အနီအောက်ရောင်ခြည် အပူချိန်တိုင်းကိရိယာ

ဝီကီပီးဒီးယား မှ
(အနီအောက်ရောင်ခြည် သာမိုမီတာ မှ ပြန်ညွှန်းထားသည်)
'အနီအောက်ရောင်ခြည် သာမိုမီတာတစ်ခု
သင်္ဘောသားတစ်ဦး လေဝင်လေထွက်စနစ်တစ်ခု၏ အပူချိန်ကို တိုင်းတာနေစဉ်။

အနီအောက်ရောင်ခြည် အပူချိန်တိုင်းကိရိယာ (သို့) အနီအောက်ရောင်ခြည် သာမိုမီတာ (အင်္ဂလိပ်: infrared thermometer) တိုင်းတာခံရသည့် အရာဝတ္ထုမှ ထုတ်လွှင့်သော အနက်ထည် အပူဖြာထွက်ခြင်း (blackbody) ဟုခေါ်သော အပူလှိုင်းဖြာထွက်ခြင်း၏ အပိုင်းတစ်ခုကို ယူငင်ထားသော အပူချိန်ကို တွက်ချက်၍ အဖြေထုတ်ပေးသည့် သာမိုမီတာအမျိုးအစားဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် အမည်အမျိုးမျိုးဖြင့် ခေါ်လေ့ရှိကြသည်။ လေဆာအလင်းတန်းက တိုင်းတာမှုကို ချိန်ရာတွင် အကူအညီပေးသောကြောင့် လေဆာ သာမိုမီတာဟုလည်းခေါ်သည်။ ရံခါတွင် 'မထိတွေ့ သာမိုမီတာ' (non-contact) (သို့) 'အပူချိန်တိုင်း သေနတ်' (temperature gun) ဟုလည်းခေါ်ကြသည်။ အကြောင်းမှာ တိုင်းတာမည်ပစ္စည်းကို တိုက်ရိုက်မထိတွေ့ဘဲ အနီးတစ်နေရာမှ တိုင်းတာသောကြောင့် ဖြစ်သည်။

အရာဝတ္ထုတစ်ခုက ထုတ်လွှင့်သော အနီအောက်ရောင်ခြည်ပမာဏနှင့် ထုတ်လွှင့်နိုင်စွမ်းအား (emissivity) ကို သိရှိပါက ထိုအရာဝတ္ထု၏ အပူချိန်ကို ၎င်း၏စစ်မှန်သော အပူချိန်နယ်ပယ်အတွင်း ဆုံးဖြတ်နိုင်သည်။ ဆိုလိုသည်မှာ သာမိုမီတာက တွက်ထုတ်ပေးသော အပူချိန်မှာ အရာဝတ္ထု၏ စစ်မှန်သော တကယ့်အပူချိန်နှင့် အနည်းငယ် ကွာခြားနိုင်ကောင်း နိုင်သည်။ အနီအောက်ရောင်ခြည် သာမိုမီတာများသည် 'အပူလှိုင်းဖြာထွက်ခြင်းကို တိုင်းတာသော သာမိုမီတာ' အမျိုးအစား အုပ်စုဝင်ဖြစ်သည်။

တစ်ခါတစ်ရံ၌ ပတ်ဝန်းကျင်အပူချိန်ဝန်းကျင်ပမာဏရှိသော အခြေအနေတွင် တိုင်းတာတွက်ထုတ်မှုမှာ အမှားအယွင်း ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်နိုင်သည်။ တိုင်းတာမည့် အရာဝတ္ထုထက် အနီးနားက ပို၍ပူသောအရာဝတ္ထုက အပူလှိုင်းဖြာထွက်မှုကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ အပူချိန်တိုင်းကိရိယာကို ကိုင်ဆောင်ထားသော ပုဂ္ဂိုလ်ဆီမှ အပူလှိုင်းဖြာထွက်မှုကြောင့်လည်း ဖြစ်ပေါ်နိုင်ခြေရှိသည်။ နောက်တစ်ခုအမှားဖြစ်နိုင်သည်မှာ ကိရိယာက မမှန်မကန်ယူဆလိုက်သော အပူထုတ်လွှင်းမှု စွမ်းအား ကြောင့်လည်း ဖြစ်နိုင်ပေသည်။

ကိရိယာကို တည်ဆောက်သည့်ပုံစံတွင် မှန်ဘီလူးတစ်ခုပါဝင်၍ ထိုမီန်ဘီလူးသည် အနီအောက်ရောင်ခြည်ဖြာထွက်ခြင်းအား 'စုံစမ်းထောက်လှမ်းကိရိယာ' (သို့) 'အာရုံခံကိရိယာ' သို့ ချိန်ရွယ်ပေးရန်ဖြစ်သည်။ ယင်းကိရိယာက လှိုင်းဖြာထွက်လာသော စွမ်းအားကို အီလက်ထရောနစ် အချက်ပြပုံစံအဖြစ်ပြောင်းလဲကာ မော်နီတာတွင် ပတ်ဝန်းကျင်အပူချိန်ကို နှုတ်၍ (အရာဝတ္ထု) အပူချိန်ယူနစ်များအဖြစ် ဖော်ပြပေးသည်။ ဤသို့တိုင်းတာခြင်းသည့် တိုင်းတာမည့်အရာဝတ္ထုကို ထိတွေ့မှုမရှိဘဲ တိုင်းတာနိုင်သည်။ thermocouples စုခေါ်သော လျှပ်စစ်သုံး ဝါယာပင်နှစ်ခုဖြင့် အပူချိန်တိုင်းတာသော ကိရိယာများနှင့် အခြားအပူချိန်တိုင်းကိရိယာများ အသုံးမပြုနိုင်သော (သို့) တိကျသော အချက်အလက်မထုတ်ပေးနိုင်သော အခြေအနေများတွင် ဤ အနီအောက်ရောင်ခြည် အပူချိန်တိုင်းကိရိယာကို အသုံးပြုလေ့ရှိကြသည်။)

အသုံးပြုသည့် နယ်ပယ်များ[ပြင်ဆင်ရန်]

နယ်ပယ်အချို့၌ အသုံးဝင်သော ကိရိယာဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးနယ်ပယ်တွင် ဆားစ်ရောဂါ၊ အီဘိုလာ ဗိုင်းရပ်ရောဂါနှင့် ကိုဗစ်-၁၉ ရောဂါများ ကပ်ဆိုးရောဂါများဖြစ်ပွားချိန်၌ ခရီးသည်များကို အပူချိန်တိုင်းတာရာတွင် ဤအနီအောက်ရောင်ခြည် အပူချိန်တိြင်းကိရိယာကို အသုံးပြုကြသည်။

ကိုးကား[ပြင်ဆင်ရန်]