အစ္စလာမ်ဘာသာ၌ လိင်ကျွန်ပြုမှု

ဝီကီပီးဒီးယား မှ

အစ္စလာမ္မစ်ဥပဒေ၌ အမျိုးသားများသည် ကျွန်မိန်းမများနှင့် လိင်မှုကိစ္စဆောင်ရွက်နိုင်သည်။[၁] အလယ်ခေတ် မူဆလင်စာပေနှင့် တရားဝင်စာရွက်စာတမ်းများတွင် ကျွန်မိန်းမတို့အား လိင်ကိစ္စအတွက် ပင်မရည်ရွယ်ကာ ဈေးကွက်သွင်းမှုများရှိကြောင်း တွေ့ရသည်။ ယင်းကို ကျွန်ဖြေဖျော် ခေါ်သည်။ ဗာဟီရလုပ်ရန် ဝယ်ထားသော ကျွန်မိန်းမများသည်လည်း သခင်၏ခြေတော်တင်ခံရကာ သားသမီး ရသည်လည်း ခပ်များများပင်။ အချို့မှာမူ လက်လွှဲရောင်းရန် ဈေးမတည့်မီအထိ အစမ်းသုံးဘဝသို့ ရောက်ရသည်။ ထိုသို့ ကျွန်မိန်းမများကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခွင့်ပေးမှုကြောင့် မလိုလားအပ်သောကိုယ်ဝန်များသို့ ဦးတည်သွားတတ်၏။ အစောပိုင်းရင်းမြစ်များ၏ ဖော်ပြချက်များအရ အမျိုးသမီးတို့အား လိင်ကျွန်ပြုမှုကို ယောက်ျားအခွင့်အရေးအဖြစ်၎င်း၊ ဩဇာရှင်က ဩဇာခံကို ပြုမူသည့် နိုင်သူ့အခွင့်အရေးအဖြစ်၎င်း ရှုမြင်ကြောင်း သိရသည်။ မူဆလင် စစ်ဘက်ခေါင်းဆောင်တို့သည် သုံ့ပန်းလက်ရများကို လွှတ်ပေးခြင်း၊ ငွေပေးရွေးစေခြင်း၊ ကျွန်ပြုခြင်းတို့ လုပ်နိုင်သည်။ မူဆလင်ယောက်ျားသည်လည်း အရေအတွက်အကန့်အသတ်မရှိ ကြင်ဘက်ပြုနိုင်သည်။ အစောပိုင်းမူဆလင်အောင်ပွဲတို့၌လည်း သုံ့ပန်းများအနက်မှ အမျိုးသမီးတို့ကို တိုက်ပွဲဝင်မူဆလင်များအား ဆုအဖြစ် ပေးတတ်ကြောင်း တွေ့ရသည်။ လိင်ဖြေဖျော်တို့မှာ ဈေးမြင့်သည်အတွက် ငွေရှင်ကြေးရှင်ယောက်ျားတို့သာ သုံးလေ့ရှိသည်။

အွမ်း ဝါလတ် (ကလေးအမေ)[ပြင်ဆင်ရန်]

သခင်ဖြစ်သူနှင့် ကလေးရသည်နောက် ယင်းအမျိုးသမီးမှာ အွမ်းဝါလတ်ဟူသော ဘွဲ့ကို ရသည်။[၂] ထိုဘွဲ့ရသည်နောက် ယင်းအမျိုးသမီးမှာ ကျွန်ဘဝ ဆက်ဖြစ်နေသော်လည်း သခင်ကရောင်းစားခြင်း မခံရတော့။ သခင်သေလျှင် လွတ်လပ်ခွင့်ရသည်။ ထိုဘွဲ့ပေးခြင်းနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှု ရှိသေးသည်။ ဆွန္နီဥပဒေကျောင်းများ၌ မာလီကီ (ဆွန္နီ ဂျူရီလူကြီးတမျိုး) တို့က ကလေးရပြီးပါက ထိုဘွဲ့ကို အလိုအလျောက်ရထိုက်သည်ဟု ဆုံးဖြတ်သည်။ သခင်က အသိအမှတ်ပြုမှု မလို။ ဟာနာဖီ (အခြား ဆွန္နီ ဂျူရီလူကြီးတမျိုး) တို့ကမူ သခင်က အသိအမှတ်မပြုပါက ယင်းအမျိုးသမီးမှာ ထိုဘွဲ့နှင့် မထိုက်တန်ဘဲ ကလေးရော ထိုအမျိုးသမီးပါ ကျွန်အဖြစ် ဆက်ရှိရမည်ဟု သတ်မှတ်သည်။

ပယ်ဖျက်ခြင်း[ပြင်ဆင်ရန်]

ကိုလိုနီအစိုးရများနှင့် ပဒေသရာဇ် မူဆလင်ပြည်ထောင်အချို့သည် ကျွန်အဖြစ်ဖမ်းခြင်း၊ ကျွန်ရောင်းကျွန်ဝယ်ပြုခြင်းကို တားမြစ်ခဲ့ကြသည်။ သို့သော် ကျွန်စနစ် လုံးဝပျောက်ကွယ်ရန်မူ မလွယ်ကူလှ။ မူဆလင်အစိုးရအများစုသည် ၁၉၂၆ ကပင် စတင်စည်းရုံးနေသော နိုင်ငံပေါင်းချုပ်အသင်း၏ ကျွန်စနစ်ပယ်ဖျက်ရေေး နိုင်ငံတကာစာချုပ်များကို အစဉ်တစိုက် ငြင်းဆိုသည်။ သဘောမတူသော အခြားစာချုပ်များမှာ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းနှင့် ၁၉၅၆ ကျွန်စနစ်ပယ်ဖျက်ရေးသဘောတူညီမှုတို့ ဖြစ်သည်။ သို့သော် ဥရောပရှိ ကိုလိုနီဩဇာနှင့် စီးပွားရေးအပြောင်းအလဲများကြောင့် ကျွန်စနစ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်။ ကျွန်လူတန်းစား ပျောက်ကွယ်လာသော်လည်း အတွင်းကျိတ် အစ္စလာမ္မစ်ဟောပြောချက်များတွင် ကျွန်ပိုင်ဆိုင်မှုကို ငြင်းသည်ဟူ၍ မရှိသေးပေ။

ကိုးကား[ပြင်ဆင်ရန်]

  1. William Gervase Clarence-Smith; W. G. Clarence-Smith (2006). Islam and the Abolition of Slavery. Oxford University Press. p. 27.
  2. Saad, Salma (1990). The legal and social status of women in the Hadith literature. p. 242.