အနောက်ဝန်

ဝီကီပီးဒီးယား မှ

အနောက်ဝန်ရာထူးမှာ မိဖုရားများ ၊ ဘုရင့်သမီးတော်များစသည့် နန်းတွင်းအမျိုးသမီးများနှင့် ပက်သက်သောအရေးကိစ္စများကို ဆောင်ရွက်ရသူဖြစ်သည် ။ အနောက်ဝန်၏ လက်အောက်တွင် အနောက်စာရေး ကတော်စာရေး စသည့်ရာထူးများ ထားရှိသည် ။ လွှတ်တော် ၅ ရပ်အနက် အနောက်ရုံးတော်တွင် အဆင့်အမြင့်ဆုံး အရာရှိဖြစ်သည် ။

ညောင်ရမ်းခေတ် အနောက်ဝန်[ပြင်ဆင်ရန်]

မြန်မာ့သမိုင်းတွင် အစောဆုံးတွေ့ရှိရသည့် အနောက်ဝန်မှာ ပင်းတလဲမင်း ( ၁၆၄၈ -၁၆⁠၆၁ ) လက်ထက်ခန့်အပ်ခဲ့သူမှာ နန္ဒကျော်သူဖြစ်ဟန်ရှိသည် ။ နန်ဒကျော်သူသည် ခရစ်နှစ် ၁၆၅၉ ခုနှစ်တွင် အနောက်ဝန်အဖြစ်မှ ဝန်ကြီးရာထူးသို့ တိုးမြှင့်ခန့်အပ်ခ့ရပြီး ပြည်မင်းလက်ထက်တွင် သက်တော်ရှည်ဘွဲ့ရရှိသည် ။ မဟာဓမ္မရာဇာဓိပတိ ( ၁၇၃၃ - ၁၇၅၂ ) လက်ထက် အနောက်ဝန်မှာမူ တကောင်းမြို့စား ရွှေတောင်ဝေဘွဲ့ခံ ဦးနေထွန်းဖြစ်သည်။ သူသည်စာရေးကြီး ဦးပု၏သားဖြစ်ပြီး ညီဖြစ်သူ ဦးမင်းဘုန်းမှာလည်း အနောက်ဝန်ရာထူးဖြင့် အမှုထမ်းခဲ့ဖူးပါသည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

အလောင်းမင်းတရား ( ၁၇၅၂ - ၁၇၆၀ ) နှင့် ဒီပဲယင်းမင်း ( ၁၇၆၀ - ၁၇၆၃ ) တို့လက်ထက် အနောက်ဝန်ရာထူးဖြင့် အမှုထမ်းခဲ့သူ အမည်ကိုမသိရပါ ။ သို့သော် မြေဒူးမင်း ( ဆင်ဖြူရှင်) နန်းတက်လာပြီးနောက် သီရိကျော်ထင်နှင့် ဇေယသင်္ကြန်တို့အား အနောက်ဝန်အဖြစ်ခန့်အပ်ခဲ့သည် ။ အနောက်ဝန်နှစ်ဦး ဖြစ်နေခြင်းမှာထူးခြားလှပြီး ယင်းတို့အနက် တစ်ဦးမှာ ကုန်းဘောင်ခေတ် အစောပိုင်းကာလကပင် အနောက်ဝန်ဖြစ်ခဲ့ဟန် တူသည် ။ ၁၅ စက်တင်ဘာ ၁၇၆၃ ခုနှစ်တွင် သွေးသောက်အဖွဲ့များ ဖွဲ့စည်ခဲ့သောအခါ အနောက်ဝန်နှစ်ဦးစလုံးပါဝင်ခဲ့သည် ။ မြေဒူးမင်းလက်ထက် ၅ စက်တင်ဘာ ၁၇၆၉ ခုနှစ်တွင် စန္ဒပူရီ ( လင်းဇင်း )မှ သမီးကညာဆက်သစဉ် အနောက်ဝန်သီရိနန္ဒကျော်ထင် အခမ်းအနားသို့တက်ရောက်ခဲ့ရာ အနောက်ဝန် သီရိကျော်ထင်အား သီရိနန္ဒကျော်ထင်ဘွဲ့ ဖြည့်စွက်ပြောင်းလဲပေးအပ်ခဲ့ဟန် ရှိသည် ။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဗဒုံမင်း ( ဘိုးတော်ဘုရား) (၁၇၈၂ - ၁၈၁၉ ) နန်းတက်စတွင် အနောက်ဝန်အဖြစ်ခန့်အပ်ခံရသူမှာ သီရိစည်သူသင်္ခရာဖြစ်သည် ။ သူသည် ဗဒုံမင်း သားတော် အိမ်ရှေ့မင်း ဦးပေါ် ၁၇၈၄ ခုနှစ်တွင် ရခိုင်ဒေသကို အောင်နိုင်ပြီးနောက် စစ်ကိုင်းမင်းသားအတွက် မင်းနန်းစည် ဧချင်းကို ရေးဖွဲ့ခဲ့သူ ဖြစ်သည် ။ ယင်းနောက်များမကြာမီ ကာလတွင် မြစ်ခြေစား စီးတစ်ပြစ်ကြီးအား အနောက်ဝန်အရာခန့်အပ်ခဲ့သည် ။ ၂၇ ဒီဇင်ဘာ ၁၇၈၆ ခုနှစ်တွင် ဗဒုံမင်း ဘိသိက်ကိစ္စနှင့်ပက်သက်၍ စီးတပြစ်အမတ်ကြီးအား မေးမြန်ခဲ့ရာ အနောက်ဝန် စီးတပြစ်ကြီးမှာ ပညာရှိတစ်ဦးဖြစ်ဟန်ရှိသည် ။ ထို့ပြင် အနောက်ဝန်၏သမီး ရှင်မင်းဖြူသည် ဗဒုံမင်း၏ ကိုယ်လုပ်တော်တစ်ပါးဖြစ်ရာ စီးတစ်ပြစ်ကြီး၏ သမီးဟူ၍ပင်မှတ်ယူရ၏ ။ ၁၉ ဇွန် ၁၇၅၉ ခုနှစ်တွင် အနောက်ဝန်ဇေယရန္တမိတ်၏ သမီးမိပိုးကို အသက်ချမ်းသာပေးကြောင်း ဗဒုံမင်း၏ အမိန့်တော်တွင်တွေ့ရှိရရာ ဇေယရန္တမိတ်သည် စီးတစ်ပြစ်၏ ရာထူးကိုဆက်ခဲ့သူဟု မှန်းဆရသည် ။ ဗဒုံမင်းလက်ထက်နှောင်းပိုင်းကာလ၌ လင်းကတောဆယ်ရွာစား နေမျိုးသူရကို အနောက်ဝန်ရာထူးခန့်အပ်ခဲ့သေးကြောင်း သိရှိရ၏ ။

မင်းကြီးမင်းကျော်ထင်တရဖျား[ပြင်ဆင်ရန်]

၁၈၁၉ ခုနှစ်တွင် စစ်ကိုင်းမင်း ( ဘကြီးတော် )နန်းတက်လာပြီးနောက် မိမိ အိမ်ရှေ့မင်းသားဘဝက အိမ်ရှေ့အနောက်ဝန်ဖြစ်ခဲ့သူ ကျော်ထင်လက်ဝဲစည်သူကို အနောက်ဝန်အရာခန့်အပ်ခဲ့သည် ။ မကြာမီအနောက်ဝန်အား နေမျိုးကျော်ထင်တရဖျားဘွဲ့ ပေးအပ်လိုက်၏။ ထို့နောက် ဘိသိက်မင်္ဂလာအခမ်းအနားအပြီးတွင် သူ့အား မင်းကြီးကျော်ထင်တရဖျားဘွဲ့ ပေးအပ်လိုက်ပါသည် ။ အနောက်ဝန်မင်းကြီးကျော်ထင်တရဖျားအား ၁၈၂၄ ခုနှစ် ဘိသိက်ခံစဉ် အဆောင်အရွက်များ ပေးအပ်ချီမြှင့်ခဲ့သည် ။ သူ့တွင် မိမိဆိုသူ သမီးတစ်ဦးရှိကြောင်း သိရှိရသည် ။

အနောက်ဝန် ဦးမင်းအောင်[ပြင်ဆင်ရန်]

အနောက်ဝန်မင်းကြီး ကျော်ထင်တရဖျားအစား နေမျိုးမဟာသီဟသူဘွဲ့ခံ ဦးမင်းအောင်က ဆက်ခံခဲ့သည်။ အနောက်ဝန် ဦးမင်းအောင်သည် ၁၈၅၂ ခုနှစ် စက်တင် ဘာလတွင် တောင်ငူမင်းသားထံအမိန့်တော်အရ သွားရောက်ခဲ့ရသေး၏။ စစ်ကိုင်းမင်း၏ ညီတော်ရင်း တောင်ငူမင်းသားမကျန်းမာတော်မူသဖြင့် စာရေးကြီးတစ်ဦး ၊ အသုံးစာရေးတစ်ဦးတို့နှင့်အတူ သွားရောက်ပြုစုရခြင်း ဖြစ်သည်။

သာယာဝတီမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၃၇ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်လာပြီးနောက် ဇူလိုင်လအတွင် နောင်တော်စစ်ကိုင်းမင်းလက်ထက် အနောက်ဝန်များအဖြစ်ကြသော မင်းကြီးကျော်ထင်တရဖျား နှင့် မဟာမင်းထင်စည်သူတို့ကို အဆောင်အရွက်များ ပေးအပ်ခဲ့ကြောင်းသိရှိရ၏ ။ ယင်းနောက် ၁၈၄၁ ခုနှစ် စက်တင်ဘာလတွင် သာယာဝတီမင်း ရန်ကုန်သို့ စုန်ဆင်းသောအခါ အနောက်ဝန်မဟာမင်းလှသူရိန် နှင့် မဟာမင်းလှကျော်တိုနှစ်ဦးအား ရန်ကုန်သို့ အတူလိုက်ပါလာစေခဲ့သည် ။ သို့ဖြစ်၍ သာယာဝတီမင်းလက်ထက်တွင် ဆင်ဖြူရှင်လက်ထက်က ကဲ့သို့အနောက်ဝန်နှစ်ဦး တစ်ပြိုင်နက် ခန့်အပ်ခဲ့သည်ဟု မှတ်ယူရ၏ ။

အမရပူရခေတ်အနောက်ဝန်များ[ပြင်ဆင်ရန်]

အမရပူရမြို့ကွက် မြေပုံအကွက်အမှတ် ၇၂( ဃ )တွင် အနောက်ဝန်ဦးပေနှင့် အကွက်အမှတ် ၇၁၉ တို့တွင် ဦးမောင်တို့နေထိုင်ကြရာ ယင်းအနောက်ဝန် နှစ်ဦးမှာ ပုဂံမင်းလက်ထက်တွင် အမှုထမ်းရွက်ခဲ့သူများဖြစ်သည် ။

မင်းတုန်းမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်စတွင် မင်းလှမင်းထင်နော်ရထာဘွဲ့ခံ ဦးမှုံအား အနောက်ဝန်ရာထူးခန့်အပ်လိုက်ပါသည် ။ ယင်းနောက် ၁၈၅၈ ခုနှစ်တွင် မှန်နန်းဆောင်၌ သက်ကြီးရွယ်အိုများအား ထောက်ပံပေးအပ်ရာတွင် အသက် ၉၀ အရွယ်ရှိ အနောက်ဝန်ဦးသာထွန်အောင်၏ အမည်ကိုတွေ့ရှိရ၏ ။ အနောက်ဝန်ဟောင်းကြီးအား အဝတ်အစားနှင့် ငွေကြေးထောက်ပံခဲ့ခြင်းဖြစ်သည် ။ ၁၈၆၇ ခုနှစ်တွင် ကာနယ်ဖိုက်ချ်၏ ဗြိတိသျှသံအဖွဲ့ရောက်ရှိလာစဉ် အနောက်ဝန်မဟာမင်းလှမင်းထင်ရာဇာ ကြိုဆိုရေးအဖွဲ့၌ ပါဝင်ခဲ့ကြောင်း သိရှိရသည် ။ ထို့အတူ ၂၆ ဧပြီ ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်း ဘိသိက်ခံအခမ်းအနားကျင်းပရာ အနောက်ဝန်မင်းကြီးမဟာတရဖျား တက်ရောက်ခဲ့သည် ။ မင်းတုန်းမင်းလက်ထက် ရတနာပုံနန်းတွင်ရှိ အနောက်ဝန်ရုံးထိုင်ရာ အနောက်ရုံးတော်မှာ နန်းမြို့တော်အနောက်ဘက် အနောက်တံခါးလမ်းမတော်၌ တောင်ဘက်ထောင့်တွင်တည်ရှိသည် ။

သီပေါမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ် အောက်တိုဘာလတွင် သီပေါမင်းနန်းတက်လာပြီးနောက် ၁၂ အောက်တိုဘာ ၁၈၇၈ ခုနှစ်တွင် ဘကြီးတော် ဦးပုလေးအား အနောက်ဝန်ရာထူး ခန့်အပ်လိုက်ပါသည် ။ ယင်းနောက်ပိုင်းတွင် အနောက်ဝန်အဖြစ် ဦးရွှေခဲ ၊ ဦးဘိုး ၊ ဦးဘီနှင့် ဦးငြိမ်းတို့ အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉