အဘိဓမ္မာပြန့်ပွားရေးအသင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ သမိုင်းကြောင်းကို တင်ပြရလျှင် အသင်းကြီး၏ ပထမဦးဆုံး ဥက္ကဋ္ဌ ဆရာကြီးဦးစံဖေ၊ ဆရာကြီးဦးဘာဘာနှင့် ဆရာကြီး ဦးကျော်တို့၏အကြောင်း ရှေးဦးစွာဖော်ပြရပါမည်။ ဖော်ပြပါ ဆရာကြီး(၃)ဦးသည် ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ပြီ (၆) နှစ်၊ (၇)နှစ်ခန့်ကပင် ရင်းနှီး ခဲ့ကြသော ဓမ္မမိတ်ဆွေများ ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ် (၃) ဦးသည် အဘိဓမ္မာ တရားတော်ကို အထူးသဖြင့် လေ့လာလိုက်စားခဲ့ကြရာ ထိုစဉ်အခါက ဆရာကြီးဦးဘိုးလှိုင်ဟု ကျော်ကြားခဲ့သော ဆရာကြီးထံတွင် ချဉ်းကပ်၍ အဘိဓမ္မာ တရားများကို သင်ယူဆည်းပူးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဦးဘာဘာသည် ကွမ်းခြံကုန်းတွင် စစ်ဘေး ရှောင်တိမ်း၍နေထိုင်ရင်းသားများ ရှင်ပြုအတွက် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ဦးတင်(မြန်မာအလင်း) ၏နေအိမ်တွင် တည်းခိုခဲ့သည်။ ဦးတင်နှင့် ဦးဘာဘာ တို့ တရားဓမ္မများကို ဆွေးနွေးရင်း ဆရာကြီး ဦးဘိုးလှိုင်၏ သင်္ကေတနည်းဖြင့် ဦးဘာဘာက ဦးတင်အား ဟောပြော ပြသပေးခဲ့သည်။ ဦးတင်၏ ဖိတ်ကြား နှိုးဆော်ချက်အရ ဦးထွန်းညို၊ သခင်နု(ဝန်ကြီးချုပ်ဟောင်း)၊ ဒီးဒုတ် ဦးဘချို၊ ဦးစံလွင် (အငြိမ်းစား ငွေစာရင်းမင်းကြီး)၊ ဝန်ကြီးဟောင်း ဦးလှမင်း စသော ဓမ္မမိတ်ဆွေများသည် မြန်မာ့အလင်း သတင်းစာတိုက်၌ ဆုံတွေ့ကြပြီး အဘိဓမ္မာ တရားတော်များကို သင်ယူလေ့လာခဲ့ကြသည်။ ဂျပန်ခေတ်အတွင်းစိုက်ပျိုးခဲ့သော အဘိဓမ္မာမျိုးစေ့သည် ဦးတင်၊ ဦးထွန်းညိုတို့ထံတွင် အတော်ပင် အင်အားကောင်းမွန်လာခဲ့သည်။ ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက် (၁၃၀၈ ခုနှစ် ကဆုန်လဆန်း (၅)ရက် တနင်္ဂနွေနေ့ နံနက် (၈) နာရီ အချိန်တွင် ဗဟန်းမြို့၊ ဘာဂျော်ဂျီကုန်း၊ ဦးဘာဘာနေအိမ် တွင် ဦးဘာဘာ၏ဖိတ်ကြားချက်အရ ဦးတင်၊ ဦးထွန်းညို၊ ဦးစံဖေ၊ဦးဘာဘာ နှင့် ထိုစဉ်က ဦးဘာဘာ၏ အိမ်နီးချင်း ပထမကျော်ဦးကြီးဖေ ပေါင်း(၆)ဦး ဆုံကြရာဦးတင်နှင့် ဦးထွန်းညိုတို့က ဂျပန်ခေတ် အတွင်းက မိမိတို့လေ့လာခဲ့ ကြသော အဘိဓမ္မာတရားများကို ပြန်လည်လေ့လာကြရန် အားတက်သရော ပြောဆိုဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာမှ ဆရာကြီးများသည် အချိန်တိုတိုနှင့် သဂြိုဟ်(၉)ပိုင်း ကို အပြေးသင်လိုက်ရသဖြင့် သဘောလောက်သာ သိမှတ်လိုက်ရသောကြောင့် မကျေနပ်မှုများ ပြင်းထန်စွာ ဖြစ်ပေါ်ကာ အထက်ပါ သင်တန်းမျိုးကို ကျယ်ကျယ် ပြန့်ပြန့် မိမိတို့ တစ်စုသာမဟုတ် အခြားသင်လိုသူများလည်း သင်နိုင်ရန် စီမံသင့် သည်ဟု ထင်မြင်ယူဆခဲ့ကြသည့်အလျောက် နည်းအမျိုးမျိုးဖြင့် စဉ်းစားကြရာ အသင်းတစ်သင်းတည်ထောင်၍ ဆောင်ရွက်မှသာ လိုရာခရီး ရောက်နိုင်သည်ဟု တထစ်ချ ယုံကြည်သဖြင့် အဘိဓမ္မာ အသင်းကို တည်ထောင်ရန် ဆုံးဖြတ်ခဲ့သဖြင့် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ အသင်း၏အမည်ကို ဦးထွန်းညိုက အဘိဓမ္မာပြန့်ပွားရေးအသင်းဟု အမည် ပေးရာ အားလုံးက သဘောတူညီခဲ့ကြသည်။ အဘိဓမ္မာပြန့်ပွားရေးအသင်းကို စတင်တည်ထောင်သူများမှာ ဦးစံဖေ၊ ဦးဘာဘာ၊ ဦးကျော်၊ မြန်မာအလင်းဦးတင်၊ ဦးထွန်းညို၊ ပထမကျော်ဦးကြီးဖေတို့ဖြစ်သည်ဟု ဆိုရပေမည်။ အသင်း၏အမည်ကို ရွေးချယ်ပြီးနောက် ဖော်ပြပါ ပုဂ္ဂိုလ်ကြီး (၆) ဦးကပင် အသင်း၏ စည်းကမ်းဥပဒေ များကို ရွေးဆွဲရန်အတွက် ယာယီဥက္ကဋ္ဌအဖြစ် ဦးစံဖေ၊ ယာယီအကျိုးဆောင်အဖြစ် ဦးကျော်အားလည်းကောင်း ရွေးချယ်တင်မြှောက်ကြပြီး အဘိဓမ္မာပြန့်ပွားရေး အသင်းကြီး၏ စည်းမျဉ်းဥပဒေများကို ရေးဆွဲရန် တာဝန်ပေးခဲ့သည်။ ဤသို့ဖြင့် အဘိဓမ္မာပြန့်ပွားရေး အသင်းကြီးသည် ၁၉၄၆ ခုနှစ်၊ မေလ ၅ ရက် (၁၃၀၈ ခုနှစ် ကဆုန်လဆန်း (၅) ရက်) တနင်္ဂနွေနေ့တွင် စတင်ဖြစ်ပေါ်ခဲ့သည်ဟု ကမ္ဗည်း မော်ကွန်းတင်ရပေမည်။ ဦးဘာဘာ၏နေအိမ်၌ တနင်္ဂနွေနေ့များတွင် တွေ့ဆုံကြပြီး အသင်း၏စည်းမျဉ်း ဥပဒေများကို ရွေးဆွဲကြပြီး နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဖိတ်ကြား၍ အဘိဓမ္မာ ပြန့်ပွားရေးအသင်းကို ထပ်မံ၍ အတည်ပြုဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ဦးစံဖေ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးဘာဘာ၊ အကျိုးဆောင်အဖြစ် ဦးကျော်၊ ငွေထိန်းအဖြစ် ဦးတင်၊ စာရင်းစစ်အဖြစ် ဦးအုံးရွှေ၊ အမှုဆောင်ကော်မတီလူကြီးများအဖြစ် ဦးထွန်းညို၊ ဦးကြီးဖေ စသော ပုဂ္ဂိုလ်ကြီးများကို ရွေးချယ်တင်မြှောက်ကြသည်။ အဘိဓမ္မာပြန့်ပွားရေးအသင်းကို တည်ထောင်ပြီးနောက်တွင် အဘိဓမ္မာသင်တန်း များ ဖွင့်လှစ်သင်ကြားရန် တိုင်ပင်ဆုံးဖြတ်ခဲ့ကြသည်။ သင်တန်းတွင် သင်ကြားပြသ မည်ဆရာများကို ရှာဖွေခဲ့ကြသည်။ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး၏ ပထမဦးဆုံးဩဝါဒစရိယဆရာတော် မူလပဋ္ဌာန်း ဆရာတော်ဘုရား ဦးနာရဒသည် ဒုတိယကမ္ဘာစစ်မဖြစ်မီ ရွှေဘို ခင်ဦးတောရ၌ သီတင်းသုံးတော်မူပြီး စစ်အတွင်း၌ ဖျာပုံမြို့တွင် သီတင်း သုံးတော်မူသည်။ ၁၉၄၆ ခုနှစ် ဧပြီလ သင်္ကြန်ရက် များအတွင်း ဆရာကြီး ဦးကျော်သည် မူလပဋ္ဌာန်းဆရာတော်ထံတွင် ယမိုက်ကျမ်းများကို ဖျာပုံအထိ သွားရောက်၍ သင်ယူခဲ့သည်။ ထို့နောက် ဦးကျော်၏ ပြောပြချက်အရ ဆရာတော်ဘုရားအား ရန်ကုန်သို့ ပင့်လျှောက်၍ အဘိဓမ္မာသင်တန်းများ ပို့ချပေးရန် အကြံဖြစ်ပေါ်ခဲ့သည်။ မူလပဋ္ဌာန်း ဆရာတော်ဘုရားအား ပင့်လျှောက်ခဲ့ရာ၌ ဖျာပုံမြို့သို့ ဦးကျော်ရောက်ရှိခဲ့စဉ်ကပင် အဘိဓမ္မာအသင်း တစ်ခုဖွဲ့စည်းရန် တိုက်တွန်းခဲ့သည့်အတိုင်း ဖွဲစည်းပြီးကြောင်း လျှောက်ထားခဲ့ရာ မူလပဋ္ဌာန်း ဆရာတော်ဘုရားလည်း ဝမ်းမြောက်စွာပင့်လျှောက်ချက်ကို လက်ခံ တော်ပြီးနောက် ဖျာပုံမှရန်ကုန်သို့ ထိုနှစ်ဝါမဆိုပင် ကြွရောက်တော်မူလာသည်။ အသင်းလူကြီးများသည် အသင်းတည်ရာဌာနမရှိသေးသောကြောင့် သင်တန်း ဖွင့်လှစ်ရန် နေရာရှာဖွေခဲ့သည်။ မြို့မကျောင်းအုပ်ကြီး ဦးဘလွင်ထံချဉ်းကပ်၍ ခွင့်တောင်းခဲ့ရာ ဆရာကြီးက ကျောင်းပိတ်ရက်များဖြစ်သော တနင်္ဂနွေနေ့များတွင် ခွင့်ပြုခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် အဘိဓမ္မာဆိုင်ရာသဂြိုဟ်နှင့်ပဋ္ဌာန်းကျမ်းကို မူလပဋ္ဌာန်းဆရာတော်ဘုရား ကိုယ်တိုင် တနင်္ဂနွေနေ့တိုင်း မြို့မကျောင်းတွင် နေ့လယ် (၁) နာရီ မှ (၄) နာရီ အထိ ဝါတွင်း (၃)လပတ်လုံး ပို့ချ သင်ကြားပေးခဲ့ပါသည်။ ဤသို့ဖြင့် ဗုဒ္ဒမြတ်စွာသာသာနာတော်ထွန်းကားပြန့်ပွားရာ မြန်မာပြည်တွင် ကမ္ဘာတည်သရွေ့ အဘိဓမ္မာတရားတော်များ ရောင်ဝါနေသို့ ထွန်းလင်းတောက်ပ ပြန့်ပွားနေအောင် ဆောင်ရွက်ကြိုးပမ်းနေမည့် အဘိဓမ္မာပြန့်ပွားရေးအသင်းကြီး မွေးဖွားပေါ်ထွန်းလာခဲ့ပါသည်။