အပြည်ပြည်ဆိုင်ရာ ယောဂနေ့

ဝီကီပီးဒီးယား မှ

ကမ္ဘာပေါ်တွင်အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ကို ဇွန်လ (၂၁)ရက်အား သတ်မှတ်ထားလေသည်။ ယောဂသည် ရှေးဟောင်းအိန္ဒိယ ရှေးထုံးစဉ်လာ၏ တန်ဖိုးမဖြတ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်သည်။ ကိုယ်နှင့်စိတ်၊ အတွေးနှင့် အလုပ်၊ ထိန်းချုပ်ခြင်းနှင့် ပြီးပြည့်စုံမှုတို့ကို တပေါင်းတစည်းထဲဖြစ်အောင် ၊ လူသားနှင့် သဘာဝတရား သဟဇာတဖြစ်အောင်၊ ကိုယ်ရောစိတ်ပါ ကျန်းမာသုခနှင့် ပြည့်စုံအောင် ထည့်သွင်းဖော်စပ်ထားသော ကျင့်စဉ်တစ်ရပ်ဖြစ်သည်။ ယောဂသည် သာမန်ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း တစ်ခုမဟုတ်ဘဲ လူ၊ ကမ္ဘာကြီးနှင့် သဘောတရားတို့ကို တသားတည်း ဖြစ်အောင် ခံစားသိရှိမှုကို ဖော်ထုတ်ပေးသည့် နည်းလမ်းကောင်းလည်း ဖြစ်သည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

ယောဂသည် မိမိ၏ ဘဝပုံစံနှင့် အသိ သတိတို့ကို ပြောင်းလဲစေခြင်းက တစ်ဆင့် ရာသီဥတု အပြောင်းအလဲကို ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အကူအညီလည်း ပေးနိုင်သည်။ ထို့ကြောင့် နိုင်ငံတကာ ယောဂနေ့တစ်နေ့ ပေါ်ပေါက်လာဖို့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှရီနာရန်ဒြာမိုဒီက ၂၀၁၄-ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၌ ကျင်းပသော (၆၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တစ်ကမ္ဘာလုံး နိုင်ငံတကာ ယောဂနေ့ ကျင်းပဖို့ တိုက်တွန်း ပြောကြားခဲ့သည်။ ၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာ (၁၁)ရက်နေ့တွင် အဖွဲ့ဝင် ၁၉၃- နိုင်ငံအနက် စံချိန်တင်မဲ ၁၇၇-မဲဖြင့် ဇွန်လ (၂၁)ရက်နေ့ကို နိုင်ငံတကာ ယောဂနေ့ သတ်မှတ်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်အတည်ပြုခဲ့သည်။

ရည်ရွယ်ချက်[ပြင်ဆင်ရန်]

ယောဂသည် ကိုယ်ရောစိတ်ပါ ကျန်းမာရေးနှင့် သုခအဝဝ ပြည့်စုံမှုကို ပေးအပ်နိုင်သည့်အတွက် ကမ္ဘာ့လူသားများ၏ ကျန်းမာရေးအတွက် ယောဂကျင့်စဉ်၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာရေး သတင်းပေးရန်၊ ယောဂသည် ဆင်းရဲချမ်းသာမရွေး မည်သူမဆို စိတ်နှင့်ကိုယ် သဟဇာတဖြစ်စေနိုင်ပြီး ရောဂါကာကွယ်ရေး၊ ကျန်းမာရေး အဆင့်မြှင့်တင်ရေး နှင့် ဘဝပုံစံကြောင့် ဖြစ်တဲ့ ရောဂါကုသရေးတို့မှာ အသုံးဝင်သည့်အတွက် ယောဂနှင့် ယောဂကျင့်စဉ်အကြောင်းကို လူတစ်ဦးအတွက်သာ သာမက လူထုအတွက် ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရရှိရန် မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားသည်။

အပြည်ပြည်ဆိုင်ရာ ယောဂနေ့ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၅-ခု၊ ဇွန်လ (၂၁)ရက်၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ရာဇပတီသ်တွင် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို အောင်မြင်စွာ ဦးဆောင်ကျင်းပခဲ့ရာ ဂင်းနစ်ကမ္ဘာ့စံချိန် နှစ်ခု တင်နိုင်ခဲ့သည်။ ပထမတစ်ခုမှာ လူပေါင်း သုံးသောင်းကျော် ပါဝင်ဆင်နွဲခဲ့သော ယောဂ လေ့ကျင့်ပွဲ စံချိန်ဖြစ်ပြီး ဒုတိယက ယောဂ လေ့ကျင့်ခန်း တစ်ခုတည်းကို လူမျိုးပေါင်း (၈၄)မျိုး ပါဝင်ဆင်နွဲသည့် စံချိန်ဖြစ်သည်။ အလုံးစုံ ကျန်းမာရေးအတွက် ယောဂကို ပြည်သူအများ စိတ်ဝင်စားမှု တိုးတက်စေရန် ရည်ရွယ်ပြီး ယောဂကျင့်စဉ်စာအုပ်နှင့် ဗီဒီယိုခွေများကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ကို ၂၀၁၆-ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၌ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ ဖီဂျန်းဘာမန်တွင် ကျင်းပပြီး ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၂-နိုင်ငံ တွင်လည်း ကျင်းပခဲ့ကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မန္တလေး နေ့စဉ်သတင်းစာ၊ (၂၀. ၆. ၂၀၁၈)စာ - ၈