အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မေလ ၁၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ ဖြစ်သည်။ နှစ်စဉ် မေလ ၁၈ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အဖြစ် ၁၉၇၇ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာ ပြတိုက်များ ကောင်စီ (International Council of Museums, ICOM) က သတ်မှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ပြတိုက်များသည် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်မျှအရေးပါသည်ကို ပိုမိုသတိပြုမိလာစေရန် ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပြတိုက်များနှင့် လူ့အဖွဲ့အစည်းဆက်စပ်မှုသည် ၁၉ ရာစုမှ စတင်လာခဲ့သည်။ ပြတိုက်များ၏ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၅ ရာစုခန့်က ဥရောပတွင် စတင်ပေါ်ပေါက်ခဲ့ပြီး၊ ရှေးဟောင်းပစ္စည်းများ၊ အလှအပပစ္စည်း၊ အဖိုးတန်ရတနာများအား စုဆောင်းပြသရာ နေရာတစ်ခုသာ ဖြစ်ခဲ့သည်။ (၁၇)ရာစုတွင် အများပြည်သူအား ဖွင့်လှစ်ပြသသော အက်ရှ်မိုလီယန် ပြတိုက်၊ အင်္ဂလန်နိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ ၁၉ရာစုအစာပိုင်းကာလနှင့် စက်မှုတော်လှန်ရေးကာလ အတွင်းတွင် ပညာကို လူတိုင်းအညီအမျှသင်ယူခွင့်ရှိရမည်ဆိုသော အယူအဆများပေါ်ထွက်လာသည်နှင့် အတူ ပြတိုက်များသည် လူတိုင်းအတွက်ပညာပေးရေး ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့သည်။ ပြတိုက်များအနေဖြင့်လည်း ယခင်ကပြသပစ္စည်းများကိုသာ အာရုံစိုက်ရာမှ ပြည်သူလူထုအား ပညာပေးရေးဆိုသည့် အယူအဆသစ်ကို စတင်လက်ခံဆောင်ရွက် အကောင်အထည်ဖော် လာကြသည်။ အဆိုပါအယူအဆအသစ်နှင့်အတူ နိုင်ငံအသီးသီးတွင် မိမိနိုင်ငံ၏ အခြေအနေအလိုက် ဒေသဆိုင်ရာ၊ အထိမ်းအမှတ်ဆိုင်ရာ၊ ဘာသာရပ်ဆိုင်ရာပြတိုက်များကို တည်ထောင်လာကြသည်။ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှုပြတိုက်၊ တပ်မတော်စစ်သမိုင်း ပြတိုက်၊ သမိုင်းပြတိုက်၊ သဘာဝသမိုင်းပြတိုက်၊ သိပ္ပံပညာရပ်ဆိုင်ရာပြတိုက်စသည့်ပြတိုက် ကြီးများမှသည် ကျေးလက်တောရွာရှိ လက်မှုပညာပြခန်းလေးများအဆုံး ပြတိုက်အားလုံး၏ တူညီသောဦးတည်ချက်မှာ ပညာပေးရေးဖြစ်လာသည်။ ထိုအယူအဆအသစ်နှင့်အတူ ပြတိုက်များ၏စီမံခန့်ခွဲမှုများသည်လည်း ပြောင်းလဲလာခဲ့သည်။

ယနေ့မျက်မှောက်ခေတ် ပြတိုက်များကို စတင်တည်ထောင်ခဲ့ကြသူများမှာ ဥရောပနိုင်ငံများမှ မင်းစိုးရာဇာများဖြစ်ကြပြီး၊ (၁၈)ရာစု ရီနေးဆန့်ခေတ်တွင် ပြတိုက် လုပ်ငန်းဆိုသည်မှာ ယင်းတို့၏ ကိုယ်ပိုင်အထူးသီးသန့် စုဆောင်းထားသော ရှားပါးပစ္စည်း များကို ပြသရန်အဖြစ်သာ ပုံဖေါ်ခဲ့ကြသည်။ ၁၉ ရာစုတွင် Great Exhibition of 1851 ပြပွဲကြီးကို ခင်းကျင်းပြသခဲ့ပြီးသည့်နောက် ပြတိုက်ဆိုင်ရာ လှုပ်ရှားမှုများသည် သီးခြား ဆောင်ရွက်နေမှုများမှသည် အများပြည်သူအား ပညာပေးရေးအတွက် အဓိကထား ဆောင်ရွက်မှုသို့ ပြောင်းလဲလာခဲ့သည် ။ အဆိုပါ ပြပွဲကြီးကို ဦးဆောင်ကျင်းပခဲ့သူမှာ ဗြိတိန်နိုင်ငံ၊ ဝိတိုရိယဘုရင်မကြီး၏ ကြင်ယာတော် အဲလ်ဘတ်မင်းသား က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ပွဲကြီးတွင် ပြသပစ္စည်းပေါင်း ၁၀၀၀၀၀ ကျော် ပါဝင်ပြသခဲ့ကာ ပြခန်း အရှည် ၁၀ မိုင်ကျော်အတွင်း ခင်းကျင်းပြသခဲ့သည်။ ပြသပစ္စည်းများမှာ ပုံနှိပ်စက်၊ စက်ဘီး၊ မီးသတ်စက်၊ ကျောက်မျက်ရတနာစီခြယ်ထားသော အင်္ကျီများ၊ ရုပ်တုများ၊ ကမ္ဘာ့အကြီးဆုံး စိန်ကြီး၊ အဝတ်အထည်၊ ပိုးထည်၊ ပရိဘောဂများ စသည်တို့ပါဝင်ပြသခဲ့သည်။ အဆိုပါ ပြပွဲကြီး ပြီးဆုံးပြီးနောက် ပြတိုက်ဆိုင်ရာအတွေးအခေါ်၊ အယူအဆတို့လည်း ပြောင်းလဲ လာခဲ့သည်။ ပြတိုက်များအနေဖြင့် မိမိပြတိုက်၏ပြသပစ္စည်းများကိုသာ အလေးထားသည့် အယူအဆမှ လာရောက်လေ့လာသူများအား ပညာပေးပြသရေးကို ပိုမိုအလေးပေး လာကြသည်။ တစ်နည်းအားဖြင့် ပစ္စည်းကိုအလေးပေးရာမှ လူကို အလေးပေးလာသည်ဟု ပြောနိုင် ပါသည်။ ပြတိုက်များတွင် ပညာပေးရေးအစီအစဉ်များ ချမှတ်ရေးဆွဲလာခဲ့ကြသည်။

ပြတိုက်များနှင့်လူ့အဖွဲ့အစည်း[ပြင်ဆင်ရန်]

(၂၀) ရာစုအတွင်း ပြောင်းလဲလာသော လူ့အဖွဲ့အစည်း၏ အတွေးအခေါ်အယူအဆ များအရ ပြတိုက်များအနေဖြင့် စိန်ခေါ်မှုများစွာတွေ့ကြုံလာခဲ့ရသည်။ စက်မှုတော်လှန်ရေး ပြီးဆုံးပြီးနောက်ပိုင်းတွင် လူတိုင်းတစ်ပြေးညီ ပညာသင်ကြားခွင့်၊ သင်ယူနိုင်ခွင့်တို့ကို တောင်းဆိုလာကြပါသည်။ ပညာသင်ကြားရေးနှင့်ပတ်သက်၍လည်း ယခင်က စာသင်ခန်း အတွင်းသင်ကြားရေးမှသည် Lifelong Learning ဟူသည့် မွေးဖွားချိန်မှစ၍ လူသားတို့၏ ဘဝတစ်လျှောက်လုံးတွေ့ကြုံထိတွေ့ ဆက်ဆံလေ့လာသင်ယူနေရသည့် တစ်နည်းအားဖြင့် စဉ်ဆက်မပြတ်သော ပညာသင်ယူရေးဖက်သို့ ပြောင်းလဲလာခဲ့သည်။ ပြတိုက်ဆိုင်ရာ အတွေး အခေါ် အယူအဆများ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ ပြတိုက်များသည် မိမိတည်ရှိရာ နယ်မြေဒေသရှိလူထုကို အကျိုးပြုစေမည့် ခင်းကျင်းပြသမှုများ၊ မိမိတို့ပြတိုက်သို့ လာရောက်လေ့လာသူ များပြားလာစေရန် အထူးအစီအစဉ်များရေးဆွဲပြီး လူထုပါ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သည့် ပညာပေးရေးဆိုင်ရာအစီအစဉ်များကို ချမှတ်ဆောင်ရွက် လာကြသည်။

အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီ (International Council for Museums) (ICOM)[ပြင်ဆင်ရန်]

၁၉၄၆ ခုနှစ်တွင် သဘာဝနှင့် ယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရန်၊ ဒြပ်ရှိနှင့်ဒြပ်မဲ့ယဉ်ကျေးမှုများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်တို့အတွက် ရည်ရွယ်ကာ ကမ္ဘာတစ်ဝှမ်းရှိ ပြတိုက်များနှင့် ပြတိုက်ဝန်ထမ်းများ စုစည်းပါဝင်သည့် ပြတိုက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အဖွဲ့ကြီး၏ အမည်ကို အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီဟု ခေါ်ပြီး ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည်။ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၅ နိုင်ငံနှင့် အဖွဲ့ဝင်ပြတိုက်ပေါင်း ၃၅၀၀၀ ရှိပြီး ပြတိုက်များနှင့် ပတ်သက်၍ ဘာသာရပ်ဆိုင်ရာ စည်းမျဉ်းများ၊ပညာရပ်များကိုအဖွဲ့ဝင်များ အကြား ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် အဖွဲ့ကြီးဖြစ်သည်။ အဖွဲ့အနေဖြင့် ပြတိုက်များ အတွက်ထူးခြားကောင်းမွန်သော စံ အဆင့်အတန်းများကို ပိုမိုကောင်းမွန်လာအောင် မြှင့်တင် ဆောင်ရွက်ပေးသည်။ အထူးသဖြင့် ပြတိုက်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းများ၊ ပြတိုက်ပစ္စည်း စုဆောင်းခြင်းနှင့် စွန့်ပစ်ခြင်းနှင့် ပြတိုက်ဝန်ထမ်းများ စီမံခန့်ခွဲမှု စသည်တို့ကို အထူး အလေးထားဆောင်ရွက်သည်။

အပြည်ပြည်ဆိုင်ရာပြတိုက်များကောင်စီက နှစ်စဉ် ပြတိုက်များနေ့အတွက် ဆောင်ပုဒ်များ ချမှတ်လေ့ရှိပါသည်။ ၂၀၁၆ နှစ်အတွက်ဆောင်ပုဒ်မှာ ပြတိုက်များနှင့်ယဉ်ကျေးမှုအမွေအနှစ် တောတောင်ရေမြေရှုခင်းများ “Cultural Landscapes and Museums”ဖြစ်ပါသည်။ ပြတိုက်များသည် မိမိတို့နိုင်ငံ၊ ဒေသ၏ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၊သဘာဝအမွေ အနှစ်များကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသောနေရာမှ ပါဝင်ကြောင်းကို သတိပေးထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြတိုက်များသည် ပြတိုက်အတွင်းရှိပြသ ပစ္စည်းများ ထိန်းသိမ်းခင်းကျင်းပြသရေးကိုသာမက ပြတိုက်ခန်းမနံရံများ အပြင်ဖက်ကို ကျော်လွန်၍ မိမိတို့၏အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တာဝန်ရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။