မော်ကွန်းမှတ်တမ်းများ အုပ်ချုပ်ရေးဌာနမှ လက်ခံသိမ်းဆည်းထားပြီး အမေရိကန်ပြည်ထောင်စု စစ်ဘက်စုံစမ်းစစ်ဆေးသူများက မှန်ကန်ကြောင်းအတည်ပြုထားသော (၁၉၆၈ မိုင်းလိုင်လူသတ်ပွဲ မပါဘဲ) မှုခင်း ၃၂၀ အကြောင်းပါရှိသည်။

မိုင်းလိုင်လူသတ်ပွဲ[ပြင်ဆင်ရန်]

မိုင်းလိုင်လူသတ်ပွဲ

မိုင်းလိုင်လူသတ်ပွဲမှာ ၁၉၆၈ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တပ်ရင်း အမှတ် ၁ မှ တပ်စု စီ ၊ ခြေလျင်တပ်ရင်း ၂၀ ၊ ခြေလျင်တပ်ခွဲ ၂၃ မှ တပ်စု ၁၁မှ အမေရိကန်စစ်သားများက အားလုံးနီးပါးအရပ်သားများဖြစ်သည့် လက်နက်မဲ့ ဗီယက်နမ်တောင်ပိုင်းသား ၃၄၇ မှ ၅၀၄ ဦးအထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်သည်။ နစ်နာသူအချို့မှာ မုဒိမ်းကျင့်ခံရခြင်း ၊ ရိုက်ပုတ်ခံရခြင်း ၊ နှိပ်စက်ညှင်းပန်းခံရခြင်း သို့မဟုတ် ကိုယ်လက်အင်္ဂါဖြတ်တောက်ခံရခြင်းနှင့် အချို့အလောင်းများတွင် ကိုယ်လက်အင်္ဂါမပြည့်စုံကြောင်း တွေ့ရသည်။ လူသတ်ပွဲများမှာ ဗီယက်နမ်စစ်ပွဲအတွင်း ဆွန်းမိုင်းရွာ၏ မိုင်းလိုင်နှင့်မိုင်းခီ ဇနပုဒ်အရပ်များတွင် ဖြစ်ပွားခဲ့သည်။ မိုင်းလိုင်တွင် ကျုးလွန်သော လုပ်ရပ်များအတွက် ရာဇဝတ်ပြစ်မှု သို့မဟုတ် စစ်ရာဇဝတ်မှုများအတွက် ကနဦး ရုံးတင်ခံရသည့် အမေရိကန်စစ်သား ၂၆ ဦးအနက် ဝီလျံကယ်လီတဦးတည်းသာ ပြစ်ဒဏ်ခံရသည်။[၅၃][၅၄] အစပိုင်း၌ ထောင်ဒဏ်တသက်တကျွန်းချခံရသော်လည်း ကယ်လီ၏ ပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ် ဖြစ်သွားပြီး ၃ နှစ်ခွဲအကြာတွင် အကျယ်ချုပ်ဖြင့် လွှတ်ပေးလိုက်သည်။ ဤဖြစ်ရပ်ကြောင့် ကမ္ဘာတလွှား၌ အကြီးအကျယ်အမျက်ဒေါသထွက်စေခဲ့သည့်အပြင် ဗီယက်နမ်စစ်ပွဲအတွက် အမေရိကန်ပြည်ထောင်စု ပြည်တွင်းထောက်ခံမှု လျော့ကျသွားသည်။ လူသတ်ပွဲကို ရပ်တန့်ရန်နှင့် ဒဏ်ရာရသူများအား အကာအကွယ်ပေးရန် ကြိုးစားခဲ့ကြသည့် အမေရိကန်စစ်သား ၃ ဦး (ဟျူးသော်မ်ဆန် ဂျူနီယာ ၊ ဂလန်းအန်ဒရေအော်တာ နှင့် လောရန့်စ် ကော်လ်ဘဲန်း) မှာ အမေရိကန်လွှတ်တော်အမတ်များ၏ ပြင်းပြင်းထန်ထန်ဝေဖန်ခံရသည့်အပြင် မုန်းတီးပေးစာများ ၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ရရှိခြင်း နှင့် ၎င်းတို့၏ အိမ်လှေကားများတွင် ကိုယ်လက်အင်္ဂါပျက်ယွင်းနေသည့် တိရစ္ဆာန်များ လာရောက်အထားခံရသည်။[၅၅] နှစ် (၃၀) ကြာပြီးသည့်နောက်တွင်မှ ၎င်းတို့၏ ကြိုးပမ်းမှုများအတွက် ဂုဏ်ပြုခံရသည်။ [၅၆]

လူသတ်ပွဲဖြစ်ပွားပြီးနောက် တောင်ဗီယက်နမ်အရပ်သားများအပေါ် အမေရိကန်တပ်ဖွဲ့များ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှု စွဲချက်များနှင့်ပတ်သက်၍ ပင်တဂွန် task force က ဗီယက်နမ်စစ်ရာဇဝတ်မှုများဆိုင်ရာ လုပ်ငန်းအဖွဲ့ (VWCWG) ကို စုံစမ်းစစ်ဆေးစေခဲ့ပြီး အရပ်သား ၁၃၇ ဦး သေဆုံးသည့် လူသတ်ပွဲ ၇ ပွဲ ၊ အနည်းဆုံး ၅၇ ဦး သေဆုံး/ ၅၆ ဦး ဒဏ်ရာရ/ ၁၅ ဦး လိင်စော်ကားခံရသည့် တိုက်ခိုက်ရေးသမားမဟုတ်သူများအား ပစ်မှတ်ထားသော အပိုဆောင်း တိုက်ခိုက်မှု ၇၈ ခု ၊ ထိန်းသိမ်းခံအရပ်သား သို့မဟုတ် စစ်သုံ့ပန်းများအား အမေရိကန်စစ်သားများက ညှင်းပန်းနှိပ်စက်မှု ၁၄၁ မှုတို့အပါအဝင် ၁၉၇၆-၁၉၇၁ အတွင်းဖြစ်ပွါးသော အမှုပေါင်း ၃၂၀ ကို မှတ်တမ်းတင်ထားသည့် စာရွက်ပေါင်း ၉၀၀၀ ခန့်ကို လျှို့ဝှက် မော်ကွန်းမှတ်တမ်းပြုစုခဲ့သည်။ အမေရိကန်ဝန်ထမ်း ၂၀၃ ဦးမှာ ရာဇဝတ်မှု စွဲချက်တင်ခံရပြီး ၅၇ ဦးမှာ စစ်ခုံရုံးဖွဲ့စစ်ဆေးခံရကာ ၂၃ ဦးမှာ အပြစ်ပေးခံရသည်။ VWCWG က နောက်တိုး ရက်စက်ကြမ်းကြုတ်မှု စွဲချက် ၅၀၀ ကျော်ကိုလည်း စုံစမ်းစစ်ဆေးခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိခဲ့ပေ။[၅၇][၅၈]

ပင်လယ်ကွေ့စစ်ပွဲ[ပြင်ဆင်ရန်]

အရပ်သားများနှင့် စစ်ဘက်နှင့်မသက်ဆိုင်သည့် အခြေခံအဆောက်အဦများအား အရမ်းကာရော ပစ်မှတ်ထားခြင်းကြောင့် ပင်လယ်ကွေ့စစ်ပွဲအတွင်း မဟာမိတ်လေကြောင်းကမ်ပိန်းမှာ လူမျိုးသုဉ်းသတ်ဖြတ်ခြင်း အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီကြောင်း အယ်လ်ဘနီ ဥပဒေကျောင်းတွင် ပြုလုပ်သော ၁၉၉၂ ခုနှစ် symposium ၌ အပြည်ပြည်ဆိုင်ရာတရားဥပဒေ ပါမောက္ခ ဖရန်စစ်ဘွိုင်းလ်က ဝေဖန်ခဲ့သည်။[၅၉]

သေမင်းတမန်လမ်း[ပြင်ဆင်ရန်]

Highway of Death

ပင်လယ်ကွေ့၌ အမေရိကန်ဦးဆောင်သည့် မဟာမိတ်တိုက်ပွဲအတွင်း ၁၉၉၁ ခု ဖေဖော်ဝါရီ ၂၆-၂၇ ညတွင်းချင်း ဘဂ္ဂဒက်သို့ ဦးတည် တပ်ဆုတ်လာသည့် အီရတ်စစ်ဘက်ဝန်ထမ်များနှင့် ထွက်ပြေးလာသော အရပ်သားကားတန်းကို ဗြိတိန်နှင့်ပြင်သစ် လေယာဉ်များ ၊ မြေပြင်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယာဉ်ထောင်ပေါင်းများစွာ ပျက်စီးပြီး သေဆုံးသူ ၂၀၀ မှ ၁၀၀၀ ကျော် အထိ ရှိခဲ့သည်။

ထို့ပြင် တပ်ဖွဲ့ အမှတ် ၁ ၊ ခြေလျင် တပ်ခွဲ ၂၄ တို့မှ အမေရိကန် ဘရက်ဒလေ စစ်ကားများက အဝေးပြေးလမ်း အမှတ် ၈ ပေါ်ရှိ ပျက်စီးထိခိုက်မှု ထွက်ပြေးလာပြီး ယာယီစစ်ဘက်စစ်ဆေးရေးစခန်းတစ်ခု၌ လက်နက်ချအညံ့ခံခဲ့သည့် လက်နက်မဲ့ အီရတ်စစ်သား ၃၅၀ ထက်မနည်းပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ပစ်ခတ်ခဲ့သည်ဟု ဂျာနယ်လစ် Seymour Hersh က အမေရိကန်မျက်မြင်သက်သေများကို ကိုးကားလျက် ထွက်ဆိုသည်။ [၆၀]

အကြမ်းဖက်မှု ဆန့်ကျင်စစ်[ပြင်ဆင်ရန်]

၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အမေရိကန်အစိုးရက အကြမ်းဖက်မှုဆန့်ကျင်စစ်ပွဲတွင်း ဖမ်းဆီးရမိသော အကျဉ်းသားများအား အတန်းအစားခွဲခြင်း နှင့် ဆက်ဆံခြင်းတို့တွင် နည်းလမ်းသစ်များစွာ ကျင့်သုံးခဲ့ရာ အကျဉ်းသားအချို့ကို တရားမဝင်စစ်သည် တံဆိပ်ကပ်ခြင်း ၊ တမူထူးစွာစစ်ကြောရေးလုပ်ဆောင်ရန်ပို့ဆောင်ခြင်းများ ဆောင်ရွက်ခြင်း နှင့် နှိပ်စက်ညှင်းပန်းမှုနည်း (အဆင့်မြှင့်ထားသည့် စစ်ကြောရေးနည်းလမ်းများ) အသုံးပြုခြင်းသည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ နှင့် အခြားသူများက ဤနည်းလမ်းများကို ဂျီနီဗာသဘောတူညီချက်များအရ တရားမဝင်ဟု ဖော်ပြခဲ့ကြသည်။[၆၁]

အကြီးအကဲမှ ခေါင်းခံတာဝန်ယူရခြင်း[ပြင်ဆင်ရန်]

ဂျီနီဗာသဘောတူညီချက်များအရ ပေးရမည့် အကျဉ်းသားအခြေခံစောင့်ရှောက်မှုများကို ငြင်းဆန်နိုင်ရန်အတွက် ၂၀၀၂ ဖေဖော်ဝါရီ ၇ ရက်ထုတ် သမ္မတ၏ စာချွန်လွှာက အာဖဂန်စစ်ပွဲအတွင်း ဖမ်းဆီးရမိသော အကျဉ်းသားများအား စစ်ကြောသည့် အမေရိကန်များထံ အခွင့်အာဏာပေးခဲ့သည်။ ထို့ကြောင့် "စစ်ရာဇဝတ်မှုများဖြစ်သည့် ဂျီနီဗာသဘာတူညီချက်များအား ချိုးဖောက်ခြင်းကို အခွင့်အာဏာ နှင့် အမိန့်ပေးခဲ့ခြင်း" ဟု စစ်ဘက်တရားသူကြီးချုပ် (Judge Advocate General) တက္ကသိုလ်မှ ဥပဒေပါမောက္ခ နှင့် ဌာနအဖွဲ့ဝင်ဟောင်း ဂျော်ဒန် ဂျေ ပေါ့စ်တ်က ဆိုသည်။[၆၂] သမ္မတ၏စာချွန်လွှာ ပေါ်အခြေပြုလျက် ဖမ်းဆီးခံရန်သူ့စစ်သည်များအပေါ် ရက်စက်ပြီးလူမဆန်သော ဆက်ဆံမှုများကို ယူအက်စ်ဝန်ထမ်းများက ပြုခဲ့ကြရာ သမ္မတ၏စာချွန်လွှာမှာ ဂျီနီဗာသဘောတူညီချက်အား ချိုးဖောက်ရန် အစီအမံတခုဖြစ်ပြီး ထို့အတွက် ယင်းအစီအမံမှာ ဂျီနီဗာသဘောတူညီချက်များအရ စစ်ရာဇဝတ်မှုပင်ဖြစ်သည်ဟာ ပါမောက္ခပေါ့စ်တ်က ဆိုသည်။[၆၃][၆၄]

ဥပေဒကြောင်းအရ မသဲကွဲသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စာချွန်လွှာအများအပြားတွင် ထိန်းသိမ်းခံများကို "တရားဥပဒေနှင့် မညီညွတ်သည့်တိုက်ပွဲဝင်များ" ဟု မှတ်ယူနိုင်သည့်အတွက် ဂျီနီဗာသဘောတူညီချက်များက အကာအကွယ်ပေးမထားဟု ယူအက်စ်ရှေ့နေချုပ် အယ်လ်ဘာတိုဂွန်ဇာလက်စ် နှင့် အခြားသူများက ငြင်းဆိုခဲ့သည်။[၆၅]

"စစ်ရာဇဝတ်မှုများအက်ဥပဒေအောက်မှ ပြည်တွင်းရာဇဝတ်မှုတရားစွဲမှုဆိုင်ရာ ခြိမ်းခြောက်မှု သိသိသာသာကျဆင်းသွား" ဂျီနီဗာသဘောတူညီချက်များ၏ လွှမ်းခြုံမှုအား ငြင်းကွယ်သည့် ဂွန်ဇာလက်စ်၏ ထုတ်ပြန်ချက်မှာ စစ်ရာဇဝတ်မှုများဟု မြင်နိုင်သည့် လုပ်ရပ်များတွင် အမေရိကန်အရာထမ်းများပါဝင်ပတ်သက်နေမှုကို ဤနယ်ပါယ်ရပ်ဆိုင်ရာ မူဝါဒ ပုံသွင်းရာတွင် ပါဝင်သူများ၌ အသိအမြင်ရှိကြောင်း ဖော်ပြနေခြင်းပင်ဖြစ်သည်။[၆၆] ဂွမ်တာနာမိုဘေးရှိ ထိန်းသိမ်းခံများအပေါ် ဂျီနီဗာသဘောတူညီချက်များ၏ Common Article 3 က သက်ရောက်ကြောင်းနှင့် ဤသံသယရှိသူများအား တရားခွင်တင်ရန် စစ်ခုံရုံးများ အသုံးပြုမှုမှာ ယူအက်စ်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားသည့် ဟမ်ဒန် နှင့် ရမ်းဇ်ဖဲလ်ဒ် အမှုအပေါ်အခြေပြု၍ ယူအက်စ်တရားရုံးချုပ်က ထိုယူဆချက်ကို စိန်ခေါ်ခဲ့သည်။ [၆၇]

"အကြီးအကဲက ခေါင်းခံတာဝန်ယူရခြင်း" ၏ အခြေခံမူများအရ ဘုရှ်အုပ်ချုပ်ရေးအဖွဲ့တွင်းမှ ရာထူးကြီးသူများအနေဖြင့် အကြမ်းဖက်မှုဆန့်ကျင်စစ်ပွဲအတွင်း ၎င်းတို့ကိုယ်တိုင်၏ သိရှိမှုဖြင့်ဖြစ်စေ လက်အောက်ဝန်ထမ်းများမှတဆင့်ဖြစ်စေ ကျူးလွန်သော စစ်ရာဇဝတ်မှုပေါင်းများစွာနှင့် ပတ်သက်၍ အပြစ်ထင်ရှားတွေ့ကြောင်း ပြသနိုင်မည်ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ၂၀၀၅ ခုနှစ်တွင် ပြောခဲ့သည်။[၆၈] မိုဟာမက် အာလ်-ခါထာနီအား ညှင်းပန်းမှုတွင် ပါဝင်သည့် အတွက် ဝန်ကြီး ဒေါ်နယ်ရမ်းဇ်ဖဲလ်ဒ်တွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိနိုင်သည်ဟု ၂၀၀၆ ခုနှစ် ဧပြီ ၁၄ တွင် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။[၆၉] ၎င်းတို့၏ အကျဉ်းသားများအပေါ်ကျူးလွန်မှုများ နှင့် စပ်လျဉ်း၍ ဒေါ်နယ်လ်ရမ်းဇ်ဖဲလ်ဒ် ၊ အယ်လ်ဘာတိုဂွန်ဇာလက်စ် ၊ ဂျွန်ယူး ၊ ဂျော့ချ် တဲနက် နှင့်အခြားသူများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ပိုင်ခွင့် ပြန်လည်ပြဋ္ဌာန်းခြင်းနှင့် တရားရေးအရဆောင်ရွက်ခြင်းများကို  ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၁၄ တွင် ဂျာမဏီ၌ စတင်ခဲ့သည်။[၇၀]

စစ်ရာဇဝတ်မှုများအက်ဥပဒေကို နောက်ကြောင်းပြန် ပြန်လည်ပြင်ဆင်ရေးသားခြင်း[၇၁] နှင့် habeas corpus ကို ဖျက်သိမ်းလိုက်ခြင်းဖြင့် ထိန်းသိမ်းခံများအနေဖြင့် ၎င်းတို့အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် တရားရင်ဆိုင်ခြင်း မပြုနိုင်ရလေအောင် ဖြစ်စေရာ ၂၀၀၆ စစ်ကော်မရှင်များအက်ဥပဒေကို အကြမ်းဖက်မှုဆန့်ကျင်စစ်အတွင်း ကျူးလွန်သောရာဇဝတ်မှုများမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသော ဥပဒေဟု အချို့က မြင်သည်။[၇၂]

အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး၌ စုံစမ်းမှုစတင်ရန်နှင့် အီရတ်အတွင်း ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် ဗြိတိန် ဝန်ကြီးချုပ် တိုနီဘလဲ နှင့် အမေရိကန်သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်တို့အား တရားစွဲဆိုရန် လိုလားကြောင်း လူးဝစ် မော်ရန်နို-အိုကမ်ပိုက ဆန်းဒေးတယ်လီဂရပ်ဖ်ထံ ၂၀၀၇ ခုနှစ်၌ ပြောကြားခဲ့သည်။[၇၃] ယူအက်စက ပဋိညာဉ်ခံ အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အားလျော်စွာ ရောမဥပဒေအရ - အဖွဲ့ဝင်နိုင်ငံတွင်းဖြစ်ပွါးသောရာဇဝတ်မှုများအတွက် အစွပ်စွဲခံရခြင်းသာမဟုတ်ပါက - ဘုရှ်အပေါ်တွင် အိုင်စီစီက တရားစီရင်ပိုင်ခွင့်မရှိရုံမျှမက (အမေရိကန်က ဗီတိုအာဏာ ပိုင်ဆိုင်ထားသည့်) ကုလလုံခြုံရေးကောင်စီကလည်း စုံစမ်းစစ်ဆေးရေး တောင်းခံပိုင်ခွင့်မရှိပေ။ သို့သော် ဗြိတိန်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ဘလဲအပေါ် အိုင်စီစီက တရားစီရင်ပိုင်ခွင့်ရှိသည်။[၇၄]

အကျဉ်းသားညှင်းပန်းသူများအား ရာဇဝတ်မှုဥပဒေအောက်မှ တာဝန်ခံခိုင်းရန် ကုလသဘောတူညီချက်အရ အမေရိကန်ပြည်ထောင်စုတွင် တာဝန်ရှိကြောင်း အမြင်များကို ယူအက်စ်မဟုတ်သည့် နိုင်ငံများမှ သတင်းဌာနများက ၂၀၀၉ ခုနှစ် သမ္မတဘုရှ်၏ ဒုတိယသက်တမ်းအဆုံးမသတ်မီတွင် စတင်ထုတ်ဝေခဲ့သည်။[၇၅] ထိုသူများအနက်မှ တဦးမှာ နှိပ်စက်ညှင်းပန်းခြင်းနှင့် အခြား ရက်စက်ကြမ်းတမ်းခြင်း ၊ လူမဆန်ခြင်း သို့မဟုတ် သိက္ခာချဆက်ဆံမှု သို့မဟုတ် အပြစ်ပေးမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် (ပါမောက္ခမန်းဖရက်နိုဝက်ခ်) ဖြစ်ပြီး သမ္မတဟောင်း ဂျော့ချ် ဒဘယ်လ်ျူဘုရှ်မှာ နိုင်ငံတော်အကြီးအကဲ၏ ကင်းလွတ်ခွင့် ဆုံးရှုံးပြီးဖြစ်ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာတရားဥပဒေအရ နှိပ်စက်ညှင်းပန်းမှုဆန့်ကျင်သည့် ကုလသဘောတူညီချက်များအား ချိုးဖောက်မှုတွင် ပါဝင်သူများအပေါ် ရာဇဝတ်ကြောင်းအရ စွဲဆိုခြင်းကို စတင်ရန်အတွက် ယူအက်စ်တွင် လုပ်ပိုင်ခွင့်ရပြီဖြစ်ကြောင်း  ၎င်းက ဇန်နဝါရီ ၂၀ တွင် ဂျာမန်ရုပ်သံတခုတွင် မှတ်ချက်ပြုခဲ့သည်။[၇၆] နှိပ်စက်ညှင်းပန်းခြင်းအား စစ်ကြောရေးနည်းလမ်းအဖြစ် အသုံးပြုမှုအတွက် ယူအက်စ်နှင့်အပြည်အပြည်ဆိုင်ရာတရားဥပဒေများနှင့်အညီ သမ္မတဟောင်းဘုရှ်တွင် ရာဇဝတ်ကြောင်းအရတာဝန်ရှိသည် ဟု ဥပဒေပါမောက္ခ Dietmar Herz က နိုဝက်ခ်၏ မှတ်ချက်များကို ရှင်းပြခဲ့သည်။[၇၆]

ဆက်စပ် ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. FACT SHEET: United States Policy on the International Criminal Courtတမ်းပလိတ်:US DOS
  2. United States and the International Criminal Court
  3. 148 CONG. REC. S3946 - THE BUSH ADMINISTRATION DECISION TO UNSIGN THE ROME STATUTEတမ်းပလိတ်:Include-GPO
  4. Solis၊ Gary (2010)။ The Law of Armed Conflict: International Humanitarian Law in War (1st ed.)။ Cambridge University Press။ pp. 301–302။ ISBN 978-052187-088-7
  5. Fourth Geneva Convention, Article 2
  6. Fourth Geneva Convention, Article 6
  7. Richard Rubin (2013), The Last of the Doughboys: The Forgotten Generation and their Forgotten World War, page 349.
  8. Lockwood၊ Charles (1951)။ Sink 'em All။ Bataam Books။ ISBN 978-0-553-23919-5
  9. O'Kane၊ Richard (1987)။ Wahoo: The Patrols of America's Most Famous WWII Submarine။ Presidio Press။ ISBN 978-0-89141-301-1
  10. Blair၊ Clay (2001)။ Silent VictoryISBN 978-1-55750-217-9
  11. Holwitt 2005, p. 288; DeRose 2000, pp. 287–288.
  12. Holwitt 2005, p. 289; DeRose 2000, pp. 77, 94.
  13. ၁၃.၀ ၁၃.၁ Gillison၊ Douglas (1962)။ Royal Australian Air Force 1939–1942။ Canberra: Australian War Memorial။
  14. johnston၊ mark (2011)။ Whispering Death: Australian Airmen in the Pacific War။ Crows Nest, New South Wales: Allen & Unwin။ ISBN 978-1-74175-901-3
  15. Ben Fenton, "American troops 'murdered Japanese PoWs'" (Daily Telegraph (UK), 06/08/2005), accessed 26/05/2007.
  16. John W. Dower, 1986, War Without Mercy, p.69.
  17. ၁၇.၀ ၁၇.၁ Niall Ferguson, "Prisoner Taking and Prisoner Killing in the Age of Total War: Towards a Political Economy of Military Defeat", War in History, 2004, 11 (2): p.150
  18. Niall Ferguson, "Prisoner Taking and Prisoner Killing in the Age of Total War: Towards a Political Economy of Military Defeat", War in History, 2004, 11 (2): p.176.
  19. ၁၉.၀ ၁၉.၁ Ulrich Straus, The Anguish Of Surrender: Japanese POWs of World War II (excerpts) (Seattle: University of Washington Press), 2003 ISBN 978-0-295-98336-3, p.116
  20. Laws of War: Laws and Customs of War on Land (Hague IV); October 18, 1907
  21. Ulrich Straus, The Anguish Of Surrender: Japanese POWs of World War II (excerpts) (Seattle: University of Washington Press, 2003 ISBN 978-0-295-98336-3, p.117
  22. James J. Weingartner, "Trophies of War: U.S. Troops and the Mutilation of Japanese War Dead, 1941–1945" Pacific Historical Review (1992) p. 55
  23. ၂၃.၀ ၂၃.၁ Schrijvers၊ Peter (2002)။ The GI War Against Japan။ New York: New York University Press။ p. 212။ ISBN 978-0-8147-9816-4
  24. Tanaka, Toshiyuki. Japan's Comfort Women: Sexual Slavery and Prostitution During World War II, Routledge, 2003, p.111. ISBN 0-203-30275-3
  25. Sims၊ Calvin။ "3 Dead Marines and a Secret of Wartime Okinawa"၊ 1 June 2000။ "Still, the villagers' tale of a dark, long-kept secret has refocused attention on what historians say is one of the most widely ignored crimes of the war, the widespread rape of Okinawan women by American servicemen." 
  26. ၂၆.၀ ၂၆.၁ ၂၆.၂ ၂၆.၃ ၂၆.၄ ၂၆.၅ Sims၊ Calvin။ "3 Dead Marines and a Secret of Wartime Okinawa"၊ 1 June 2000။ 
  27. Feifer၊ George (1992)။ Tennozan: The Battle of Okinawa and the Atomic Bomb။ Michigan: Ticknor & Fields။ ISBN 9780395599242
  28. Molasky၊ Michael S. (1999)။ The American Occupation of Japan and Okinawa: Literature and Memory။ p. 16။ ISBN 978-0-415-19194-4
  29. Molasky၊ Michael S.; Rabson၊ Steve (2000)။ Southern Exposure: Modern Japanese Literature from Okinawa။ p. 22။ ISBN 978-0-8248-2300-9
  30. Sheehan, Susan D. "Islands of Discontent: Okinawan Responses to Japanese and American Power". 
  31. Giovanni Bartolone, Le altre stragi: Le stragi alleate e tedesche nella Sicilia del 1943–1944
  32. Weingartner, James J. A Peculiar Crusadee: Willis M. Everett and the Malmedy massacre, NYU Press, 2000, p. 118. ISBN 0-8147-9366-5
  33. James J. Weingartner, "Massacre at Biscari: Patton and an American War Crime", Historian, Volume 52 Issue 1, Pages 24–39, 23 Aug 2007
  34. ၃၄.၀ ၃၄.၁ The Horror of D-Day: A New Openness to Discussing Allied War Crimes in WWII, Spiegel Online, 05/04/2010, (part 2), accessed 2010-07-08
  35. ၃၅.၀ ၃၅.၁ The Horror of D-Day: A New Openness to Discussing Allied War Crimes in WWII, Spiegel Online, 05/04/2010, (part 1), accessed 2010-07-08
  36. Bradley A. Thayer, Darwin and international relations p.186
  37. Bradley A. Thayer, Darwin and international relations p.189
  38. Bradley A. Thayer, Darwin and international relations p.190
  39. Lundeberg၊ Philip K. (1994)။ "Operation Teardrop Revisited"။ in Runyan, Timothy J.; Copes, Jan M (eds.)။ To Die Gallantly: The Battle of the Atlantic။ Boulder: Westview Press။ ISBN 978-0-8133-8815-1, pp. 221–226; Blair၊ Clay (1998)။ Hitler's U-Boat War. The Hunted, 1942–1945 (Modern Library ed.)။ New York: Random House။ ISBN 978-0-679-64033-2, p. 687.
  40. Albert Panebianco (ed). Dachau its liberation 57th Infantry Association, Felix L. Sparks, Secretary 15 June 1989. (backup site)
  41. Brandt (2004), , I Heard You Paint Houses, p. 50
  42. Brandt (2004), p. 84.
  43. Brandt (2004), p. 52.
  44. Brandt (2004), p. 51.
  45. David Wilson။ "The secret war"၊ The Guardian၊ 27 March 2007။ 22 November 2008 တွင် ပြန်စစ်ပြီး 
  46. Lilly၊ Robert J. (2007)။ Taken by Force: Rape and American GIs in Europe During World War IIPalgrave MacmillanISBN 978-0-230-50647-3
  47. Morrow, John H. (October 2008). "Taken by Force: Rape and American GIs in Europe during World War II By J. Robert Lilly". The Journal of Military History 72 (4). doi:10.1353/jmh.0.0151. 
  48. Schofield၊ Hugh။ "Revisionists challenge D-Day story"၊ BBC News၊ 5 June 2009။ 6 January 2010 တွင် ပြန်စစ်ပြီး 
  49. Committee for the Review and Restoration of Honor for the No Gun Ri Victims (2009)။ No Gun Ri Incident Victim Review Report။ Seoul: Government of the Republic of Korea။ pp. 247–249, 328, 278။ ISBN 978-89-957925-1-3
  50. "War's hidden chapter: Ex-GIs tell of killing Korean refugees"၊ September 29, 1999။ 
  51. Kill Anything That Moves : U.s. War Crimes And Atrocities In Vietnam, 1965-1973[လင့်ခ်သေ], a doctoral dissertation, by Nick Turse, Columbia University 2005
  52. Nick Turse, “A My Lai a Month: How the US Fought the Vietnam War”, The Asia-Pacific Journal, Vol. 47-6-08, November 21, 2008
  53. Summary report from the report of General Peers Archived 2000-01-25 at the Wayback Machine..
  54. Department of the Army. Report of the Department of the Army Review of the Preliminary Investigations into the My Lai Incident (The Peers Report Archived 2008-11-15 at the Wayback Machine.), Volumes I-III (1970).
  55. "Moral Courage In Combat: The My Lai Story" (2003). USNA Lecture. 
  56. My Lai Pilot Hugh Thompson
  57. "Civilian Killings Went Unpunished"၊ Los Angeles Times၊ 6 August 2006။ 28 October 2019 တွင် ပြန်စစ်ပြီး 
  58. Deborah Nelson။ "Vietnam, The War Crimes Files"၊ Los Angeles Times၊ 14 August 2006။ 1 November 2019 တွင် ပြန်စစ်ပြီး 
  59. Monday။ United States War Crimes During the First Persian Gulf War | Scoop News
  60. JENSEN၊ ROBERT။ "The Gulf War Brought Out the Worst in Us" (in en-US)၊ Los Angeles Times၊ 2000-05-22။ 
  61. Prisoner abuse
  62. Columbia Journal of Transnational Law, 43:811, Jordan J. Paust, 2005 May 20, p. 828 "Executive Plans and Authorizations to Violate International Law Concerning Treatment and Interrogation of Detainees, http://www.columbia.edu/cu/jtl/Vol_43_3_files/Paust.pdf Archived 2006-09-21 at the Wayback Machine.
  63. Columbia Journal of Transnational Law, 43:811, Jordan J. Paust, 2005 May 20, p. 845 "Executive Plans and Authorizations to Violate International Law Concerning Treatment and Interrogation of Detainees, http://www.columbia.edu/cu/jtl/Vol_43_3_files/Paust.pdf Archived 2006-09-21 at the Wayback Machine.
  64. Columbia Journal of Transnational Law, 43:811, Jordan J. Paust, 2005 May 20, p. 861 "Executive Plans and Authorizations to Violate International Law Concerning Treatment and Interrogation of Detainees, http://www.columbia.edu/cu/jtl/Vol_43_3_files/Paust.pdf Archived 2006-09-21 at the Wayback Machine.
  65. Parsing pain Archived March 7, 2008, at the Wayback Machine. By Walter Shapiro, Salon
  66. War Crimes warnings
  67. The Gitmo Fallout: The fight over the Hamdan ruling heats up—as fears about its reach escalate. Archived May 12, 2007, at the Wayback Machine. By Michael Isikoff and Stuart Taylor Jr., Newsweek, July 17, 2006
  68. Getting Away with Torture? Command Responsibility for the U.S. Abuse of Detainees Human Rights Watch, April 2005 Vol. 17, No. 1
  69. U.S.: Rumsfeld Potentially Liable for Torture Defense Secretary Allegedly Involved in Abusive Interrogation Human Rights Watch, April 14, 2006
  70. Universal jurisdiction
  71. Pushing Back on Detainee Act by Michael Ratner is president of the Center for Constitutional Rights, The Nation, October 4, 2006
  72. Military Commissions Act of 2006
  73. Court 'can envisage' Blair prosecution By Gethin Chamberlain, Sunday Telegraph, March 17, 2007
  74. Coalition for the International Criminal Court, 18 July 2008. States Parties to the Rome Statute of the ICC။ 9 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 December 2019 တွင် ပြန်စစ်ပြီး။. Accessed 12 November 2010.
  75. Other countries may start prosewcution Von Wolfgang Kaleck Süddeutschen Zeitung, January 19, 2009 (German)
  76. ၇၆.၀ ၇၆.၁ Special Rapporteur on torture and other cruel, inhuman or degrading treatment or punishment calls for prosecution