အတွင်းလောင် အင်ဂျင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
Diagram of a cylinder as found in 4-stroke gasoline engines.:
C – ကရိုင်းရှပ်.
E – လေထုတ်ကမ်ဝင်ရိုး.
I – လေဝင်ကမ်ဝင်ရိုး.
P – ပစ်စတန်.
R – ဆက်တံ.
S – စပါ့ခ် ပလပ်ဂ်.
V – valves. red: exhaust, blue: intake.
W – cooling water jacket.
gray structure – en:engine block.

အတွင်းလောင်အင်ဂျင် ဆိုသည်မှာ အပူ အင်ဂျင်စက် တစ်မျိုးဖြစ်ပြီး ပေါက်လောင်ခန်းအတွင်း လောင်စာဆီများ ဓာတ်တိုးပစ္စည်းခေါ် အောက်ဆီဒိုင်ဇာများ ဖြင့် ရောနှောပေါက်ကွဲသည့် အင်ဂျင်တစ်မျိုး ဖြစ်သည်။ ထိုသို့ ပေါက်ကွဲခြင်းကြောင့် ဖြစ်သည့် အပူရှိန်မြင့် နှင့် ဖိအားမြင့် ဓာတ်ငွေ့များသည် အင်ဂျင်၏ အချို့အစိတ်အပိုင်းများသို့ များသို့ တိုက်ရိုက် အားသက်ရောက်မှု ပေးသည်။ ထို အား များမှာ ပစ်စတင်များ ၊ တာဘိုင်ပုလိပ်များနှင့် နော်ဇယ်များသို့ တိုက်ရိုက်အားသက်ရောက် စေခြင်းပင် ဖြစ်သည်။ ထိုအားများမှ အစိတ်အပိုင်းများကို အကွာအဝေး တစ်ခုသို့ ရွေ့လားစေပြီး ဓာတုစွမ်းအင်အား အသုံးဝင်သော စက် စွမ်းအင် အဖြစ်သို့ ပြောင်းလဲစေသည်။ ပထမဆုံး စီးပွားရေး အရ အောင်မြင်သော အတွင်းလောင်အင်ဂျင်ကို အက်တီယန်း လီနွားက ၁၈၅၉ တွင် စတင် ထီထွင် ထုတ်လုပ်ခဲ့ပြီး ယနေ့ခေတ် အတွင်းလောင်အင်ဂျင်ကို ပထမဆုံး စတင် တီထွင်သူမှာ ဆီးဖရီး မားကပ်စ် ဖြစ်သည်။

အတွင်းလောင်အင်ဂျင် ဆိုသည့် စကားလုံးကို ပြတ်တောင်းပြတ်တောင်း ပေါက်ကွဲလေ့ ရှိသော အင်ဂျင်မျိုးကို ရည်ညွန်းချင်း ဖြစ်ပြီး အများနှင့် ကျွမ်းဝင်သော လေးချက်ခုတ် နှင့် နှစ်ချက်ခုတ် ပစ်စတန် အင်ဂျင်မျိုး အပါအဝင် ၎င်းတို့၏ မျိုးကွဲများ ဖြစ်သော ခြောက်ချက်ခုတ် ပစ်စတန် အင်ဂျင်နှင့် ဝန်ကယ် လည်ပတ်အင်ဂျင် တို့လည်း ပါဝင်သည်။ အတွင်းလောင် အင်ဂျင် နောက်တစ်မျိုးမှာ ဆက်တိုက် ပေါက်ကွဲလေ့ ရှိသော အင်ဂျင်များ ဖြစ်သော ဂက်စ်တာဘိုင်၊ ဂျက်အင်ဂျင် နှင့် ဒုံးပျံ အင်ဂျင်တို့ ပါဝင်သည်။ ထို အင်ဂျင်အမျိုးအစားများမှာလည်း ယခင်ဖော်ပြခဲ့သော နည်းစနစ်များ အတိုင်းပင် အလုပ်လုပ်သည်။ ပေါက်ကွဲစေတတ်သော သေနတ်များမှာလည်း အတွင်းလောင် အင်ဂျင်တစ်မျိုးပင် ဖြစ်သည်။

အတွင်းမီးလောင်ပေါက်ကွဲသော အင်ဂျင်များကို Reciprocating Type (အပြန်အလှန်အလုပ်လုပ်သော အမျိုးအစား) နှင့် Rotary Type (ပတ်လည်လည်သည့်အမျိုးအစာ)ဟူ၍ ခွဲခြားထားသည်။ ဤအမျိုးအစား နှစ်မျိုးထဲမှ Reciprocating Type ကို မော်တော်ယဉ်များနှင့် စက်ပြု ကိရိယာများ ( Machinery Tools) တွင် အသုံးများသည်။ ၎င်းစက်မာျး၏ ရိုးရှင်းမှုနှင့် စရိတ်သက်သာမှုတို့ကြောင့် အသုံးများသည်။ ဤစက်များကို လှေများ၊ သင်္ဘောများ၊ မီးရထားများနှင့် လေယာဉ်များတွင်လည်း သုံးသည်။

Reciprocating Internal Combustion Engines (အပြန်အလှန်အလုပ်အလုပ်သည့် အတွင်းမီလောင် ပေါက်ကွဲသော အင်ဂျင်) များကို ၎င်းတို့၏တည်ဆောက်ပုံနှင့် Operating Cycle (အလုပ်လုပ်သော ဆိုင်ကယ်) ပေါ်မူတည်လျှက် Two Stroke (နှစ်ချက်ခုတ်) နှင့် Four Stroke (လေးချက်ခုတ်) အင်ဂျင် ဟူ၍ ထပ်ဆင့်ခွဲထားသည်။ ဤနှစ်မျိုးကို ထပ်ဆင့်၍ Spark Ignition Engines (SI Engine) [စပါ့(ခ)မှ မီးကူးရှို့သော အင်ဂျင်များ] နှင့် Compression Ignition Engines (CI Engines) [ကွန်ပရက်ရှင်း (ဖိသိပ်ခြင်း) ဖြင့် မီးလောင်ပေါက်ကွဲသော အင်ဂျင်များ] ဟူ၍ သုံးသော လောင်စာဆီအပေါ် အခြေခံ၍ ခွဲပြန်သည်။ SI Engines (မီးပွား ပလပ်) စပေါ့(ခ)မှ မီးကူးရှို့သော အင်ဂျင်များတွင် ဓါတ်ဆီသုံးပြီး ကာဖြူရေတာနှင့် Spark [စပါ့(ခ)] ဖြင့် မီးကူးသည့် စနစ်ကို သုံးသည်။ CI Engines (ကွန်ပရက်ရှင်း(ဖိသပ်ခြင်း) ဖြင့် မီးလောင်ပေါက်ကွဲသော အင်ဂျင်များ တွင် ဒီဇယ်ကို သုံးပြီး Fuel Injection Pump (ဆီတွန်းပို့ပန့်) နှင့် Nozzles (နော်ဇယ်များ) ပါဝင်သည်။

အတွင်းမီအင်ဂျင်စက်ဆိုသည်မှာ ပစ်စတန်နောက်တွင် ပေါက်ကွဲမှုကိုဖြစ်စေခြင်းဖြင့် စွမ်းအင်ကို စက်စွမ်းအားသို့ တိုက်ရိုက် ပြောင်းလဲယူသည့်စက်မျိုးဟု ခေါ်သည်။ အတွင်းမီးအင်ဂျင်စက် ဟု ခေါ်ဆိုရခြင်းမှာ ရေနွေးငွေ့ အင်ဂျင်စက်မှာကဲ့သို့ ထင်မီး လောင်စာကို အပြင်ဘက်၌ မီးမလောင်စေဘဲ ဓာတ်ငွေ့က အတွင်း၌ ပေါက်ကွဲစေသည့် အတွက် ဖြစ်၏။ ဤစက်သည တဆင့်ပြီးတဆင့် တဖြည်းဖြည်း တိုးတက်ဖြစ်ပေါ်ခဲ့ခြင်း၊ အခြား တီထွင်မှုများဖြင့် ရောထွေးယှက်တင်ဖြစ်နေခြင်း စသည့်အချက်များဖြင့် ဤစက်ကို မည်သူက စတင် တီထွင် ခဲ့သည်ဆို၍ တစ်ဦးတစ်ယောက်တည်းကို ဖော်ပြရန်မှာ မဖြစ်နိုင်ချေ။

အတွင်းမီးအင်ဂျင်စက်တွင် ဓာတ်ငွေ့အင်ဂျင်၊ ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင်ဟူ၍ အမျိုးမျိုး ရှိသည်။ ဓာတ်ငွေ့ အင်ဂျင်စက် ကို ကြံစည်တီထွင်မှုသည် ဆယ်မျူယယ်ဗရောင်းဆိုသူ၏ လက်ထက် ၁၈၂၃ ခုနှစ်က စတင်လာခဲ့သည်။ ဗရောင်းသည် ဓာတ်ငွေ့အင်ဂျင်စက်များကို ပြုလုပ်ရောင်းချ၍ ၁၈၂၆ ခုနှစ် တွင် ကုန်းပေါ် သွားယာဉ်တစ်စင်း၌လည်းကောင်း၊ ၁၈၂၇ ခုနှစ်တွင် ၃၆ ပေရှည်သော လှေတစ်စင်း၌လည်းကောင်း သူ၏ စက်ကို တပ်ဆင် အသုံးပြုခဲ့ဖူးသည်။ ထိုနောက်တွင် အခြား သိပ္ပံပညာရှင် အသီးသီးကလည်း ဓာတ်ငွေ့အင်ဂျင်အမျိုးမျိုးကို ကြံစည် တီထွင်ခဲ့ကြ၏။ သို့သော် ခေတ်မီ ကောင်းမွန်သော စက်မျိုးကို မရရှိခဲ့ကြချေ။ ၁၈၆ဝ ပြည့်နှစ်သို့ရောက်မှ အီတီ ယန်း လနွားဆိုသူ ပြင်သစ်သိပ္ပံပညာရှင် တစ်ဦးက အများသုံး နိုင်အောင် လက်တွေ့ကောင်းမွန်သော စက်တစ်လုံးကို အောင်မြင်စွာတီထွင်၍ မူပိုင် မှတ်ပုံတင်နိုင်ခဲ့လေသည်။ လနွား၏ စက်များသည် စက်ခုတ်ပုံမှန်၍ အလွန် ညင်သာ သဖြင့် ၁၉ ရာစုခေတ်နောက်ပိုင်းတွင် အလွန်ခေတ်စား ခဲ့၏။ သို့သော် ဓာတ်ငွေ့စားလွန်းသည့်အတွက် တဖြည်းဖြည်း လူ ကြိုက်နည်းလာရာမှ နောင်သော် စက်သဘောအားဖြင့် လနွား ၏ စက်ထက် ညံ့ဖျင်းသော အင်းအေ၊ အော့တိုးနှင့် အီလန်ဂင် ဆိုသူတို့ တီထွင်သည့်စက်ကို အသုံးများလာကြလေသည်။ ထိုအတောအတွင်း ဆလင်ဒါထဲသို့ ဓာတ်ငွေ့ကို မသွင်းမီ ကြိုတင်၍ ဖိနှိပ်ပေးရန်လိုအပ်ကြောင်းကို သိပ္ပံပညာရှင် အများ ကပင် သိမြင်လာကြသည်။ ၁၈၂၆ ခုနှစ်တွင် ဗိုးဒါရို ရှဆိုသူ ပြင်သစ်သိပ္ပံပညာရှင်တစ်ဦးက ယခုအခါ လေးချက်ခုတ်နည်း ဟု ခေါ်တွင်သော စက်ခုတ်နည်း အစီအစဉ်ကို အကြံပေး သွားသည်။ ၁၈၇၆ ခုနှစ်သို့ရောက်သောအခါ အော့တိုးသည် ဒါရိုရှ၏ အကြံပေးချက်များ အကျုံးဝင်သော သူ၏ ကမ္ဘာ ကျော် လေးချက်ခုတ်စက်ကို တီထွင်လိုက်ခြင်းဖြင့် ခေတ်အမီ ဆုံးသော အတွင်းမီးအင်ဂျင်စက်များ ပေါ်ပေါက်ရေးအတွက် ပထမဦးဆုံး လမ်းခင်းပေးသွားပေသည်။ ဤစက်ခုတ်နည်းကို ယခုအခါ လေးချက်ခုတ်နည်း ဟူ၍လည်းကောင်း၊ ဒါရိုရှဆိုင်ကယ်ဟူ၍လည်းကောင်း၊ အော့တိုးဆိုင်ကယ်ဟူ၍ လည်းကောင်း ခေါ်ဆိုကြ၏။


လေးချက်ခုတ်နည်းတွင် ပစ်စတန်သည် ဆလင်ဒါထဲမှ အပြင်သို့ထွက်သွားသည့် ပထမအထွက်တစ်ချက်၌ ဆလင်ဒါ ထဲသို့ ဓာတ်ငွေ့နှင့် လေအရောကို စုပ်သွင်းသည်။ ဤအချက် ကို ဆပ်ရှင်းစထရုတ်(စုပ်ခုတ်)ဟု ခေါ်၏။ ပစ်စတန်၏ ဒုတိယအချက်ဖြစ်သော ဆလင်ဒါထဲသို့ ပြန်ဝင်လာသည့် အချက်တွင် ဆလင်ဒါအတွင်းရှိ ဓာတ်ငွေ့နှင့် လေအရောကို ကျုံ့ဝင်အောင် ဖိသိပ်ပေးသည်။ ဤအချက်ကို ကွန်ပရက်ရှင်း စထရုတ် (ဖိသိပ်ခုတ်)ဟုခေါ်၏။ ပစ်စတန်သည် အတွင်း အကျဆုံးနေရာသို့ ရောက်နေချိန်တွင် လျှပ်စစ်ပလပ်က မီး ခတ်ပေးသည့်အတွက် ဓာတ်ငွေ့မီးလောင်ပေါက်ကွဲပြီးလျှင် ပစ်စတန်ကို အပြင်သို့ ကန်ထုတ်လိုက်သည်။ ဤသို့ ပစ်စတန် ပြန်ထွက်သွားသော တတိယအချက်သည် အလုပ်လုပ်သော အချက်ဖြစ်၍ ယင်းကို ပါဝါ စထရုတ်(စွမ်းအားခုတ်)ဟု ခေါ်ရ၏။ စတုတ္ထအချက်တွင် ပစ်စတန်သည် ဆလင်ဒါထဲသို့ ပြန်ဝင်စဉ် ဆလင်ဒါအတွင်းရှိ မီးလောင်ပြီးသား ဓာတ်ငွေ့ များကို အပြင်သို့ တွန်းထုတ်ပစ်လိုက်သည်။ ဤအချက်ကို အိတ်ဇောစထရုတ်(ထုတ်ခုတ်)ဟု ခေါ်၏။ ထိုကြောင့် လေးချက်ခုတ်စက်တွင် ဓာတ်ငွေ့တခါ ပေါက်ကွဲတိုင်း ပစ်စတန်လေးချက်ခုတ်၍ ပစ်စတန် လေးချက်ခုတ်တိုင်း ပစ်စတန်မောင်းတံနှင့် ဆက်ထားသော လက်တံဝင်ရိုးသည် နှစ်ပတ်လည်လေသည်။

၁၈၇၈ ခုနှစ်တွင် ဆာ ဒူဂယ် ကလပ်အမည်ရှိသော ပုဂ္ဂိုလ် တစ်ဦးက နှစ်ချက်ခုတ်အင်ဂျင်စက်ကို တီထွင်သည်။ ကလပ် တီထွင်သဖြင့် အဆိုပါ နှစ်ချက်ခုတ်နည်းကို ကလပ် ဆိုင်ကယ်ဟုလည် ခေါ်ကြ၏။ နှစ်ချက် ခုတ်စက်တွင် ဓာတ်ငွေ့တစ်ခါပေါက်ကွဲတိုင်း ပါဝါစထရုတ်ဟုခေါ်သော အထွက်တစ်ချက်နှင့် အိတ်ဇော စထရုတ်ခေါ် အဝင်တစ်ချက် ပေါင်း နှစ်ချက်သာရှိသည်။ ဆလင်ဒါအတွင်း ဓာတ်ငွေ့ပေါက် ကွဲ၍ ပစ်စတန်ကို ကန်ထုတ်လိုက်သည့်အထွက်တချက်တွင် ဆလင်ဒါအဆုံးသို့ ရောက်ချိန်၌ ဓာတ်ငွေ့သစ်ကို စုတ်သွင်း သည်။ အိတ်ဇောစထရုတ်အဖြစ်နှင့် အတွင်းသို့ ပြန်ဝင်စ အချိန်တွင် မီးလောင်ပြီးသား ဓာတ်ငွေ့များကို တွန်းထုတ် လိုက်သည်။ ဓာတ်ငွေ့တစ်ခါပေါက်ကွဲတိုင်း၌ ပစ်စတန် နှစ် ချက်ခုတ်သဖြင့် လက်တံဝင်ရိုး တစ်ပတ်လည် သည်ဟု သိရ၏။

နှစ်ချက်ခုတ် အင်ဂျင်စက်တွင် စက်တပတ်လည်တိုင်း လုပ်အားတချက်ပါ၍ လေးချက်ခုတ်စက်တွင် စက်နှစ်ပတ်သည် မှ လုပ်အားတစ်ချက်သာပါသောကြောင့် အရွယ်ချင်း အမြန်နှုန်း ချင်းတူလျှင် နှစ်ချက်ခုတ် စက်ကလေးချက်ခုတ်စက်ထက် အားနှစ်ဆမျှကြီးရမည်ဟု ယူဆစရာအကြောင်းရှိ၏။ လက်တွေ့ အားဖြင့်ကား နှစ်ချက်ခုတ်စက်များတွင် ချို့ယွင်းချက်များရှိ သဖြင့် ကျွန်ုပ်တို့ ထင်သည့်အတိုင်း မစွမ်းဆောင်နိုင်ပေ။ ပထမအကြောင်းရင်းမှာ လေးချက်ခုတ်စက်တွင် ဓာတ်ငွေ့ ဝင်ချိန်မှာ ဆပ်ရှင်းစထရုတ် တစ်ချိန်လုံးလုံးမှ အနည်းငယ် ကျော်လွန်သည်အထိ ဖြစ်၏။ နှစ်ချက်ခုတ်စက်တွင် ဓာတ်ငွေ့ စုပ်ချိန် အနည်းငယ်သာရှိသဖြင့် လေးချက်ခုတ်စက်မှာကဲ့သို့ ဓာတ်ငွေ့များများ မဝင်နိုင်ချေ။ ဒုတိယအကြောင်းမှာ လေးချက် ခုတ်စက်တွင် မီးလောင်ပေါက်ကွဲပြီးသည့် ဓာတ်ငွေ့များကို အိပ်ဇောစထရုတ် တစ်ချိန်လုံးတွင် ထုတ်ပစ်နိုင်ခွင့်ရ၏။ နှစ် ချက်ခုတ်စက်တွင် ဓာတ်ငွေ့သစ်များသည် မီးလောင်ပြီးသား ဓာတ်ငွေ့များကို အိပ်ဇောပိုက်မှ ထွက်သွားအောင် ကူညီပေးရ သဖြင့် ယင်းဓာတ်ငွေ့သစ်များကိုယ်တိုင် ပူသွားပြီးလျှင် ပျံထွက် သွားသည်။ ထိုကြောင့် ဓာတ်ငွေ့တို့သည် လေးချက်ခုတ်စက်မှာ လောက် မသိပ်သည်းပေ။ တတိယအကြောင်းကား အိတ်ဇော အပေါက်မှ ဓာတ်ငွေ့သစ်များပါ လွတ်ထွက်သွားလေ့ ရှိသဖြင့် ဓာတ်ငွေ့အချို့ အလဟသ ဆုံးပါးရခြင်းပင် ဖြစ်လေသည်။ လေးချက်ခုတ်အင်ဂျင်စက်တွင် ဓာတ်ငွေ့တစ်ခါပေါက်ကွဲ တိုင်း စက်နှစ်ပတ်လည်ကြောင်း တွေ့ရပြီ။ ထိုသို့ ဓာတ်ငွေ့ ပေါက်ကွဲသောအခါ လက်တံဝင်ရိုးတွင် တပ်ဆင်ထားသော အားပေးဘီးသည် အရှိန်နှင့် လည်သွားသည်။ အားပေးဘီး၏ အရှိန်ကြောင့် စက်သည် ဓာတ်ငွေ့ နောက်တကြိမ် ပေါက်ကွဲ သည်အထိ လည်နေသည်။ ဆလင်ဒါနှစ်လုံးတပ်စက်တွင် စက် တစ်ပတ်လည်တိုင်း ဓာတ်ငွေ့တစ်ကြိမ် ပေါက်ကွဲအောင် စီစဉ် ထားသည်။ ထိုကြောင့် ဆလင်ဒါနှစ်လုံးတပ်စက်တွင် ရှိသော လုပ်အားသည် ဆလင်ဒါတစ်လုံးတပ်စက်မှာထက် ပို၍ ဆက် တိုက်ကျသဖြင့် ပိုမိုညင်သာသည်။ ဤသို့ဖြင့် ဆလင်ဒါ လေးလုံး၊ ခြောက်လုံး၊ ရှစ်လုံး၊ ၁၂ လုံး တပ်စက်များတွင် ဆလင်ဒါများလာလေ လုပ်အားမှာပို၍ ဆက်တိုက်ကျလေ ဖြစ်၏။ စက်တွင် ဓာတ်ငွေ့သွင်း ဓာတ်ငွေ့ထုတ် အဆို့ရှင်များ နှင့်တကွ ဆီပန်းကိရိယာ စသည်များကို အချက်ကျကျ အလုပ် လုပ်သွားစေရန် လက်တံဝင်ရိုးမှတစ်ဆင့် ဆက်သွယ် စီစဉ်ထား သည်။ စက်ခုတ်လျက်ရှိစဉ် ဆီပန်းကိရိယာ စက်၏ အစိတ် အပိုင်းများ ပူလောင်ပွန်းပဲ့သွားခြင်း မရှိစေရန် စက်ဆီကို လိုသောနေရာများသို့ ပို့ဆောင်ပေးသည်။

အတွင်းမီးအင်ဂျင်စက်တို့သည် ပထမ ပေါ်ပေါက်ခဲ့သည့် အချိန်မှစ၍ အလွန် ခေတ်စားလာခဲ့သည်။ ယခုအခါ မြို့ကြီး ပြကြီးများတွင်သာမက သဲကန္တာရများ၊ အလွန်အေး၍ ရေခဲ ဖုံးနေသော အာတိတ်ဒေသ၊ လူသူ အရောက်အပေါက် အလွန် နည်းသော ကျွန်းငယ်များ၊ အလွန်နက်ရှိုင်းသော သစ်တောကြီး များ စသည့် ကမ္ဘာအရပ်ရပ်ရှိ လူတို့၏ လုပ်ငန်းအသီးသီး မှာပင် အတွင်းမီးအင်ဂျင်စက်များသည် များစွာ အထောက်အပံ့ ပေးလျက် ရှိကြသည်။ ဤစက်မျာသည် တာရှည်ခံ၏။ ပေါ့ပါး ပြီးလျှင် ခုတ်မောင်းရလွယ်ကူ၏။ အလွန် လျင်မြန်စွာလည်း ခုတ်မောင်းနိုင်သည်။ ဆောက်လုပ်ထားပုံမှာ အလွန် လွယ်ကူ ရှင်းလင်းပြီးလျှင် အသုံးပြုရာ၌ အလွန်စရိတ် သက်သာသည်။ အတွင်းမီးအင်ဂျင်စက်များဖြင့် လူတို့သည် မော်တော်ကား၊ မီးရထား၊ သင်္ဘော၊ လေယာဉ်ပျံ စသော သယ်ယူပို့ဆောင်ရေး ယာဉ်အမျိုးမျိုးကို တီထွင်ခဲ့ကြသည်။ သဘာဝဓာတ်ငွေ့၊ သို့မဟုတ် ဓာတ်ဆီပေါသော အရပ်ဒေသများတွင် ဒိုင်နမို များကို အားကောင်းသော အတွင်းမီး အင်ဂျင်စက်များဖြင့် ခုတ်မောင်း၍ လျှပ်စစ်ဓာတ်ကို ထုတ်လုပ်သုံးစွဲလျက် ရှိကြ သည်။ လယ်ယာများတွင်လည်း လယ်ထွန်စက်၊ ကောက် ရိတ်စက် စသည်တို့ကို ဝန်တင် တိရစ္ဆာန်နှင့် လူများအစား အသုံးပြုနိုင်နေကြပြီ။ အဆောက်အအုံ တည်ဆောက်မှု အင်ဂျင်နီယာ အတတ်ပညာတွင်လည်း ထွင်းဖောက်စက်မှအစ အင်္ဂတေနယ် စက်အထိဖြစ်သော စက်များကို အတွင်းမီး အင်ဂျင်စက်များဖြင့် ခုတ်မောင်းနေကြပေပြီ။

အတွင်းမီး အင်ဂျင်စက်တွင် စက်ကို ခုတ်မောင်းရန်အတွက် လိုအပ်သော ဓာတ်ငွေ့ကို ဓာတ်ဆီ၊ သို့မဟုတ် အခြားဆီ တစ်မျိုးမျိုးမှ ရရှိ၍ ဆီကို အငွေ့ဖြစ်သွားအောင် ကာဗျူရက် တာခေါ် ကိရိယာက ပြုလုပ်ပေးသည်။ ကာဗျူရက်တာသည် စက်၏ အဆုတ်ပင်ဖြစ်၏။ ကာဗျူရက်တာတွင် သေးငယ်ကျဉ်း မြောင်းသော လေဝင်လမ်းကြောင်းကလေးတစ်ခု ပါရှိ၍ ထို လမ်းကြောင်းထဲသို့ ပစ်စတန်၏ စုပ်အားဖြင့် လေကို ပြင်းထန် စွာ စုပ်သွင်းသည်။ လေဝင်လမ်းကြောင်းတွင် ဓာတ်ဆီနှင့် ဖြည့်ထား၍ အရှိန်ပြင်းထန်စွာနှင့် ဝင်ရောက်လာသည့်လေက ထိုဓာတ်ဆီကို တစ်ပါတည်း သယ်ဆောင်ပြီးလျှင် ဆလင်ဒါ အတွင်းသို့ ရေမွှေးဖျန်းပုလင်းဖြင့် ဖျန်းသည့်ပမာ ဓာတ်ဆီငွေ့ အဖြစ်နှင့် ပန်းသွင်းပေးသည်။ ထိုသို့ ဖျဉ်းပေးချိန်တွင် လျှပ်စစ် ပလပ်ခေါ် မီးပွင့်ဆို့မှ မီးပွင့်သဖြင့် ဓာတ်ဆီငွေ့သည် မီးကူး ပြီးလျှင် ပေါက်ကွဲလေသည်။ အတွင်းမီးအင်ဂျင်စက် များတွင် ဓာတ်ငွေ့ရရှိရေးအတွက် ဓာတ်ဆီကို အများဆုံး အသုံးပြုကြ ၏။ သို့သော် ဓါတ်ဆီအစား သာမန်အပူချိန်တွင် မီးလောင် လွယ်သောအရက်ပြန်၊ ရေနံ၊ ရေနံချေး၊ အဆက်တလင်းဓါတ် ငွေ့ ဓာတ်ငွေ့စသည်တို့ကိုလည်း စက်တွင် သင့်တော်သလို ပြုပြင်စီမံ၍ အသုံးပြုနိုင်လေသည်။

ရုဒေါ့ဒီဇယ်အမည်ရှိသော ဂျာမန်လူမျိုး အင်ဂျင်နီယာတစ်ဦး က ၁၈၉၂ ခုနှစ်တွင် ဒီဇယ်အင်ဂျင်ခေါ် အတွင်းမီးအင်ဂျင်စက် တစ်မျိုးကို မူပိုင်မှတ်ပုံတင်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီးအတွင်း က ဂျာမန်လူမျိုးတို့သည် ဤစက်မျိုးကို ရေငုပ်သင်္ဘောများတွင် တပ်ဆင်၍ အသုံးပြုခဲ့ရာ များစွာ အောင်မြင်လေသည်။ ထိုစက် သည် ဓာတ်ဆီ၊ ရေနံဆီတို့ထက် အမျိုးညံ့သော ဆီအပေါစား များကို အသုံးပြု ခုတ်မောင်းနိုင်ခြင်းကြောင့် အတွင်းမီးအင်ဂျင် စက်ထဲတွင် စရိတ်အသက်သာဆုံးဖြစ်၏။ ဒီဇယ်စက်တွင် လောင်စာအဖြစ် အသုံးပြုထားသော ဒီဇယ်ဆီကို ပစ်စတန်၏ ဖိအားဖြင့်ပူစေ၍ အလိုအလျောက် မီးလောင်ပေါက်ကွဲစေသဖြင့် ကာဗျူရက်တာ၊ လျှပ်စစ်ပလပ် စသည်တို့ကို အသုံးပြုရန် မလို သည့်အတိုင်း မီးဘေးအတွက် ပို၍ စိတ်ချရသည်။ ဒီဇယ်စက် တွင် လေးချက်ခုတ်နှင့် နှစ်ချက်ခုတ်စက် နှစ်မျိုးစလုံး ရှိသည်။ ရေနွေးငွေ့စက်လောက် နေရာကျယ်ပြန့်စွာ မလိုသည့်အတွက် လည်း အထူးသဖြင့် ကုန်ပစ္စည်းတင်ရန် နေရာကျယ်ဝန်းစွာ လိုသော ပင်လယ်ကူး သင်္ဘောကြီးများအဖို့ ပိုမို သင့်တော် သည်။ ယခုအခါ ပင်လယ်ကူးသင်္ဘောကြီးများတွင် ဒီဇယ်စက် များကို တစ်နေ့တခြား အသုံးများလာကြရာ မကြာမီပင် သင်္ဘောမှန်သမျှ၌ ရေနွေးငွေ့ အင်ဂျင်စက်များအစား ဒီဇယ်စက် များကိုသာ တပ်ဆင်ခုတ်မောင်းလာစရာအကြောင်း ရှိပေသည်။ ဒီဇယ်စက်များဖြင့် ယခုအခါ မီးရထား၊ မော်တော်ကား၊ လျှပ်စစ်အားပေးစက်၊ ရေစုပ်စက်စသည့် စက်အမျိုးမျိုးကိုလည်း ခုတ်မောင်းလာကြရုံမက လေယာဉ်ပျံအတွက် သင့်တော်သော ဒီဇယ်စက်များကိုပင် ကြံစည်တီထွင်နိုင်ခဲ့ကြပေပြီ။ အထက်တွင် ဖော်ပြခဲ့သော စက်များကား ပစ်စတန်၏ ရှေ့တိုးနောက်ငယ် လှုပ်ရှားမှုဖြင့် ခုတ်မောင်းသော ပြန်လှန် ခုတ် အင်ဂျင်စက်မျိုး ဖြစ်ကြ၏။ အခြားတစ်မျိုး၌မူ ဓာတ်ငွေ့ တာဗိုင်စက်နှင့် ဂျက်စက်စသည်တို့ ပါဝင်လေသည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)