အထီးကျန်ခြင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အထီးကျန်ခြင်း ဆိုတဲ့ စိတ်ခံစားမှုမျိုးကို လူသားတိုင်း ဘဝမှာ တစ်ချိန်ချိန် မှာ ကြုံတွေ့ခံစားကြရပါတယ်။ သား ၊ သမီးတွေ အိမ်ထောင်ခွဲသွားလို့ တစ်ယောက် တည်းကျန်ရစ်ခဲ့တဲ့အခါမျိုး ၊ ချစ်သူနဲ့ကွေကွင်းရလို့ အထီးကျန် လွမ်း ဆွတ်ရ တာမျိုး ၊ တစ်နယ်တစ်ကျေးကို ပညာရှာဖို့ပဲဖြစ်ဖြစ်၊ အလုပ်တာဝန်နဲ့ ပဲဖြစ်ဖြစ် လာရောက်စမှာ မိသားစုနဲ့ဝေးလို့ အထီးကျန်သိမ်ငယ်မှုမျိုး ၊ ကျောင်းပြောင်း လာကာစ ကျောင်းအသစ်မှာ သူငယ်ချင်းအသစ်တွေမရသေးခင် ကျောင်း အဟောင်းက သူငယ်ချင်းတွေကို လွမ်းဆွတ်ကာ အထီးကျန် သဖွယ် ခံစားနေ ရတာမျိုး တွေ တစ်ချိန်ချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။

ဒဿနိကဗေဒပညာရှင်များရဲ့ အဆိုအရ အထီးကျန်ခြင်းဆိုတာဟာ အကောင်းလည်းမဟုတ် ၊ အဆိုးလည်းမဟုတ်ပါဘူး။ အထီးကျန်မှုဟာ စိတ် လှုပ်ရှားဖွယ်ကောင်းပြီး မိမိကိုယ်မိမိ သိမြင်လာတယ်လို့ ဆိုကြပါတယ်။ အထီးကျန်ခြင်းစိတ်ခံစားချက်ဟာ နာကြင်ခြင်း ဝေဒနာမျိုး မဟုတ်ဘဲ အထီးကျန်မှုကနေပြီး အကျိုးအမြတ် ရလဒ်တွေရလာနိုင်ပါတယ်။ အထီးကျန်ခြင်း ဟာ လူသားဘဝရဲ့ တစ်စိတ်တစ်ဒေသ လို့ အတွေးအခေါ် ပညာရှင်တွေက ဆိုကြပါတယ်။

လူသားတစ်ယောက်ဖြစ်နေခြင်းကြောင့်အထီးကျန်ဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဘဝအစိတ်အပိုင်းမျိုးကိုရည်ညွှန်းတယ်ဆိုတာ ကို ရှင်းလင်း ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒီအတွေးအခေါ်ဟာ အနောက် တိုင်း အတွေး အခေါ်ဖြစ်ပြီး အရှေ့တိုင်းအတွေးအခေါ်နဲ့ ခြားနားပါတယ်။ လူသားဘဝ ကို ရှုထောင့်အမျိုးမျိုးကနေ ရှုမြင်ကြတဲ့အတွက် အနောက်တိုင်းအတွေးအခေါ်ရော အရှေ့တိုင်း အတွေးအခေါ်ပါ နှစ်မျိုးစလုံးမမှားကြဘဲ သူ့အကြောင်းပြချက်နဲ့ သူမှန်ကန်နေကြပါတယ်။ အနောက်တိုင်းအတွေးအခေါ်က လူသားတစ်ဦးဟာ သူကိုယ်ပိုင် အတ္တ (ego) နဲ့ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။

လူသားတစ်ဦးစီမှာရှိနေကြတဲ့ သူကိုယ်ပိုင် အတ္တ ဟာ သူတစ်ပါးရဲ့ အတ္တ နဲ့ မတူဘဲ သူ့ဘာသာ တစ်မူစီရှိနေကြတဲ့အတွက် မိမိမဟုတ်တဲ့ အခြားသူ တစ်ယောက်ကို အပြည့်အဝနားလည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လူတစ်ဦးနဲ့ တစ်ဦး အတ္တ ချင်း ၊ စိတ်ချင်း မတူညီဘဲ ကွဲပြား ခြားနားတဲ့အတွက် လူ တစ်ယောက် နဲ့ တစ်ယောက် ကလည်း မတူညီခြင်း ဖြစ်ပါတယ်။

အရှေ့တိုင်း ဘာသာရေးအတွေးအခေါ်ပညာရှင်တွေကတော့ လူသားဟာ အတ္တ တစ်ခုတည်းနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဝိဉာဉ် (spirit ) လို့ခေါ်တဲ့နောက်အရာတစ်ခုနဲ့ ဖွဲ့စည်းထားသေးတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဝိဉာဉ် ဟာအဆုံးအစမရှိဘဲဘဝအသွင် သဏ္ဌာန်အားလုံးနဲ့ ဆက်နွယ်နေ ပါ တယ်။ ဒီဝိဉာဉ်သဘာဝကနေပြီးတော့မှ အတ္တ ဖြစ်ပေါ်လာပါတယ်။ လူ့ဝိဉာဉ်ကြောင့် အထီးကျန်ခြင်းခံစားရတာမျိုးမဟုတ်ဘဲ လူ့အတ္တ ကြောင့်သာလျှင် အထီးကျန်ခြင်းကို ခံစားရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ ဘဝမှာ အပြောင်း အလဲ နဲ့ ဝမ်းနည်းကြေကွဲမှု တို့ က အထီးကျန်ခြင်း ကိုဖြစ်ပေါ်ခံစားရစေပါတယ်။ မိမိကိုယ်ပိုင်ဆုံးဖြတ် ချက်ကြောင့် အထီးကျန်မှု ဟာဖြစ်ပေါ်လာပါတယ်။ မိသားစုဝင်များ ၊ မိတ်ဆွေများ ရဲ့ ကိုယ်ချင်းစာနာမှု နဲ့ ဂရုဏာတရားတို့ ဘယ်လောက် ပင်ကြီးမားစေဦးတော့ နောက်ဆုံးမှာ မိမိ ကိုယ်ပိုင် ခံစားချက် က သာ လျှင်မိမိကိုပိုင်စိုးသွားပါတယ်။

ဘဝမှာအပြောင်းအလဲ နဲ့ စပ်ကူးမတ်ကူးကာမျိုးမှာ အထီးကျန်မှု ကို ခံစား ရပါတယ်။ ထိုအခါမျိုးမှာ အဟောင်းများကိုစွန့်ခွာထားခဲ့ပြီး အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ဦးတည်ရာလမ်းကြောင်းကိုရွေးချယ်ရပါတယ်။ ဒီနေရာမှာ ပြောင်းလဲခြင်းဆိုတာ အလုပ်အကိုင် ပြောင်းလဲခြင်း ၊ စိတ်နေ သဘောထား ပြောင်းလဲခြင်း ၊ နေရာသစ်တစ်ခု သို့ပြောင်းရွှေးခြင်း အားလုံးနဲ့ အကျုံးဝင် ပါ တယ်။

လူမှုပတ်ဝန်းကျင်မှာ အခြားသူများနှင့်ပေါင်းသင်းဆက်ဆံရန် မစွမ်းသာ တဲ့အခြေအနေအခါမျိုးမှာ လူတို့ဟာ အထီးကျန်မှုကို ခံစားရပါတယ်။ လူတစ်ဦး နှင့်တစ်ဦး ရှင်သန်ကြီးပြင်းလာရတဲ့ မိသားစုများမတူညီခြင်းကြောင့် မေတ္တာ ရရှိခံစားမှုဟာလည်း မတူနိုင်ကြပါဘူး။ မိသားစုထဲမှာ မေတ္တာ လုံ လောက် စွာ မရရှိခြင်းကြောင့် စိတ်ဓာတ်အရည်အသွေးနိမ့်ကျလာပြီး အခြား သူများ နှင့် ခင်မင်ဆက်ဆံရမှာကို ကြောက်ရွံ့လာတတ်ကြပါတယ်။

အချို့သော သူများကတော့ မိမိကိုယ်မိမိသာ ချစ်ခင်ခြင်းကြောင့် အထီးကျန်ဆန်နေရခြင်းဖြစ်ပါတယ်။ မည်သူ တစ်ဦးတစ်ယောက်ကမှ မိမိကို မချစ်ကြဘူး၊ ဂရုမစိုက်ကြဘူး လို့ထင်မြင်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ တကယ်တော့ သူတို့ဟာ အခြားသူများအပေါ်ကိုမေတ္တာ ဘယ်လိုပေးရမယ် ဆိုတာကို မသိကြသေးသူများဖြစ်ကြပါတယ်။

စိတ်ပညာရှင်များက လူတစ်ဦးသည် သူ့ကိုယ်ပိုင်ဘဝတစ်ခုအတွက်သာတာဝန်ရှိတယ် လို့ ဆိုကြပါတယ်။ မိမိကိုယ်တိုင်မှလွဲွ ၍ မည်သူတစ်ဦး တစ်ယောက် ကမှ မိမိဘဝအားလာရောက်မဖန်တီးပေးနိုင်ဟု ဆိုလိုကြခြင်းဖြစ်ပါတယ်။ မိမိ၏အတ္တ အရ မိမိ၏ ဖြစ်တည်မှုတွင်သာ နေထိုင်နေကြခြင်းဖြစ်သည်။ လူအများသည် မိမိတို့၏ဘဝကို အလုပ် ၊ လူမှုဆက်ဆံရေး၊ နေ့စဉ်ဘဝ ထဲမှာ မြှုပ်နှံထားကြပြီး အဆင်မပြေမှုများကြုံတွေ့ရသောအခါ စိုးရိမ်ပူပန်မှုကို ခံစားကြရသည်။ ထိုအခါတွင်မှာ ဘဝ ဆိုသည်မှာ အဘယ်နည်း ဆိုတဲ့ မေးခွန်းမျိုးကို မိမိကိုယ်မိမိ ပြန်လည်မေးတတ်ကြပြီး လက်ရှိဘဝအခြေအနေ အပေါ်အာရုံစိုက်လာတတ်ကြသည်။

အချို့ အထီးကျန်မှုများသည် ဟန်ဆောင်နေထိုင်ရခြင်း အပေါ်တွင်ဖြစ် တည်လာရသည်။ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ လုပ်ငန်းခွင်အတွင်းမှာ ဟန်ဆောင်နေရခြင်းများ ကိုငြီးငွေ့လာရာမှ မိမိသည် မည်ကဲ့သို့သောသူမျိုး ဆိုသည့် မိမိအစစ်အမှန်ကို ရှာဖွေတွေ့ရှိသွားသောအခါ အထီးကျန် သဖွယ် ခံစားလာရသည်။ မိမိကိုယ်ကို အထီးကျန်နေသည်ဟုခံစားရခြင်းသည် အထီးကျန်မှုကို ရင်ဆိုင်ရခြင်းပထမအဆင့်ပင်ဖြစ်သည်။ ထိုအခါအထီးကျန်မှုက သင့်အား ပြင်ပကမ္ဘာမှဆွဲထုတ်ကာ တသီးတခြားဖြစ်နေစေပြီး မိမိအတွင်းစိတ် ကို ဆန်းစစ်လေ့လာမိပေသည်။

အထီးကျန်မှုက မိမိကိုယ် မိမိရှာဖွေတွေ့ရှိစေပေသည်။ ထိုအခါမျိုးတွင် မိမိကိုယ်တိုင်သည်သာ မိမိအတွက် အကောင်းဆုံးအဖော် ဖြစ်သည်ကို တွေ့ရှိရပြီး မိမိအတွင်းစိတ်ကို ပြန်လည်ပြုပြင်ပြီး အသစ်တစ်ဖန်ပြန်လည်မွေးဖွား ရန် အကောင်းဆုံးဖြစ်သည်။ အထီးကျန်မှုကိုခံစားရသောအခါ လူတို့သည် စိတ်နာကြင်ခံစားရသည် ဟုထင်မှတ်ကြသည်။ အမှန်စင်စစ်မှာမူ အထီးကျန်မှုကို ရင်ဆိုင်နိုင်စွမ်းသတ္တိ ရှိလာခြင်းဖြစ်သည်။ အထီးကျန်မှုက လူတို့အားမေတ္တာတရားကို သင်ကြားပို့ချပေးလေသည်။ လူတို့သည် အထီးကျန်သဖွယ်ခံစားနေရသောအခါတွင် မေတ္တာကိုရှာဖွေတတ်ကြလေသည်။

မေတ္တာတရားက ဘဝကိုရင်ဆိုင်နိုင်စွမ်းသတ္တိကိုပေးစွမ်းသည်။ လူတစ်ဦး သည် ကျယ်ပြန့်သောလူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းတွင်း နေထိုင် နေရ သော်လည်း အထီးကျန်သဖွယ်ခံစားနေရခြင်းမှာ ရရှိထားသော မေတ္တာတရားပမာဏကို မကျေနပ်မရောင့်ရဲနိုင်သေး ၍ ဖြစ်ပေသည်။

မိမိကိုယ်တိုင်က အခြားသူများကို မေတ္တာပေးရန်လေ့လာသင်ယူပြီး မိမိ၏အတွင်းစိတ်ကို အေးချမ်းနေစေရန် ကြိုးစားနေထိုင် သင့်ပေသည်။ အမှန်စင်စင်မှာမူ အထီးကျန်ခြင်းဆိုသည့် စိတ်ခံစားမှုသည် အဆိုးအနေ နှင့် လူတို့ကခံစားနေရသော်လည်း ထိုအဆိုးထဲမှ အကောင်းကိုဆွဲထုတ်ယူပြီး ဘဝတွင်နေထိုင်ခြင်းနည်းလမ်းကောင်း ကိုရှာဖွေရမည် သာဖြစ်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]