အဒိန္နာဒါန

ဝီကီပီးဒီးယား မှ

ပစ္စည်းပိုင်ရှင်က ကိုယ်ဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း ခွင့်ပြုခြင်းမရှိသော ပစ္စည်းကို ယူခြင်းသည် အဒိန္နာဒါနကံ မြောက်သည်။[၁]

ခိုးခြင်း(၂၅)မျိုး[ပြင်ဆင်ရန်]

အဒိန္နာဒါနကံ ဆိုတာ သူတစ်ပါးပိုင် ပစ္စည်းကို ပိုင်ရှင်မသိအောင် ခိုးယူခြင်းလို့ပဲ အများက နားလည်ထားကြတာပါ။ တကယ်တော့ ဗုဒ္ဓစာပေမှာ ခိုးခြင်းကို (၂၅) မျိုး ပြထားပါတယ်။ ပါဠိဝေါဟာရ အဒိန္နာဒါန ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အဒိန္န + အာဒါန = အဒိန္န - (ပိုင်ရှင်) မပေးသော ပစ္စည်းကို + အာဒါန - ယူဆောင်ခြင်း လို့ အနက်ထွက်ပါတယ်။ ဒါကြောင့် ပိုင်ရှင်သိအောင်ပဲ ယူယူ၊ မသိအောင်ပဲ ယူယူ၊ ပိုင်ရှင်က လိုလိုချင်ချင် ကိုယ်နှုတ်အမူအရာနဲ့ မပေးတဲ့ ပစ္စည်းကို ကိုယ်က ဗြောင်ကျကျ (သို့) မလှိမ့်တပတ် (သို့) လှည့်စားပြီး (သို့) အဓမ္မ အတင်းအကြပ် (သို့) လိမ်ညာပြီး ယူရင် အဲဒါ အဒိန္နာဒါနကံ ခိုးခြင်း မြောက်ပါတယ်။ ဒီမှာ သတိထားရမှာက ငါးပါးသီလယူကြတဲ့အခါမှာ အဒိန်န ဒါန ဆိုပြီး အာ သံ ပျောက်နေတတ်ကြတယ်။ အဒိန်နာဒါန ကမှ အမှန်ပါ။

ခိုးခြင်း (၂၅) မျိုးကို လေ့လာကြည့်လိုက်ရင် အဒိန္နာဒါနကံရဲ့ အတိမ်အနက်ကို သတိထားမိသွားပါလိမ့်မယ်။ ဗုဒ္ဓစာပေမှာကတော့ ရဟန်းတော်တွေကို မူတည်ပြီး ဟောတာပါ။ လူဝတ်ကြောင်အတွက်လည်း ဒီသဘောပါပဲ။ မထူးပါဘူး။

(၁) မတရား အမှုဆင်၍ ရယူခြင်း သူတစ်ပါး ပိုင်ဆိုင်တဲ့ တိုက်တာ၊ မြေ၊ ဥယျာဉ်၊ ဆိုင်၊ ရွှေငွေ ရတနာ၊ ရဟန်းပိုင် ဘုန်းကြီးကျောင်း စတဲ့ ပစ္စည်းတွေကို လိုချင်စိတ်နဲ့ မတရား အမှုဆင်ပြီး တရားစွဲဆိုတတ်ကြတယ်။ တကယ်လို့ တရားရုံးက ပိုင်ရှင်မဟုတ်တဲ့သူကို ပိုင်ရှင်အဖြစ် အဆုံးအဖြတ် ပေးလိုက်လို့ မူလပိုင်ရှင်ကလည်း လက်လျှော့လိုက်ရင် အဒိန္နာဒါနကံ မြောက်သွားပါတယ်။ ရဟန်းဆိုရင် ပါရာဇိက ကျတယ်။ တကယ်လို့ လက်မလျှော့သေးဘဲ အယူခံ ဝင်ဦးမယ် ဆိုရင်တော့ အယူခံပြီးဆုံးမှ ခိုးမှု မြောက်ပါတယ်။

(၂) ကိုယ်တိုင် သယ်ယူပေးစဉ် ခိုးယူခြင်း သူတစ်ပါးပိုင် ပစ္စည်းကို ကိုယ်က သယ်ယူပေးလာပြီး လမ်းမှာမှ စိတ်ပြောင်းပြီး လိုချင်စိတ် ပေါ်လာမယ်။ ဒါကြောင့် ပိုင်ရှင်ကို ပြန်မပေးတော့ဘဲ လမ်းမှာပဲ ပျောက်ပျက်သွားသလိုလို၊ ဓားပြပဲ အတိုက်ခံလိုက်ရသလိုလို စသဖြင့် ဆင်ခြေပေးပြီး ရယူခြင်းမျိုးကို ခေါ်ပါတယ်။ နေရာရွှေ့ပြောင်းပြီး ခိုးတာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဥပမာပေါ့။ မောင်မောင်က ကိုယ့်ကို ပစ္စည်း လူကြုံ ထည့်ပေးလိုက်တယ်။ ကိုယ့်ဆီမှာလည်း အဲဒီလို တထေရာတည်း တူတဲ့ ပစ္စည်း ရှိပြန်တယ်။ ဒါပေမယ့် ကိုယ့်ပစ္စည်းက သူ့ဟာလောက် မကောင်းဘူး။ ဒါကြောင့် သူ့ဟာကို လိုချင်လာတယ်။ ဒီတော့ မောင်မောင်ကို ပြောတယ်။ "မောင်မောင်ရေ မင်းပစ္စည်းကို ငါ့ဟာနဲ့ မလွဲရအောင် ငါ ဂျပ်ဖာနဲ့ အသေအချာ ထုပ်ထားတယ်နော်။ ဒီမှာကြည့်" ဆိုပြီး သူ့ရှေ့မှာ ထုပ်ပိုးလိုက်တယ်။ ပြီးတော့ သယ်လာခဲ့တယ်ပေါ့။ လမ်းရောက်မှ ဂျပ်ဖာထဲက သူ့ပစ္စည်းနဲ့ ကိုယ့်ဟာနဲ့ ပြန်လဲယူတယ်။ ပြီးတော့ ပြန်ထုပ်ပေးလိုက်တယ်။ နောက်တော့ မောင်မောင်ကို ဂျပ်ဖာအတိုင်း သပ်သပ်ရပ်ရပ် ပြန်အပ်လိုက်တယ်ပေါ့။ မောင်မောင်ကတော့ ဂျပ်ဖာပုံစံ မပျက်တော့ အထဲက ဟာက သူ့ပစ္စည်းလို့ပဲ ယူဆသွားတယ်ပေါ့။ အဲဒီမှာ အဒိန္နာဒါနကံ မြောက်သွားတာပါပဲ။

(၃) ငြင်းကွယ်၍ ခိုးယူခြင်း ကိုယ့်ကို ယုံကြည်လို့ ချေးငှား၊ အပ်နှံထားတဲ့ ပစ္စည်းကို ကိုယ်က လိုချင်ဇောနဲ့ ပြန်မပေးချင်တော့ ဘူးခံ ငြင်းတဲ့ သဘောပါ။ ပိုင်ရှင်က ပြန်လာတောင်းတဲ့ အခါမှာ ဘယ်တုန်းက အပ်ထားလို့လဲ။ ငါ တစ်ခါမှ မချေးဖူးပါဘူး။ မင်း လူမှားနေပြီထင်တယ်။ ငါ ဘယ်တုန်း ပြန်ပေးလိုက်ပြီလေ။ စသဖြင့် ဘူးကွယ် ငြင်းကွယ်ပြီး ခိုးယူတတ်တယ်။ ဒီတော့ ပိုင်ရှင်က ပစ္စည်းတော့ ဆုံးပါပြီကွာ ဆိုပြီး လက်လျှော့လိုက်တာနဲ့ အဒိန္နာဒါနကံ မြောက်ပါတယ်။ ရဟန်းဆိုရင် ပါရာဇိက ကျတယ်။

(၄) သယ်ဆောင်သူကို လမ်းကြောင်းပြောင်းစေခြင်း သူတစ်ပါးပိုင်တဲ့ ပစ္စည်းကို လူတစ်ယောက်က သယ်လာပေးတယ်ပေါ့။ အဲဒီလူကို ဖြားယောင်သွေးဆောင်ပြီး (သို့) ခြိမ်းခြောက်ပြီး (သို့) တစ်နည်းနည်းနဲ့ ပိုင်ရှင်ဆီ မပို့ခိုင်းဘဲ အခြား တစ်နေရာရာကို အပို့ခိုင်းခဲ့မယ်။ ပစ္စည်းသယ်လာတဲ့သူက အဲဒီလို ခိုင်းတဲ့အတိုင်း လမ်းကြောင်း ပြောင်းသွားပြီ ဆိုရင် အဒိန္နာဒါနကံ မြောက်တော့တာပါပဲ။ ပါရာဇိက ကျပြီပေါ့။

(၅) နေရာရွှေ့ပြောင်း၍ ခိုးခြင်း သူတစ်ပါးပိုင် ရွှေငွေ စတဲ့ ပစ္စည်းတွေကို မူလ ပိုင်ရှင် ထားတဲ့နေရာကနေ ခိုးလိုစိတ်နဲ့ တခြား တစ်နေရာသို့ ရွေ့လျားအောင် လုပ်မိလို့ ရှိရင် ဆန်ခြည်တစ်မျှင်လောက်ပင် ဖြစ်ပါစေ အဒိန္နာဒါနကံ မြောက်ပါတယ်။ ဥပမာ - ဦးဖြူက ရွှေတွေ အိုးနဲ့ ထည့်ပြီး တစ်နေရာမှာ မြှုပ်ထားတယ်။ အဲဒါကို ဦးမဲက မြင်တော့ ဦးဖြူမသိခိုက် ရွှေအိုးကို တူးယူပြီး တခြားတစ်နေရာ ပြောင်းမြှုပ်လိုက်တယ်။ တူးယူပြီး ဆွဲမ လိုက်ရင်ပဲ အဒိန္နာဒါနကံ မြောက်သွားပါတယ်။ ရဟန်းဖြစ်ရင်လည်း နေရာရွေ့တာနဲ့ ပါရာဇိက ကျတယ်။ ဒါကြောင့် ရှေးဆရာတော်ကြီးများက ဆုံးမဩဝါဒ ပေးလေ့ရှိပါတယ်။ သူတစ်ပါး ပစ္စည်းကို အမှတ်တမဲ့ ကောက်ယူကိုင်တွယ် ကြည့်ရှုခြင်း မလုပ်ကြဖို့ပါ။ မကိုင်ခင်ကတော့ ရိုးသားစိတ်နဲ့ ကောက်ယူလိုက်ပေမယ့် ကိုယ့်လက်ထဲရောက်မှ မတရား လိုချင်စိတ် လောဘ ဖြစ်လာရင် နည်းနည်းလေး ထပ်လှုပ်လိုက်တာနဲ့ ပါရာဇိက ကျသွားနိုင်ပါတယ်။

(၆) - (၁၀) နံပါတ် (၁) ကနေ (၅) အထိက သက်မဲ့ ပစ္စည်းတွေကိုပဲ အဓိကထားပြီး ဆိုလိုပါတယ်။ နံပါတ် (၆) ကနေ (၁၀) အထိက အထက်က အကြောင်းအရာအတိုင်းပဲ သက်ရှိ သတ္တဝါကို ကြံစည်ရင် ခိုးမှု မြောက်တဲ့ သဘောပါ။ ခိုးယူပစ္စည်းက သက်မဲ့နဲ့ သက်ရှိသာ ကွာခြားပြီး သဘောသွားကတော့ အတူတူပါပဲ။ သက်ရှိပစ္စည်း ဆိုတဲ့ နေရာမှာ အိမ်မွေး၊ အလှမွေး၊ စီးပွားဖြစ်မွေးတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ဝက်၊ ကြက် စတဲ့ တိရစ္ဆာန်တွေ ပါပါတယ်။ အဲဒီအပြင် ကျွန်၊ အလုပ်သမား၊ ဝန်ထမ်း စတဲ့ လူခိုးတာလည်း ဒီအထဲမှာ အကျုံးဝင်ပါလိမ့်မယ်။[၂]

(၁၁) ကိုယ်တိုင်ခိုးခြင်း ဒါကတော့ ရှင်းပါတယ်။ သူတစ်ပါးကို မခိုင်းဘဲ ကိုယ်တိုင် ခိုးယူမယ်၊ ဓားပြတိုက်မယ်၊ လုယူမယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးပါ။ ရဟန်းဖြစ်သူက ပြုလုပ်မယ် ဆိုရင်တော့ ခိုးယူမယ့် ပစ္စည်းကို ကိုင်လိုက်ရင် ဒုက္ကဋ်အာပတ် သင့်ပါပြီ။ အဲဒီ ပစ္စည်းက ထိလိုက်လို့ လှုပ်ရှားသွားရင် ထုလ္လစ္စဉ်းအာပတ် သင့်ပြီး မူလနေရာကနေ ရွေ့သွားပြီ ဆိုရင်တော့ ပါရာဇိကအာပတ် သင့်ပြီပေါ့။

(၁၂) သူတစ်ပါးအား ခိုင်း (ခိုး) စေခြင်း ကိုယ်တိုင် မခိုးဘဲ သူတစ်ပါးကို အခိုးခိုင်းမယ်၊ လုယက်ခိုင်းမယ်၊ ခိုးရာပါ ပစ္စည်းမှန်း သိလျက်နဲ့ လက်ခံမယ်၊ သူခိုး ခါးပိုက်နှိုက်တွေမှန်း သိလျက်နဲ့ သဘောတူ လက်ခံထားမယ်၊ ဓားပြမွေးထားမယ်၊ ဒါတွေအားလုံးဟာ ခိုင်းစေခြင်းထဲမှာ အကျုံးဝင်ပါတယ်။ ရဟန်းဖြစ်သူက ခိုင်းမယ် ဆိုရင် ခိုင်းလိုက်တဲ့ အခိုက်အတန့်မှာ ဒုက္ကဋ်အာပတ် သင့်ပါတယ်။ အခိုင်းခံရသူက သူခိုင်းတဲ့အတိုင်း လုပ်လိုက်တာနဲ့ အဲဒီ ရဟန်းဟာ ပါရာဇိက ကျပါတယ်။

(၁၃) ကိုယ့်အပြစ်လွတ်အောင် လုပ်၍ ယူခြင်း ခိုးသူဟာ ကိုယ်ခိုးလိုတဲ့ ပစ္စည်းကို ကိုယ်နဲ့ တစ်ပါတည်း ယူဆောင်လာခြင်း မရှိဘဲ အစောင့်အရှောက် ကင်းတဲ့ နေရာမှာ ပစ္စည်းကို ချထားပြီး ဒါမှမဟုတ် လှမ်းပစ်ပြီး နောက်မှ သွားကောက်ယူတဲ့ ပုံမျိုးနဲ့ ခိုးယူခြင်းကို ဆိုလိုပါတယ်။ ဥပမာ ပြောရရင် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ ရုံးခန်းမှာ အဓိက ဝင်ပေါက်ဝတွေကို အစောင့်တွေ စောင့်ကြပ်နေလေ့ ရှိပါတယ်။ ကိုယ် ခိုးလိုတဲ့ပစ္စည်းကို အဲဒီ ထွက်ပေါက်ကနေ ပေါ်တင် ယူဆောင်ဖို့ မဖြစ်နိုင်ဘူးပေါ့။ ဒီတော့ ကိုယ်ခိုးလိုတဲ့ ပစ္စည်းကို ခြံအပြင်ကို လွှင့်ပစ်ထားလိုက်မယ်။ သို့မဟုတ် အမှိုက်ပုံးထဲ ထည့်ပြီး အမှိုက်ပစ်သလိုနဲ့ အမှိုက်ပုံထဲ ပစ်ထည့်ထားမယ်ပေါ့။ နောက် အဆင်ပြေတဲ့အချိန် လူရှင်းတဲ့ အချိန်မှ သွားကောက်ယူတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။ နောက်ပြီး နိုင်ငံတိုင်းမှာ ကင်းစခန်းတွေ ဆိုတာ ရှိပါတယ်။ ဒီခေတ်အနေနဲ့ နယ်စပ် အကောက်ခွန် ရုံးတွေပေါ့။ အဲဒီ ကင်းဂိတ်တွေမှာ ကုန်ပစ္စည်းတွေကို အခွန်ဆောင်မဆောင် စစ်ဆေးလေ့ရှိပါတယ်။ တရားဝင် သယ်ဆောင်ခွင့် ရှိတဲ့ ပစ္စည်း ဟုတ်မဟုတ် စစ်ဆေးလေ့ရှိပါတယ်။ မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ အရေးပေါ်ယာဉ်၊ စစ်ကား၊ ဘုန်းကြီးကား၊ ရဟန်းသံဃာရဲ့ ကားမျိုးဆိုရင် သိပ်စစ်ဆေးလေ့မရှိပါဘူး။ တစ်ခါတလေ လုံးဝ မစစ်ဆေးဘဲ လွှတ်ပေးလိုက်တာလည်း ရှိတတ်ပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး အခွန်မဲ့ပစ္စည်း (သို့) ဥပဒေမဲ့ ပစ္စည်းတွေကို အဲဒီလို ကားမျိုးတွေပေါ် တင်ဆောင်ပေးလိုက်တာမျိုးလည်း အကျုံးဝင်ပါတယ်။ တကယ်လို့ ရဟန်းရဲ့ ကားပေါ် တင်ပေးလိုက်ပြီး အဲဒီ ရဟန်းကလည်း အခွန်မဲ့ပစ္စည်းမှန်း (သို့) ဥပဒေမဲ့ ပစ္စည်းမှန်း သိလျက်နဲ့ လက်ခံ သယ်ဆောင်ပေးလို့ အခွန်ရုံးက အစစ်အဆေးမရှိ လွှတ်လာခဲ့ရင် အဲဒီ ရဟန်းပါ ကြံရာပါမို့ အဒိန္နာဒါနကံ မြောက်ပါတယ်။ ရဟန်းလည်း ပါရာဇိက ကျပါမယ်။ ရဟန်းကိုယ်တိုင် ရဟန်းပိုင်ပစ္စည်းကို အခွန်မပေးရအောင် (သို့) တရားမဝင် သယ်ဆောင်မယ် ဆိုရင်တော့ ဆိုဖွယ်ရာ မရှိတော့ဘူးပေါ့။

(၁၄) ခိုးရန် အချိန်နှင့်နည်းလမ်း မသတ်မှတ်ဘဲ ခိုးခိုင်းခြင်း ကိုယ်က ခိုးခိုင်းတယ် ဆိုပေမယ့် အတိအကျ ညွှန်ကြားခြင်း မရှိဘူး။ ဘယ်အချိန်မှာ ဘယ်လို ခိုးရမယ်၊ သို့မဟုတ် ဘယ်သူ့ဆီက ခိုးရမယ်လို့ မညွှန်းကြားဘဲ ငါ ဒီပစ္စည်းလိုချင်တယ်ကွာ ရအောင် သွားရှာခဲ့ ဆိုတာမျိုးပေါ့။ အခိုင်းခံရတဲ့သူက အမှန်တကယ် ခိုးယူလာပြီ ဆိုတာနဲ့ အဒိန္နာဒါနကံ မြောက်တော့တာပါပဲ။

(၁၅) ပိုင်ရှင် လက်လျှော့အောင် လုပ်၍ ခိုးယူခြင်း ကိုယ့်ကို ယုံကြည်လို့ အပ်နှံထားတဲ့ ပစ္စည်းကို ပိုင်ရှင်က ပြန်လာတောင်းတဲ့အခါမှာ မအပ်ဖူးကြောင်း ဘူးကွယ်ပြီး ငြင်းချင်လည်း ငြင်းမယ်။ သို့မဟုတ် ဟိုနေ့ပေးမယ် ဒီနေ့ပေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့ အချိန်ဆွဲနေမယ်။ သူတစ်ပါးဆီက ငွေချေးထားရင်လည်း ပြန်မတောင်းလိုက်လောက်အောင် အမျိုးမျိုး ငြီးငြူပြပြီး အကြွေးရှင် လက်လျှော့သွားအောင် စိတ်ညစ်အောင် လုပ်မယ်။ ကိုယ်ကြောင့် သူတစ်ပါးပစ္စည်းမှာ ထိခိုက်နစ်နာသွားလို့၊ ပျက်စီးသွားလို့၊ ပွန်းပဲ့သွားလို့၊ နစ်နာကြေး အလျော်အစား ပေးရမှာကို မပေးချင်လို့ ပိုင်ရှင် လက်လျှော့သွားအောင် လုပ်မယ်။ လောင်းကစားလုပ်လို့ အလျော်အစား ပေးရမှာကို မပေးဘဲ ထွက်ပြေးတိမ်းရှောင်နေမယ်၊ သို့မဟုတ် တစ်ပြားမှ မရှိကြောင်း ငြီးငြူနေမယ်၊ သို့မဟုတ် မကျေနပ်ရင် အမှုဖွင့်လိုက်ဆိုပြီး စိန်ခေါ်နေမယ်၊ အလျော်တောင်းရအောင် သေသွားချင်တာလား ဆိုပြီး မတောင်းရဲအောင် ခြိမ်းခြောက် ပြောဆိုမယ်။ သူတစ်ပါး ပစ္စည်းကို ပိုင်ရှင် ရှာမတွေ့အောင် ပိုင်ရှင်ရဲ့ မူလအမှတ်အသားကို နေရာရွှေ့ထားမယ်။ စတာတွေ အားလုံးဟာ အဒိန္နာဒါနကံထဲ အကျုံးဝင်ပါတယ်။ မူလ ပိုင်ရှင်ဟာ သူ့ပစ္စည်း ပြန်ရရော ရပါဦးမလား လို့ သံသယစိတ် ဝင်လာရင် ရဟန်းမှာ ထုလ္လစ္စဉ်းအာပတ် သင့်တယ်။ ဆုံးပါပြီကွာ၊ ရမှာ မဟုတ်တော့ပါဘူးလို့ စိတ်ဒုံးဒုံးချပြီး လက်လျှော့လိုက်တာနဲ့ ခိုးသူရဟန်းဟာ ပါရာဇိက ကျပါတယ်။

(၁၆) မခိုးမီက ပါရာဇိက ကျခြင်း သူတစ်ပါးကို ခိုးဖို့ လုယက်ဖို့ ခိုင်းစေရာမှာ အခိုင်းခံရသူက အမှန်တကယ်ကိုပဲ ခိုးခြင်း၊ လုယက်ခြင်းကို လုပ်မယ့်သူလို့ သေချာနေရင် ခိုင်းလိုက်တဲ့ အခိုက်အတန့်မှာပဲ ပါရာဇိက ကျပါတယ်။ ဥပမာပေါ့။ သူခိုးတစ်စု ဒါမှမဟုတ် ဓားပြတစ်စုက အိမ်တစ်အိမ်ကို ဝင်လု (ခိုး) ဖို့ ကြံစည်ထားကြတယ်။ ဒါကို သိတော့ "မင်းတို့ ယူချင်ရာ ယူကွာ။ အဲဒီအိမ်က ငါ့အတွက် ဘာလေးတော့ ယူခဲ့။" ဆိုတာမျိုးပေါ့။ သွားခိုးမှာ သေချာတဲ့သူကို ခိုင်းလိုက်ရင် ခိုင်းတဲ့အချိန်မှာပဲ အဒိန္နာဒါနကံ မြောက်တယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် မခိုးဖြစ်ရင်တော့ ကံမမြောက်တော့ပါဘူး။

(၁၇) ခိုးသည်နှင့်တစ်ပြိုင်နက် ပါရာဇိက ကျခြင်း ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို ခိုးမယ် ဆိုရင် မူလနေရာကနေ ရွေ့လျားတာနဲ့ ပါရာဇိက ကျပါတယ်။ မရွှေ့ပြောင်းနိုင်တဲ့ ဥယျာဉ်၊ ခြံ၊ လယ်ယာ၊ အိမ်မြေတွေမှာ ခြံစည်းရိုးတိုင်ကို သူတစ်ပါးပိုင် မြေပေါ် ရွှေ့စိုက်လိုက်ရင် မြေကြီးကို တိုင်ထိတာနဲ့ ပါရာဇိက ကျပါတယ်။ မြေတိုင်းအရာရှိကို လာဘ်ထိုးပြီး ပိုပိုသာသာ တိုးချဲ့ တိုင်းခိုင်းရင်လည်း နယ်သတ်ငုတ်တိုင် ရိုက်လိုက်တာနဲ့ ပါရာဇိက ကျပါတယ်။ လယ်ကန်သင်းရိုးက ကိုယ့်လယ်ရဲ့ နယ်နိမိတ် အဆုံးဖြစ်တာမို့ ကိုယ့်လယ် ကျယ်လာအောင် လယ်ကန်သင်းရိုးကို နည်းနည်းစီ ဖြိုချမယ် ဆိုရင်လည်း အဒိန္နာဒါနကံ မြောက်တာပါပဲ။ ကိုယ့်ခြံဝင်း ပိုကျယ်သွားအောင် လမ်းမြေ၊ စည်ပင်မြေ၊ နိုင်ငံပိုင်မြေဘက်ကို ကျူးကျော် တိုးချဲ့ရင်လည်း သက်ဆိုင်ရာ အရာရှိ သိသည်ဖြစ်စေ မသိဘဲဖြစ်စေ ခိုးခြင်း မြောက်ပါတယ်။[၃]

(၁၈) တိုင်ပင်ညှိနှိုင်း၍ ခိုးခြင်း ပစ္စည်းတစ်ခုကို အခွင့်သာတဲ့သူ ခိုးစတမ်း ဆိုပြီး လူနှစ်ယောက်၊ (သို့) သုံးယောက် (သို့) အများ တိုင်ပင် ညှိနှိုင်းထားကြတယ်။ အဲဒီလို တိုင်ပင်ထားတဲ့ လူစုထဲက တစ်ယောက်ယောက်က ပစ္စည်းကို ခိုးယူနိုင်ပြီ ဆိုတာနဲ့ တိုင်ပင်ထားတဲ့ တစ်ဖွဲ့လုံး အဒိန္နာဒါနကံ ထိုက်ပါတယ်။ ရဟန်းများ ဖြစ်ပါက သို့မဟုတ် ပါပါက ထိုရဟန်းအားလုံး ပါရာဇိက ကျပါတယ်။

(၁၉) သတ်မှတ်၍ အခိုးခိုင်းခြင်း အချိန်ကာလ၊ ခိုးပုံခိုးနည်းနဲ့ ခိုးရမယ့် ပစ္စည်းကို သတ်မှတ်ပေးခြင်း လူတစ်ဦးတစ်ယောက်အား အခိုးခိုင်းခြင်း ဖြစ်ပါတယ်။ ခိုင်းသူ သတ်မှတ်တဲ့အတိုင်း တစ်သဝေမသိမ်း လိုက်နာပြီး ခိုးယူခဲ့ရင် ခိုးသူရော၊ စေခိုင်းသူပါ အဒိန္နာဒါနကံ မြောက်ပါတယ်။ တကယ်လို့ ခိုးသူက မလိုက်နာဘဲ သူ့သဘောနဲ့သူ တခြားအချိန် (သို့) တခြားနည်းလမ်း (သို့) တခြားပစ္စည်းကို ခိုးယူမယ် ဆိုရင်တော့ စေခိုင်းသူမှာ အဒိန္နာဒါနကံမှ လွတ်ကင်းပါတယ်။ ခိုးသူကတော့ အပြစ်မလွတ်။

(၂၀) အချက်ပြ၍ အခိုးခိုင်းခြင်း တစ်ခါတလေမှာ သူခိုးဟာ ချက်ချင်း သွားမခိုးသေးဘဲ အခြေအနေ စနည်းနာဖို့ တစ်ဦးတစ်ယောက် ကြိုတင် လွှတ်တတ်ပါတယ်။ အဲဒီလူက ပစ္စည်းပတ်ဝန်းကျင်မှာ မယောင်မလည် သွားနေပြီး အခြေအနေ ကောင်းတာနဲ့ လာခိုးဖို့ အချက်ပြမယ်ပေါ့။ မျက်စိမှိတ်ပြပြီးပဲ ဖြစ်ဖြစ်၊ မျက်စပစ်ပြတာပဲ ဖြစ်ဖြစ်၊ လေချွန်သံ၊ တုံးခေါက်သံနဲ့ပဲ ဖြစ်ဖြစ်၊ မီးနဲ့ပဲဖြစ်ဖြစ်၊ အသံနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ဖြစ် ခိုးမယ့်သူကို လာခိုးဖို့ အချက်ပေးလိုက်မယ်။ သူခိုးကလည်း လာခိုးသွားတယ် ဆိုရင် အချက်ပြတဲ့သူဟာ အချက်ပြတဲ့ အချိန်မှာပဲ အဒိန္နာဒါနကံ ထိုက်ပါတယ်။ ရဟန်းဖြစ်ရင် အချက်ပြစဉ်မှာပဲ ပါရာဇိက ကျပါတယ်။

(၂၁) မသိအောင် ခိုးခြင်း ဒါကတော့ ထွေထွေထူးထူး သိပ်ရှင်းပြစရာ လိုမယ် မထင်ပါဘူး။ ပိုင်ရှင်မသိအောင် ဖောက်ထွင်း ခိုးယူမယ်၊ အလစ်သုတ်မယ်၊ ခါးပိုက်နှိုက်မယ်။ ဒါတွေအပြင် ငွေအတု လုပ်မယ်၊ ပစ္စည်းအတု လုပ်ရောင်းမယ်၊ အခွန်မဆောင်ရအောင် (သို့) လျှော့ဆောင်ရအောင် စာရင်းလိမ်ပြမယ်၊ အလေးခိုးမယ်၊ ချိန်ခွင်လိမ်မယ်၊ တင်းတောင်းလိမ်မယ် ခြင်ခွက်လိမ်မယ် စတာတွေကလည်း ပိုင်ရှင်မသိအောင် ခိုးခြင်းထဲ ပါဝင်ပါတယ်။

အလေးခိုးတယ် ဆိုတာက အလေး အမျိုးမျိုး ပြုလုပ်ထားပြီး ပစ္စည်းဝယ်ရင် ပေါ့တဲ့အလေးနဲ့ ဝယ်မယ်။ ရောင်းရင် လေးတဲ့အလေးနဲ့ ရောင်းမယ်။ ဒါက အလေးခိုးတာပါ။ ချိန်ခွင်လိမ်တယ် ဆိုတာကျတော့ ချိန်ခွင် နှစ်ဘက်မှာ တစ်ဘက်က နောက်တစ်ဘက်ထက် ပိုပြီး လေးနေအောင် စီမံထားတာမျိုးပါ။ နောက်တစ်မျိုးက ချိန်ခွင်လျှာကို လိုသလို ကစားပြီး ရောင်းဝယ်တာမျိုးကလည်း ချိန်ခွင်လိမ်တယ်လို့ ခေါ်ပါတယ်။ တင်းတောင်းလိမ်တယ် ဆိုတာကတော့ ကောက်ပဲသီးနှံတွေကို တောင်းအမျိုးမျိုး ထားပြီး ချိန်တာမျိုးပါ။ နောက်ပြီး အဝင်နည်းအောင် မြန်မြန် လောင်းထည့်တာမျိုး၊ ပိုပြီးဝင်အောင် ဖြည်းဖြည်းချင်း သိပ်ထည့်တာမျိုးကို တင်းတောင်းလိမ်တယ်လို့ ခေါ်ပါတယ်။ ခြင်ခွက်လိမ်တယ် ဆိုတာကတော့ စားဆီ၊ ဓာတ်ဆီ တွေကို ရောင်းတဲ့အခါမှာ ခွက်ငယ်နဲ့ ပေးပြီး ပြန်ဝယ်တဲ့အခါမျိုးမှာ ခွက်ကြီးနဲ့ ခြင်တာမျိုးပါ။ တချို့ကျတော့ အပြင်ပန်းကကြည့်ရင် ခွက်က တစ်ရွယ်တည်းပဲ ဆိုပေမယ့် ရောင်းမယ့်ခွက်ရဲ့ ဖင်ကို ထူအောင် လုပ်ထားမျိုး ရှိတတ်ပါတယ်။ နောက်ပြီး မြန်မြန်လောင်းထည့်ရင် အမြှုပ်ထတာတောင် အဝင်နည်းပြီး ပြည့်လွယ်ပါတယ်။ ကိုယ်က ပြန်ဝယ်ရတော့မယ် ဆိုရင်တော့ ဖြည်းဖြည်းချင်း ထည့်တာလည်း ခိုးခြင်းတစ်မျိုးပါပဲ။ ဒီခေတ်ဆီပန့်တွေမှာ စက်တွေနဲ့ ရောင်းချနေကြပြီး စက်ကိုထွက်တဲ့ ဆီ တစ်လီတာ မပြည့်အောင် နည်းအမျိုးမျိုးနဲ့ ကြံစည်ထားတာကလည်းပဲ ခြင်ခွက်လိမ်နည်းထဲ ပါပါလိမ့်မယ်။

နောက်ထပ် လိမ်နည်းတွေက မတန်တဆ ဈေးတင် ရောင်းချတာ၊ ပစ္စည်းအတုကို အစစ်ပါလို့ ပြောရောင်းတာ၊ ဘုရားအတွက် ကျောင်းအတွက် ပရဟိတအတွက် အကြောင်းပြ အလှူခံပြီး ကိုယ်ကျိုးအတွက် အသုံးချတာ၊ ရုံးတွေမှာ ခရီးစရိတ် တင်ကြတဲ့အခါ အမှန်တကယ် ကုန်ကျတာထက် ပိုတင်တာ ပိုထုတ်ယူတာ၊ ပျက်နေတဲ့ ပစ္စည်းကို အကောင်းပါလို့ ပြောရောင်းတာ၊ မလိုအပ်ဘဲ လိုအပ်သယောင် ပြောရောင်းတာ၊ စတာတွေလည်း အကျုံးဝင်ပါသေးတယ်။ ပြောရင်တော့ ကုန်မယ် မထင်ဘူး။

(၂၂) အနိုင်အထက် လုယက်ခြင်း လက်နက်အင်အား၊ လူအင်အား၊ ပစ္စည်းအင်အား တစ်ခုခုနဲ့ ခြိမ်းခြောက်ပြီး သူတစ်ပါးပစ္စည်းကို ရယူခြင်း၊ အကြပ်ကိုင် ငွေညှစ်ခြင်း၊ လာဘ်တောင်းခြင်း၊ လာဘ်စားခြင်း စတာတွေ ပါဝင်ပါတယ်။ ပစ္စည်းပိုင်ရှင်က မကျေနပ်ဘဲ ကြောက်လန့်ပြီး ပေးလိုက်ရတာ ဖြစ်တာကြောင့် ခိုးခြင်းတစ်မျိုးအနေနဲ့ သတ်မှတ်ပါတယ်။

(၂၃) ရည်ရွယ်သတ်မှတ်၍ ခိုးခြင်း ပစ္စည်းတစ်ခုကို စတင်ယူဆောင်စဉ်မှာ ခိုးမယ်လို့ ယတိပြတ် ဆုံးဖြတ်ထားမျိုးမဟုတ်ဘဲ အခွင့်သာမှ ခိုးမယ်၊ အခွင့်မသာရင် ပြန်ပေးမယ်၊ (သို့) ကိုယ်လိုချင်တာ ဆိုရင် ခိုးမယ် ကိုယ်မလိုတာဆိုရင် မယူဘူး လို့ ရည်ရွယ်သတ်မှတ်ပြီး ခိုးတာမျိုး ဖြစ်ပါတယ်။ ဥပမာ လူတစ်ယောက်က ညအမှောင်ထဲမှာ သူတစ်ပါးပစ္စည်း အထုပ်ကို ယူလာခဲ့တယ်။ စိတ်ထဲမှာ ဘယ်လို ဆုံးဖြတ်သလဲ ဆိုတော့ ငွေထုပ်ဆိုရင် ယူမယ်၊ အဝတ်ထုပ် ဆိုရင် မယူဘူး လို့ စိတ်ကူးထားတယ်။ လင်းတဲ့နေရာ ရောက်လို့ အထုပ်ဖြည်ကြည့်ပြီး အဝတ်ထုပ်မို့ မယူဘဲ ပစ်ထားခဲ့ရင် အဒိန္နာဒါနကံ မမြောက်ပါဘူး။ အို .. မထူးပါဘူး။ ရတာပဲ ယူတော့မယ် ဆိုပြီး အဝတ်ထုပ်ကို ယူသွားရင်တော့ ခိုးမှုမြောက်ပါပြီ။ ဒါပေမယ့် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ပိုင်ရှင်မမြင်အောင် သိုဝှက်ပြီး သယ်လာရရင်ကိုပဲ အဒိန္နာဒါနကံ မြောက်ပါတယ်။ ပါရာဇိက ကျပါတယ်။

(၂၄) ဖုံးဖိဝှက်ထား၍ ခိုးခြင်း ရေချိုးဆိပ် သို့မဟုတ် ရေတွင်းမှာ ရေချိုးသူတစ်ဦးက သူ့လက်စွပ်ကို ချွတ်ပြီး မလှမ်းမကမ်းမှာ ချထားပြီး ရေချိုးနေတယ်။ ဒါကို လိုချင်တဲ့သူက ကျောက်တုံးတစ်တုံး ယူပြီး လက်စွပ်အပေါ်မှာ ဖိထားလိုက်တယ်။ သို့မဟုတ် အဝတ်အစားတွေနဲ့ ဖုံးဖိထားလိုက်တယ်။ လက်စွပ်ရှင်က ပြန်ရှာတာ မတွေ့လို့ လက်လျှော့လိုက်တာနဲ့ အဒိန္နာဒါနကံ မြောက်သွားတယ်။ ရဟန်းဆိုရင် ပါရာဇိက ကျတယ်။ ရွှံ့ခဲပေါ် လက်စွပ်တင်ထားလို့ ခိုးလိုသူက ပိုင်ရှင်မမြင်စေလိုတဲ့ ဆန္ဒနဲ့ ရွှံ့ထဲ နစ်မြှုပ်အောင် ဖိနင်းလိုက်တာနဲ့ အဒိန္နာဒါနကံ မြောက်သွားပါတယ်။ ရဟန်းဆိုရင် ဖိနင်းတဲ့ အခိုက်အတန့်မှာပဲ ပါရာဇိက ကျပါတယ်။

(၂၅) စာအမှတ်တံဆိပ် ပြောင်းလဲ၍ ခိုးခြင်း ပစ္စည်းတွေကို မဲချဝေငှရာမှာ ကိုယ်ရတဲ့ မဲလိပ်နဲ့ သူတစ်ပါးမဲလိပ်နဲ့ကို မသိအောင် လဲလှယ်တာ၊ ကြိုတင်ပြီး ပေါက်မဲကို ရယူထားတာ၊ နာမည်ကြီးပစ္စည်းကို တုပပြီး နာမည်အတု ပစ္စည်းအတု ထုတ်လုပ်ရောင်းချတာ၊ သူတစ်ပါးရဲ့ အောင်လက်မှတ်နဲ့ ရာထူးတစ်ခုရအောင် နာမည်လိမ်နဲ့ အယောင်ဆောင် ပုံမှားရိုက်တာ၊ တန်ဖိုးကြီး ပစ္စည်းနဲ့ ပုံစံတူ ပြုလုပ်ပြီး အတုနဲ့ အစစ် လဲလှယ်ယူတာ၊ သူတစ်ပါးပိုင် ပစ္စည်းမှ အမှတ်အသား စာလုံး၊ တံဆိပ်တွေကို ဖျက်ဆီးပြီး ကိုယ့်ပစ္စည်းဖြစ်အောင် အသစ်ပြင်ရေးတာ စတာတွေ အကျုံးဝင်ပါတယ်။

ရဟန်းတွေအနေနဲ့ အဒိန္နာဒါနကြောင့် ပါရာဇိက ကျနိုင်ဖို့ အင်္ဂါ (၅) ချက်နဲ့ ပြည့်စုံရပါမယ်။ (၁) လူတစ်ဦးတစ်ယောက်ပိုင်တဲ့ ပစ္စည်း ဖြစ်ရမယ်။ (၂) သူတစ်ပါး ဥစ္စာပါ လို့လည်း သိရမယ်။ ပိုင်ရှင်ရှိတဲ့ ပစ္စည်းပါလို့ သိရမယ်။ (၃) တစ်မတ်၊ တစ်မတ်ထက် တန်တဲ့ ဥစ္စာဖြစ်ရမယ်။ ဘုရားရှင်လက်ထက်တော်အခါက ဥပဒေအရ တစ်မတ်နဲ့အထက် ခိုးမှ ဖမ်းဆီးချုပ်နှောင်မှု ပြုပါတယ်။ (၄) ခိုးလိုတဲ့စိတ် ရှိရမယ်။ (၅) အထက်က ခိုးခြင်း (၂၅) မျိုးထဲက တစ်နည်းနည်းနဲ့ ခိုးယူရမယ်။ ဒီအချက် ငါးချက်စလုံးနဲ့ ပြည့်စုံပြီ ဆိုရင်တော့ အဲဒီ ရဟန်းက ပါရာဇိက ကျပါတယ်။ လူပုဂ္ဂိုလ် (ရဟန်းလည်း အပါအဝင်ပါ) ဆိုရင်တော့ နံပါတ် (၃) အချက်ကို ဖယ်ထားပြီး ကျန်လေးချက်နဲ့ ပြည့်စုံရင်ကိုပဲ အဒိန္နာဒါနကံ မြောက်ပါပြီ။[၄]

ကျူးလွန်ခြင်း၏ ဆိုးကျိုးများ[ပြင်ဆင်ရန်]

အဒိန္နာဒါနကံ ကိုကျူးလွန်ပါက အောက်ပါဆိုးကျိုးများ ခံစားရသည်။

(၁) အပါယ်လေးဘုံသို့ ရောက်ရခြင်း၊

(၂) ဆင်းရဲမွဲတေခြင်း၊

(၃) ပစ္စည်းဥစ္စာရအောင် မရှာဖွေနိုင်ခြင်း၊

(၄) ရှိပြီးသော ပစ္စည်းများလည်း ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း၊

(၅) လိုအပ်သော ပစ္စည်းမှန်သမျှ မရရှိခြင်း၊

(၆) ဆင်းရဲစွာနေရပြီး အစာငတ်မွတ်ခြင်း။[၁]

စောင့်ထိန်းခြင်း၏ ကောင်းကျိုးများ[ပြင်ဆင်ရန်]

မကျူးလွန်အောင် စောင့်ထိန်းသောသူသည် သုဂတိဘုံသို့ လားရသည်။ အထက်တွင် ဖော်ပြခဲ့သည့် ဆိုးကျိုးတို့၏ ဆန့်ကျင်ဘက် ချမ်းသာသုခများ ခံစားရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ သီလတောင်းနည်းအမျိုးမျိုး နှင့် ကောင်းကျိုးဆိုးကျိုးများ
  2. ဓမ္မမိတ်ဆွေ အများဆိုင်ရာအဖွဲ့ | Facebook
  3. https://www.facebook.com/groups/1832571500357121/permalink/2047294425551493/
  4. ဓမ္မမိတ်ဆွေ အများဆိုင်ရာအဖွဲ့ | Facebook