အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မကြာခဏဆိုသလို စစ်ပွဲ၏ဥပဒေသများဟု ရည်ညွှန်းခဲ့လေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေ (IHL)၊ စစ်ပွဲ၏ဥပဒေသများနှင့် ထုံးတမ်းစဉ်လာများ၊ သို့မဟုတ် လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများဆိုင်ရာ ဥပဒေသများ၊ “ဂျီနီဗာသဘောတူညီချက်များနှင့် ဟိတ်ဂ်သဘောတူညီချက်များ၊ နောက်ဆက်တွဲ သဘောတူစာချုပ်များ၊ အမှုဆိုင်ရာ ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေ”တို့ စုပေါင်းပါဝင်သည့် ဥပဒေစာစုဖြစ်ပါသည်။စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့်နိုင်ငံများ၊ ကြားနေနိုင်ငံများနှင့် စစ်တိုက်ခြင်းတို့တွင် ပါဝင်တိုက်ခိုက်ကြသည့် လူတစ်ဦးချင်းစီတို့ ၎င်းတို့အချင်းချင်းနှင့်သော်လည်းကောင်း၊ ထုံးစံအားဖြင့် အရပ်သားများဟု ဆိုလိုသည့် အကာအကွယ်ပေးထားသည့် ပုဂ္ဂိုလ်များနှင့်သော်လည်းကောင်း သက်ဆိုင်သော ကျင့်ထုံးနှင့် တာဝန်များကို အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

ဥပဒေမှာ လျော်ကန်သော သဘောတူစာချုပ်များဖြင့် စည်းကမ်းကန့်သတ်ထားသည့် နိုင်ငံများအတွက် အမိန့်အာဏာဖြင့် ထုတ်ဆင့်ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။ အခြားသော စာဖြင့်ရေးသားထားခြင်းမရှိသည့် စစ်ပွဲ၏ဓလေ့ထုံးတမ်း စည်းကမ်းများလည်းရှိပါသည်။ ယင်းတို့အနက်အများအပြားကို နျူရင်ဘတ်ဂ် စစ်ခုုံရုံး၌ စူးစမ်းရှာဖွေတွေ့ရှိခဲ့သည်။ ယင်းတို့ကို တိုးချဲ့ခြင်းအားဖြင့်၊ အမြဲတမ်းမဟုတ်သော တပ်ဖွဲ့များနှင့် လက်မှတ်ထိုး သဘောတူခြင်း မပြုထားသော နိုင်ငံများနှင့် ဆက်ဆံရာတွင် ၎င်းတို့၏ ကျင့်ထုံးအပေါ် ခွင့်ပြုထားသော အခွင့်အရေးများနှင့် တားမြစ်ခြင်းများကိုပါ ဤအမိန့်အာဏာများက အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

မာတိကာ

သမိုင်းဝင်လမ်းစဉ်နှစ်ခု - ဂျီနီဗာဥပဒေသနှင့် ဟိတ်ဂ်ဥပဒေသ[ပြင်ဆင်ရန်]

ခေတ်သစ် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို သမိုင်းဝင်လမ်းစဉ်နှစ်ခုဖြင့် ဖွဲ့စည်းထားပါသည် - ယခင်က နည်းလမ်းကျသောစစ်ပွဲဥပဒေသကို ရည်ညွှန်းသော ဟိတ်ဂ်ဥပဒေသနှင့် ဂျီနီဗာဥပဒေသခေါ် လူသားချင်းစာနာ ထောက်ထားမှု ဥပဒေသတို့ ဖြစ်ပါသည်။သမိုင်းဝင်လမ်းစဉ်နှစ်ခု၏ အမည်များကို စစ်ပွဲနှင့် ပဋိပက္ခတို့နှင့် ပတ်သက်သော သဘောတူစာချုပ်များကို ရေးဆွဲခဲ့သည့် အထူးသဖြင့် ၁၈၉၉ နှင့် ၁၉၀၇ ခုနှစ် ဟိတ်ဂ်သဘောတူညီချက်များနှင့် ဂျီနီဗာ သဘောတူညီချက်များကဲ့သို့ သောအပြည်ပြည်ဆိုင်ရာ ညီလာခံအများအပြားတို့မှ ယူထားခြင်းဖြစ်ပါသည်။ ဂျီနီဗာသဘောတူညီချက်များအနက် ပထမဦးဆုံးကို ၁၈၆၃ ခုနှစ်တွင် ရေးဆွဲခဲ့ပါသည်။ ယင်းတို့နှစ်ခုလုံးသည် စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခတို့တွင် ပါဝင်တိုက်ခိုက်နေစဉ် လက်ခံနိုင်သော လက်တွေ့လုပ်ဆောင်မှုများနှင့် ပတ်သက်သော အပြည်ပြည်ဆိုင်ရာ ဥပဒေသ jus in bello ၏ အစိတ်အပိုင်းများဖြစ်ပါသည်။

ဟိတ်ဂ်ဥပဒေသ သို့မဟုတ် နည်းလမ်းကျသော စစ်ပွဲဥပဒေသ သည် "စစ်ဆင်ရေးများ၏ ကျင့်ထုံးတွင် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်သည့် နိုင်ငံများ၏ အခွင့်အရေးများနှင့် တာဝန်များကို ဆုံးဖြတ်ပြီး၊ နာကျင်စေအောင်လုပ်သည့် နည်းလမ်းများကိုရွေးချယ်ခွင့်ကို ကန့်သတ်သည်။"အထူးသဖြင့် တိုက်ခိုက်သူ စစ်သားများအား အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ စစ်တိုက်ခြင်း နည်းလမ်းများနှင့်နည်းစနစ်များနှင့် သက်ဆိုင်သော စည်းကမ်းများပြဋ္ဌာန်းခြင်းနှင့် စစ်တပ်၏ရည်ရွယ်ချက်များနှင့်ဆိုင်သော အရေးကိစ္စများကို စစ်ဆေးခြင်းတို့နှင့် ပတ်သက်ပြီး အာရုံစိုက်သည်။

တိုက်ခိုက်ခြင်း၏ ကြမ်းကြုတ်ကို ကန့်သတ်ရန်အတွက် စနစ်ကျသော ကြိုးပမ်းမှုများမှာ ၁၉ ရာစုကာလမှ စတင် တိုးတက်ထွန်းကားလာခဲ့သည်။ ယင်းကဲ့သို့ အာရုံစိုက်မှုများသည် ပညာအလင်းရောင်ခေတ်၏ ဩဇာလွှမ်းမိုးမှုကြောင့် တိုင်းပြည်များ၏ စစ်မက်တိုက်ခိုက်ခြင်းအပေါ် အမြင်ပြောင်းလဲလာခြင်းကို တည်ဆောက်နိုင်ခဲ့သည်။ စစ်မက်တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရန်သူတိုင်းပြည်အပေါ် အောင်နိုင်ရန်ဖြစ်ပြီး၊ ယင်းအောင်မြင်မှုသည် ရန်ဘက်တိုက်ခိုက်သူများကို မစွမ်းဆောင်နိုင်အောင်ဆီးတားခြင်းဖြင့် ရရှိနိုင်သည်။ ထို့ကြောင့် “ခေတ်သစ် လူသားချင်းစာနာမှု ဥပဒေသ၏ မဏ္ဍိုင်အချို့ဖြစ်သည့် တိုက်ခိုက်သူများနှင့် အရပ်သားများအကြား ကွဲပြားခြားနားချက်၊ ဒဏ်ရာရရှိသော၊ ဖမ်းဆီးရမိသော ရန်ဘက်တိုက်ခိုက်သူများကို ထောက်ထားစာနာစွာ ဆက်ဆံရမည်၊ နေထိုင်ရာတန်းလျားများပေးရမည်ဆိုသည့် အချက်များအားလုံးသည် ဤစည်းကမ်းကို လိုက်နာဆောင်ရွက်ခြင်းဖြစ်ပါသည်။”

ဂျီနီဗာဥပဒေသ[ပြင်ဆင်ရန်]

လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်သော ပဋိပက္ခများအကြား အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းမှာ ရှည်လျားထွေပြားသော သမိုင်းကြောင်းရှိပါသည်။ လက်ရွေးစင် ဥပမာများတွင် မိဒျန်ပြည်သား အမျိုးသမီး၊ အမျိုးသားကလေးများ အားလုံးကိုသတ်ရန်အမိန့်ပေးသော ဣသရေလလူမျိုးတို့၏ ဘုရားအတွက် ပြောဆိုသော မောရှေ၊အိန္ဒိယနိုင်ငံအသောကမင်းကြီး၏ ကလိင်္ဂတိုင်းသားများအား အစုလိုက်အပြုံလိုက်သတ်ခြင်းများ၊ ထေမူး(Timur)(တမ္မလိန်း)၏မူဆလင်တပ်များက ဟိန္ဒူဘာသာဝင် ၁၀၀,၀၀၀ ခန့်တို့အား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ သို့မဟုတ် ဂျေရုဆလင်မြို့ကို ဝိုင်းရံထားစဉ် (၁၀၉၉) ဂျူးများနှင့် မူဆလင်များ၏ ဘာသာရေးစစ်ပွဲ ဆိုင်ရာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းများ တို့သည် ရာဇဝင်ထဲရှိ ရှည်လျားလှသော စာရင်းထဲမှ ထုတ်နှုတ်ထားသော ဥပမာအချို့ဖြစ်ပါသည်။

၁၈၀၀ ခုနှစ်မတိုင်မီက သမိုင်းဝင် စစ်တပ်လက်တွေ့လုပ်ဆောင်မှုတို့ကို ဖရစ်ဇ်မန့်ချ် (Fritz Munch)က ဤသို့အနှစ်ချုပ်ထားပါသည် - "အခြေခံကျသော အချက်များမှာဤသည်တို့ ဖြစ်ပုံရပါသည်- တိုက်ပွဲများနှင့် လက်နက်ကိုင်တပ်များ သိမ်းပိုက်ထားသော မြို့များတွင် တိုက်ခိုက်ရာ၌ပါဝင်သူများနှင့် တိုက်ခိုက်ရာတွင် မပါဝင်သူများပါ သတ်ဖြတ်ခံရပြီး၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း သို့မဟုတ် လုယက်ခြင်းခံရခြင်းတို့ဖြစ်သည်။၁၇ ရာစုတွင် ဒတ်ချ်လူမျိုး ဥပဒေပညာရှင် ဟူဂိုဂရိုတီးယပ်စ်(Hugo Grotius)က ဤသို့ရေးသားခဲ့ပါသည် "စစ်ပွဲများကို ယင်းတို့၏ရည်ရွယ်ချက်များ အထမြောက်အောင်မြင်ရန်အတွက် ငြင်းဆန်၍မရနိုင်ချေ။ လက်နက်ကိုင်တပ်များနှင့် အကြမ်းဖက်ခြင်းတို့ကို ယင်းတို့အတွက် အသင့်လျော်ဆုံးသော ကိုယ်စားလှယ်များအဖြစ် ခန့်ထားရမည်ဖြစ်သည်။"

သမိုင်းတစ်လျှောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံသတ်မှတ်ချက်များ[ပြင်ဆင်ရန်]

သို့သော်လည်း သမိုင်းတစ်လျှောက် လူသတ်ပွဲများအတွင်း၌ပင် လက်နက်ကိုင်ယှဉ်ပြိုင်တိုက်ခြင်း ပဋိပက္ခများကြောင့် ဒဏ်ရာရသူ၊ နာမကျန်းသူနှင့် သင်္ဘောပျက်သူ ဒုက္ခသည်များကို အကာအကွယ်ပေးရန် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ စံသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ရှေးပဝေသဏီအချိန်ကတည်းက ဖော်ပြချက်များ ရှိခဲ့ပါသည်။ဓမ္မဟောင်းကျမ်းထဲတွင် ဣသရေလရှင်ဘုရင်က ပရောဖက်ဧလိရှဲ၏ ရန်သူသုံ့ပန်းများကို အသက်ချမ်းသာပေးရန် ဟူသော ဆုံးမစကားကိုနားထောင်၍ ဖမ်းဆီးရမိသောသူများကို သတ်ဖြတ်ခြင်းအား တားမြစ်ခဲ့သည်။ ရှင်ဘုရင်မေးသော မေးခွန်းအား "မသတ်ပါနှင့်။ ်ဓားနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက်စစ်တိုက်၍ ဖမ်းမိသော သူတို့ကိုသတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကို ထည့်၍သူတို့သည်စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေ"ဟု ဧလိရှဲကဖြေ၏။

ရှေးဟောင်းအိန္ဒိယရှိ မာနူး၏ဥပဒေသကဲ့သို့ မှတ်တမ်းများထဲတွင် အသုံးမပြုသင့်သည့် လက်နက်အမျိုးအစားများကို ဖော်ပြထားသည်။ "သူသည်စစ်ပွဲ၌ ရန်သူနှင့်ရင်ဆိုင်တိုက်ခိုက်ရာတွင် (သစ်သားထဲတွင်)ဝှက်ထားသော၊ အချွန်အတက်များပါသော၊ အဆိပ်သုတ်လိမ်းထားသော သို့မဟုတ် မီးလောင်နေသော ထိပ်ဖျားများပါသည့် လက်နက်များ(ကဲ့သို့သော)ကို အသုံးမပြုသင့်ပေ။[12] မိန်းမစိုး(နန်းတွင်းအမျိုးသမီးဆောင်များကို ကြီးကြပ်ရသော သင်းကွပ်ထားသည့်ယောကျင်္ား) ကိုသော်လည်းကောင်း၊ "အသနားခံသည့်အနေနှင့် လက်ကိုယှက်ထားသော … အိပ်နေသော သို့မဟုတ် သံချပ်အင်္ကျီကျွတ်သွားသောသူ၊ သို့မဟုတ် ကိုယ်တုံးလုံးဖြစ်သော၊ သို့မဟုတ် လက်နက်မရှိသော ရန်သူကိုသော်လည်းကောင်း၊ သို့မဟုတ် တိုက်ပွဲတွင်မပါဘဲ ရပ်ကြည့်နေသော သူကိုသော်လည်းကောင်း တိုက်ခိုက်ခြင်းမပြုရန် ရာဇသံရှိပါသည်။.."

"အမျိုးသမီးများ၊ ကလေးများ၊ ဘုန်းတော်ကြီးများနှင့် ရသေ့များ၊ အသက်ကြီးသူများ၊ မျက်စိကွယ်နေသူများနှင့် ရူးသွပ်နေသူများ ကဲ့သို့ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခြင်းမရှိသူများ"ကို ကိုယ်ထိလက်ရောက်စော်ကားခြင်း မပြုရန် အစ္စလမ်ဥပဒေတွင် ဖော်ပြထားသည်။ပထမခါလိဖ် (မိုဟာမက်အရိုက်အရာကို ဆက်ခံသူတို့၏ဘွဲ့) အဘူဘာခါ (Abu Bakr)က "ကိုယ်အင်္ဂါဖြတ်တောက်ခြင်းမပြုနှင၊ကလေးငယ်များ သို့မဟုတ် အသက်ကြီးသူအမျိုးသား သို့မဟုတ်အမျိုးသမီးများကို မသတ်နှင့။ ထန်းပင်ထိပ်များကို ဖြတ်ခြင်းသော် လည်းကောင်း၊ မီးရှို့ခြင်းသော်လည်းကောင်း မပြုနှင့်။

သစ်သီးများရှိသော အပင်များကို မခုတ်နှင့်။ အစားအသောက်အတွက် မဟုတ်လျှင် အိမ်တွင်မွေးထားသော တိရစ္ဆာန်များကို မသတ်ဖြတ်နှင့် ဟူ၍ အများကြားသိစေသည်။"အစ္စလမ်ဘာသာရေးဆိုင်ရာ ဥပဒေပညာရှင်များက အကျဉ်းသားတစ်ယောက်သည် "စစ်မက်ဖြစ်ပွားရန် ဆောင်ရွက်ချက်များအတွက် တာဝန်မယူနိုင်သောကြောင့် သတ်ဖြတ်ခြင်း မပြုသင့်"ဟူသော အချက်ကို ဆုပ်ကိုင်ထားသည်။အစ္စလမ်ဥပဒေသည် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခြင်း မရှိသူများအားလုံးကို ချမ်းသာပေးထားခြင်းမဟုတ်ပေ။ အစ္စလမ်ဘာသာသို့ ကူးပြောင်းရန် သို့မဟုတ် သမားရိုးကျမဟုတ်သော အခွန်ဆောင်ရန် ငြင်းဆန်နေသူများ အရေးတွင် "စစ်ပွဲတွင် ပါဝင်တိုက်ခိုက်သူများ သို့မဟုတ် မပါဝင်သူများ မည်သူကိုမဆို သစ္စာဖောက်လျက်နှင့် အသတ်ခံရခြင်း မရှိစေရန်နှင့် ကိုယ်အင်္ဂါများ ဖြတ်တောက်သတ်ဖြတ်ခံရခြင်း မရှိစေရန် စီစဉ်ပေးထားလျက် စည်းကမ်းအရ သတ်ခွင့်ပြုထားသည်။"

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံသတ်မှတ်ချက်များကို စနစ်တကျ စီစဉ်ပြဋ္ဌာန်းခြင်း[ပြင်ဆင်ရန်]

သို့သော်လည်း ၁၉ ရာစုဒုတိယနှစ်လည်ပိုင်း မတိုင်ခင်အချိန်အထိ ပိုမိုစနစ်ကျသော ချဉ်းကပ်မှုများကို အစမပြုနိုင်သေးချေ။ အမေရိကန်နိုင်ငံမှ ရွှေ့ပြောင်းအခြေချနေထိုင်သူဂျာမန်လူမျိုး ဖရန်စစ်စ်လီဘာ(Francis Lieber) သည် မြောက်ပိုင်းတပ်မတော်အတွက် လီဘာကုတ်ဒ် ခေါ်လီဘာကိုဓဥပဒေ (Lieber Code)ဟု ဂုဏ်ပြု အမည်ပေးထားသော ကိုဓဥပဒေကျင့်ထုံးတစ်ခုကို ၁၈၆၃ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ လီဘာကိုဓဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသော နေရာများရှိ အရပ်သားပြည်သူများကို ထောက်ထားညှာတာစွာပြုမူရမည်ဟု ပါရှိသည်။ စစ်သုံ့ပန်းများကို ကွပ်မျက်ခြင်းမှလဲ တားမြစ်ထားသည်။ တစ်ချိန်တည်းမှာပင် ခရိုင်မီးန်းစစ်(Crimean War)အတွင်း ဖလောရင့်စ်နိုက်တင်ဂေးလ်(Florence Nightingale)နှင့် ဆိုလ်ဖာရင်နိုတိုက်ပွဲတွင် ဒဏ်ရာရသောစစ်သားများအတွက် လုပ်ဆောင်ပေးသော ဂျီနီဗာမြို့သား စီးပွားရေးလုပ်ငန်းရှင် ဟင်နရီဒူးနန့် (Henry Dunant)ကဲ့သို့ လူပုဂ္ဂိုလ်အများအပြားတို့ ပါဝင်ဆောင်ရွက်မှုများကြောင့် စစ်၏ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများကို တားဆီးဖို့ရန် ကြိုးစားရာတွင် ပိုပြီးစနစ်တကျရှိသော ကြိုးပမ်းမှုများအဖြစ်သို့ ဦးဆောင်လမ်းပြခဲ့ပါသည်။

ဒူးနန့်သည် ၎င်းကိုယ်တိုင်တွေ့မြင်ခဲ့ရသော ထိတ်လန့်ဖွယ်အနိဋ္ဌာရုံများကို ဖော်ပြထားသည့် ဆိုလ်ဖာရင်နိုသို့အမှတ်တရ (A Memory of Solferino)ဟု အမည်ပေးထားသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသည်။ အလွန်တုန်လှုပ် ခြောက်ခြားဖွယ်ရာကောင်းသော သူ၏မှတ်တမ်းများက ၁၈၆၃ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ကို ဖွဲ့စည်းတည်ထောင်ဖို့ ဦးတည်စေခဲ့ပြီး၊ ၁၈၆၄ ခုနှစ်တွင် ဂျီနီဗာ၌စည်းဝေးခဲ့သော ညီလာခံတွင် စစ်မြေတလင်းတွင် စစ်တပ်များမှ ဒဏ်ရာရရှိသူများ၏ အခြေအနေ တိုးတက်ကောင်းမွန်လာခြင်းအတွက် ဂျီနီဗာသဘောတူညီချက် ကိုရေးဆွဲခဲ့ပါသည်။

ဂျီနီဗာဥပဒေသကို လူသားချင်းစာနာထောက်ထားမှု အခြေခံသဘောတရားက တိုက်ရိုက်လှုံ့ဆော်နေပါသည်။ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသောသူများနှင့် စပ်ဆိုင်နေသကဲ့သို့ မစွမ်းဆောင်နိုင်သော (နာမကျန်း၊ ဒဏ်ရာရ၊ ချုပ်နှောင်ခံနေရသော စစ်မှုထမ်းများအပါအဝင်) စစ်မှုထမ်းများနှင့်လည်း စပ်ဆိုင်ပါသည်။ အကာအကွယ်ပေးခြင်းနှင့် ICRC ကဲ့သို့ မျက်နှာမလိုက်သော လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများက ဆောင်ရွက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီတို့အတွက် အခြေခံ ဥပဒေကို သတ်မှတ်ပြဋ္ဌာန်းပေးပါသည်။[19] ဤသို့အာရုံစိုက်မှုကို ဂျီနီဗာသဘောတူညီချက်များတွင် တွေ့နိုင်ပါသည်။

ဂျီနီဗာသဘောတူညီချက်များ[ပြင်ဆင်ရန်]

ဂျီနီဖာသဘောတူညီချက်များသည် လက်နက်ကိုင် ပဋိပက္ခအတွင်း ပါဝင်တိုက်ခိုက်နိုင်ခြင်း မရှိတော့သူများနှင့် အရပ်သားများကို ကာကွယ်စောင့်ရှောက်ရန် အလေးထားသော ၁၈၆၄ မှ ၁၉၄၉ ခုနှစ်ကြား အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာသော လုပ်ငန်းစဉ်၏ ရလဒ်ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်၏ ရလဒ်တစ်ခုအနေဖြင့်သဘောတူညီချက် လေးခုလုံးကို ယခင်မူဟောင်းများနှင့် ၁၉၀၇ ဟိတ်(ဂ်)သဘောတူညီချက်အချို့မှ တစ်စိတ်တစ်ဒေသ အခြေခံပြီး ပြန်လည်စိစစ်ပြင်ဆင်ခဲ့ကာ ၁၉၄၉ ခုနှစ်တွင် နိုင်ငံတကာ အသိုင်းအဝန်းမှ စတင်ကျင့်သုံးခဲ့သည်။ နောက်ပိုင်း ညီလာခံများသည် စစ်ဆင်နွှဲမှု နည်းစနစ်အချို့ကို တားမြစ်ခြင်းနှင့် ပြည်တွင်းစစ်များ၏ အရေးကိစ္စများကို ရည်ညွန်းခြင်းတို့နှင့် ပတ်သက်သော လိုအပ်ချက်များကို ထည့်သွင်းခဲ့သည်။ ဂျီနီဗာသဘောတူညီချက်များမှာ -

  • ပထမဂျီနီဗာသဘောတူညီချက် “စစ်မြေပြင်ရှိ လက်နက်ကိုင်တပ်များတွင် ဒဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်နေသူများ၏ အခြေအနေ တိုးတက် ကောင်းမွန်လာရန်အတွက်” (၁၈၆၄ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၄၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် စိစစ်တည်းဖြတ်ခဲ့သည်)
  • ဒုတိယဂျီနီဗာသဘောတူညီချက် “ပင်လယ်ထဲရှိ လက်နက်ကိုင်တပ်များတွင် ဒဏ်ရာရရှိသူများ၊ နာမကျန်းသူများနှင့် သင်္ဘောပျက်သော အဖွဲ့ဝင်များ၏ အခြေအနေ တိုးတက်ကောင်းမွန် လာရန်အတွက်” (၁၉၄၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၀၇ ခုနှစ် ဒသမ ဟိတ်(ဂ်)သဘောတူညီချက်ကို ဆက်ခံသည်)
  • တတိယဂျီနီဗာသဘောတူညီချက် "စစ်သုံ့ပန်းများ၏ ဆေးဝါးကုသမှုနှင့် စပ်လျဉ်းသော” (၁၉၂၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၄၉ ခုနှစ်တွင် နောက်ဆုံးအကြိမ် စိစစ်တည်းဖြတ်ခဲ့သည်)
  • စတုတ္ထဂျီနီဗာသဘောတူညီချက် “စစ်ဖြစ်နေသည့်ကာလအတွင်း အရပ်သားများအား အကာအကွယ်ပေးခြင်းနှင့် စပ်လျဉ်းသော” (၁၉၄၉ ခုနှစ်တွင် ပထမဦးစွာ အတည်ပြုခဲ့သည်၊ ၁၉၀၇ ခုနှစ် စတုတ္ထ ဟိတ်(ဂ်)သဘောတူညီချက်၏ အစိတ်အပိုင်းများအပေါ် အခြေခံသည်)

ထို့အပြင် ဂျီနီဗာ သဘောတူညီချက်သို့ အပိုဖြည့်စွက် ပြင်ဆင်ခြင်း စာချုပ်မူကြမ်းသုံးခုကို ထပ်ထည့်ထားပါသည် -

  • ပထမ စာချုပ်မူကြမ်း (၁၉၇၇) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ နိုင်ငံတကာ လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများ၏ ဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် စပ်ဆိုင်သည်။ ၂၀၀၇ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့အရ ၁၆၇ နိုင်ငံက ၎င်းအားသဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။
  • ဒုတိယ စာချုပ်မူကြမ်း (၁၉၇၇) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ နိုင်ငံတကာ မဟုတ်သော လက်နက်ကိုင် ယှဉ်ပြိုင်တိုက်ခိုက်ခြင်း ပဋိပက္ခများ၏ ဒုက္ခသည်များအား အကာအကွယ်ပေးရေးနှင့် စပ်ဆိုင်သည်။ ၂၀၀၇ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့အရ ၁၆၃ နိုင်ငံက ၎င်းအား သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။
  • တတိယ စာချုပ်မူကြမ်း (၂၀၀၅) - ၁၉၄၉ ခုနှစ် ဩဂုတ်လ ၁၂ရက်နေ့၏ ဂျီနီဗာသဘောတူညီချက်များတွင် အပိုဖြည့်စွက်သော စာချုပ်မူကြမ်း။ ထူးခြားသော အထိမ်းအမှတ်ကို အတည်ပြုခြင်းနှင့် စပ်ဆိုင်သည်။ ၂၀၀၈ ခုနှစ် မေလ ၂၀ ရက်နေ့အရ ယင်းကို နိုင်ငံပေါင်း ၂၈ နိုင်ငံမှ သဘောတူလက်မှတ်ရေးထားခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ၅၉ နိုင်ငံက လက်မှတ်ရေးထိုးထားသော်လည်း အတည်ပြုခြင်း မရှိသေးပါ။

၁၉၄၉ ဂျနီဖာသဘောတူစာချုပ်ကို ၁၈၆၄တွင် စတင်ခဲ့သော လုပ်ငန်းစဉ်တစ်ခု၏ ရလဒ်အဖြစ် ရှုမြင်နိုင်သော်လည်း ယနေ့အချိန်အခါ၌ ၎င်းတို့တွင် “စုစုပေါင်း ပူးပေါင်းပါဝင်မှု ၁၉၄ ပါတီ ရရှိပြီးဖြစ်သည်”။ ဤသည်မှာ ၎င်းတို့သည် နိုင်ငံတကာ လက်နက်ကိုင်ပဋိပက္ခ အားလုံးနီးပါးကို အကျိုးသက်ရောက်မှုသည့် အဓိပ္ပါယ်ပင် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် စစ်ဥပဒေကြား သမိုင်းကြောင်းဆိုင်ရာ ပေါင်းစည်းမှု[ပြင်ဆင်ရန်]

လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသော ပညတ်ချက်များကို ဟိတ်(ဂ်)ဥပဒေတွင် တွေ့ရှိနိုင်သော်လည်း(ဆိုလိုသည်မှာ သိမ်းပိုက်နယ်မြေများတွင် အချို့သော စစ်သုံ့ပန်းများနှင့် အရပ်သားများကို အကာအကွယ်ပေးရေး) ၁၉၇၇ ဂျီနီဖာသဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက်များကို လိုက်နာဆောင်ရွက်မှုနှင့်အတူ ဥပဒေ နှစ်ခု၏ အားထုတ်မှုများသည် တူညီတိုက်ဆိုင်လာခဲ့သည်။ သို့သော် နိုင်ငံတကာ နှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများအတွင်း ဒုက္ခရောက်ကြရသူများကို အကာအကွယ်ပေးရေးနှင့် သက်ဆိုင်သော ၁၉၇၇ နောက်ဆက်တွဲ သဘောတူညီချက်များသည် ဟိတ်(ဂ်) ဥပဒေနှင့် ဂျီနီဖာသဘောတူစာချုပ်နှစ်ခုလုံး၏ ကဏ္ဍများသာမက အရေးကြီးသော လူ့အခွင့်အရေး ပညတ်ချက်များကိုပါ တရားဝင်ပေါင်းစပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ အခြေခံ စည်းမျဉ်းများ[ပြင်ဆင်ရန်]

  1. ဟော(စ်)ဒီကွန်ဘက် ခေါ် စစ်ပွဲတွင် ပါဝင်နိုင်ရန် အရည်အချင်းမပြည့်ဝတော့သူများ နှင့် စစ်မက်ဖြစ်ပွားခြင်းတွင် ပါဝင်မှုမရှိသူများကို ကာကွယ်ပြီး လူသားဆန်စွာဆက်ဆံရမည်။
  2. လက်နက်ချသော ရန်သူ သို့မဟုတ် စစ်ပွဲတွင် ပါဝင်နိုင်ရန် အရည်အချင်းမပြည့်ဝတော့သူများကို သတ်ခြင်း သို့မဟုတ် အနာတရဖြစ်စေခြင်းကို တားမြစ်ထားသည်။
  3. ဒဏ်ရာရနေသူများနှင့် ဖျားနာနေသူများကို လက်ဝယ်ပိုင်ထားသော အုပ်စုက ပြစုစောင့်ရှောက်ပြီး အကာအကွယ်ပေးထားရမည်။ ကြက်ခြေနီ သို့မဟုတ် လခြမ်းနီ အမှတ်အသားသည် အကာအကွယ် သင်္ကေတအဖြစ် ကိုယ်စားပြုရန် သတ်မှတ်သည်။
  4. ဖမ်းဆီးရမိသော တိုက်ပွဲဝင်သူများနှင့် အရပ်သားများကို အကြမ်းဖက်မှုနှင့် လက်စားခြေမှု အပြူအမူများမှ ကာကွယ်ရမည်။ ၎င်းတို့တွင် ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်နိုင်ခွင့်နှင့် အကူအညီများကို လက်ခံခွင့် ရှိသည်။

5 မည်သူမျှ နှိပ်စက်ညှင်းပန်းခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အပြစ်ဒဏ်ပေးခံရခြင်း သို့မဟုတ် ရက်စက်သော ပြုမူဆက်ဆံမှုခံရခြင်း သို့မဟုတ် အရှက်ရစေသော ပြုမူဆက်ဆံမှုခံရခြင်း မရှိစေရ။

  1. ပဋိပက္ခတွင် ပါဝင်သော အုပ်စုများနှင့် ယင်းတို့၏ လက်နက်ကိုင်အဖွဲ့ဝင်များတွင် စစ်ဆင်နွဲမှု နည်းလမ်းများနှင့် နည်းစနစ်များ အကန့်အသတ်မရှိ ရွေးချယ်နိုင်မှု မရှိပါ။
  2. ပဋိပက္ခတွင် ပါဝင်သော အုပ်စုများသည် အရပ်သားများနှင့် တိုက်ခိုက်သူများအကြား ခွဲခြားထားမှု အမြဲ ရှိရမည်။ တိုက်ခိုက်ခြင်းများသည် စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များကိုသာ ဦးတည်ရမည်။

ဥပမာများ[ပြင်ဆင်ရန်]

ထိုသို့သော ဥပဒေသများ၏ လူသိများသော ဥပမာများတွင် ကြက်ခြေနီ အမှတ်အသားပါ သူနာတင်ယာဉ်များ သို့မဟုတ် ဆရာဝန်များကို တိုက်ခိုက်မှုကို တားမြစ်ခြင်း ပါဝင်သည်။ ယာယီစစ်ပြေငြိမ်းခြင်း အမှတ်အသားပြ အလံအဖြစ် ယူဆထားသော အလံဖြု ကိုင်ဆောင်ထားသော လူတစ်ဦး သို့မဟုတ် ယာဉ်တစ်စီးကို ပစ်ခတ်ခြင်းကိုလည်း တားမြစ်ထားသည်။ အကြောင်းမှာ အလံဖြူကိုင်ဆောင်ခြင်းသည် လက်နက်ချရန် သို့မဟုတ် အဆက်အသွယ် ပြုလုပ်ရန် ရည်ရွယ်ချက်ကို ရည်ညွှန်းသောကြောင့်ဖြစ်သည်။ ကြက်ခြေနီအဖွဲ့ သို့မဟုတ် အလံဖြူအမှတ်အသားအားဖြင့် ကာကွယ်မှုရထားသော လူပုဂ္ဂိုလ်များသည် ဆက်လက်၍ ကြားနေသဘောထား ထားရှိမည်ဟု မျှော်လင့်ရပြီး ၎င်းတို့ကိုယ်တိုင်သည် စစ်ဖြစ်ပွားမှုကဲ့သို့သော လုပ်ဆောင်မှုများတွင် မပါဝင်နိုင်ပါ။ အမှန်စင်စစ် အလံဖြူ သို့မဟုတ် ကြက်ခြေနီ အကာအကွယ်အောက်တွင် စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်းသည် စစ်ဥပဒေကို ချိုးဖောက်မှု တစ်ရပ်ဖြစ်သည်။

ဤစစ်ဥပဒေ ဥပမာများသည် စစ်ကြေညာခြင်း၊ (ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (၁၉၄၅) အခန်း ၂၊ နှင့် ပဋိညာဉ်ပါ အခြားသော အခန်းများ၊ စစ်ကြေညာရန် အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးကို ဖြတ်ခြင်း၊ နျူရင်ဘတ် စစ်ခုံရုံးအမှုများတွင် ဂျာမဏီကို ဆန့်ကျင် အသုံးပြုခဲ့သော်လည်း ပိုမို စောပြီး အကျိုးသက်ရောက်မှု မရှိသည့် ၁၉၂၈ ခုနှစ်က ကဲလော့(ဂ်)-ဘရန်း သဘောတူညီချက် ကို အတည်ပြုလက်မှတ်ရေးထိုးထားသော နိုင်ငံများအတွက် ပြုလုပ်သကဲ့သို့)၊ လက်နက်ချခြင်းကို လက်ခံခြင်းနှင့် စစ်သုံ့ပန်းများကို ပြုမူဆက်ဆံခြင်း၊ ရက်စက်ယုတ်မာမှုများကို ရှောင်ရှားခြင်း၊ အရပ်သားများကို ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်မှုကို တားမြစ်ခြင်း၊ နှင့် လူမဆန်သော အချို့ လက်နက်များကို တားမြစ်ခြင်းတို့ကို ရည်ညွှန်းသည်။ လိုအပ်ချက်များ ပြည့်စုံမှုမရှိဘဲ စစ်ပွဲတွင် ပါဝင်ရန်မှာ စစ်ဥပဒေကို ချိုးဖောက်မှု တစ်ရပ်ဖြစ်သည်။ ထိုအထဲတွင် ထူးခြားသော ယူနီဖောင်း သို့မဟုတ် အလွယ်တကူ ခွဲခြားနိုင်သော အမှတ်တံဆပ်များကို ဝတ်ဆင်ခြင်းနှင့် လက်နက်များကို ထင်ထင်ပေါ်ပေါ်သယ်ဆောင်ခြင်းတို့ ပါဝင်သည်။ ရန်ဘက်၏ ယူနီဖောင်းကို ဝတ်ဆင်ခြင်းဖြင့် အခြားဘက်မှ စစ်သားယောင် ဆောင်ခြင်း နှင့် ဓားစာခံကို ဖမ်းယူသကဲ့သို့ ထိုယူနီဖောင်းဖြင့် ခိုက်ရန်ဖြစ်ပွားခြင်းကို တားမြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ[ပြင်ဆင်ရန်]

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ထိန်းချုပ်မှု အာဏာပိုင်အဖြစ် ရှင်းလင်းစွာ အမည်ခံထားသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်။ ICRC ၏ တရားဝင် လုပ်ပိုင်ခွင့်သည် ၁၉၄၉ ဂျီနီဖာသဘောတူညီချက် လေးခုနှင့် ယင်း၏ ကိုယ်ပိုင် ဥပဒေများမှ အခြေခံ၍ ဆင်းသက်လာသည်။“အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC) သည် သမာသမတ်ကျပြီး ကြားနေဝါဒ လက်ကိုင်ထားကာ အမှီအခိုကင်းသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ လူသားချင်း စာနာထောက်ထားမှု အပြည့်အဝဖြစ်စေရေး ရည်မှန်းချက်သည် စစ်ပွဲနှင့် ပြည်တွင်းအကြမ်းဖက်မှုဒဏ်ကို ခံစားရသော ဒုက္ခသည်များ၏ အသက်နှင့် သိက္ခာကို ထိန်းသိမ်းကာကွယ်ရန်နှင့် ၎င်းတို့ကို အကူအညီ ထောက်ပံ့ပေးရန်ဖြစ်သည်။ ” — ICRC ၏ ရည်မှန်းချက်

အကြမ်းဖက်ခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်း[ပြင်ဆင်ရန်]

ပဋိပက္ခအတွင်း လက်တုံ့ပြန်ခြင်းနှင့်ပတ်သက်သော စစ်ဥပဒေကို ချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခြင်းတွင် တိကျသေချာစွာ၊ ရည်ရွယ်လျှက် ကန့်သတ်ထားသည့် စစ်ဥပဒေကို ချိုးဖောက်ခြင်း ပါဝင်နိုင်သည်။စစ်ဥပဒေ၏ တိကျသေချာသော ပညတ်ချက်များကို ချိုးဖောက်သည့် စစ်သားများသည် အကာအကွယ်ပေးထားခံရမှု ဆုံးရှုံးပြီး စစ်သုံ့ပန်းများအဖြစ် သတ်မှတ်ခြင်းခံရသည်။ သို့သော် “အခွင့်အာဏာရှိသော သမာဓိခုံအဖွဲ့” (GC III အက်ဥပဒေ ၅) တစ်ခုကို ရင်ဆိုင်ပြီးမှသာ ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် တရားမဝင် တိုက်ခိုက်ရေးသမားများ ဖြစ်လာသော်လည်း ၎င်းတို့ကို ဆက်လက်၍ လူသားချင်း စာနာထောက်ထားစွာ ဆက်ဆံရမည်။ အမှုစစ်ဆေးခြင်းများ ပြုလုပ်ပါက တရားမျှတမှု အခွင့်အရေးနှင့် ပုံမှန် အမှုစစ်ဆေးခြင်းတို့ကို ၎င်းတို့အား ခံစားခွင့်မပေးဘဲ ပိတ်ပင်ထားခြင်း မပြုလုပ်ရ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် GC IV အက်ဥပဒေ ၅ တွင် အကျုံးဝင်လျှက် ရှိနေသေးသည်။

၎င်းတို့ကို ထိန်းသိမ်းထားသော အာဏာပိုင်သည် လက်နက်ကိုင်ပဋိပက္ခ အခြေအနေ သို့မဟုတ် စစ်ပွဲအတွင်းတွင် ရှိနေပြီး ၎င်းတို့သည် တရားမဝင်သော တိုက်ခိုက်ရေးသမား ဖြစ်သည်ဟု တွေ့ရှိရသည့် အချိန်အထိ သူလျှိုများနှင့် အကြမ်းဖက်များသည် စစ်ဥပဒေ၏ အကာအကွယ် ရရှိနိုင်သည်။ အခြေအနေများပေါ်မူတည်ပြီး ၎င်းတို့ကို ၎င်းတို့၏ အပြုအမူအတွက် နိုင်ငံသား ဥပဒေ သို့မဟုတ် စစ်ခုံရုံးကို လိုက်နာရဖွယ်ရှိပြီး လက်တွေ့တွင် နှိပ်စက်ညှင်းပန်းခံရခြင်းနှင့်/သို့မဟုတ်ကွပ်မျက်ခံရခြင်းရှိလေ့ရှိသည်။ စစ်ဥပဒေသည် ၎င်းတို့လုပ်ဆောင်နိုင်မှုနယ်ပယ်ပြင်ပတွင် ရှိသည့်ထိုသို့သော လုပ်ဆောင်မှုများကို အတည်ပြုခြင်း သို့မဟုတ် အရေးယူခြင်း မရှိပါ။ နှိပ်စက်ညှင်းပန်းမှု ဆန့်ကျင်ရေး ကုလသမဂ္ဂ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသော နိုင်ငံများသည် မည်သည့်အကြောင်းရင်းနှင့်မဆို မည်သူတစ်ဦးတစ်ယောက်မျှ နှိပ်စက်ညှင်းပန်းမှု မပြုရန် ၎င်းတို့ကိုယ်တိုင် ဝန်ခံကတိပြုထားသည်။ ပဋိပက္ခပြီးဆုံးပြီးနောက်တွင် စစ်ဥပဒေ၏ မည်သည့်အချက်ကိုမဆို၊ အထူးသဖြင့် ရက်စက်ယုတ်မာမှုကို ကျူးလွန်ထားသည့် ပုဂ္ဂိုလ်သည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများအတွက် ဥပဒေလုပ်ငန်းစဉ်ဆင့်ဆင့်ဖြင့် တစ်ဦးချင်းစီ တရားစီရင်ခြင်း ခံရနိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]