အစ်ကဗယ်၊ ဆာမို့ဟမ္မဒ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဆာမို့ ဟမ္မဒ်အစ်ကဗယ်သည် ကမ္ဘာကျော် မွတ်စလင်စာဆိုကြီးဖြစ်သည်။ အစ်ကဗယ်သည် မွတ်စလင်တို့အပေါ်၌သာမဟုတ် အိန္ဒိယနိုင်ငံသားနှင့် အထူးသဖြင့် အရှေ့တိုင်းသားတို့အပေါ်၌ ချစ်မြတ်နိုးသော မျိုးချစ်စာဆိုကြီးလည်းဖြစ်သည်။ သူသည် အရင်းရှင်ဝါဒကိုလည်း ရွံရှာသည်။ နယ်ချဲ့ဝါဒကိုလည်းမုန်းတီးသည်။ ဒီမိုကရေစီဝါဒ၏ အပြစ်များကိုလည်းမြင်သည်။ ထို့ ကြောင့် သူ၏စာပေများ၌ ယင်းအပြစ်များကို ရဲရဲဝံ့ဝံ့ဖော်ထုတ်၍ ရေးသားလေ့ရှိသည်။

အစ်ကဗယ်ကို အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်၊ စီယာလကော့မြို့၌ ၁၈၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖွား မြင်သည်။ အစ်ကဗယ်၏ ဘိုးဘွားအစဉ်အဆက်တို့မှာကသမီယ ဗြဟ္မဏများဖြစ်ကြသည်။ ငယ်စဉ်က စီယာလကော့မြို့တွင် ပညာသင်ခဲ့ပြီးနောက် ၁၈၉၅ ခုနှစ်တွင် လာဟိုမြို့ကြီးသို့ပြောင်းရွေ့၍ အထက်တန်းပညာများကို ဆက်လက်သင်ကြားသည်။ စီယာလကော့၌ ကျောင်းနေစဉ် မော်လဝီမီယာဟာဆန်ဆိုသူ အရှေ့တိုင်းစာပေပညာရှင်ကြီးထံ၌ ပညာဆည်းပူးခွင့်ရသဖြင့် အစ်ကဗယ်အဖို့ အဖိုးမဖြတ်နိုင်သော ပညာဗဟုသုတများကို ဆည်းပူးနိုင်ခဲ့သည်။ ထိုကျောင်း၌နေစဉ်ကပင် ကဗျာများကို စ၍ရေးစပ်ခဲ့လေသည်။ ထိုအချိန်က ကဗျာစာဆိုမှု၌ ထင်ပေါ် နေပြီဖြစ်သော စာဆိုကြီးဒါဂ်ထံသို့ စပ်ဆိုပြီးကဗျာများကို ပြင် ဆင်ပေးရန် ပေးပို့ခဲ့ရာ ဒါဂ်က အစ်ကဗယ်၏ကဗျာများသည် အပိုအလိုမရှိ ပြင်ဆင်ပေးရန် မလိုလောက်အောင် ကောင်းမွန် သည်ဟူ၍ မှတ်ချက်ချခဲ့လေသည်။

ထိုအခါက လာဟိုမြို့၌ ကျင်းပလေ့ရှိသော ကဗျာစာပေရွတ်ဆိုဆွေးနွေးပွဲများတွင် အစ်ကဗယ်သည် သူ၏ဟိမဝန္တာတောင် အမည်ရှိသောကဗျာကို ရွတ်ဆိုပြရာ၊ အများ၏ ချီးကျူးခြင်းကိုခံရသည်။ ယင်းကဗျာကို စာအုပ်အဖြစ် ထုတ်ဝေ ဖြန့်ချိရန် တိုက်တွန်းချက်အရ မက်ခဇန် အမည်ရှိ အူရဒူ ဂျာနယ်တွင် ထည့်လိုက်ရာ အစ်ကဗယ်သည် တစ်နိုင်ငံလုံး၌ ထင်ရှားလာလေသည်။

အစ်ကဗယ်သည် ကိုယ်ပိုင်ဉာာဏ်ဖြင့်ရေးသားသော ကဗျာများကိုသာ စပ်ဆိုသည်မဟုတ် ပင့်ကူနှင့် ပင့်ကူအိမ် တောင်နှင့်ရှဉ့် စသော အင်္ဂလိပ်ကဗျာများကိုလည်း အူရဒူ ဘာသာသို့ ပြန်ဆို စပ်ဆိုလေသည်။ လာဟိုမြို့၌နေစဉ် ဆာတောမတ်အာနိုးဆိုသူ အနောက်တိုင်းပညာရှင်ကြီးနှင့် သိကျွမ်းလိုက်ရမှုကြောင့် အစ်ကဗယ်အဖို့ အကျိုးထူးခံစားလိုက်ရသည်။ ငယ်ဆရာ မော်လဝီ၊ မီယာဟာ ဆန်၏ ကျေးဇူးကြောင့် မွတ်စလင်ယဉ်ကျေးမှု၌ နှံ့စပ်ရသကဲ့ သို့ ဆာတောမတ်အာနိုး၏ ကျေးဖူးကြောင့် အနောက်ယဉ်ကျေးမှု အတွေးအခေါ်များမှ ကောင်းနိုးရာရာတို့ကို တတ်သိတွေးခေါ် တတ်လာသည်။ ထိုအချိန်၌ပင် အစ်ကဗယ်သည် သူ၏ ပထမဆုံးစာအုပ်ဖြစ်သည့် ဘောဂဗေဒကျမ်းတစ်စောင်ကို အူရဒူ ဘာသာဖြင့် ထုတ်ဝေလေသည်။ ကဗျာဆရာကြီး မီလတန်ကဲ့သို့ အက်ပစ်ကဗျာကြီးများ ရေးသားရန်လည်း ထိုအချိန်က ဆန္ဒ ပြင်းပြလျက်ရှိလေသည်။

ဆာတောမတ်အာနိုး၏ အကြံပေးချက်အရ အစ်ကဗယ် သည် ပညာဆက်လက်ဆည်းပူးရန် ၁၉ဝ၅ ခုနှစ်တွင် ဥရောပတိုက်သို့ ထွက်ခွာသွားသည်။ ဥရောပတိုက်တွင် သုံးနှစ်ခန့် နေထိုင်စဉ်အတွင်း အစ်ကဗယ်သည် လက်လှမ်းမီသမျှစာပေများကို ဖတ်ရှုလေ့လာရုံမက၊ တွေ့သမျှပုဂ္ဂိုလ်များထံမှလည်း ပညာဆည်းပူးခြင်း၊ ဆွေးနွေးခြင်းတို့ ပြုခဲ့သည်။ ထိုအချိန်မှစ၍ အစ်ကဗယ်သည် ဥရောပတိုက်၌ နိုင်ငံရေးကွဲလွဲချက်များဖြစ်အောင် ဖန်တီးလျက်ရှိသည့် ကျဉ်းမြောင်းသောအမျိုးသား ရေးစိတ်များကို လုံးဝမနှစ်သက်သည့်စိတ်များ ဖြစ်ပေါ်လာလေသည်။

အစ်ကဗယ်သည် ကိမ်းဗရစ်တက္ကသိုလ်မှ ဘွဲ့ထူးရရှိပြီး နောက်၊ ဂျာမနီနိုင်ငံမျူနစ်မြို့မှ စာပေပါရဂူဘွဲ့ကို ရရှိသည်။ ထိုနောက် ဝတ်လုံစာမေးပွဲကို အောင်မြင်ပြန်သည်။ လန်ဒန် တက္ကသိုလ်၌ အာရဗစ်ဘာသာကို ခြောက်လခန့်သင်ကြားပို့ချပြီးနောက် အစ်ကဗယ်သည် လန်ဒန်မြို့အနှံ့အပြား၌ ဟောပြောပွဲများ ပြုလုပ်လေသည်။ ကက်ဆတန်ခန်းမဆောင်၌ ဟောပြောခဲ့သော သူ၏ပထမဆုံး ဟောပြောချက်များကို လန်ဒန်မြို့ရှိ ထိပ်တန်းသတင်းစာကြီးများကပင် ထည့်သွင်းပုံနှိပ်သည်အထိ ကျော်ကြားခဲ့သည်။

၁၉ဝ၈ ခုနှစ်တွင် အစ်ကဗယ်သည် လာဟိုမြို့သို့ပြန်၍ လာဟိုမြို့အစိုးရကောလိပ်တွင် ဒဿနိကဗေဒနှင့် အင်္ဂလိပ်စာပေဆိုင်ရာ အချိန်ပိုင်းပါမောက္ခအဖြစ် ဆောင်ရွက်ရင်း ဝတ်လုံ လိုက်လေသည်။ သို့ရာတွင်မကြာမီပါမောက္ခရာထူးမှနုတ်ထွက်၍ အချိန်ပြည့်ဝတ်လုံအဖြစ် အသက်မွေးသည်။ ၁၉၁၅ ခုနှစ် တွင် အက်စရေး-အိ-ခူဒီအမည်ရှိသော ကဗျာကြီးကို ရေးသားထုတ်ဝေလိုက်ရာ ဝေဖန်သူများကြားကပင် အစ်ကဗယ် သည် ကမ္ဘာကျော် စာဆိုကြီးအဖြစ် ထင်ရှားလာခဲ့သည်။ ထိုကဗျာကို ထုတ်ဝေပြီးနောက် ၁၉၁၈ ခုနှစ်တွင် ရူးမူး-အိ-ဗေခုဒီ အမည်ရှိကဗျာကိုရေးသားထုတ်ဝေပြန်သည်။ ထိုကဗျာကြီးနှစ်ခု စလုံးသည် ကမ္ဘာ့စာပေလောကတွင် ယှဉ်ပြိုင်ရန်ရှားသော လက်ရာကောင်းကြီးအဖြစ် အသိအမှတ်ပြုခံရသည်။၁၉၂၁ ခုနှစ်တွင် ခီဒရီရားအမည်ရှိ ကဗျာကိုလည်းကောင်း၊ ၁၉၂၂ ခုနှစ်တွင် တူလူ-အိ-အစ္စလာမ်အမည်ရှိ ကဗျာကိုလည်းကောင်း အူရဒူဘာသာဖြင့် ရေးသားထုတ်ဝေသည်။ ယင်းကဗျာနှစ်ပုဒ်သည် အစ်ကဗယ်၏ ထင်ရှားသော လက်ရာများဖြစ်သည်။ ထို့နောက် အစ်ကဗယ်၏ အကောင်းဆုံး လက်ရာအဖြစ် အသိအမှတ်ပြုခံရရုံမက အရှေ့တိုင်း၏ ဒီဗိုင်း ကော်မဒီလင်္ကာကြီးဟုပင် ဆိုစမှတ်ပြုခံရအောင် ကောင်းမွန်သည့် ဂျာဗစ်နာမာအမည်ရှိ ကဗျာကြီးထွက်လာသည်။ ယင်း သည် ဟိုးမား၏ အစ်လယက်၊ ကာလီဒါသ၏ သကုန္တလ၊ ဖာဒေါက်ဆီ၏ ရှားနမာ၊ ဒန်တီ၏ ဒီဗိုင်ကော်မဒီ၊ ရှိတ်စပီးယား၏ ဟမ်းမလက်၊ မီလတန်၏ ဆုံးရှုံးရသည့်လောကနိဗ္ဗာန်၊ ဂါတာ၏ ဖော့စသော ကဗျာ၊ စာပေစသည်တို့နှင့်သာတစ်တန်း တစ်စားတည်းထားရသည့် ကဗျာလက်ရာဖြစ်လေသည်။

၁၉၂၂ ခုနှစ်တွင် အစ်ကဗယ်အား ဗြိတိသျှဘုရ၍် မင်းမြတ်က ဆာဘွဲ့ချီးမြှင့် သူကောင်းပြုသည်။ ၁၉၂၈ ခုနှစ် တွင် အစ်ကဗယ်သည် အိန္ဒိယနိုင်ငံတောင်ပိုင်းကို လှည့်လည် ရင်း မဒရပ်၊ ဟိုက်ဒရာဗတ်၊ အလီဂါမြို့များ၌ ဟောပြောပွဲများ ကျင်းပဟောပြောခဲ့သည်။ ထိုဟောပြောချက်များကို စုပေါင်း၍ အစ္စလာမ်အယူဝါဒ အတွေးအခေါ်ပြုပြင်မှုများ ဟူသော အမည်ဖြင့် ကျမ်းတစ်စောင်ပုံနှိပ်ထုတ်ဝေသည်။ ၁၉၂၇ ခုနှစ်တွင် ပန်ဂျပ်ဥပဒေပြုအဖွဲ့သို့ ရွေးကောက်တင်မြေ|ာက်ခြင်း ခံရသည်။ ၁၉၃ဝ ပြည့်နှစ်တွင် မွတ်စလင်အဖွဲ့ချုပ် နှစ်လည်စည်းဝေးပွဲကြီး၌ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ရ၏။ ထိုစဉ်က သဘာပတိမိန့်ခွန်းပြောကြားရာ၌ အိန္ဒိယပြည်တွင် နိုင်ငံရေးအရ လိပ်ခဲတင်းလင်းဖြစ်နေသည်ကို ဖြေရှင်းရန်အတွက် သူ၏ စီမံ ကိန်းကိုချဲ့ထွင်ဟောပြောခဲ့သည်။ ထိုစဉ်က လူအနည်းငယ်ကသာ အစ်ကဗယ်၏စီမံကိန်းသည် တစ်သီးတစ်ခြားလွတ်လပ်သည့် ပါကစ္စတန်ဖြစ်ပေါ်လာအောင် လမ်းခင်ပေးလျက်ရှိသည် ကို ရိပ်စားမိခဲ့ကြသည်။ ၁၉၃၁ ခု၊ ၁၉၃၂ ခုနှစ်များတွင် လန်ဒန်မြို့၌ကျင်းပသည့် မျက်နှာစုံညီအစည်းအဝေးများသို့တက် ရောက်၍ နိုင်ငံအကျိုးနှင့်လူမျိုးအကျိုးအတွက် များစွာ ဆောင် ရွက်ခဲ့သည်။

၁၉၃၅ ခုနှစ်တွင်အူရဒူဘာသာဖြင့် ရေးသားထားသော ဗာလ-အိ-ဂျိဗရေ ကဗျာကိုလည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင် ဒဗ်-အီ-ကလင် ကဗျာကိုလည်းကောင်း ပုံနှိပ်ထုတ်ဝေပြီး နောက် အာမူ ဂန်-အိ-ဟိ ဂျပ် အမည်တွင်သော အူရဒူ ဘာသာ၊ ပါးရှင်းဘာသာနှစ်မျိုးဖြင့် ရေးသားထားသည့် ကဗျာ များကို စုပေါင်းထုတ်ဝေသည်။ ဤစာအုပ်ကား အစ်ကဗယ်၏ နောက်ဆုံးထုတ်ဝေသော စာအုပ်ပေတည်း။ ဤစာအုပ်ကို ထုတ်ဝေပြီး၍ မကြာမီပင် ၁၉၃၈ ခုနှစ်ဧပြီလ ၂၁ ရက်နေ့တွင် အစ်ကဗယ် ကွယ်လွန်သည်။

အစ်ကဗယ်သည် ၁၉၂၄ ခုနှစ်ကပင် ကျောက်ကပ် ရောဂါစွဲကပ်ခဲ့ရာ 0x100သစတြီးယားနိုင်ငံ ဗီယင်နာမြို့သို့ သွားရောက်ကုသရန်စီစဉ်သော်လည်း၊ ဟာကင်းအဗ္ဗဒူးဝါဟက်အန္တာရီ ဆိုသူ မျက်မမြင်အိန္ဒိယလူမျိုး ဆေးဆရာတစ်ဦး၏ ကုသပေးမှုကြောင့် ကျောက်ကပ်ရောဂါ ပျောက်ကင်းသွားခဲ့သည်။ ၁၉၃၄ ခုနှစ်တွင်မူ လည်ချောင်းနာလာကာ အသံပါမထွက်တော့ပဲ ဖြစ် သွားသည့်ရောဂါပေါ်လာ၍ ယင်းရောဂါနှင့်ပင် လေးနှစ်အကြာ ကွယ်လွန်ရှာသည်။ ယင်းသို့မကျန်းမာနေစဉ် အောက်စဖို့တက္က သိုလ်မှ အစ်ကဗယ်အား ကထိကအဖြစ် လာရောက်ဆောင်ရွက် ရန် ခေါ်ယူသော်လည်း ကျန်းမာရေးကြောင့် ငြင်းပယ်လိုက်ရသည်။

အစ်ကဗယ်ကား ကုရ်အာန်ကျမ်းကို လေးလေးစားစား လေ့လာဆည်းပူးသူဖြစ်သည်။ ဥရောပနှင့် အီဂျစ်နိုင်ငံများမှ အပြန် ကုရ်အာန်ကျမ်းနှင့်စပ်လျဉ်းသော စာအုပ်မျိုးပေါင်း များစွာကို စုဆောင်းခဲ့သည်။ မွတ်စလင် တရားဓမ္မသတ်ကို ပြန်လည်သတ်မှတ်ခြင်းအမည်ဖြင့် ကျမ်းတစ်စောင်ထုတ်ဝေရန် ဆန္ဒရှိသော်လည်း မကျန်းမာသဖြင့် ထိုဆန္ဒမပြည့်ဝခဲ့ချေ။ အစ်ကဗယ်သည် ပညာရေးလောက၌လည်း ထင်ရှားသူဖြစ်သည်။ ပန်ဂျပ်ပညာရေးဋ္ဌာန၌ နှစ်ပေါင်း အတော်ကြာကြာ အမှုထမ်းခဲ့ဘူးသည်။ အင်္ဂလိပ်စာ အာရဗစ်စာနှင့် ဒဿနိဗေဒ ပညာရပ်ကိုသင်ကြားပို့ချခဲ့သည်။ အရှေ့တိုင်းပညာဆိုင်ရာ မဟာဌာနမှူးအဖြစ်လည်းကောင်း၊ ဒဿနိကဗေဒဌာနဥက္ကဋ္ဌ အဖြစ် လည်းကောင်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည်။ ၁၉၃၃ ခု နှစ်တွင် အာဖဂန်နစ္စတန်အစိုးရက အစ်ကဗယ်အား ကဗူးမြို့သို့ လာရောက်၍ ပညာရေးပြုပြင်ပြောင်းလဲမှုအကြံပေးရန်နှင့် ကဗူး တက္ကသိုလ် အုပ်ချုပ်ရေးပြုပြင်ပေးရန် ဖိတ်ကြားခြင်းခံရသည်။ အစ်ကဗယ်၏ အကြံပေးချက်အတိုင်း အာဖဂန်အစိုးရ ပြုပြင်ဆောင်ရွက်သည်က များလေသည်။

အစ်ကဗယ်သည် စာပေအကျိုးသာမဟုတ်၊ နိုင်ငံတော် အကျိုးကိုလည်း ဆောင်ရွက်ခဲ့ရာ သူ့အား ပါကစ္စတန်နိုင်ငံ၏ ဗိသုကာတစ်ဦးအဖြစ် လေးစားကြသည်။ ပါကစ္စတန်နိုင်ငံရှိ ကျောင်းများနှင့် တက္ကသိုလ်များ၌ အစ်ကဗယ်၏ ကဗျာနှင့် အယူဝါဒဆိုင်ရာကျမ်းများ မပါသော သင်ရိုးညွှန်းတမ်းဟူ၍ မရှိသလောက်ပင်ဖြစ်သည်။ ပါကစ္စတန်ဥပဒေပြုလွှတ်တော်ကပင် အစ်ကဗယ်၏စာပေလက်ရာများကို လေ့လာရန်အဖွဲ့အစည်း တစ်ခု ဖွဲ့စည်းတည်ထောင်ဖို့ ငွေများခွင့်ပြုခဲ့ဖူးလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)